Chapter 102
သူမတို့၏ အစီအစဉ်သည် ဤမျှပေါက်ရောက်လိမ့်မည်ဟု ရှအန်း မထင်ထားခဲ့ချေ။ ရှောင်ချန်း၏ မိဘများကို လျှင်မြန်စွာ ရှာတွေ့ခဲ့သည်။
အပိုင်းငါး ရိုက်ကူးရေး ပြီးဆုံးသည့်အခါ ရှောင်ချန်း၏ မိဘများကိုယ်တိုင် သူတို့ကလေးကို လာခေါ်သည့်အကြောင်း ဟန်ယွဲ့ထံမှ ရှအန်း ကြားသိရသည်။
ဤသည်မှာ သူမအတွက် ထူးဆန်းနေသည်။
ရှောင်ချန်း၏ မိဘအသိုင်းအဝိုင်းမှာ သာမန်မဟုတ်ကြောင်းလည်း ဟန်ယွဲ့က ပြောခဲ့သည်။ ဘီမြို့၏ အင်အားအကြီးဆုံးမိသားစုဟု မဆိုနိုင်သည့်တိုင် ကုချမ်းတွင်တော့ ကုမိသားစုသည် ဩဇာကြီးမားသည့် မိသားစု တစ်စုဖြစ်သည်။
ကုမိသားစု၏ လွှမ်းမိုးမှုသည် ဘီမြို့အနှံ့ သက်ရောက်သည်။ နိုင်ငံရေးနယ်ပယ်၊ စီးပွားရေးနယ်ပယ်နှင့် စစ်တပ်တွင်ပင် ကူးမျိုးရိုး၏ စကားသည် အရေးပါသည်။
ထိုသို့ ကြီးကျယ်သည့် မိသားစုဝင်ဖြစ်သည့်တိုင် ရှောင်ချန် ပျောက်သွားသည်မှာ အံ့ဩတုန်လှုပ်ဖွယ်ဖြစ်သည်။
“ရှအန်း... ဒီတစ်ခါတော့ နင်တော့ ထီပေါက်တာပဲ....ဓာတ်ပုံလေးတစ်ပုံ ရိုက်တင်လိုက်တာနဲ့ နင်က ရွှေပုံတိုးသွားတယ်....”
ဟန်ယွဲ့က စိတ်လှုပ်ရှားမှုအပြည့်နှင့် ပြောသည်။
ရှောင်ချန်းက မည်သူမည်ဝါဖြစ်ကြောင်းကို သိလိုက်ရသည့်အခါ ဟန်ယွဲ့မှာ အံ့အားသင့်သွားသည်။
အထူးသဖြင့် တဖက်လူက သူ့ကို ကျေးဇူးတင်စကား ဆိုသည့်အခါ သူ စိတ်လှုပ်ရှားသွားသည်။
သူက ရှအန်းလူပျောက်ရှာရာမှာ ကူညီရုံလေးနဲ့ ဒီလောက် ကြီးမားတဲ့ ဆုလာဘ်ကို ပြန်ရခဲ့တယ်လေ....သူ ဘယ်လိုလုပ် မပျော်ဘဲ နေနိုင်မှာလဲ...
ရှအန်းက သူ၏ ကံကောင်းစေသည့် အဆောင်လေးပင်...
“အိုး...”
ဟန်ယွဲ့က စိတ်လှုပ်ရှားနေသော်လည်း ရှအန်းကမူ မတုန်မလှုပ်။
သူမ၏ အေးတိအေးစက် တုံ့ပြန်ချက်က သူ့တစ်ကိုယ်လုံးကို ရေခဲရေလောင်းချလိုက်သလို ဟန်ယွဲ့ ခံစားလိုက်ရပြီး စိတ်လှုပ်ရှားမှုများလည်း မှေးမှိန်သွားသည်။
ရှောင်ချန်၏ မိဘများသည် မည်သို့သောသူများ ဖြစ်ကြသည်ကို ရှအန်း ဂရုမစိုက်သော်လည်း ထိုကလေးက သူ့မိသားစုကို ရှာတွေ့သွားသည့်အတွက် သူမ ဝမ်းသာမိသည်။
ပထမအချက်ကတော့ သူမအတွက် အဆင်ပြေသွားသောကြောင့် ဖြစ်သည်။ ဒုတိယမှာ ထိုကလေးသည် ယဉ်ကျေးသိမ်မွေ့ပြီး ချစ်ဖွယ်ကောင်းသောကြောင့် ဖြစ်သည်။
ရှအန်းနှင့် ဟန်ယွဲ့က ပျော်နေသော်လည်း သူ့မိဘကို ရှာတွေ့သည့်အကြောင်း ရှောင်ချန်းကြားသည့်အခါ ကာယကံရှင်မှာ ထင်သလောက်မပျော်။
သူ့မိဘနှင့် တွေ့ရတော့မည့်အကြောင်း ကြားရသည်နှင့် သူ့မျက်နှာ သုန်မှုန်သွားသည်။ သူ၏ နူးညံ့လှပသည့် မျက်နှာလေး မှုန်ကုတ်သွားသည်မှာ ရေနူးသွားသည့် မုန်လာထုပ်ပမာ။
“မပျော်ဘူးလား ရှောင်ချန်....”
ရှအန်းဘေးက လိုက်လာသည့် ကလေးကို ဟန်ယွဲ့က ကြည့်လိုက်သည်။ ထိုကလေးမှာ သိပ်ပြီး ဝမ်းသာဟန်မပြ။
“မမနတ်သမီးနဲ့ မခွဲချင်ဘူး....”
ရှအန်းကို မျှော်လင့်တကြီးနှင့် ကြည့်ရင်း ရှောင်ချန်က ငိုသည်။ ရှအန်းက သူ့ကို သူ့မိဘတွေဆီ ပြန်မလွှတ်ရန် မျှော်လင့်နေပုံရသည်။
ထိုသို့သောစကားမျိုးကို ရှအန်းက မည်သို့ ပြောနိုင်ပါမည်နည်း။
ထိုကလေးတွင် စိတ်ပျက်ရမည့် ကံကြမ္မာ ပါလာပုံရသည်။
“ရှောင်ချန်.... မင်းရဲ့ တကယ့်မိဘတွေ ရလာပြီလေ.... မင်း သူတို့နဲ့ လိုက်သွားရမှာ.... သူတို့ မင်းကို တော်တော် စိတ်ပူနေကြမှာ...”
ရှအန်း ဇဝေဇဝါဖြစ်သွားသည်။
သူမက သူ့အပေါ် အဲ့လောက်တောင် ကောင်းခဲ့တာမဟုတ်ဘူးလေ...
အခုခေတ် ကလေးတွေက တကယ်မျက်နှာကိုပဲ ကြည့်တာများလား...
နောက်ဆုံးတော့ ရှောင်ချန်းကို သူ့မိဘဆီ ရှအန်းနှင့် ဟန်ယွဲ့က ခေါ်သွားသည်။
“မော့မော့...”
သူတို့သည် ဤရွာငယ်လေးသို့ ကုန်းတစ်တန်၊ လှေတစ်တန်ဖြင့် လာခဲ့ကြရသည်။ ထိုအထဲတွင် အသက်ကြီးသူတစ်ယောက်ပင် ပါသေးသည်။
ဤကလေးကို လာခေါ်မည့် သူများသည် ငယ်ရွယ်လိမ့်မည်ဟု သူတို့ ထင်ခဲ့ကြသည်။
သူတို့ ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ခေါင်းဖြူအဘိုးကြီးတစ်ယောက်က ရှောင်ချန်းကို လာခေါ်သည်။ သူသည် ပျော်တတ်သည့်ပုံ ပေါက်သော်လည်း အသက်ကမူ ကြီးပြီဖြစ်သည်။
ဤခရီးမှာ လူငယ်များအတွက်ပင် ပင်ပန်းလေရာ လူကြီးမှာမူ ဆိုဖွယ်ရာမရှိ။
ဝတ်စုံနက် ဝတ်ထားသည့် သက်တော်စောင့်များ ခြံရံလာသည့် ထိုလူအိုကြီးမှာ အမှန်ပင် လူရှိန်စရာကောင်းသည်။
“မော့မော့... မြေးကို ခေါ်ဖို့ ဘိုးဘိုးလာတယ်လေ...”
ရှောင်ချန်ကို မြင်သည်နှင့် အဘိုးကြီး၏ မျက်ဝန်းများ မျက်ရည်လည်သွားသည်။
တုန်ယင်သည့် လက်အစုံနှင့် ရှောင်ချန်းနားသို့ ကပ်လာသည်။
သို့ရာတွင် ရှောင်ချန်ကမူ အထိတ်တလန့်နှင့် ရှအန်းနောက်သို့ ဝင်ပုန်းသည်။ သူ့မျက်နှာအမူအရာမှာ ထိုလူကြီးကို ကြောက်ရွံ့နေဟန်ဖြစ်သည်။
“မော့မော့... အဖိုးလေ...”
သူ့မြေးကို ကြည့်ရင်း မစ္စတာကု မျက်ရည်ကျသည်။
သူ့ဘဝတလျှောက်လုံး တစ်ခါမှ မငိုဖူပေ။ ငိုသည်ကို သူ အမုန်းဆုံးဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင် သူ မထိန်းနိုင်တော့။
ပျောက်သွားပြီးမှ ပြန်ရှာတွေ့သည့် သူ့မြေးသည် သူ့ကို မှတ်မိပုံမပေါ်ပေ။
ဤသို့ ဝမ်းသာဝမ်နည်းဖြစ်ရပ်က သူ့ကို မငိုအောင် မစွမ်းဆောင်နိုင်ပေ။
“မစ္စတာကုလော့.. ရှောင်ချန်က ခေါင်းထိထားလို့ ယာယီအတိတ်မေ့နေတယ်.."
မစ္စတာကု၏ အဖြစ်ကို ကြည့်ရင်း ခါးသက်သည့်အမှန်တရားကို ဟန်ယွဲ့က ပြောလိုက်သည်။
“ရှောင်ချန်...ဟုတ်လား...”
ရှောင်ချန်းဆိုသည့် နာမည်ကို အဖိုးကူး ကြားသည့်အခါ မလှုပ်မယှက်ဖြစ်သွားသည်။
“ဪ...ရှောင်ချန်ဆိုတာ အဖိုးမြေး နာမည်လေ... ရှအန်း သူ့ကိုခေါ်လာတော့ အဖိုးမြေးက အတိိတ်မေ့နေလို့ နာမည်ဘယ်လိုခေါ်မှန်း မသိတာနဲ့ သူ့ကို နာမည်ပြောင်သဘောမျိုး ပေးထားတာ..."