အပိုင်း ၁၀၄
Viewers 29k

Chapter 104


ထိုအခိုက်အတန့်တွင် သူမသည် တစ်ကိုယ်တည်း တီးတိုးရေရွတ်နေရသည်။

 ဒါ တိုက်ဆိုင်တာတော့ မဖြစ်နိုင်ဘူး...


ဖြစ်ချင်မှ ဖြစ်မယ်...


အဲ့လောက်တော့ မဆိုးနိုင်လောက်ပါဘူး.. ဟုတ်တယ်မလား


သူမ အမှုမဲ့အမှတ်မဲ့ စောင့်ရှောက်ခဲ့ပေးခဲ့တဲ့ ကောင်လေးက...


အဓိကဇာတ်ဆောင် မဖြစ်နိုင်လောက်ပါဘူး...


“အာ...ကျွန်တော့်မြေး နာမည်က ကုရှုမော့ပါ...”


ကုရှုမော့...


ကောင်လေး၏ နာမည်ကို ကြားလိုက်သည့်အခါ ရှအန်း မျက်နှာပျက်သွားသည်။


အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဤကမ္ဘာရှိ အဓိကဇာတ်ဆောင်၏ နာမည်ဖြစ်သောကြောင့်ပင်။


သူမ လို့ သူ့ကို စောင့်ရှောက်ခဲ့ရတာလဲ...သူမ တကယ် ဇာတ်လိုက်ကျော်ကြီးကို ရှာတွေ့ခဲ့တာပဲ....


သူ့ကို ရှာတွေ့သူမှာ ဇာတ်လိုက်မင်းသမီး ဖြစ်သင့်တယ်မဟုတ်ဘူးလား....


ရှအန်း၏ မျက်နှာမှာ အမူအရာမပြောင်းသော်လည်း ရင်ထဲတွင်မူ ဘုရားပွဲလှည့်နေသည်။


ဤဝတ္ထု၏ ဇာတ်လိုက်တွင် ဝမ်းနည်းဖွယ် ဇာတ်ကြောင်းလေး ရှိသည်။


သူ ကလေးဘဝက လမ်းလွဲလိုက်သည့် သူ့ဖခင်ကြောင့် သူ့မိခင်သည် တစ်ပါးသူထံတွင် သေလုမတတ် အခိုင်းအစေ ခံရသည်။ 


နောက်ပိုင်းတွင်တော့ သူ့မိခင်က သူ့ကို ဝေးလံခေါင်ဖျားသည့် ရွာလေးတစ်ရွာသို့ ရောင်းစားလိုက်သည်။


ဇာတ်ဆောင်မင်းသမီး ၇နှစ်အရွယ်တွင် သူမ၏ မိခင်နှင့်အတူ ပရဟိတပွဲတစ်ခု၌ ပါဝင်ဆင်နွှဲစဉ် ဇာတ်လိုက်နှင့် သူ့မိသားစုကို တွေ့သွားသည်။


သို့ရာတွင် ဇာတ်လိုက် အိမ်ပြန်ရောက်သည့်အခါ ကြမ်းကြုတ်သည့် ရှောင်စန်း၏ အကြံအစည် အထမြောက်သွားသည်။ မိသားစုထဲတွင် သူ့ကို အချစ်ဆုံးဖြစ်သော သူ့အဖိုး ဆုံးသွားသည်မှာ ကြာမြင့်ခဲ့ပြီ။


ဤသို့ဖြင့် လူငယ်လေး၏ လက်စားချေခြင်းခရီး စတင်ခဲ့ပြီး ဘဝမှာလည်း ခက်ထန်လာသည်။


သူ့ဘဝဇာတ်ကြောင်းသည် ဇာတ်လိုက်မင်းသမီး၏ မိခင်ဘဝနှင့် ဆင်တူသောကြောင့် မင်းသမီးသည် သူ့ကို သဘောကျသည်။


သို့သော် ယခုတော့...


သူ၏ ဝမ်းနည်းကြေကွဲနေသည့် မျက်နှာလေးကို ရှအန်းက ကြည့်သည်။ ထိုကလေးက သူမကို မျက်ရည်ရစ်ဝိုင်းနေသည့် မျက်လုံးများနှင့် ကြည့်သည်။ သူမသည် ရုတ်တရက် ခွန်အားမရှိတော့သလို ခံစားလိုက်ရသည်။


သူမက မင်းသားကို မင်းသမီးထံမှ လုယူရန် စိတ်မကူးခဲ့ဘူးပေ။


သူသည် ဇာတ်လိုက်မှန်း သိခဲ့ရင်..သူမ…


ဟင့်အင်း... သိခဲ့ရင် သူမ..သူ့ကို သေချာပေါက် စောင့်ရှောက်ထားမှာပဲလေ...


ဟူး....


မည်သို့ပင်ဆိုစေ ဤဇာတ်လိုက်ကောင်လေးသည် မင်းသမီးအတွက် မကောင်းသော လွှမ်းမိုးမှုဖြစ်သည်။


ဤ ငိုကြွေးနေသည့် ကောင်ကလေးသည် အနာဂတ်တွင် နတ်ဆိုးအကြီးကြီးတစ်ယောက် ဖြစ်လာမည့်သူ ဖြစ်သည်။


သူ အရွယ်မရောက်သေးခင်က သူ့၏ မကောင်းသည့် ဖခင်သည် သူ့မိခင်ကို သေသည်အထိ နှိပ်စက်ခဲ့သူ ဖြစ်သည်။ နောက်ဆုံးတွင်တော့ ဘာမျှ မရလိုက်။ ထို့နောက် ရက်စက်သည့် ရှောင်စန်းက သူ့ကို ပြန်ပေးဆွဲကာ ရွာမှာ ရောင်းလိုက်သည်။


သူ့ကို ဒုက္ခပေးသည့် ဆွေမျိုးမှန်သမျှ တစ်ယောက်ချင်းကို သူက ဆုံးမသည်။


အရိုးသားဆုံး ပြောရလျှင် သူသာ ဇာတ်လိုက် မဟုတ်ခဲ့ပါက သူမ၏ဗီလိန်သားနှင့် သူသည် ထူးမခြားနားပင် ဖြစ်ပေမည်။


ပြောပြောဆိုဆို…


ဇာတ်လိုက်နှင့် သူမ၏ ဗီလိန်သားသည် အမုန်းဆုံး ပြိုင်ဘက်များ ဖြစ်ကြသည်။


သူတို့နှစ်ယောက်၏ ယှဉ်ပြိုင်မှုသည် လွန်စွာ ပြင်းထန်ပြီး သူမသာကိုယ်မသာ ဖြစ်သည်။


ဇာတ်ဆောင်မင်းသမီး၏ သစ္စာဖောက်မှုကြောင့်သာ မဟုတ်ပါက သူမ၏ ချစ်လှစွာသောသားသည် ဇာတ်လိုက်ကို အရှုံးပေးရမည် မဟုတ်ပေ။


ဒါက…


သူမက ခေါင်းငုံ့ပြီး အိပ်ပျော်နေသည့် သူမ၏ သားလိမ္မာကို ကြည့်သည်။


အတိအကျ ဆိုရလျှင် ကုရှုမော့ကို ရှာတွေ့သူသည် သူမ မဟုတ်၊ သူမ၏ သားလိမ္မာ ဖြစ်သည်။


ထိုကောင်လေးကို ခေါ်မှ အိမ်ပြန်မည်ဟု သန္နိဌာန်ချသည့် သူမသားကြောင့်သာ မဟုတ်ပါက သူမသည် ကူးရှုမော့ကို အိမ်ခေါ်မည် မဟုတ်။


သူမ ခံစားမိသည်က… တစ်ခုခုတော့ မှားနေသည်။


သူ့ကို စူးစူးရဲရဲကြည့်နေသည့် ရှအန်း၏ အကြည့်ကြောင့် အိပ်မရသည့် ရှရှင်းချန်မှာ ပို၍ အိပ်မပျော်နိုင် ဖြစ်လာသည်။


ယခုတစ်ကြိမ်တွင် ရှရှင်းချန်သည် အပြစ်ရှိသလို ခံစားနေရသည်။ ဘာကြောင့်ဆိုသည်ကို သူ မသိသော်လည်း သူ့နတ်သမီးမေမေ၏ စူးရဲသည့် အကြည့်ကြောင့် သူ အမှားအယွင်းတစ်ခုခုတော့ လုပ်လိုက်ပြီဟု ထင်၍ပင်။


သူ၏ နတ်သမီးမေမေးကို သူပြောပြချင်သည်။ သူမြင်ခဲ့သမျှကို ဝန်ခံချင်သည်။


သို့သော် သူ့နတ်သမီးမေမေက သူ့ကို မချစ်တော့မှာ သူ စိုးရိမ်နေမိသည်…


ဤအချင်းအရာများကို ရှအန်း မသိ။ ထို့ကြောင့် သူမ၏ ချစ်လှစွာသောသားသည် ထူးဆန်းနေသည်ဟု သူမ သံသယရှိသည့်တိုင် သူမ အာရုံစိုက်မိမည် မဟုတ်ချေ။


ပြောရလျှင် သူမသားသည် အသစ်တဖန် ပြန်လည် မွေးဖွားလာသလိုပင်။


ရှရှင်းချန်သည် ကလေးတစ်ယောက်သာ မဟုတ်ပါလော။


သူ့လေသံက ရင့်ကျက်ပုံဆောင်သည့်တိုင် သူသည် ကလေးတစ်ယောက်သာ ဖြစ်သည်။


ထို့ကြောင့် အရာအားလုံးက တိုက်ဆိုင်မှုသက်သက်သာ ဟု ရှအန်းက တွေးလိုက်သည်။


သူမ၏ ကြားဝင်ဟန့်တားမှုကြောင့် ဇာတ်လိုက်၏ ကံကြမ္မာသည် ပြောင်းလဲသွားလောက်သည်။



များမကြာမီတွင် လေယာဉ်သည် ဘီမြို့သို့ ဆိုက်ရောက်ခဲ့သည်။


ကုရှုမော့သည် ရှအန်းနှင့် မခွဲလိုသောကြောင့် ငိုကြွေးနေသဖြင့် ကုသခင်၏ လူများသည် ထိုအုပ်စုနောက်မှ လိုက်လာသည်။ ထိုမြင်ကွင်းမှာ မျက်စိကျစရာ ဖြစ်နေသည်။


ရှအန်းက လေဆိပ်မှ မြန်မြန်ထွက်ကာ အိမ်သို့ အမြန်ဆုံးပြန်ရန် စဉ်းစားနေစဉ်တွင် ပစ္စည်းတစ်ဒါဇင်ခန့်က သူမကို လျပ်တပြက် ဝင်တိုက်သည်ကို ခံစားလိုက်ရသည်။


၎င်းနှင့်အတူ သူမ ကြားရသည်က-


“ရှအန်း...မြေခွေးမျက်လုံးနဲ့ မိန်းမ....ဒီအမေအိုက နင့်အတွက် ကြိုးစားပမ်းစား အလုပ်လုပ်လိုက်ရတာ... နင်ကတော့ မမှတ်မိချင်ယောင်ဆောင်မျက်နှာလွှဲပြီး ကျေးဇူးပြန်ဆပ်တယ်ပေါ့လေ... ငါက နင့်အမေလေ... ဘယ်လိုလုပ်ပြီး ဒီလောက် ရိုင်းစိုင်းရတာလဲ...ကိုယ့်အမေကိုတောင် မမှတ်မိတော့ဘူးလား...”


သူမကို လာထိသည်မှာ ကြက်ဥများဖြစ်ကြောင်း တွေ့ရသည်။


သူမထံသို့ ပျံဝဲလာသည့် ကြက်ဥများကို မြင်သောအခါ သူမသားကို သူမနောက်သို့ အလျှင်အမြန် ဆွဲခေါ်လိုက်သည်။


ရှအန်းက လက်ရောခြေရော လေးဘက်လုံးသုံးပြီး ကြက်ဥများကို ဖမ်းလိုက်သည်။ ထို့နောက် ဥနှစ်လုံး၊ သုံးလုံးကို မကွဲစေဘဲ ခြေထောက်နှင့် ထိန်းကန်လိုက်သည်။


ထိုကြက်ဥများသည် ကျူးဟုန်ထံ တန်းတန်းမတ်မတ် ပျံသွားသည်။ ထပ်ပြောရလျှင် ကျူးဟုန်၏ မျက်နှာနှင့် ခေါင်းကို တည့်တည့်ထိသည်။


‘ခွပ်’


ဥကွဲသံနှင့်အတူ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားထားသည့် မိန်းမကြီးမှာ ချက်ချင်းပင် ကြက်ဥအနှစ်များ ပေကျံသွားသည်။


သူမ၏ ပုံစံမှာ ဟာသပြကွက် တစ်ခုလို ဖြစ်နေသည်။


“ဝိုး”


“ဘုရားသခင်..”


အရာအားလုံး တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် သူမကို လာကြိုသည့် ပရိတ်သတ်များ၊ စပ်စုသူ ပြည်သူများနှင့် လေယာဉ်စောင့်နေသည့် ခရီးသွားများ အားလုံးသည် အလန့်တကြား ဖြစ်သွားကြသည်။


“Come on Challenger” အစီအစဉ်ကြောင့် ရှအန်း စကေးကောင်းကြောင်း လူတိုင်းသိကြသည်။


သို့ပေမဲ့


ယနေ့ခေတ်၏ အထူးရိုက်ချက်များသည် ကောင်းလွန်းသည်။ ထို့အပြင် ၎င်းသည် ရသစုံအစီအစဉ်တစ်ခု ဖြစ်သည်။ ၎င်းအစီအစဉ်က အနည်းငယ် ချဲ့ကားပြသသည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။


ရှအန်းသည် စွမ်းဆောင်ရည်အစစ်အမှန် ရှိကောင်းရှိနိုင်သည်။ သို့သော် ဤလောက်အနေအထားလို့တော့ မည်သူမျှ မထင်ခဲ့။


အရေးအကြီးဆုံးအချက်မှာ ရှအန်း၏ နူးညံ့လှပသည့် မျက်နှာကြောင့် အားလုံးက သူမကို အခြားမိန်းမလှလေးများကဲ့သို့ ပုံသေသတ်မှတ်ထားကြသည်။


ထို့ကြောင့် ယနေ့ သူမ၏ သူမတူသည့် တုံ့ပြန်မှုများကို မြင်ရသည့်အခါ အားလုံးမှာ ထိတ်လန့်သွားကြသည်။


အထူးသဖြင့် သူတို့ မျက်မြင်ကိုယ်တွေ့ မြင်ရသောကြောင့် ဖြစ်သည်။


“ရှအန်းက တကယ်ပဲ တော်လွန်းတာကိုး...”


“ရှအန်းရဲ့ လှုပ်ရှားမှုတွေက မိုက်လိုက်တာ...”


“သူ အကွက်ရွှေ့တာတွေက တကယ့်ထိပ်တန်းပဲ..."



လူတိုင်း၏ မူလက အာရုံသည် ရှအန်းနှင့် ကြက်ဥပစ်သည့် မိန်းမကြီးထံတွင် ရှိသော်လည်း ရှအန်း၏ သူမတူသည့် တုံ့ပြန်မှုများကြောင့် သူမ၏ တုံ့ပြန်အားကောင်းသည့် အံ့ဖွယ်ခန္ဓာကိုယ်တွင် အာရုံရောက်ကုန်ကြသည်။


ထိုသို့ဖြစ်ရာ ပါပရာဇီများ ဓာတ်ပုံဝိုင်းရိုက်မည်ကို စောင့်နေသည့် ကျူးဟုန်သည် စိတ်ပျက်သွားသည်။


မြေခွေးမနှင့် တူသည့် သူမသည် ရှအန်းရှေ့သို့ ပြေးဝင်ထိုင်ချကာ အော်ငိုသည်။


“အကုသိုလ်ပဲ... ဒီလိုကောင်မမျိုးကို ငါဘယ်လို မွေးခဲ့တာလဲ...နောက်အိမ်ထောင်ပြုရင် သူ ခံစားရမှာကို စိုးရိမ်လို့ ငါ တစ်ယောက်တည်းပဲ နေခဲ့ရတယ်... နှစ်တွေအကြာကြီးကြာအောင် ငါ့မှာ ယောက်ျားယူဖို့ စိတ်မကူးဘဲ သူကောင်းစားဖို့ပဲ လုပ်နေရတယ်... ဒါပေမယ့် ငါ ဘာပြန်ရခဲ့သလဲ... ငါ့ကို အမေလို့တောင် မသတ်မှတ်ဘူး...အရှင်ဘုရားရယ်..ကျွန်မ ဘာတွေများ လုပ်ခဲ့လို့ ဒီကောင်မမျိုး မွေးလာရတာလဲ...”


“မယားငယ်လုပ်ပြီး သူများမိသားစုကို မဖျက်စီးပါနဲ့လို့ နင့်ကို ငါပြောခဲ့တယ်လေ... နင်ကတော့ မျက်နှာပြောင်တိုက်ပြီး လူတွေကို လိမ်ညာတယ်... သေသွားတဲ့ နင့်အဖေကို နင် မျက်နှာပြရဲသေးရဲ့လား... ဟင် နင့်ကိုယ်နင် ဟုတ်လှပြီ ထင်နေလား...”



ဤစကားများ ကြားသည့်အခါ လေဆိပ်ထဲမှ လူများသည် အံ့အားသင့်သွားကြသည်။


မူလက ရှအန်း၏ စွမ်းရည်များသည် အစီအစဉ်ထဲကနှင့် တစ်ထပ်တည်းကျသည်ဟု သူတို့ တွေးထားကြသည်။


ယခု သက်လတ်ပိုင်းမိခင်၏ အော်ဟစ်ပြောဆိုသံကို ကြားပြီးနောက် မျက်နှာပျက်ကုန်ကြသည်။


“ဘာ မယားငယ်လဲ... နောက်မီးလင်းတာလား..”


“မဟုတ်နိုင်ဘူး.. ရှအန်းက သူ မယားငယ် မလုပ်ခဲ့ပါဘူးလို့ ရှင်းပြီးပြီလေ..”


“မဟုတ်နိုင်ပါဘူး…”


ရှအန်းနောက်တွင် ရပ်နေသည့် ကလေးလေးမှာ မအောင့်အီးနိုင်တော့။


“သောက်ပိုတွေ... ခင်ဗျားကြီးက မေမေ့ရဲ့ အမေ မဟုတ်ဘူး... မာမားကို မတရားမစွပ်စွဲနဲ့...လူလိမ်မကြီး...”


ကုရှုမော့ကလည်း အဖိုးအိုကူး ဆွဲထားရာက ရုန်းထွက်ပြီး ရှအန်းဆီသို့ ပြေးသွားကာ သူမကို သူ့ကိုယ်လေးနှင့် ကာပေးသည်။


“ဟုတ်တယ်... အန်တီကြီး လိမ်နေတာ... မမက လှလွန်းလို့ လူတိုင်းက ချစ်ခင်ကြတယ်... အန်တီကြီးကသာ မယားငယ်...”


ကလေးလေးနှစ်ယောက်က သူမကို ကာကွယ်ပေးနေသည်ကို ကြည့်ပြီး ရှအန်းမှာ ရယ်ချင်ပြီး ကြည်နူးသွားသည်။


သို့ရာတွင် သူမအကြည့်က ကြမ်းပေါ်တွင် ထိုင်နေသည့်သူထံ ရောက်သွားသည့်အခါ သူမမျက်နှာပေါ်က အပြုံးမှာ ပျောက်ကွယ်သွားသည်။


“ကျွန်မအမေဆိုတဲ့ အစ်မကြီးရှင့်...လိမ်ရတာ မဟုတ်မမှန်သတင်းလွှင့်ရတာ ဒီလောက်ကြိုက်နေရင် ကျွန်မရှေ့နေဆီက စာကို မျှော်နေလိုက်ပါ...”