အပိုင်း ၁၀၀
Viewers 29k

Chapter 100


" အမ် အိပ်ရာတစ်ခုတည်း ရှိတာလား ... ဒီညငါဘယ်လို အိပ်ရမလဲ ..."


အိပ်ခန်းတစ်ခန်းနှင့် အိပ်ရာတစ်ခုတည်းသာရှိသည့်အိမ်ကိုကြည့်ပြီး ရှအန်း စဉ်းစားနေမိသည်။


သူမက အကောင်ပေါက်လေးကို သဘောကျပြီး နောက်ပိုင်း ပြဿနာများစွာလည်း ဖြစ်ပျက်ခဲ့သည့်အတွက် ကုတင်အသစ်တစ်လုံး မဝယ်နိုင်သေးပဲ သူမသားလေးနှင့်သာ ညတိုင်းတူတူအိပ်နေခဲ့သည်။


အခုတော့ နောက်ထပ်တစ်ယောက်ထပ်ရောက်လာပြီ ...


" သား မာမားနဲ့ အိပ်ချင်တယ် ..."


" သားလည်း မမနတ်သမီးနဲ့အိပ်မယ် ..."


" မင်း မာမားနဲ့ အိပ်ခွင့်မရှိဘူး ..."


" ဝူးဝူး သားလည်း မမနတ်သမီးနဲ့ အိပ်ချင်ပါတယ်ဆို ..."


ထိုကလေးနှစ်ယောက် ငြင်းခုံနေသည်ကို မြင်သောအခါ ရှအန်း ဘာပြောရမည် မသိတော့ပေ။


နောက်ဆုံးတွင် ခေါင်းကိုက်လာပြီး လက်ဝှေ့ယမ်းလိုက်သည်။


" အိုကေ ရန်မဖြစ်နဲ့တော့ တူတူအိပ်ကြမယ် ..."


ရှဟန်း၏ ဖိနှိပ်ဟန့်တားလိုက်မှုကြောင့် ကလေးနှစ်ယောက်လုံး ရပ်သွားသည်။


ရှရှင်းချန် သူ့ကို အိမ်ခေါ်လာခဲ့သည်ကို နောင်တရသွားသည်။ ဤမျှငယ်ရွယ်သော အသက်အရွယ်တွင် နောင်တရသည်ဟူသော ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားခဲ့မိသည်။


ဟမ့် အဲ့လိုဖြစ်လာမယ်မှန်းသိရင် ဒီကောင်စုတ်လေးကို ခေါ်လာဖို့ မာမားကို ‌မပြောပါဘူး ... သူက တကယ်ကို စိတ်အနှောင့်အယှက်ပေးတယ် ...


" ကောင်းပြီ ရေသွားချိုးကြလေ ... ပြီးရင်အိပ်ကြမယ် ..."


နေ့တာရှည်ကြီးကို ဖြတ်သန်းပြီးနောက် ရှအန်း စောစောအိပ်ရာဝင်ချင်နေသညိ။


" ဒါပေမဲ့ ကြည့်ရတာ သူက သူ့ဘာသူ ရေမချိုးနိုင်ဘူးထင်တယ် ..."


အကောင်ပေါက်လေးမှာ ရေချိုးပြီး၍ အိပ်ငိုက်နေသော်လည်း ရှောင်ချန် အလှည့်ရောက်သည့်အခါ စိတ်ရှုပ်သွားသည်။


" မင်း ရေချိုးချင်ရင် ကိုယ့်ဘာသာချိုးရမှာနော် ..."


သူမက လိမ္မာသည့် သူမသားလေးကိုပင် ရေချိုးရန် မကူညီပေးပေ။ သူမခေါ်လာသည့် ကလေးလေးကိုလည်း တစ်ယောက်တည်း ချိုးခိုင်းနေသည်။


ရှအန်း၏မျက်နှာကို မြင်ရသည့်အခါ ရှောင်ချန် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခေါင်းငြိမ့်ပြလိုက်သည်။

" ကောင်းပါပြီ မမနတ်သမီး သားဘာသာ ရေချိုးပါ့မယ် ..."


" လိမ္မာလိုက်တာ ..."


ရှအန်းက ရှောင်ချန်၏ခေါင်းလေးကို ပုတ်ပေးလိုက်သည်။  ထိုကလေးက တစ်ခါတစ်ရံတွင် အငိုသန်သဖြင့် သူမ စိတ်မသက်မသာ ဖြစ်သော်လည်းဤမျှ အလိုက်သိပြီး လိမ္မာသော ကလေး‌မျိုးကို မတွေ့ဖူးပေ။ 


ရှောင်ချန် သနားစဖွယ်ဖြင့် အဝတ်အစားများချွတ်၍ ရေချိုးရန် ပြင်နေသည့်အခါ ရှအန်း ခုတင်ပေါ်လှဲလိုက်သည်။  ထိုအခါ သူမသားလေးက ပူဆွေးနေသည့် အမူအရာဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။


" ရှောင်ရှင်း ဘာဖြစ်လို့လဲ ..."

ရှအန်းက ခုတင်ကို ပုတ်ပြလိုက်ပြီး အကောင်ပေါက်လေးကို အနားလာခိုင်းလိုက်သည်။


အကောင်ပေါက်လေးက နာခံစွာဖြင့် ရှအန်းဘေးနားသို့ရောက်လာပြီး ရှအန်း၏ လက်မောင်းကို မှီလိုက်သည်။


" မာမားက ရှောင်ချန်ကို အရမ်းကောင်းပေးနေတာ သဘောမကျဘူး ..."


အကောင်ပေါက်လေး၏ သဝန်တိုနေသောအမူအရာနှင့် ဗလုံးဗထွေးပြောနေသည်ကို ကြားလိုက်ရသောအခါ ရှအန်း အားရပါးရ အော်ရယ်မိသည်။


" သားပဲ သူ့ကို အိမ်ခေါ်လာခိုင်းတာလေ ... သူ့ကိုမကြိုက်ရင် ဘာလို့ခေါ်လာသေးလဲ ..."


ရှအန်း ခေါင်းစောင်း၍ အကောင်ပေါက်လေးကို ကြည့်လိုက်မိသည်။ အမှန်တွင် အကောင်ပေါက်လေးက ရှောင်ချန်ကို ခေါ်လာရန် တိုက်တွန်းသည်ကို သူမနားမလည်ခဲ့ပေ။


ထို့ကြောင့် သူမသားလေး တွေးတောနေသည်ကို သိချင်လာသည်။


" သူ့ကို သနားစရာကောင်းတယ် ထင်လို့ပါ ..."

အကောင်ပေါက်လေးက ခဏခန့် စဉ်းစားနေပြီးနောက် ခေါင်းငုံ့၍ ရေရွတ်လိုက်သည်။


အကောင်ပေါက်လေးက အမှန်ကို မပြောနေကြောင်း သူမသိလိုက်သည်။


သူမကို မပြောချင်သည့်အတွက် သူမလည်းမေးရန် မကြံတော့ပေ။


" အင်း ... ရဲတွေက သူ့မိဘတွေကို ရှာပေးနေပြီဆိုတော့ မာမားတို့အိမ်မှာ ကြာကြာမနေလောက်ပါဘူး ..."


ရှအန်းက အကောင်ပေါက်လေး၏ခေါင်းကိုပွတ်၍ အပြုံးနှင့် ပြောလိုက်သည်။


အကောင်ပေါက်လေး၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။


" ရေး ..."


ရဲများ၏စွမ်းဆောင်ရည်က အလွန်မမြင့်မားသည်ကို ရှအန်းမသိပေ။ 


အနည်းဆုံး သူမတွေးထားသလောက် မမြင့်ပေ။ 


" ဘာ ... ရဲတွေမှာ သဲလွန်စအများကြီးမရှိဘူးဟုတ်လား ..."


ဖုန်းထဲမှ စကားများကိုကြားရသည့်အခါ ရှအန်းအလိုလို မျက်ခုံးများ ပင့်လိုက်မိသည်။


အယ်လန် ဖုန်းခေါ်ခဲ့ပြီး ကောင်းမွန်သည့် ဖုန်းခေါ်ဆိုမှုတစ်ခု မဟုတ်ခဲ့ပေ။ အကယ်၍ ကလေး၏မိဘများကို ရှာမတွေ့ပါက သူတို့နှင့်သာ နေရမည်ဖြစ်သည်။


၎င်းက ရှအန်းကို အနည်းငယ် တွေဝေသွားစေသည်။ အဘယ့်ကြောင့်ဆိုသော် Come on Challenger အပိုင်းငါးကို မကြာမီ ရိုက်ကူးရတော့မည် ဖြစ်သောကြောင့်ပင်။ ဤရှိုးရိုက်ကူးပြီးပါက နိုင်ငံခြားကိုသွား၍ အမေရိကန်ဒါရိုက်တာဂရေစ့်နှင့် ပူးပေါင်းရန်ကိစ္စများ သွားရောက်ဆွေးနွေးရမည်ဖြစ်သည်။


ထို့ကြောင့် ဤပြဿနာက သူမအတွက်လည်း မကောင်းပေ။


ရှောင်ရှင်းချန်က နိုင်ငံခြားသွားရန် လုပ်ထုံးလုပ်နည်းများစွာကို ဆောင်ရွက်ပြီးသော်လည်း လူကုန်ကူးခံရသည့်ရှောင်ချန်မှာ မလုပ်နိုင်ပေ။


" ကျွန်မသိပြီ ..."


သူမ အနည်းငယ် စိတ်ရှုပ်သွားပြီး ဖုန်းချလိုက်သည်။ ထိုကလေးကို အယ်လန့်ဆီသို့ သွားထားရန် သို့မဟုတ် ကလေးစောင့်ရှောက်ရေးဂေဟာတစ်ခုရှာရန် စဉ်းစားနေသည်။


ကြည့်ရတာ သူမသားလေးကတော့ အကြံကောင်းတစ်ခု ရှိပုံရတယ် ...


အကောင်ပေါက်လေးက တည်ကြည်လေးနက်စွာ ပြောနေသည်။

" မာမား သူ့ကို အန်ကယ်ဟန်ရဲ့ရှိုး ရိုက်ကူးရေးကို ခေါ်သွားမယ်လေ ... သူသာ ရှိုးမှာ ပါလာရင် သူ့မိသားစုက တွေ့သွားမှာပဲမလား ..."


ရှအန်း၏မျက်လုံးများ ချက်ချင်း အရောင်တောက်လာသည်။


" ရေး ... ရှောင်ချန်သာ ရှိုးမှာပါမယ်ဆိုရင် မကြာခင် မိသားစုကို ပြန်တွေ့မှာပဲ ..."


“Come on Challenger”အစီအစဉ်က လူသိမျသည့်အတွက် ရှောင်ချန်မိသားစုကို ရှာဖွေလိုပါက အချိန်ကြာမြှင့်မည်မဟုတ်ပေ။


ဒါပေမဲ့ ...


" သားဘယ်လိုတွေးမိသွားတာလဲ ရှောင်ရှင်း ..."


ဤနည်းလမ်းက လွယ်ကူသည့်အတွက် သူမသားလေးက ချက်ချင်းတုံ့ပြန်လိုက်သည်။


ရှောင်ချန်အပေါ်သို့ ရှောင်ရှင်း၏ ထူးဆန်းသောစိတ်နေစိတ်ထားနှင့် နှိုင်းယှဉ်ပါက သူမသားကို ပို၍ သံသဖြစ်နေမိသည်။


" ဘာလို့လဲဆိုတော့ ..."


အကောင်ပေါက်လေးက စိတ်ပူပန်စွာဖြင့် မျက်တောင်ခတ်နေသည်။ သူမပြောမီအချိန်၌ ရှအန်းက်ု စိုက်ကြည့်နေသည့် ရှောင်ချန်က ရုတ်တရက် ထပြောလိုက်သည်။

" ဘာလို့လဲဆိုတော့ ရှောင်ရှင်းကောကောက ဉာဏ်ကောင်းတယ်လေ ..."


" ငါပြောထားတယ် ငါ့ကိုရှောင်ရှင်းကောကောလို့ မခေါ်နဲ့ဆိုနေ ... ရွံစရာကောင်းတယ် ..."


" ဒါပေမဲ့ ရှောင်ရှင်းကောကောက သားထက်အရပ်ရှည်‌တယ်လေ ..."


" မင်း ငါ့ကို ရှောင်ရှင်းကောကောလို့ခေါ်ရင် မာမားအပြင်သွားရင် မင်းကို မခေါ်ခိုင်းဘူး ..."


ကောင်လေးနှစ်ယောက်က ထပ်မံဆူညံလာသည့်အတွက် ရှအန်း၏ သံသယများ ပျောက်ကွယ်သွားသည်။


ထားလိုက်ပါတော့လေ ရှောင်ရှင်းက ကလေးပဲ ရှိသေးတာကို ...


သူ၏ လတ်တလောထူးဆန်းနေမှုက ရှအန်း မြင်သွားသည်ကို ရှောင်ရှင်းချန် မသိလိုက်ပေ။


သူကဉာဏ်ကောင်းတယ်ဆိုပေမဲ့ ကလေးပဲ ရှိသေးတာလေ ...