အပိုင်း ၁၀၁
Viewers 29k

Chapter 101


ရှောင်ချန်က သာမန်ကလေးမဟုတ်မှန်း သူသိသည်။ အဘယ်ကြောင့်ဆိုသော် ရှောင်ချန်း မည်သူဖြစ်သည်ကို သူသိသောကြောင့် ဖြစ်သည်။ တိတိကျကျ ပြောရလျှင် အနာဂတ်တွင် ရှောင်းချန် မည်သို့သောသူ ဖြစ်လာမည်ကို သိခြင်းဖြစ်သည်။


သူ့အိပ်မက်ထဲက ရှောင်ချန်က အရွယ်ရောက်ပြီးသည့် အရပ်ရှည်ရှည် လူတစ်ယောက် ဖြစ်သည်။ 


သူက အဘယ်ကြောင့် မိသားစုရှာသည့် အစီအစဉ်တွင် ရှောင်ချန်းကို အလွယ်တကူ ပါခွင့်ပြုရန် ရှအန်းကို အကြံပေးလိုက်ရသနည်း ဆိုလျှင်-


သူ၏ အရင်အစ်မ ဖုအန်းချီက ရှောင်ချန် သူ၏မိသားစုကို ရှာရာတွင် ကူညီခဲ့သည် ဟူ၍ အိပ်မက်ထဲတွင် သူ မြင်ပြီးသောကြောင့် ဖြစ်သည်။ 


ရှောင်ချန်ကို သူအလွန်တရာ မုန်းတီးသော်လည်း သူ၏ နတ်သမီးမေမေကမူ ဖုအန်းချီကို မုန်းတီးဟန်ပေါ်သည်။


ထို့အပြင် ရှောင်ချန်မိသားစုသည် နောက်ခံအသိုင်းအဝိုင်းအင်အား တောင့်ပုံရသည်။ အကယ်၍ သူ့အိပ်မက်ထဲကအတိုင်း ရှောင်ချန်းကို ဖုအန်းချီကသာ ကယ်တင်လိုက်ပါက သူ့အတွက် ကောင်းကျိုးရှိမည် မဟုတ်ပေ။


သို့ဖြစ်ရကား ရှောင်ချန်ကို သူ မုန်းတီးသည် မှန်သော်လည်း သူ့နတ်သမီးမေမေ မုန်းတီးသူလက်ထဲသို့ အခွင့်အရေးကို ထည့်မပေးလိုပေ။


သူမ၏ သားငယ်လေးက အနာဂတ်ကို မှန်းဆနေသည်ကို ရှအန်း မည်ကဲ့သို့ သိပါမည်နည်း။ အသက် ၅နှစ်၊ ၆နှစ်အရွယ် ကလေးတစ်ယောက်က နက်နဲစွာ တွေးတောနေသည်ကို သူမ မည်သည့်နည်းဖြင့် သိနိုင်ပါမည်နည်း။


ငယ်ရွယ်သေးသည့် ရှရှင်းချန်သည် ထိုသို့ နက်နက်နဲနဲ တွေးခေါ်နေရခြင်းမှာ သူမကို ကာကွယ်ရန်အတွက် ဖြစ်သည်ကိုလည်း သူမ မသိချေ။



“ကဲ˜ သွားကြရအောင်”


ဤတစ်ကြိမ် “Come on Challenger”တွင် ရှအန်းပါဝင်သည့်အခါ ကလေးတစ်ယောက်ပါ တိုးလာသဖြင့် သူမ၏ ခရီးဆောင်အိတ်သည်လည်း များလာသည်။


ပြူတစ်ပြူတစ် ခေါင်းလေးနှစ်လုံးနှင့်အတူ ရှအန်းပေါ်လာသည့်အခါ ဟန်ယွဲ့မှာ အံ့အားသင့်သွားသည်။


ရှအန်းနှင့် ရှရှင်းချန်တို့ သားအမိမြင်ကွင်းသည် မျက်စိပဒေသာဖြစ်သည်။ ရှအန်းက နယ်စွန်နယ်ဖျားမှ ကောက်ယူမွေးစားသည့် ကလေးတစ်ယောက်သည် ဤမျှ ချစ်ဖို့ကောင်းမည်ဟု သူ မထင်ခဲ့ချေ။


ရှအန်း သူ့ကိုပြသည့် ပုံထဲကထက် ထိုကလေးက အပြင်တွင် ပိုချောသည်။


ကားပေါ်ရောက်သည်နှင့် ဟန်ယွဲ့က ရှအန်းကို ပြောသည်။

 “ဘာမှမပူနဲ့ ရှအန်း။ ရှောင်ချန်းရဲ့ ဓာတ်ပုံကို ဒီတစ်ပတ်အပိုင်းရဲ့ အစမှာရော အဆုံးမှာပါ ထည့်ထားတယ်...ရှောင်ချန်းမိဘတွေ သေချာပေါက် တွေ့မှာပဲ...."


ရှအန်းက ခေါင်းညိမ့်သည်။ ယခုတစ်ပတ်အပိုင်း လွှင့်သည်အထိ သူမတွင် အချိန်မရှိသည်ကို သိသဖြင့် လွန်ခဲ့သည့် ရက်အနည်းငယ်က ဟန်ယွဲ့ကို ဖုန်းဆက်ကာ ရှောင်ချန်းပုံနှင့်အတူ အောက်က မြင်လွယ်သည့် စာတို ထည့်ပေးရန် အကူအညီတောင်းလိုက်ခြင်း ဖြစ်သည်။


ဤနည်းအားဖြင့် ယခုတစ်ပတ် သူမ ရိုက်ကူးရေး ပြီးသည့်အချိန်တွင် ရှောင်ချန်မိဘများသည် သူတို့သားကို ရှာတွေ့လိမ့်မည်ဟု သူမ ခန့်မှန်းထားသည်။


“သား အိမ်မပြန်ချင်ဘူး...ရှောင်ချန်က မမနတ်သမီးနဲ့ပဲ နေချင်တာ..."


ရှအန်းနှင့် ဟန်ယွဲ့က သူ့မိဘများအကြောင်း ပြောနေချိန်တွင် ကောင်လေးနှင့်အတူ ငြိမ်သက်စွာ ထိုင်နေသည့် ရှောင်ချန်မှာ မပျော်မရွှင် ဖြစ်လာသည်။


ဟန်ယွဲ့က ရှောင်ချန်း၏ အတည်သနားစဖွယ် မျက်နှာအမူအရာကို မြင်ရသည့်အခါ ထရယ်တော့သည်။


“ဟားဟားဟား.... ရှအန်း နင့်ကို ကလေးတွေချစ်ကြမယ်လို့ ငါ မထင်ထားခဲ့ဘူး...”


“...”


ဟန်ယွဲ့၏ သရော်စကားကို ပျင်းသဖြင့် ရှအန်းက ပြန်မတုံ့ပြန်တော့။


မကြာမီ သူတို့သည် Come on Challenger၏ ပဉ္စမတွဲ ရိုက်ကူးမည့် မြို့သို့ ရောက်ရှိကြသည်။


ရှအန်းက နောက်ထပ်ကလေးတစ်ယောက် ခေါ်လာသည်ကို မြင်သည့်အခါ သူမတွင် ကလေးနောက်တစ်ယောက် ရှိနေသည်ဟု အခြားသော အစီအစဉ်တွင် ပါဝင်သူ ငါးယောက်က တွေးလိုက်ကြသည်။


သို့သော် ထိုကလေးသည် ပြန်ပေးဆွဲလက်မှ ရှအန်းကယ်တင်ထားခြင်းဖြစ်သည်ကို သိရသည့်အခါ သူတို့အားလုံး စိတ်မကောင်းဖြစ်သွားကြသည်။


“ရှအန်း...မင်းက စိတ်ဝင်စားစရာပဲ...”


“ငါတို့ရဲ့ နတ်ဘုရားမရှက လှလည်းလှ ကြင်လည်းကြင်နာတတ်တယ်တော့...."


“ရှောင်ချန်ရဲ့ ပျောက်ဆုံးကြောင်းကြော်ငြာကို ဖြန့်ပေးရမလား... ဝေ့ပေါ်ကနေ လုပ်ပေးမယ်...” 


ရှကျင်းယန်နှင့် ကျန်လူများ၏ စိတ်အားထက်သန်မှုကြောင့် ရှအန်း ပြုံးမိသွားပြီး ခေါင်းခါသည်။ 


“ရပါတယ်....ကျွန်မ အစ်ကိုဟန်ကို ပြောပြီးပြီ... ဒီအပိုင်းလွှင့်ရင် ကြော်ငြာပါ ထည့်ပေးလိမ့်မယ်.... ကံကောင်းရင် ဒီတစ်ပတ်ထဲမှာ ရှောင်ချန်းမိဘတွေကို ရှာတွေ့လိမ့်မယ်....”


ရှအန်းက ၆၀%လောက်သာ သေချာသော်လည်း သူမမှာ အတော်ကံကောင်းသူ ဖြစ်သည်။


Come on Challenger၏ တတိယပိုင်းကို ထုတ်လွှင့်သည့်အခါ ရှအန်းပြောသကဲ့သို့ပင် ရှောင်ချန်၏ မိဘများကို ရှာတွေ့ခဲ့သည်။


Come on Challengerသည် လတ်တလောတွင် နာမည်အကြီးဆုံး ရသစုံအစီအစဉ်တစ်ခုဖြစ်ပြီး အခြားသော ရှေးရိုးစွဲအစီအစဉ်များ၊ နောက်ထွက်တီဗီဇာတ်လမ်းတွဲများထက် ပို၍ အဆင့်သတ်မှတ်ချက်ကောင်းသည်။ အွန်လိုင်းပေါ်တွင် ပြန်ထုတ်လွှင့်သည်ကလည်း ရှိသေးသည်။


သို့ဖြစ်လေရာ အပိုင်းသုံးလွှင့်သည့်အခါ ရှောင်ချန်၏မိဘများက ကြော်ငြာကို တွေ့သွားကြသည်။ 


“ဟင်...အဲဒါ ရှောင်မော့ မဟုတ်ဘူးလား...”


“အမေ....အဲဒါ ပျောက်သွားတဲ့ ရှောင်မော့မလား....သူ့ကို တီဗီမှာ တွေ့လိုက်တယ်...သူ့မိဘတွေကို ရှာနေတာတဲ့...”



Come on Challenger၏ အပိုင်းသုံးလွှင့်ပြီးနောက် ထိပ်တန်းရှာဖွေမှုတွင် လူတစ်ယောက် တိုးလာသည်။


ဤတစ်ကြိမ်တွင် ရှအန်းနောက်မှ ရှောင်ချန်က ထိပ်တန်းရှာဖွေမှုတွင် ပါဝင်လာသည်။


ပင်ကိုယ်၌က ညင်သာပြီး ချစ်ဖို့ကောင်းသည့် ရှောင်ချန်းသည် အနုပညာလောကရှိ ကလေးသရုပ်ဆောင် အတော်များများထက် သာ၍ ကြည့်ကောင်းပေသည်။


ထို့အပြင် သူသည် ပြန်ပေးဆွဲခံရပြီးနောက် ရှအန်းကယ်တင်ခြင်းကို ခံရသည့် ပျောက်ဆုံးနေသည့် ကလေးဖြစ်ပေရာ ပို၍ပင် လူပြောများလေတော့သည်။


သို့ရာတွင် ရှအန်းကမူ ဤအရာများကို မသိချေ။


မူလက ရှအန်းသည် သာမန်ရှာဖွေရန်သာ ရည်ရွယ်၍ သူမကိုယ်တိုင် ရှောင်ချန်းကို ဓာတ်ပုံရိုက်ပြီး ဟန်ယွဲ့ကို ပေးလိုက်ခြင်း ဖြစ်သည်။


ဟန်ယွဲ့က သေသေချာချာ စဉ်းစားပြီး ဇာတ်လမ်းဖွဲ့လိုက်မည်ဟု သူမ မထင်ခဲ့ချေ။


သူက ခရေစေ့တွင်းကျ ရေးခဲ့သည်- ရှောင်ချန်းနှင့် သူမ ဆုံခဲ့ပုံ၊ သူ့ကို ကယ်တင်ခဲ့ပုံနှင့် အိမ်သို့ခေါ်လာပုံ စသည်ဖြင့်။


ထို့ကြောင့် အပိုင်းသုံးလွှင့်ပြီးသည့်အခါ ရှအန်းကို ဟန်ယွဲ့က စိတ်ကောင်းရှိသူဟု ကင်ပွန်းတပ်လိုက်ပြန်သည်။ 


[ရုပ်လှ စိတ်လှတဲ့ နတ်ဘုရားမပဲ.. ပြန်ပေးဆွဲခံရတဲ့ ကလေးကိုလည်း ကယ်တင်ပေးတယ်]


[ဟီးဟီးဟီး....အခု ဘယ်သူမှ ငါ့ရဲ့နတ်ဘုရားမရှကို နှလုံးသားမရှိဘူးလို့ မပြောရဲတော့ဘူး... နတ်ဘုရားမက အလုပ်လုပ်ဖို့ သွားတဲ့လမ်းမှာ ပြန်ပေးဆွဲခံရတဲ့ ကလေးကို ကယ်တင်ပြီး အိမ်ကိုပါ ချစ်ချစ်ခင်ခင် ခေါ်ခဲ့တယ်]


[သိတဲ့သူတွေကတော့ ပြောကုန်ကြပြီ... ရှအန်းက ကောင်းမွန်တဲ့ စွမ်အားတွေနဲ့ ပြည့်ဝတဲ့ သူတစ်ယောက်ပဲ... တခြားကြယ်ပွင့်တွေလည်း သူ့လိုစိတ်မျိုး ရှိပါစေလို့ မျှော်လင့်ပါတယ်... ဒါမှ ကလေးပျောက်တာ နည်းသွားမှာ]


[ရှအန်းလို ကြင်နာတတ်တဲ့သူနဲ့ တွေ့တာ ဒီကလေး တော်တော်ကံကောင်းတာပဲ... ဒါတစ်ခုတည်းနဲ့ ရှအန်းကို အားပေးဖို့ ဆုံးဖြတ်လိုက်ပြီ]



အစီအစဉ် ထုတ်လွှင့်ပြီးကာစမှာပင် ရှောင်ချန်၏မိဘများကို တွေ့လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ ထို့အပြင် ရှအန်းအပေါ် တုန့်ပြန်မှုမှာလည်း သည်တစ်ကြိမ်တွင် အလွန်ကြီးမားသည်။


ယခုတစ်ခါတွင် ရှအန်းသည် အနုပညာအသိုင်းအဝိုင်းတွင်သာမက လူမှုရေးသတင်းများတွင်ပါ ခေါင်းကြီးပိုင်းနေရာမှ ပါလာသည်။


တုံ့ပြန်မှု သည်မျှကောင်းမည်ဟု မည်သည့်နာမည်ကြီးမျှ မထင်ထားပေ…


ဤနိုင်ငံတွင် ပြန်ပေးသမားပေါင်း များစွာရှိပြီး ပျောက်ဆုံးသွားသည့် ကလေးမှာလည်း မရေမတွက်နိုင်အောင် ရှိသည် မဟုတ်ပါလော။


လတ်တလောတွင် တစ်နိုင်ငံလုံးက ကြီးလေးသည့် ပြစ်ဒဏ်ပေးရန် တောင်းဆိုမှုကို အရှိန်မြှင့်ရန် စီစဉ်နေကြသည်ဖြစ်ရာ ရှအန်းတို့ဖြစ်စဉ် ပေါ်လာသည့်အခါနှင့် ကွက်တိဖြစ်သွားသည်။ ရှအန်းမှာ နောက်ထပ် အခွင့်အရေး ရလိုက်ပြန်သည်။


ထိုအချိန်တွင် ရိုက်ကွင်းရောက်နေသည့် ရှအန်းမှာ မည်သည်ကိုမျှ မသိချေ။


ရိုက်ကူးရေးပြီးချိန်တွင် ဖြစ်ကြောင်းကုန်စင်ကို ကြားရသည့်အခါ သူမ ရယ်မိသည်။


လူကောင်းတစ်ယောက်၊ သူရဲကောင်းဆန်သည့်ကြယ်ပွင့် ဖြစ်ရန် သူမ မည်သည့်အခါမျှ မကြိုးစားခဲ့ဖူးချေ။


ယခုမူ သူမ ဘာမှမလုပ်ရဘဲနှင့် သူရဲကောင်းတစ်ယောက် ဖြစ်သွားလေသည်။