Chapter 103
ထို့နောက် အဖိုးကု၏အာရုံက ရှအန်းဆီသို့ရောက်သွားသည်။ သူမ၏ လှပသည့်မျက်နှာကို ကြည့်ပြီးပြီးချင်း သူ မလှုပ်မယှက်ဖြစ်သွားသည်။ ပြီးနောက် သူမ၏ အေးတိအေးစက်ဟန်ကြောင့် အံ့အားသင့်သွားသည်။
သူသည် နိမ့်တုံမြင့်တုံလောကဓံလှိုင်းလုံး၏ ရိုက်ပုတ်မှုဒဏ်ကို မရေမတွက်နိုင်အောင် ကြုံခဲ့ဖူးပြီး လူအမြောက်အများနှင့်လည်း ဆက်ဆံဖူးသည်။ ထို့ကြောင့် သူသည် လူကဲခတ်ရာတွင် အလွန်တော်သည်။
ထိုအခိုက်အတန့်၌ သူ့မျက်လုံးထဲတွင်တော့ ရှအန်းသည် အောင်မြင်သည့်ကြယ်ပွင့်ဟန် လုံးဝမရှိဘဲ… အန္တရာယ်စက်ကွင်းထဲက စစ်သည်တစ်ယောက်နှင့် တူနေသည်။ သို့သော် သူမ၏ စိတ်နေစိတ်ထားကမူ အတွေ့အကြုံရင့် စစ်သည်တစ်ဦးနှင့် မတူချေ။
ဤသို့ ဆန့်ကျင်နေသည့် အတွေးနှစ်ခုကြောင့် သူ၏ထင်မြင်ချက် မှားယွင်းနေသည်ဟု အဖိုးကုက တွေးလိုက်ပြီး စိတ်ထဲမထားတော့ပေ။
သူက ယဉ်ကျေးသမှုဖြင့် ဦးညွှတ်နှုတ်ဆက်ပြီး ပြုံးကာ ရှအန်းကို ပြောသည်။
“မစ်ရှ...ကျွန်တော့်မြေးကို ကယ်ခဲ့တဲ့အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်...”
အဖိုးအိုတွင် လေးစားဖော်ရွေယဉ်ကျေးသည့်ဟန် ရှိသဖြင့် ရှအန်းက အထင်ကြီးသွားသည်။ သူမက ခေါင်းညိမ့်ရင်း ပြောလိုက်သည်။
“အပန်းမကြီးပါဘူး...”
“မစ်ရှ... မိန်းကလေးက ကျွန်တော်တို့ ကူးမိသားစုရဲ့ ကျေးဇူးရှင်ဖြစ်သွားပြီ...လိုအပ်တာတစ်ခုခုရှိရငိ ပြောနိုင်ပါတယ်....ကျွန်တော်တို့ကုမိသားစုက ကူညီပေးပါမယ်...”
သူမခြေထောက်ကို ဆွဲထားပြီး နောက်တွင် ပုန်းနေသည့် ကောင်လေးကို ရှအန်းက ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူမက ခေါင်းခါလိုက်သည်။
“ရပါတယ်...ကျွန်မ ဘာမှ မလိုချင်ပါဘူး...”
ထို့နောက် ရှအန်းက ပုန်းနေသည့် ကောင်လေးကို ရှေ့သို့ တွန်းပို့လိုက်သည်။
“ရှောင်ချန်..ဒါ မင်းအဖိုးပဲ.... သူနဲ့လိုက်သွားနော်...”
ရှအန်းက သူ၏ ကမ်းလှမ်းမှုကို ချက်ချင်းပယ်ချလိုက်မည်ဟု အဖိုးကု လုံးဝမမျှော်လင့်ထားပေ။
သာမန်လူတစ်ယောက်သာဆိုလျှင် တောင်းဆိုမှုများစွာ ပြုလုပ်လိမ့်မည်။ ထိုသို့မဟုတ်ပါကလည်း ခပ်တည်တည်နေမည်မဟုတ်ဘဲ အနည်းဆုံးတော့ ဂုဏ်ယူစိတ်လှုပ်ရှားသည့်ဟန် ပြမည်ဖြစ်သည်။
သို့သော် သူ့ရှေ့ရှိ သရုပ်ဆောင်ကမူ အမူအရာ မပြောင်းလဲချေ။ သာမန်လူတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ပင်။
ရှအန်း၏ အဖြေသာမက နောက်အရာတစ်ခုကပါ အဖိုးကုကို တုန်လှုပ်စေသည်။ အမြဲပြောစကားနားထောင်ကာ အရွယ်နှင့်မလိုက်အောင် သိတတ်သည့် သူ့မြေးမှာ ရှအန်းနှင့် မခွဲလိုကြောင်း ကလေးမလေးတစ်ယောက်အလား ငိုယိုပြောဆိုတော့သည်။
“ဟင့်အင်း....မမနတ်သမီးနဲ့ မခွဲချင်ဘူး... မမနတ်သမီးရယ် အစ်ကိုရှောင်ရှင်းရယ်နဲ့ နေချင်တာ....”
ကလေးက အဖိုးကို တွန်းကာ နောက်လှည့်ပြီး ရှအန်းခြေထောက်ကို ဖက်သည်။ သူ့မျက်လုံးများမှာ နီရဲမို့အစ်နေသည်။
သူ့အမြင်တွင် ရှအန်းက သူ့ဆွေမျိုးဖြစ်ပြီး အဖိုးကုက သူတို့မိသားစုကို ခွဲရန်လာသော လူဆိုးပုံ ပေါက်နေသည်မှာ ရယ်ဖို့ကောင်းလှသည်။
“မော့မော့.. ဖိုးဖိုးကို သတိမရဘူးလားကွယ်...”
အဖိုးကူး စိတ်မသက်မသာဖြစ်မိသည်။ သူ၏ ပေါ့လျော့မှုကြောင့်သာ မဟုတ်ပါက သူ၏မြေးငယ်လေးမှာ ဤသို့ပြုမူလိမ့်မည် မဟုတ်ပေ။
“ဖိုးဖိုးကို သားမလိုချင်ဘူး... မမနတ်သမီးကိုပဲ လိုချင်တာ...”
သူ့မြေးလေးအတွက် အဖိုးကုသည် သူ၏ကိုယ်ပိုင်ဂျက်လေယာဉ်ကို စွန့်ခွာပြီး ဟန်ယွဲ့၊ ရှအန်းတို့နှင့်အတူ သာမန်လေယာဉ်စီးကာ မြို့ဘီသို့ လိုက်ခဲ့ရသည်။
သို့သော် လိမ္မာသည့်မြေးက သူ့ကို လုံးဝမျက်နှာသာ မပေးချေ။ သူနှင့်အတူ အိမ်ပြန်မလိုက်ဘဲ ရှအန်းနှင့်သာ ပြန်လိုက်လိုသည် ဟုသာ တွင်တွင်ပြောနေသည်။
ယခုတစ်ခါ ရှအန်းက သူတို့နှင့်အတူ အထက်တန်းတွင် စီးရသည့်အတွက် စိတ်လှုပ်ရှားမိသည်။ သူမ၏ ဝင်ငွေမှာ မနည်းလှသော်လည်း အထက်တန်းကို ဈေးကြီးပေးစီးရန်မှာ ငွေဖြုန်းရာရောက်သည်ဟု သူမ မှတ်ယူထားသည်။
“မစ်ရှ... မိန်းကလေးရဲ့ သားက ဘယ်အရွယ်ရောက်ပြီလဲ...”
လေယာဉ်တွင် နေရာယူပြီးနောက် မစ္စတာကုက ရှအန်းကို စကားစမြည်ပြောသည်။
“ကျွန်မသားက ခြောက်နှစ်ရှိပါပြီ..."
“အာ တိုက်ဆိုင်လိုက်တာ...ကျွန်တော်တို့ မော့မော့နဲ့ ရွယ်တူပဲ...”
“ဟုတ်လား...”
ရှအန်းက သူမဘေးတွင် ငြိမ်ငြိမ်စိမ်စိမ် ထိုင်နေသည့် ရှရှင်းချန်ကိုတစ်လှည့်၊ အဖိုးကူးဘေးတွင် မျက်နှာပုပ်နှင့် ထိုင်နေသည့် ရှောင်ချန်ကိုတစ်လှည့် ကြည့်သည်။ ထိုကလေးနှစ်ယောက် ရွယ်တူဆိုသည်ကို သူမတွေးပင်မတွေးမိပေ။
သူမသားက ရှောင်ချန်းထက် ပိုထွားသည်သာမက ပို၍လည်း ရင့်ကျက်ပေသည်။
“ခုတော့ မော့မော့က ငိုနေလို့ မထင်ရတာပါ.... သူ အတိတ်မမေ့ခင်တုန်းက အရွယ်နဲ့မလိုက်အောင် ရင့်ကျက်တဲ့ ကလေးပါ...."
ထိုသို့ပြောပြီးနောက် အဖိုးကုက သူ့မြေး၏ခေါင်းကို ပွတ်သပ်သည်။ သူ့မြေး၏ လျစ်လျူရှုမှုကို ခံရပြီးနောက်တွင်တော့ တစုံတရာကို ဆုံးရှုံးလိုက်ရသည့် အမူအရာ သူ့မျက်နှာတွင် ဖြစ်ပေါ်လာသည်။
“ဘာပဲဖြစ်ဖြစ် မစ်ရှကို ကျေးဇူးအထူးတင်ပါတယ်...”
အဖိုးအိုကုက ထပ်ကာထပ်ကာ ကျေးဇူးတင်နေသဖြင့် ရှအန်း မျက်ခုံးပင့်မိသည်။
ထိုလူအိုကြီးမှာ အတွေးလွန်သူတစ်ယောက်ဖြစ်သည်ဟု သူမခံစားမိသည်။ ထို့ကြောင့် ရှောင်ချန်း ပြန်ပေးဆွဲခံရပြီး ရွာငယ်လေးသို့ ရောင်းစားခံရသည့် ဖြစ်စဉ် နောက်ကွယ်က အမှန်တရားမှာ ထင်သလောက် ရိုးရှင်းမည်မဟုတ်။
ထို့အပြင် ရှောင်ချန်းပြန်ပေးဆွဲခံရပုံသည် ရှကျင်းတုန်းက ဖြစ်စဉ်နှင့် ဆင်တူသည်ဟု သူမ ထင်မိသည်။
ကုမျိုးနွယ်၊ ပြန်ပေးဆွဲမှု၊ ဒီအတွေ့အကြုံမှာ အနည်းငယ်…
ရုတ်တရက် ရှအန်း ကျောက်ရုပ်ဖြစ်သွားသည်။
“ဒါနဲ့ မစ္စတာကုလော့ကို မေးဖို့မေ့နေတာ... ရှင့်မြေးက နာမည်ဘယ်လို ခေါ်လဲ...”
ရှအန်း ရုတ်ချည်းအားအင်ကုန်ခမ်းသွားသည်။