အပိုင်း ၁၀၅
Viewers 29k

Chapter 105


“ကျွန်မအမေဆိုတဲ့ အစ်မကြီးရှင့်... လိမ်ရတာ မဟုတ်မမှန်သတင်းလွှင့်ရတာ ဒီလောက်ကြိုက်နေရင် ကျွန်မရှေ့နေဆီက အကြောင်းကြားစာကို မျှော်နေလိုက်ပါ”


ရှအန်း၏ အေးစက်စက် ခပ်တည်တည်မျက်နှာကြောင့် ကြမ်းပြင်တွင် လူးလိမ့်နေသည့် ကျူးဟုန်မှာ အေးစက်သွားသည်။


သူမသည် ရှအန်း၏ မတုန်မလှုပ်အမူအရာကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။


သူမအတွေးထဲတွင်တော့ ရှအန်းသည် သူမပြုသမျှ နုရသည့် သိုးငယ်လေးတစ်ကောင်သာ ဖြစ်သည်။


သူမ ဘာပြောပြော သူမ၏လင်ပါသမီးသည် တစ်ခွန်းမှ ပြန်မဟခဲ့။


သည်တစ်ကြိမ်တွင်တော့ သူမက မီးအကြီးကြီးမွှေးလိုက်သည့်အတွက် သူမသမီးက ပြန်လှန်လိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ချေ။


ကျူးဟောင်သည် တုံ့ဆိုင်းနေခဲ့သည်။ ရှအန်း လှည့်ထွက်တော့မည်ကို မြင်လိုက်သောအခါ သူမသည် ကြမ်းပြင်ပေါ်မှ ကုန်းထကာ ရှအန်းကို ဖက်ပြီး ထွက်မသွားနိုင်အောင် တားဆီးရန် ကြံသည်။


သို့ရာတွင် သူမသည် ရှအန်းကို လက်ဖျားနှင့်ပင် မထိလိုက်နိုင်ခင်တွင် ဝတ်စုံနက် ဝတ်ထားသည့် လူတစ်စုက သူမကို ဆွဲခေါ်သွားသည်။


“မင်းတို့က ဘယ်သူတွေလဲ... ငါ့ကိုလွှတ်စမ်း... လွှတ်ပါဆို…”


ကျူးဟောင်အသံသည် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ အသံပျောက်သွားသည်နှင့်အတူ သူမသည်လည်း ရှအန်းမျက်စိရှေ့မှ ကွယ်ပျောက်သွားသည်။


“ကဲ လာ အိမ်ပြန်ကြမယ်...”


စိတ်အနှောင့်အယှက်ဖြစ်စရာ အမျိုးသမီး မရှိတော့သည့်အခါ ရှအန်းသည် ကောင်ကလေးနှင့် ကုရှုမို၏ လက်ကို ဆွဲကာ အားလုံး၏ စပ်စုသည့်အကြည့်ရှေ့တွင် တည်ငြိမ်စွာဖြင့် လေဆိပ်မှ ထွက်ခွာသွားသည်။


ရှအန်း၏ တည်ငြိမ်သည့်ပုံစံကို ကြည့်နေသည့် အဖိုးအိုကု၏ မျက်လုံးတွေ ကျဉ်းမြောင်းသွားသည်။ ထို့နောက် ၎င်းတို့သည် အရောင်လက်လာသည်။



လေဆိပ်မှ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်သည် မျက်မြင်တွေ့လိုက်သူတို့၏ ကောင်းမှုဖြင့် အင်တာနက်တွင် ချက်ချင်း ပြန့်သွားသည်။


ရှအန်းသည် အိမ်သို့ ပြန်ရောက်သောအခါ သတင်းခေါင်းစဉ်များကို ဖတ်ကြည့်လိုက်သည်။


လေဆိပ်မှဖြစ်ရပ်သည် အင်တာနက်တွင် ပြန့်နေသည်။


ထိုမိန်းမ မည်သူဖြစ်သည်ကို သိချင်ကြသော်လည်း သူတို့၏ အာရုံသည်-


[ရှအန်းရဲ့ စကေးတွေက တကယ်မိုက်တာပဲ... ရင်တုန်းက ရှိုးကလူတွေကို လိမ်တယ်လို့ စွပ်စွဲတဲ့လူတွေတော့ -င်နာနေကြလောက်ပြီ]


[ရှအန်းက အဲ့ကြက်ဥတွေကို မကွဲအောင် ဘယ်လိုကန်လိုက်လဲဆိုတာ ငါသိချင်တယ်]


[တကယ်တော့ အဲဒါဖြစ်တုန်းက ငါ အဲ့နားမှာ ရှိနေတာ.. ရှအန်းက တော်တော်ချောတာပဲ... သူ့ပရိတ်သတ် လုပ်တော့မယ်]



သို့သော် ထို အကောင်းမြင်သည့် ကွန်းမန့်များသည် လျှင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ အကြောင်းမှာ… ရေတပ်ဝင်ရောက်လာပြီး ကွန်းမန့်များကို ထိန်းချုပ်လိုက်ကြသည်။


မကြာမီတွင် ရှအန်း၏ စွမ်းဆောင်ရည်ကို ချီးကျူးထားသည့် ကွန်းမန့်များသည် ဤသို့ ပြောင်းလဲသွားကြသည်-


[အဲ့မိန်းမကြီးက ရှအန်းအမေလား မသိဘူးနော်... ရှအန်းက သူ့ကို နိုင့်ထက်စီးနင်း လုပ်နေတာလား]


[ရှအန်းက ရုပ်လှပြီး ပညာတတ်လို့ ထင်ခဲ့တာ...အတော့ သူ့အမေကို ကြက်ဥနဲ့ ပေါက်လိုက်တယ်]


[ရှအန်းက တတိယလူလုပ်နေတယ်လို့ သူ့အမေက ပြောတယ်နော်... သူက သူများအိမ်ထောင်ရေးကို ဖျက်စီးလိုက်တာပဲ]


[ရှအန်းအမေက သူ့သမီးအကြောင်း လိမ်ပြောတယ်လို့ မထင်ဘူး... ရှအန်းအကြောင်းတွေက အမှန်ပဲထင်တယ်]



တခဏတော့ ရေတပ်၏ ကြားဝင်နှောင့်ယှက်မှုကြောင့် အင်တာနက်ပေါ်က ရှအန်းအကြောင်း ကွန်းမန့်များသည် မကောင်းမြင်သည့်ဘက်သို့ ရောက်သွားသည်။


သို့သော် သည်တစ်ကြိမ်သည် ယခင်အကြိမ်များနှင့် မတူပေ။


ရှအန်းသည် "Come on Challenger" အစီအစဉ်တွင် ပါဝင်ခြင်းက သူမတွင် ပရိတ်သက်များစွာ ရှိလာသည်။ သည့်အပြင် ထိုပရိတ်သက်များ၏ အင်အားသည် အလွန်ကြီးမားလှသည်။


ထို့ကြောင့် သည်တစ်ကြိမ်တွင် ရှအန်း၏ လေဆိပ်မှကိစ္စသည် ပို၍ပင် ပြင်းထန်လာသည်။


“ရှအန်း... မင်း ဒီတစ်ခါ ဘာလုပ်မှာလဲ....”


အင်တာနက်ပေါ်မှ လူများ၏ ရူးလောက်သည့် ထင်မြင်ချက်များကို တွေ့သည့်အခါ ဟန်ယွဲ့က သူမကို ဖုန်းဆက်သည်။


“ကျွန်မ ဘာလုပ်သင့်တယ်လို့ ထင်လဲ...”


ဆော့နေသည့် ကောင်လေးကို ကြည့်နေသည့် ရှအန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ ထိုကလေးကို သတိပေးသည်မှာ အရာထင်ပုံမရ။


မူလပိုင်ရှင်၏ မိထွေးသည် လေဆိပ်ထိလာပြီး သူမကို ကြက်ဥနှင့် ပစ်နိုင်ရခြင်းသည် ရှကျင်း၏ အပြစ်ဖြစ်သည်ဟု သူမ ယုံကြည်သည်။


ထိုမိန်းမကြောင့်သာ မဟုတ်ပါက ကျူးဟုန်က လေဆိပ်သို့ တိုက်တိုက်ဆိုင်ဆိုင် ရောက်လာလိမ့်မည်မဟုတ်၊ တိုက်တိုက်ဆိုင်ဆိုင် ခရီးသွားဖြစ်မည်မဟုတ်၊ အင်တာနက်ပေါ် တင်လိုက်ပြီး မကောင်းသည့် ကွန်းမန့်များနှင့် ပြည့်နေမည်မဟုတ်။


ဟဟ... သူမ ထိုမိန်းမကို အတော်ပင် စိတ်ကုန်နေပြီ...


“ရှအန်း... ငါရှာကြည့်လိုက်ပြီ... မင်း ဒီတစ်ခါ သွားထိတဲ့ လူတွေက တော်ရုံလူတွေ မဟုတ်ဘူး.. မင်း… မင်း နိုင်ငံခြားကို သွားဖို့ စီစဉ်ထားတယ်မလား... နိုင်ငံခြားသွားပြီး ခဏ ရှောင်နေလိုက်ပါလား..”


ဤတစ်ကြိမ် သေချာပေါက် ပြန်လည်ရင်ဆိုင်ရမည်ဆိုတာ ဟန်ယွဲ့နားလည်သည်။ နာမည်ကျော်မင်းသမီးတစ်ယောက်က မကောင်းသတင်းလွှင့်တာ ခံရတာ မဟုတ်ပါလား။ မည်သို့ဖြစ်စေ၊ ၎င်းသည် ကောင်းသည့်အရာတော့မဟုတ်။


ထို့အပြင် သူမသည် နာမည်တက်စပြုနေသူဖြစ်သည်။


သို့သော်…


“ရှောင်ရမယ်... ကျွန်မက ဘာလို့ ရှောင်ရမှာလဲ...."

ရှအန်းက မဲ့ရွဲ့ကာ ပြောသည်။ 


သို့သော် သူမသည် ရှကျင်း၊ ဖုရှန်းနှင့် မူလပိုင်ရှင်တို့အကြောင်းကို ခရေစေ့တွင်းကျ မသိချေ။ သို့ရာတွင် မူလပိုင်ရှင်သည် မည်သည့်အမှားမျှ လုပ်မထားဆိုသည်ကိုတော့ သူမ သေချာသိသည်။


မူလပိုင်ရှင်၏ တစ်ခုတည်းသော အမှားသည် ရှမိသားစု၏ မွေးစားသမီးလုပ်ရန် သဘောတူလိုက်ခြင်းဖြစ်သည်။


“ရှအန်း... မင်းအရင်က ဘာလုပ်ခဲ့လဲဆိုတာ ငါမသိဘူး.... ဒါပေမယ့် အခုတော့… ဒီနယ်ပယ်ထဲက တစ်ယောက်ယောက်က မင်းကို ပိတ်ပင်ချင်နေတယ်...” 

ဟန်ယွဲ့၏ ရှက်ရွံ့နေသည့် အသံက ဖုန်းဆီမှ ထွက်လာသည်။ ဤသည်ကို ရှအန်းကြားသော်လည်း ဂရုမစိုက်ဘဲ မျက်တောင်သာခတ်လိုက်သည်။


“ပိတ်မယ်... ပိတ်ချင်ရင်လည်း ပိတ်လေ... ကျွန်မလည်း နာမည်ကြီး ဖြစ်ချင်တာမှ မဟုတ်တာ...."

 ရှအန်းက မည်သည်ကိုမျှ ဂရုမစိုက်ဘဲ မဲ့ရွဲ့ကာ ပြောသည်။ 


တဖက်မှာတော့ သည်ပြဿနာကြောင့် ရှအန်း၏ ပုန်ကန်ချင်စိတ်က ကြွလာသည်။ 


သူမဘဝတွင် အမုန်းဆုံးက ခြိမ်းခြောက်ခံရတာကို ဖြစ်သည်။


“ရှအန်း... ပြဿနာတွေက မငထင်သလောက် မရှိးရှင်းဘူးနော်.... ဒီတစ်ခါ ဟိုဘက်က လုပ်ရပ်က အရင်ကလို သေးသေးလေး မဟုတ်တော့ဘူး.... သူတို့က မင်းကို တကယ်ပဲ ပျက်စီးစေချင်တာ..."


ဟန်ယွဲ့သည် အနုပညာလောက၏ လုပ်ထုံးလုပ်နည်းများကို ထဲထဲဝင်ဝင်သိသည်။ သည်တစ်ကြိမ် ရှအန်းက မိုင်းနင်းမိပြီဆိုတာကို သူနားလည်သည်။


ပိတ်ပင်သည်ဆိုတာက စတားတစ်ယောက်အတွက် ဘာကို ဆိုလိုပါသနည်း။ ထိုစတား၏ အနာဂတ်သည် လုံးဝပျက်စီးသွားသည့် သဘောရှိသည်။ ထိုမျှမက ထိုစတား၏ ဘဝသည်လည်း အဖတ်ဆည်မရ ဖြစ်သွားသည်။


ပိတ်ပင်ခြင်းခံရပြီးလျှင် ထိုလူမှာ ပြောရေးဆိုခွင့် လုံးဝမရှိတော့။


“ကျွန်မကို ပျက်စီးစေချင်တာတဲ့လား…”


ရှအန်းက တီးတိုးရေရွတ်သည်။ ဖုန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း မဖော်ပြနိုင်သည့် ဒေါသက သူမရင်ထဲတွင် ဖြစ်ပေါ်လာသည်။


မူလပိုင်ရှင်သည် ရှကျင်းကြောင့် အသက်ဆုံးခဲ့ရသည်။ ယခု ထိုမိန်းမသည် တူညီသည့် နည်းလမ်းကိုသုံးကာ သူမကိုလည်း သေကြောင်းကြံနေပြန်ပြီ။


ဟဟ...သူမက မူလပိုင်ရှင်လို ငတုံးမှမဟုတ်တာ...


တဖက်လူက သူမကို အနုပညာလောကမှ ပျောက်ကွယ်စေချင်လျှင် သူမသည် ဤဘဝကို ပို၍ ဖက်တွယ်ထားမည် ဖြစ်သည်။


“ရှအန်း... အမေရိကားကို ခဏသွားရှောင်နေလိုက်... ဒါရိုက်တာဂရေ့စ်ရဲ့ ရုပ်ရှင် ရိုက်ပြီးတဲ့အထိ အဲ့မှာနေလိုက်.... အဲအချိန်ကျရင်တော့ ဘယ်သူမှ နင့်ကို ပိတ်လို့ရမှာ မဟုတ်တော့ဘူး...”


ဟန်ယွဲ့စကားကြောင့် ရှအန်းမှာ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။