Chapter 4
Viewers 4k

Chapter 4


သူက အသက်‌၈နှစ်အရွယ်ဖြစ်နေပေမယ့် ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရွှီဇီရုန်အကုန်မှတ်မိနေသေး၏။ အဲ့ဒီနှစ်ကစပြီးတော့ ရွှီမိသားစု၌ ရွှီဇီယန် နှိပ်စက်တာတွေ၊ အရှက်ခွဲတာတွေခံရသည်။ နောက်ဆုံးတော့ သူမြွေတွင်းထဲသို့ တွန်းချခံလိုက်ရပြီး အသက်ဆုံးရှုံးတော့မလိုတောင် ဖြစ်ခဲ့ရသည်။ သူကံကောင်းထောက်မစွာ သေဆုံးသွားပြီဖြစ်တဲ့ သွေးမိစ္ဆာ၏နေရာသို့ မတော်တဆရောက်ရှိသွားပြီး သူတို့၏အမွေဆက်ခံသူဖြစ်သွားလို့ပေါ့ မဟုတ်လျှင်သူသေသွားတာကြာလှသည်။


သူဘာလို့ပြန်လည်မွေးဖွားလာလည်းဆိုတာ သူမသိပေ။ ထို့ကြောင့် ရွှီရှောင်ကသူ့ကို ရွှီမိသားစုဆီခေါ်လာတာကို တိတ်တဆိတ်လိုက်လာခဲ့သည်။ အခုတော့ သူကအသက်၈နှစ်အရွယ်ကလေးတစ်ယောက်ဖြစ်နေသောကြောင့် ရွှီရှောင်ရဲ့ဆုံးဖြတ်ချက်တွေကို သူအထွန့်တတ်လို့မရပေ။


ဒါကြောင့်.... သူတို့တွေက သူအသက်၈နှစ်အရွယ်ကလေးပဲမလို့ အနိုင်ကျင့်လို့ရမယ်ထင်နေလျှင် သူတို့မှားသွားလိမ့်မည်။ သူ့ကို နောက်ထပ်တစ်ဘဝပြန်လည်ရှင်သန်စေခဲ့သည့်အတွက် သူတစ်ဖန်ပြန်ပြီးတော့ သွေးပင်လယ်နှလုံးကျင့်စဉ်ကို ပြန်ကျင့်ရမည်။ အကယ်၍ သူကရွှီမိသားစုအားလုံးကို မသတ်ရင်တောင် ရွှီရှောင်လက်ကနေတော့ သူ့ကိုယ်သူကာကွယ်လို့ရလိမ့်မည်။


သူတမင်လိမ္မာရေးခြားရှိသည့်ပုံစံ ဖမ်းထားတာကြောင့် ရွှီဇီရုန် သူအသက်၈နှစ်အရွယ်က ဘယ်လိုပုံစံမျိုးဖြစ်ခဲ့လည်းဆိုတာ မေ့လုနီးနီးတောင်ဖြစ်သွားသည်။


သူ့အား ရွှီရှောင်က ရွှီမိသားစုကို ခေါ်လာသည့်အချိန်တုန်းက အရာအားလုံးဟာ သူ့အတွက်ခက်ခဲလွန်းခဲ့သည်။


သူသေချာမှတ်မိတာကတော့ ရွှီဇီယန်ကို နောက်တစ်နေ့မနက်မှာမြင်ရတာပဲ။ ဒါပေမယ့် အခုကျတော့ ရွှီဇီယန်ကရုတ်တရက်ကြီး ခန်းမ‌အရှေ့မှာပေါ်လာသည်။ ထပ်ပြောရမည်ဆိုလျှင် သူ့ကိုအနိုင်ကျင့်ခဲ့သည့်သူက အခြားသူမဟုတ်ဘူး သူ့ကို 'ကိုကို' လို့ခေါ်ရန် ပြောခဲ့တဲ့ ရွှီဇီယန်ကိုယ်တိုင်ပဲ။


ကိုကို?


သူ၏အရင်ဘဝ၌ သူဘယ်တော့မှ ရွှီဇီယန်ကို ကိုကိုလို့မခေါ်ခဲ့ဘူး။ အဲ့လူကိုသူအမြဲတမ်း 'အကျင့်မကောင်းတဲ့ကောင်' လို့ပဲသတ်မှတ်ထားတာ။ ဒီတော့ 'အကျင့်မကောင်းတဲ့ကောင်' လို့သတ်မှတ်ထားတဲ့သူကို သူဘယ်လိုလုပ်အစ်ကိုလို့ သတ်မှတ်နိုင်မှာလဲ?


ရွှီဇီယန်က သူ့ကို,ကိုကိုလို့ ခေါ်ခွင့်ပြုခဲ့တာကို သူအရမ်းအံ့ဩသွားသလို ရွှီဇီယန် သူ့နဖူးနမ်းတော့ သူအတော်ကိုလန့်သွားခဲ့သည်။


သူ့အရင်ဘဝရော၊ ယခုဘဝမှာရော သူ့ကိုဘယ်သူကမှ ဒီလိုရင်းနှီးတဲ့အပြုအမူမျိုး မလုပ်ဖူးပေ။ ရွှီမိသားစုတင်မဟုတ်ဘူး၊ အရာအားလုံး လူအားလုံးက သူ့မှတ်ဉာဏ်ထဲကအတိုင်း တစ်ထပ်တည်းပဲ။ အကယ်၍ သူနေရာကူပြောင်းသွားပြီးတော့ အရင်ဘဝနဲ့မတူတဲ့ရွှီမိသားစုဆီများ ရောက်သွားတာလားလို့ သူ့ကိုသူတောင် သံသယဖြစ်မိသည်။ 


ရွှီဇီရုန်၏မျက်နှာသည် ခန့်မှန်းမရသလိုပုံစံဖြစ်လာသည်။ အကယ်၍ ရွှီဇီယန်ကလည်း ပြန်လည်မွေးဖွားလာသည့်သူဆိုလျှင် သူ့ကိုချစ်စရာကောင်းတယ်လို့ ထင်မှာမဟုတ်ပေ။


ကံဆိုးချင်တော့ ရွှီဇီယန်ကတော့ 'သူ့ညီလေးကိုပျိုးထောင်ပေးရမယ်' ဆိုတဲ့ အိမ်မက်ထဲ၌ နှစ်မြှုပ်နေတာကြောင့် သူ့အနောက်ကလူရဲ့ မည်းမှောင်နေသည့်အမူအရာကို သူမသိပေ။


ရွှီဇီယန်ကဘာလို့ ဒီလိုမျိုးပုံစံဖြစ်သွားလည်းဆိုတာ ရွှီဇီရုန်မသိတာကြောင့် သူသတိလက်လွတ်နေလို့မဖြစ်ဘူး။


သူ့ဘဝအသစ်ပြန်စပြီဖြစ်တာကြောင့် သူနောက်တစ်ကြိမ်ဘယ်သူ့ကိုမျှ ယုံလို့မဖြစ်ဘူး။ ရွှီဇီယန်က သူ့ကို ဂရုစိုက်တယ်ဆိုလျှင်တောင်မှ သူအလွယ်တကူယုံလို့မဖြစ်ဘူး။


ရွှီဇီယန်ဆိုတဲ့ လူပုဂ္ဂိုလ်အကြောင်းကို သူအသိဆုံးပဲ! အရင်ဘဝ သူမသေခင်တုန်းက ရွှီဇီယန်သည်သူ့ကိုမသတ်ခင် သူ့ဝိညာဉ်ကိုနှိပ်စက်ခဲ့လို့ပေါ့၊ မဟုတ်လျှင် သူ့ဝိညာဉ်ဟာ ဟိုတစ်စသည်တစ်စ လွင့်သွားမှာမဟုတ်ဘူး!


ရွှီ ဇီ ယန်.......


စက်ဆုပ်ရွံမုန်းစရာနာမည်ကို တွေးတောလိုက်ရင်း ရွှီဇီရုန်သည် သူ့ပါးစပ်ကနေ သွေးနံ့ကိုအရသာခံနေ၏။


သူ့အရှေ့ကလူကိုကြည့်နေရင်း ရွှီဇီရုန်၏အကြည့်တွေက သတ်ချင်စိတ်တွေပေါ်လာတော့သည်။


သူအခုချိန်မှာစွမ်းအင်လုံလုံလောက်လောက် မရှိပေမယ့်လည်း အကယ်၍ သူတိတ်တဆိတ်ချဉ်းကပ်ပါက ရွှီဇီယန်ကိုသတ်လို့ရနိုင်သည်။


ရွှီဇီရုန်သည်သူ့လက်ထဲ၌ ဝှက်ထားသည့်ဓားမြှောင်ကို ထုတ်လိုက်သည်။ သူအသာလေးချဉ်းကပ်ရင် သူ့မှာရှိတဲ့စွမ်းရည်နဲ့သေချာပေါက် ရွှီဇီယန်၏လည်မျိုကိုဖြတ်နိုင်........


"ဇီရုန် မင်းဘယ်လိုအခန်းပုံစံမျိုးကို ကြိုက်လဲ?"

ရွှီဇီယန်ကရုတ်တရက်လှည့်ပြီး မေးလာ၏။


ရွှီဇီရုန်၏တင်းကျပ်နေတဲ့ လက်တွေသည် ဖြေလျော့သွားပြီး ဓားမြှောင်ကိုလက်ဖြန့်ကြားထဲ ဝှက်လိုက်သည်။


ရွှီဇီရုန်သည် ဘာမှမသိသလိုပုံစံဖမ်းလိုက်ပြီး ရွှီဇီယန်အားကြည့်၍ နူးညံ့စွာမေးလိုက်ကာ

"ကိုကို ပုံစံဆိုတာ ဘာကိုပြောတာလဲ?"


ရွှီဇီယန်သည် သူ့နဖူးသူခေါက်လိုက်ရင်း ရွှီဇီရုန်၏ခေါင်းကို ညင်ညင်သာသာပွတ်လိုက်၏။ ရွှီဇီယန်သည် ရွှီဇီရုန်နှင့်အရပ်ညီတူဖြစ်အောင် ငုံ့လိုက်ရင်း အားပါးတရပြုံးကာ 

"ဒီကိုကိုရဲ့အမှားပါ ကိုကိုက မင်းအသက်၈နှစ်ပဲ ရှိသေးတယ်ဆိုတာ မေ့သွားတယ်။ အမ်… ဒီလိုလုပ်ရင်ရော၊ အကို့ကို မင်းအခန်းအရောင် ဘယ်လိုရချင်လဲဆိုတာ ပြောပြပါလား?"


ရွှီဇီရုန် အနည်းငယ် မိန်းမောတွေဝေသွား၏။ သူဟာသွေးမိစ္ဆာဖြစ်သွားသည့်အချိန်ကစလို့ ဒီလိုမျိုးအံ့ဩစရာ အမူအရာကို တစ်ခါမျှမကြုံဖူးပေ။


ဒါပေမယ့် အခုအခြေအနေမျိုးကို သူမအံ့ဩဘဲမနေနိုင်ဘူး။ သူအိမ်မက်နေတာလားလို့တောင် သူ့ကိုသူသံသယဖြစ်နေမိသည်။ ဒီလူပုဂ္ဂိုလ်က သူ့ကိုမုန်းနေတာ၊ သူသေတာကိုအရမ်းလိုချင်နေတာကို ဘာလို့ဒီလိုလူကြီးဆန်ဆန်ဦးစားပေးမှုတွေ သူ့ကိုလုပ်ပေးနေရတာလဲ?


ဖြစ်နိုင်တာက ရွှီဇီယန် သူ့ကိုသတိလွတ်အောင်လုပ်ပြီး ထိုအခါကျမှ သူ့ကိုနှိပ်စက်မလို့များလား။


အကယ်၍ မင်းသာတစ်ခုခုကို ဆုံးရှုံးလိုက်ရပြီဆိုလျှင် ထိုအရာကိုဘယ်တော့မှ မရခဲ့တာထက် ပိုပြီးနာကျင်ရ၏။


အရင်ဘဝက သူသွေးမိစ္ဆာဖြစ်ခဲ့သည့်အချိန်တုန်းက လူသားတွေရဲ့နှလုံးသားကို သူကစားလေ့ရှိသည်။ အကယ်၍ ရွှီဇီယန်သာ နောက်ဆုံးဂိုးကိုရချင်တယ်ဆိုလျှင် သူဘယ်တော့မှထိုအရာကို မရစေရဘူး။


သူဝိညာဉ်မကူးပြောင်းခင်ကတည်းက သူအများကြီးတွေးထားပြီးသား(ဒီလိုအရာတွေတော့မဟုတ်ဘူး။) ရွှီဇီယန် သူ့ကိုပြောခဲ့တာ မှတ်‌မိသေးသည်။ 'သူ(ရွှီဇီယန်)က သူ့(ရွှီဇီရုန်)ကို သူ(ရွှီဇီယန်)နဲ့အတူ နေခိုင်းစေချင်တယ်' ဒီလိုပုံစံမျိုးနဲ့လား......


ဖြူဖွေးနေတဲ့အသားအရေနဲ့ သနားစရာကောင်းတဲ့ ကလေးမျက်နှာကို ကြည့်နေရင်း အနည်းငယ်နီမြန်းလာတာကြောင့် ရွှီဇီရုန်ရှက်နေသည်ဟု ထင်သွားသည်။ ရွှီဇီယန်သည် ရွှီဇီရုန်၏ပခုံးကိုပုတ်ကာ အားပေးလိုက်၏။ 

"မစိုးရိမ်ပါနဲ့ မင်းလိုချင်တာမှန်သမျှ ပြောလိုက်ပါ။ ဒီကိုကိုက တတ်နိုင်စွမ်းရှိသလောက် လုပ်ပေးမှာပါ" 


ရွှီဇီရုန် အနည်းငယ်ခေါင်းညိတ်လိုက်ပြီး သူရဲ့မည်းနက်နေသည့်မျက်လုံးထဲမှ မလိုမုန်းတီးမှုများ ဖျတ်ခနဲပေါ်သွား၏။ သူ့ရဲ့မှတ်ဉာဏ်သာမမှားဘူးဆိုလျှင် ရွှီဇီယန်သည်အလွန်ကြွားဝါတတ်သူတစ်ယောက်ဖြစ်သလို တွန့်တိုတတ်သူလည်းဖြစ်သည်။ ထူးထူးခြားခြား ရွှီဇီယန်သည် ပိုင်ဟွကိုစလိုက်ချိန်မှစ၍ ပိုင်ဟွပါးစပ်ကထွက်တာမှန်သမျှကို လိုက်လျောပေးသည်။ အကယ်၍ သူသာ ရွှီဇီယန်ဦးစားပေးမှုကို အခွင့်ကောင်းယူပြီး ရွှီဇီယန်မကြိုက်တာကိုသာ သူတောင်းဆိုလိုက်ရင် ရွှီဇီယန်ဘယ်လိုများဖြစ်သွားမလဲ။


ပြီးတော့ အခုရွှီဇီယန်ကဆယ်ကျော်သက် အရွယ်ပဲရှိသေးတာ။ သူမကြိုက်တာကိုပြောလိုက်ရင် ဘယ်လိုပုံစံပြုမူရမယ်ဆိုတာ ရွှီဇီယန်သိသေးမှာမဟုတ်ဘူး။ ကလေးတစ်ယောက်ရဲ့စိတ်ရှည်မှုက အတိုင်းအတာတစ်ခုထိပဲရှိတာ။ ရွှီဇီယန်ဖုံးကွယ်ထားတဲ့ ပုံစံအမှန်ကို သူတကယ်တွေ့ချင်မိသည်။


ရွှီဇီရုန်ကသူ့စိတ်ထဲ၌ သရော်ပြုံးပြုံးလိုက်ပြီး အသံချိုချိုလေးဖြင့် 

"ကိုကို ကျွန်တော်အပန်းရောင်ကြိုက်တယ်။"


ရွှီဇီယန်က ချက်ချင်းပင် သူ့အား မိုးကြိုးပစ်ချလိုက်သလို တောင့်တင်းသွားကာ အပန်းရောင်??!!!


ချီးပဲ! ဒီအရောင်က‌အခြောက်တွေပဲ ကြိုက်တာမဟုတ်ဘူးလား!!! ဘယ်လိုယောင်္ကျားလေးမျိုးက အပန်းရောင်ကိုကြိုက်မှာလဲ! ဒီကလေးကအခုမှ ၈နှစ်အရွယ်ပဲရှိသေးတာ။ သူကအစကတည်းက ဂေးနေပြီးသားလား?


ရွှီဇီယန်ရဲ့မျက်နှာဟာ အကျည်းတန်သွားပြီး ထိုအရာကို စောင့်ကြည့်နေသည့် ရွှီဇီရုန်ကလည်း မြင်သွားသည်။ သူကသူ့စိတ်ထဲ၌ တိတ်တဆိတ်တွေးနေလေ၏။ 

'သေချာပြီပေါ့ ဒါကမှ သူ့ရဲ့ပုံစံအစစ်ပေါ့ ဟမ်!'


"ဇီရုန် မင်းအပန်းရောင်ကြိုက်တာ သေချာလား?" ရွှီဇီယန် မျက်ခုံးတွန့်ကာ မေးလိုက်၏။


ရွှီဇီရုန်သည် ရွှီဇီယန်၏သူတော်ကောင်းယောင်ဆောင်နေမှုကို တိတ်တဆိတ်ဟားတိုက်ရင်း သူမှားသွားသည့်ပုံစံမျိုးဖြင့် ရွှီဇီရုန်သည်ဝမ်းနည်းသံလေးနှင့် 

"ကိုကို....... ကျွန်တော်အပန်းရောင် ကြိုက်လို့မရလို့လား......?"


ရွှီဇီယန်သည် ချက်ချင်းပင် ရွှီဇီရုန်၏မျက်နှာအမူအရာမှာ ကျဆုံးသွားလေတော့သည်။ ထားလိုက်တော့ ထားလိုက်တော့။ ယောင်္ကျားလေးတစ်ယောက်က ဘာလို့အပန်းရောင်မကြိုက်လို့ မရမှာလဲ? ဒါကအရောင်တစ်ခုလေးပဲကို ဘာမှမဖြစ်လောက်ပါဘူး။ ဒီအရောင်လေးကိုကြိုက်တာနဲ့ သူကအဖြောင့်မဟုတ်ဘူးလို့ ပြောလို့မရဘူးလေ။ ပြီးတော့သူကအနာဂတ်မှာ ဂေးဖြစ်ကိုဖြစ်ရမယ်လို့လဲ မပြောထားဘူးလေ။


ရွှီဇီယန်က တယုတယဖြင့် ရွှီဇီရုန်၏ ခေါင်းကိုပုတ်လိုက်ပြီး 

"ဒါက ဘာမှပြဿနာမရှိပါဘူး။ ဇီရုန်က အပန်းရောင်ကြိုက်တယ်ဆိုတာ အခု ကိုကိုသိသွားပြီ။ နောက်ကျရင် လူတစ်ချို့လွတ်ပြီးတော့ မင်းအခန်းကိုအပန်းရောင် ပြင်ခိုင်းလိုက်မယ်နော်။"


‌ရွှီဇီရုန်သည် နောက်တစ်ကြိမ် မိန်းမောတွေဝေသွား၏........


ခဏလေး၊ ခဏလေး နေဦး။ သူခဏကတွေးခဲ့သည့်ပုံစံမျိုးနဲ့ ဘာလို့ဆန့်ကျင်ဘက်ဖြစ်သွားရတာလဲ??!!!


ဘယ်အချိန် ရွှီဇီယန်က သူ့အခန်းကိုအပန်းရောင်ဆင်မှာလဲ? အဲ့အရောင်က ဒီလောက်ရွံစရာကောင်းတာ။ ဒီလိုအခန်းမျိုးမှာ နေရတာထက် သေသွားတာကမှ ပိုကောင်းအုန်းမယ်!


ရွှီဇီရုန် ဘာမှမပြောရသေးခင်မှာပင် သူတို့နှစ်ယောက်ဟာ ရွှီဇီယန်နေသည့် လျှို့ရှန်အဆောင်သို့ရောက်သွားကြသည်။


ရွှီမိသားစုရဲ့ စွမ်းအားအကြီးဆုံးဖြစ်သည့် ပထမဇနီး၏သား ရွှီဇီယန်ရဲ့နေရာက အလွန်အမင်းကိုကြီးမားလှသည်။ အလယ်မှာခန်းမကြီးရှိပြီး ဘေးနှစ်ဖက်မှာ အိပ်ခန်းများရှိကြ၏။ မူလရွှီဇီယန်၏အခန်းက ခန်းမရဲ့အနောက်မှာရှိနေပြီး အိမ်အနောက်ဘက်ကွက်လပ်တစ်ခုလုံးမှာ ကြီးမားသည့်သိုင်းလေ့ကျင့်ကွင်းကြီးရှိသည်။


ဒါတွေက (အရင်)ရွှီဇီယန်၏မှတ်ဉာဏ်တွေဆိုပေမယ့် သူကဒီနေရာကိုပထမဆုံးရောက်ဖူးတာမလို့ ရွှီဇီယန်ကဒီနေရာတွေနဲ့ မရင်းနှီးပေ။ သူကရွှီဇီရုန်ကိုခေါ်ကာ အိမ်ကိုရင်းနှီးအောင် တစ်ပတ်လောက်ပတ်ကြည့်ပြီးနောက် သူ၏ကိုယ်ပိုင်အခန်းသို့ ခေါ်သွားသည်။


သူက ရွှီဇီရုန်ကို ပြုံးပြလိုက်ရင်း 

"အဖေကအဲ့လိုမျိုးပဲ၊ သူကဘယ်သူ့ကိုမှ မညှာတာတတ်ဘူး။ မင်းကငယ်သေးတော့ အဖေနဲ့ဓားပျံစီးခဲ့ရတာဆိုတော့ ပင်ပန်းနေမှာပေါ့။ မင်းအရင်ဆုံးနားနေလိုက်၊ ငါတစ်ယောက်ယောက်ကို ရေနွေးယူခိုင်းလိုက်မယ်။ ရေနွေးနဲ့ရေချိုးပြီးတော့ ခဏအိပ်လိုက်၊ ကိုကို ညစာစားတဲ့အချိန်မှ လာနိုးလိုက်မယ်နော်"


ရွှီဇီရုန်၏နှလုံးက ပြင်းထန်စွာခုန်သွား၏။ စလာပြီ!


ဒီတော့ သူ့ကိုဒီမှာစောင့်နေရမှာပေါ့!


ရွှီမိသားစုက အရမ်းစည်းကမ်းကြီးသည်။ ပြီးတော့ နေ့တိုင်းညစာစားချိန်ကို လူတိုင်းလိုလိုအချိန်မှီ သွားကြရသည်။ ဘယ်သူမှအထူးအခွင့်အရေးမရသလို ပျက်ကွက်လို့လဲမရပေ။ ရွှီဇီရုန် တွေးနေမိသည်။ အကယ်၍ သူပြောသလို သူက အအိပ်လွန်သွားလို့ဆိုပြီး အကြောင်းပြချက်ပေးလိုက်ရင် အားလုံးရဲ့အရှေ့မှာ သူကရယ်စရာဖြစ်သွားလိမ့်မည်။


သူ့စိတ်ထဲ၌ တိတ်တဆိတ်လှောင်ပြုံးပြုံးလိုက်ရင်း သူသည် အရင်ဘဝကလို တုံးအတဲ့ရွှီဇီရုန်မဟုတ်တော့ဘူး။ ထပ်ပြောရမည်ဆိုလျှင် ရွှီမိသားစုကလူတွေ သူ့ကိုဘယ်လိုမြင်မြင် သူလုံးဝဂရုမစိုက်။ အကယ်၍ အားလုံးကသူ့ကို အထင်အမြင်သေးရင်တောင် သူဘာလို့ အဲ့ဒီလိုအရာတွေကို အရေးတယူ စိတ်ထဲထားနေရမှာလဲ?


သူ၏အရင်ဘဝတုန်းက သူအသက်ရှင်နေသမျှကာလပတ်လုံးသည် အလွန်ကိုရက်စက်ကြမ်းတမ်း၏။ ပြီးနောက် ရွှီဇီယန်၏နောက်လိုက်တွေက သူ့ကိုအညိုအမဲစွဲအောင် အနိုင်ကျင့်ကြသည်။ ဒါပေမယ့် သူသွေးမိစ္ဆာအဖြစ်ပြန်လာတဲ့အချိန်မှာတော့ သူ့အထက်မှာရှိခဲ့သည့် လူတွေအားလုံး၊ သူ့ကိုအနိုင်ကျင့်ခဲ့သည့်လူတွေအားလုံး၊ သူ့ကိုဒူးထောက်ပြီး သူတို့ကိုလွတ်ပေးဖို့ တောင်းပန်ခဲ့ကြရတာပဲ မဟုတ်ဘူးလား?


ဘာမိသားစုလဲ၊ ဘာသူငယ်ချင်းလဲ၊ အားလုံးကအတုတွေပဲ!


သူ၏ခွန်အားတစ်ခုထဲကသာ သူ့ကိုအခွင့်အလမ်းတွေရအောင် လုပ်ပေးနိုင်တာ။


အရင်အကြောင်းတွေကိုပြန်တွေးရမည်ဆိုလျှင် သူ၏အရင်ဘဝမှာ ပိုင်ဟွနဲ့တွေ့တုန်းက သူသည်အလွန်စွမ်းအားကြီးနေပြီဖြစ်ပြီး ပိုင်ဟွက သူ့ကိုဖျားယောင်းသွေးဆောင်ဖို့ ကြိုးစားခဲ့သည်။ ပိုင်ဟွမတွေးမိခဲ့တာက သူ့လိုအများသုံးအမှိုက်ကို ရွှီဇီရုန်က မကြိုက်ဘူးဆိုတာကိုပင်။


သွေးပင်လယ်နှလုံးကျင့်စဉ်က သာမန်ကျင့်ကြံခြင်းလမ်းစဉ်တွေနဲ့ မတူပေ။ သွေးပင်လယ်ကျင့်စဉ်ကို ကျင့်ပြီဆိုလျှင် ကိုယ့်သွေးကို အခြား‌လူတွေမဖျက်စီးနိုင်အောင် ဝှက်ထားရသည်။


အကြောင်းအရာတစ်ခုတော့ရှိ၏။ ထိုအရာကတော့ သူကအခြားတစ်ယောက်နဲ့ နှစ်ကိုယ်ကျင့်ကြံလိုက်လျှင် ထိုသူနဲ့ချုပ်နှောင်သွားလိမ့်မည်။ ထိုအခါ သူ၏ကျင့်စဉ်ကိုအသက်သွင်းလိုက်လျှင် သူနဲ့အတူကျင့်ကြံသည့်သူက သူ၏သွေးတည်နေရာကို တွေ့နိုင်ပေသည်။


ဒီလိုသူ၏အားနည်းချက်အရှိဆုံးအရာကို သူကအခြားတစ်ယောက်ကို လက်လွဲလိုက်မယ်တဲ့လား။ ဒီလိုမျိုး ရွှီဇီရုန် ဘယ်တော့မှ မလုပ်ဘူး။


ပြောရမည်ဆိုလျှင် အရင်ဘဝက သူအလွန်ကိုကံ‌ဆိုးလွန်း၏။ ဘာလို့များ ဒီလိုစက်ဆုပ်စရာကံကြမ္မာနဲ့ကြုံရတာလဲ? အဲ့ဒီသုံးယောက် သူ့ကိုလာသတ်သည့်အချိန် သူကထွက်‌ပြေးဖို့ သာမန်သွေးကိုတောင် မဖန်တီးနိုင်တော့ဘူး။


ရွှီဇီရုန် သူအသတ်ခံရသည့် အချိန်ကိုပြန်စဉ်းစားလိုက်ရင်း သူ့မျက်လုံးတွေက လူသတ်ချင်စိတ်တွေနဲ့ ပြည့်နက်လာ၏။ ရွှီဇီယန်ကို အစေခံမတစ်ယောက်ကဖျားယောင်းနေတာကို မြင်လိုက်သည့်အချိန်မှာတော့ သူ၏ရင်ထဲကဒေါသတွေ ဆူပွက်လာတော့သည်။ 


"ဟမ်?" ရွှီဇီယန်သည် သူ့အား စူးစူးရှရှကြည့်နေသည်ဟု ခံစားရပြီးနောက် သူအနောက်ကိုလှည့်လိုက်ချိန် ဘာမှထူးခြားတာမတွေ့ရပေ။


ရွှီဇီရုန်တစ်ယောက်တည်းပဲ ခုတင်ဘေးမှာထိုင်နေတာကိုတွေ့ရပြီး သူ့လက်ကိုသူ ကစားနေ၏။ သူက ကလေးတစ်ယောက်လိုပဲ။ သူဒီနေရာသစ်ကိုရောက်ရှိသည့်အချိန်၌ အလိုအလျောက်ရင်းနှီးနေသည့် အရုပ်တွေကိုရှာတွေ့သွားသည်။


ရွှီဇီယန် ပြုံးပြီးကြည့်နေ၏။ သူကလုပ်စရာရှိတာတွေကို အစေခံတွေအား မှာကြားပြီးနောက် ရွှီဇီရုန်အနားသို့ လျှောက်သွားသည်။ "အရမ်းပျင်းနေပြီလား?"


ရွှီဇီရုန် ခေါင်းကိုဖြေးဖြေးလေး ညိတ်လိုက်ရင်း ရွှီဇီယန်ကို အနည်းငယ် စိတ်ဖိစီးနေသည့် ပုံစံဖြင့်ကြည့်နေသည်။ အခုရွှီဇီရုန်သည် သူ့ရဲ့ကိုယ်ပိုင်အစွမ်းကို တိုင်းတာပြီးလေသည်။ သူရဲ့မူလစွမ်းရည်အတိုင်းဆိုလျှင် ရွှီဇီယန်ကိုတိတ်တဆိတ်ချဉ်းကပ်ပြီး တိုက်ခိုက်လျှင် သူ့ကိုသတ်ဖို့ဘယ်လိုပဲဖြစ်ဖြစ် အခွင့်အရေးရနိုင်ပေသေးသည်။ ဒါပေမယ့် အခုသူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အခြားဘယ်သူ့ကိုမှ မယှဉ်နိုင်သေးပေ။


#TK