Chapter 42
Viewers 4k

Chapter 42


ထိုအရာကိုခေါ်တာက 'ညီအကိုနှစ်ယောက်ဟာ တစ်စိတ်တစ်ဝမ်းထဲရှိကြပြီး အတူတူလုပ်ဆောင်ပါက သူတို့တွေဟာ အလွန်အံ့ဩစရာကောင်းလှသည့် စွမ်းအားတွေဖြစ်ပေါ်လာသည်။' ရွှီဇီယန်နဲ့ရွှီဇီရုန်တို့ညီအကိုဟာ အတူတူလေ့ကျင့် အတူတူနေလာကြတာ နှစ်အများကြီးရှိပြီဖြစ်သည်။ အဲ့ဒါကြောင့် သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မပြောရင်တောင် အပြန်အလှန်နားလည်ကြသည်။ အတူတူပူးပေါင်းပြီး အဖွဲ့ပုံစံဖြင့် တစ်စုံတစ်ယောက်အား တိုက်ခိုက်တာမျိုး ၂ယောက်၁ယောက်ယှဉ်ပြိုင်တာမျိုး လုပ်ဆောင်လို့ရတာကြောင့်………ရွှီဇီယန်ဘာဖိအားမှမရှိတော့ပေ။


“သွားကြရအောင် ဝေ့ချင်ရဲ့စွမ်းအားကို ကိုယ်တွေ့စမ်းသပ်ကြည့်ကြတာပေါ့” ရွှီဇီယန်ဆုံးဖြတ်လိုက်သည်။


ရွှီဇီရုန်ကအမူအရာမပြောင်းဘဲ ခေါင်းညိတ်လိုက်သည်။ ဝေ့ချင်က ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ပြီးထားသည့် လူငယ်တစ်ယောက်ကလွဲရင် ဘာမှမဟုတ်တာမို့ သွေးမိစ္ဆာသခင်က အဲ့အတွက် မစိုးရိမ်ပေ။ အကယ်၍ ဝေ့ချင်ကစစ်မှန်သည့် နဂါးသွေးကိုပိုင်ဆိုင်ထားရင်တောင် ရွှီဇီရုန်အား ယှဉ်နိုင်ဖို့ သူ့အတွက်ဘယ်လိုမှမဖြစ်နိုင်ပေ။ ဝေ့ချင်ကရွှီဇီယန်အား အနည်းငယ်ဖိအားပေးနိုင်တယ်ဆိုပေမယ့် ရွှီဇီရုန်အတွက်ကတော့ သူအပျင်းပြေကစားစရာထဲမှာတောင် မပါဘူး။


ညီအကိုနှစ်ယောက်ဟာ ထွက်သွားရန်ပြင်ဆင်လိုက်ကြသည်။ ဒါပေမယ့် ယွီဟော်က ချည်ခံထားရတာကြောင့် သူကအော်ပြောလေသည်။

“အား မင်းတို့တွေ ငါ့ကိုအောက်မချပေးတော့ဘူးလား?!”


ရွှီဇီယန်ရုတ်တရက် ပြန်လှည့်လာပြီး သူ့၏မျက်လုံးတွေကတောက်ပနေကာ သူတို့ပုံစံက ယွီဟော်အား အပေါက်ဖြစ်အောင်လုပ်မည့်ပုံစံပေါက်နေသည်။ ယွီဟော်က အနည်းငယ်တွန့်သွားပြီး သူ့ကိုယ်ကကျုံ့သွားသည်။ သူ့အကြည့်တွေက ရွှီဇီယန်၏မျက်လုံးတွေကို ရှောင်နေပြီး နှစ်ကြိမ်လောက် ချောင်းဟန့်လိုက်သည်။

“အမ်………မင်းတို့ငါ့ကို မလွှတ်ပေးလည်း ရပါတယ်”


“ငါတို့ကဘာလို့ မင်းကိုမလွှတ်ပေးပဲ နေရမှာလဲ? ငါတို့လွှတ်ပေးမှာပါ” ရွှီဇီယန်က အပြုံးမျက်နှာဖြင့် ပြောလိုက်သည်။ သူ့အကိုစကားကိုကြားတာနဲ့ ရွှီဇီရုန်ကသူ့လက်ကိုလှုပ်ရှားလိုက်ပြီး ပိုက်ကွန်ကနွယ်ပင်တွေကို ချက်ချင်းဖယ်လိုက်သည်။ ယွီဟော်က သစ်ပင်ပေါ်ကနေ ပြုတ်ကျလာတာကြောင့် နာကျင်စွာညည်းတွားလိုက်သည်။ “အု!”


“ငါမေ့တော့မလို” ရွှီဇီယန်၏မျက်လုံးက ရည်ရွယ်ထားသည့် အရိပ်အယောင်တွေ ဖျက်ခနဲပြေးသွားသည်။ “မင်းကငါ့တို့အနောက်ကိုလိုက်ပြီး အခြေအနေရှုပ်ထွေးတဲ့အချိန် မြစ်ဝှမ်းကိုဖြတ်ဖို့ ရည်ရွယ်ထားတယ်ဆိုတော့ အဲ့အဓိပ္ပါယ်က မင်းမှာကျောက်စိမ်းဆွဲပြား အလုံအလောက်ရှိပြီလို့ ဆိုလိုတာမလား?”


ယွီဟော်ရုတ်တရက် တံတွေးသီးသွားသည်။ သူ့စိတ်ထဲမှာတော့ သူ့ကိုယ်သူသာ ပါးကိုဘယ်ညာရိုက်ချင်တော့သည်။ သူ့ပါးစပ်ကတကယ့်ကို ပါးစပ်ဖွာတာပဲ! ဘာကို'ငါ့ကိုချပေးဦး'လဲ ဟမ်? ဒီညီအကိုနှစ်ယောက် သွားတာနဲ့ သူ့ဓားမြှောင်လေးနဲ့ သူ့ဟာသူပိုက်ကွန်ကို ဖြတ်ချလို့ရတယ်မဟုတ်ဘူးလား? ဒီနှစ်ယောက် သူ့အပေါ်အာရုံပြန်လာအောင် သူဘာလို့အော်လိုက်မိတာလဲ?


“ထုတ်စမ်းပါ အဲ့ဒါတွေကို ဖွက်ထားတာတို့ မင်းအိတ်ထဲမှာ သိမ်းထားတာတို့ မလုပ်နဲ့နော်” ရွှီဇီယန်ကသူ့လက်ကို ယွီဟော်ရှေ့ဖြန့်လိုက်ကာ သူ့ပုံစံက 'မင်းဘာလုပ်ရမလဲ သိတယ်မလား?' ဆိုသည့် အမူအရာမျိုးဖြစ်နေသည်။


သွေးတွေဟာ ယွီဟော်၏ရင်ဘတ်မှာ လာတစ်နေ၏။ စိတ်ဓာတ်ကျနေသည့် မျက်နှာဖြင့် သူကအနီရောင်ကျောက်စိမ်းဆွဲပြားလေးခုကို သူ့အိတ်ထဲကနေ ထုတ်ပေးလိုက်သည်။ “ဒီမှာ! ငါ့မှာဒီလေးခုပဲရှိတယ်! ငါ့ရဲ့ကိုယ်ပိုင်ကျောက်စိမ်းဆွဲပြား ဝေ့ချင်လုသွားတာ ကြာလှပြီ ဒါကြောင့် ဒီဟာတွေက ငါအခြားသူတွေဆီကနေ ရထားတာ”


ရွှီဇီယန်ကအပြုံးအပြည့်ဖြင့် သူ့ခေါင်းကိုညိတ်လိုက်သည်။ 

“ကျေးဇူးပါ အနာဂတ်မှာ ငါအခွင့်အရေးရမယ်ဆိုရင် ငါမင်းကိုထမင်းဖိတ်ကျွေးပါ့မယ်”


စိတ်ဓာတ်ကျနေသည့် အသံဖြင့် ယွီဟော်က

“ထားလိုက်တော့ ထားလိုက်တော့ ငါကံမကောင်းတာလို့ပဲ မှတ်ယူလိုက်တော့မယ် အနာဂတ်မှာ မင်းတို့နှစ်ယောက်အရှေ့ ငါနောက်တစ်ခါမလာတော့ဘူး”


ရွှီဇီယန်က ထိုစကားတွေအတွက် ဒေါသမဖြစ်ပေ။ ထိုအစား သူကရွှီဇီရုန်လက်ကိုဆွဲကာ ထွက်သွားတော့သည်။


သူတို့ထွက်သွားပြီးသိပ်မကြာခင် ယွီဟော်က စိတ်ဓာတ်ကျနေသည့် အမူအရာကို ဖယ်ရှားလိုက်သည်။ ဘယ်ပတ်ပတ်လည်ကို ကြည့်ပြီးနောက် သူကတောအုပ်အတွင်းသို့ တိတ်တဆိတ်ဝင်ကာ ပျောက်ကွယ်သွားတော့သည်………


“ကိုကို သူ့မှာကျောက်စိမ်းဆွဲပြား တစ်ချို့ရှိသေးတာကို ကျွန်တော်တို့ အဲ့ဒါတွေအားလုံး ယူလိုက်ရင်ပိုမကောင်းဘူးလား?” ရွှီဇီရုန်က ရွှီဇီယန်အား နားမလည်နိုင်သည့်အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။


ရွှီဇီယန်ကသူ့ခေါင်းအား ပုတ်ပေးလိုက်ကာ ရှင်းပြလေသည်။

“လူတွေက အဲ့ဒါတွေကို မဖြစ်မနေထုတ်ပေးရမယ်ဆိုရင် အပိုအဖြစ်ချန်ထားသင့်တယ် ဒီလူရဲ့စွမ်းအားက သိပ်မကောင်းပေမယ့် သူရွေ့တဲ့အကွက်တွေနဲ့ သူ့ရဲ့အသိပညာက အတော်လေးကောင်းတယ် ပြီးတော့ သူ့ဆီကနေလည်း အတင်းအကျပ်ကြီး တောင်းရတဲ့အထိ အဲ့ဒါတွေကို ငါတို့မှမလိုအပ်တာ”


ရွှီဇီယန်၏စကားတွေကနေ သူတစ်ဝက်လောက် နားလည်လိုက်တာကြောင့် ရွှီဇီရုန်ခေါင်းညိတ်လိုက်သည်။ ဒီလျှိုကွမ်းဂိုဏ်းက သူတို့နေရာမဟုတ်ပေ။ တစ်ဖက်လူကို တိုက်ခိုက်ဖို့ စွမ်းအားအလုံအလောက်ရှိပေမယ့် အဲ့ဒါက နောက်ကွယ်မှာ အတော်လေးအန္တရာယ်များလာနိုင်သည်။


သွေးမိစ္ဆာသခင်သာ တစ်စုံတစ်ယောက်အား ကျွမ်းကျင်ပြီးသေသပ်စွာ သတ်ဖြတ်ကာ သူတို့တွေ၏အလောင်းကို သဲလွန်စမကျန်အောင် ဖျက်စီးလိုက်ပါက အဲ့ဒါဆိုရင် မတူညီသည့်အဖြစ်အပျက်တွေ ဖြစ်လာလိမ့်မည်။ ဒါပေမယ့် လျှိုကွမ်းဂိုဏ်း၏စာမေးပွဲမှာက အချင်းချင်းသတ်ခွင့်မပြုထားပေ။ ထို့အပြင် လျှိုကွမ်းဂိုဏ်း၏စည်းမျဉ်းကို လိုက်နာတာက သူတို့ညီအကိုနှစ်ယောက်၏ ဂိုဏ်းအတွင်းမှာနေရမည့် အနာဂတ်က ပိုချောမွေ့စေလိမ့်မည်။


ရွှီဇီယန်နဲ့ရွှီဇီရုန်တို့ဟာ လျင်မြန်စွာ ပြေးလာကြသည်။ သူတို့တွေ မမျှော်လင့်ပဲ အခြားစာမေးပွဲဖြေဆိုသူတွေနဲ့ တွေ့လာရပေမယ့် သူတို့ကိုမြင်သည့် စာမေးပွဲဖြေဆိုသူတွေဟာ ချက်ချင်းပင် အဝေးကိုမြန်မြန်ပြေးသွားကြသည်။


သူတို့နှစ်ယောက်သာ ထိုလူတွေအနောက်လိုက်နေပါက သူတို့တွေ အချိန်ပိုဖြန်းရာ ကြပေလိမ့်မည်။ ထို့အပြင် အဲ့ဒီစာမေးပွဲဖြေဆိုသူတွေဟာ သူတို့ရဲ့ကျောက်စိမ်းဆွဲပြားတွေကို လုယူခံလိုက်ရပြီးဖြစ်သည်။ သူတို့တွေကို လိုက်ဖမ်းဖို့ အချိန်ဖြန်းရတာမတန်ဘူး


လေးနာရီရောက်အချိန်ကုန်ဆုံးပြီးနောက် သူတို့နှစ်ယောက်ဟာ အနောက်ဘက်မြစ်ဝှမ်းသို့ နောက်တစ်နေ့မနက်၌ ရောက်ရှိသွားတော့သည်။ အနောက်ဘက်မြစ်ဝှမ်းရဲ့ အကွာအဝေးကို သူတို့တွေကြည့်လိုက်တော့ မြစ်ဝှမ်းဘေးနားက တောင်နံရံတွေက သိပ်ပြီးမမြင့်ပေ။ အမြင့်ဆုံးကျောက်တုံးပေါ်မှာ ရွှေရောင်ဝတ်စုံဝတ်ထားသည့် လူတစ်ယောက်ထိုင်နေတာကို မြင်ရသည်။


ရွှီဇီယန်က ရွှီဇီရုန်လက်အားဆွဲကာ ဝေ့ချင်၏ပုံရိပ်ကို ညွှန်ပြလိုက်သည်။ လေးနက်သည့်အမူအရာဖြင့် သူကမေးလိုက်သည်။

“ဇီရုန် အဲ့ဒါကိုဘယ်လိုခေါ်လဲသိလား?”


ရွှီဇီရုန်ကစဉ်းစားမရသည့်ပုံစံဖြင့် ခေါင်းခါလိုက်သည်။


ရွှီဇီယန်ကအံကြိတ်ကာ စတင်ရှင်းပြလေသည်။

“အဲ့ဒီလိုအမူအရာမျိုးကို တတီတီမြည်အောင် လုပ်တဲ့ပုံစံလို့ခေါ်တယ် အဲ့လိုတတီတီမြည်အောင်လုပ်တဲ့သူတွေက လျှပ်တစ်ပြက်ချောင်းတာလို့လဲ ခေါ်တယ် အနာဂတ်မှာ အဲ့လိုငတုံးပုံစံကြီး မလုပ်ရဘူးနော် နားလည်လား?”


ရွှီဇီရုန်: =_=


“ဒီမှာခဏစောင့်ပြီးတော့ကြည့်နေ ကိုကို မင်းကို လက်တွေ့ပြမယ် 'လျှပ်တစ်ပြက်ချောင်းတယ်'ဆိုတဲ့ အဓိပ္ပါယ်ကို ရှင်းပြမယ်” သူပြောလို့ပြီးသွားသည်နှင့် ရွှီဇီယန်ကအံကြိတ်ပြီး တက်ကြွစွာ ဝေ့ချင်ဆီထွက်သွားတော့သည်။


သူထွက်မသွားခင် ရွှီဇီရုန်အား ညွှန်ကြားဖို့ သူမမေ့ချေ။

“ဝေ့ချင်နဲ့ငါတိုက်ခိုက်ပြီဆိုတာနဲ့ မြစ်ဝှမ်းကိုအမြန်ဖြတ်ပြီး ပြေးတော့ ကြားလား? မင်းဒီကျောက်စိမ်းဆွဲပြားတွေကို ယူသွားတာနဲ့ ငါတို့နိုင်လိမ့်မယ်”


ရွှီဇီရုန်: ……


မှန်ပါတယ် ဝေ့ချင်အား ဘာကျောက်စိမ်းဆွဲပြားမှမပါဘဲ သွားစိန်ခေါ်ရမှာ ရွှီဇီယန်အလွန်ရှက်မိသည်။ တကယ်တော့ သူဝေ့ချင်အား ရင်ဆိုင်နိုင်လိမ့်မယ်လို့ သူ့ကိုယ်သူယုံကြည်မှုမရှိသေးပေ။ ထို့အပြင် မူလရွှီဇီယန်၏မှတ်ဉာဏ်ထဲ၌ ဝေ့ချင်ကအလွန်စွမ်းအားကြီးသည့် ဇာတ်ကောင်တစ်ယောက်ဖြစ်သည်။ မူလဘဝမှာသူမသေခဲ့တာက လောက၏လျှို့ဝှက်ချက်တွေကို လေ့လာဖော်ထုတ်ရာမှာ အနည်းအကျဉ်းသာ ထိခိုက်ခဲ့ပြီး ဝေ့ချင်ကလည်း ပိုင်ဟွအဖွဲ့ရဲ့ တစ်စိတ်တစ်ဒေသဖြစ်လာကာ ပိုင်ဟွနဲ့သူ့လင်တော်မောင်တွေကလည်း ရွှမ်းယွိနယ်မြေတစ်ခုလုံး၏ ခေါင်းဆောင်တွေဖြစ်သွားကြသည်။


အမ်? ဒီဝတ္ထုမှာ ပိုင်ဟွဒီလောကရဲ့လျှို့ဝှက်ချက်တွေအား ရှာဖွေတာကို ပြောထားတာ ရွှီဇီယန်ရုတ်တရက်မှတ်မိလိုက်သည်။ ထို့အပြင် လောကရဲ့လျှို့ဝှက်ချက်ကို ရှာဖွေရင်း ပိုင်ဟွကလူတစ်ယောက်နဲ့ အမှတ်မထင်တွေ့သွားကာ သူ့ရဲ့ဆွဲဆောင်မှုအောက်မှာ ထိုလူကကျဆင်းသွားသည်။ ဒါပေမယ့် ထိုလူကအရမ်းစွမ်းအားကြီးသည်။ နောက်ဆုံးတော့ ပိုင်ဟွက မော့ကျီးယွမ်အား အမှီပြုကာ ထိုလူအားသတ်ရန် ပူးပေါင်းလိုက်တော့သည်။ ပိုင်ဟွက ထိုလူအား မိစ္ဆာတောကောင်သားရဲတွင်းသို့ ဦးဆောင်ခေါ်သွားပြီး ထို့နောက်မှာတော့ အသာစီးယူကာ ထိုလူအားသတ်နိုင်ဖို့ လူရောတောကောင်ရော အတော်လေးဒဏ်ရာရသွားကြသည်။


အား အား အား! ရွှီဇီယန်အားလုံးကို ပြန်မှတ်မိသွားသည်! အဲ့ဒီစာအုပ်ထဲမှာ ပိုင်ဟွက စစ်မှန်သည့်နဂါးသွေးကို အဲ့လူရဲ့ကိုယ်ကနေ ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ချန်ခွင်အိတ်ကိုဖွင့်ရန် အသုံးပြုခဲ့သည်။ ထို့နောက်မှာတော့ ပိုင်ဟွ၏ကျင့်စဉ်က ရွက်လွှင့်သလိုမျိုး ချောမွေ့စွာတိုးတက်လာသည်။ အဲ့ဒီအဓိပ္ပါယ်က……ဝတ္ထုမှာဖော်ပြခံထားသည့် 'ပိုင်ဟွ၏ဆွဲဆောင်မှုမှာ ကျဆင်းသွားပြီး စွမ်းအားအရမ်းကြီးသည့်ထိုလူက' ဝေ့ချင်လား???


ရွှီဇီယန်ခေါင်းထဲမှာ ဟာလာဟင်းဖြစ်သွားသည်။ အရိုးသားဆုံးပြောရရင် သူနဲ့ဝေ့ချင်ရဲ့ဆက်ဆံရေးက အတော်လေးဝေးလှသည်။ ဒါပေမယ့် မူလရွှီဇီယန်၏မှတ်ဉာဏ်ထဲအရဆိုရင် ဝေ့ချင်ကအတော်လေး မာနကြီးသည်။ လူတစ်ယောက်ဟာ တစ်စုံတစ်ယောက်ကို အပြင်းအထန်သတ်ချင်နေတယ်ဆိုရင် ထိုလူက တစ်ဖက်လူ၏အလှလေးကို လိုချင်လို့ပဲမဟုတ်ဘူးလား? ရွှီဇီယန်၏စိတ်ထဲမှာ ဘယ်လောက်ပဲရှုပ်ထွေးနေပါစေ ဒီလိုပုံစံကြီးဖြစ်ပျက်သွားတာက ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ သူကယုံကြည်နေတုန်းပဲ………


နောက်ထပ်စိတ်ဝင်စားစရာ အကောင်းဆုံးအကြောင်းအရာကတော့ သူကမူလရွှီဇီယန်၏မှတ်ဉာဏ်ကို အကြောင်းပြချက်တစ်ခုခုကြောင့် သူရရှိခဲ့ပေမယ့် သူဘယ်လိုပဲလုပ်လုပ် ပိုင်ဟွ၏မျက်နှာကို သူမတွေ့ရပေ။ ပိုင်ဟွ၏မျက်နှာက မြူတွေနဲ့ဖုံးကွယ်ထားသလိုပဲ ဖြစ်နေသည်။


ထိုမြင်ကွင်းတွေကို တစ်စုံတစ်ယောက်က ရွှီဇီယန်အား မျက်ကန်းဖြစ်သွားအောင် လုပ်ခိုင်းဖို့ သူဆန္ဒရှိပေမယ့် အဲ့ဒီလိုအလွန်ကိုနီးကပ်နေသည့်မြင်ကွင်းမှာတောင် ရွှီဇီယန် ပိုင်ဟွ၏မျက်နှာကို မမြင်ရပေ။ ဒါပေမယ့် ပြောင်းပြန်အနေနဲ့ ရွှီဇီယန် ပိုင်ဟွ၏ခန္ဓာကိုယ်အား ရှင်းလင်းစွာမြင်ရသည်…….…


“အားလုံးကပြောသမျှနာခံရလောက်အောင် ဘယ်လိုအလှလေးကများ အဲ့လောက်ထိ ဆွဲဆောင်မှုရှိနေတာလဲ?” ရွှီဇီယန်သူ့မေးစေ့သူပွတ်ကာ စဉ်းစားမရဖြစ်နေသည်။


သူတကယ့်ကို စဉ်းစားမရဖြစ်နေသည်။ ထို့အပြင် ခေတ်ဘက်မှာတုန်းက လှပသည့်အမျိုးသမီးတွေ ခန့်ညားသည့်ယောင်္ကျားတွေကို သူတွေ့ဖူးပြီးသားဖြစ်သည်။ ဒါပေမယ့် ပိုင်ဟွကဘယ်လောက်တောင်လှလို့ အတော်ဆုံးသုံးယောက်ကို ရူးသွပ်အောင်ဆွဲဆောင်နိုင်သွားလဲဆိုတာ သူဘယ်လိုမှတွေးမရပေ။ နောက်ပြီးတော့ အဲ့သုံးယောက်က ပိုင်ဟွ၏အလှမှာ စုံလုံးကန်းသွားပြီး သူတို့၏ချစ်သူကိုတောင် အခြားသူနဲ့မျှဝေပေးလေသည်။


╮(╯_╰)╭အားးး သူဒီ haremလောကကြီးကို ဘယ်လိုမှနားမလည်နိုင်တော့ဘူး။


“ကိုကို ခုနက ဘာပြောလိုက်တာလဲ?” ရွှီဇီရုန်အပြစ်ကင်းစင်သည့် အမူအရာဖြင့် မေးလိုက်သည်။


သူထိုစကားကိုလည်းကြားရော ရွှီဇီယန်ချက်ချင်း အံ့ဩသွားသည်။ ခုနကစကားကိုများ သူအကျယ်ကြီးပြောမိသွားတာလား? သွားပြီ! ဒီစကားကြောင့်များ သူ၏လိမ်မာတဲ့ညီငယ်လေး ကွေးသွားမလား? အဲ့ဒါကမေးစရာပင်မလိုပေ။ ပိုင်ဟွကဘယ်လောက်ပဲ လှပနေပါစေ ပိုင်ဟွနဲ့ရွှီဇီရုန်ဆုံသွားမှာကို ရွှီဇီယန်လုံးဝခွင့်မပြုဘူး။


ဝတ္ထုထဲမှာ ရွှီဇီရုန်ကပိုင်ဟွအပေါ် ဘာခံစားချက်မှမရှိဘူးလို့ မပြောထားပေမယ့် ရွှီဇီရုန်ဆီမှာ လူသိမခံသည့် ရောဂါတစ်ခုရှိသည်လို့ စာအုပ်မှာအရိပ်အမွှတ်ပြောထားသည်။


တနည်းအားဖြင့်ဆိုရရင် ရွှီဇီရုန်က ပိုင်ဟွ၏အလှမှာ မတုံ့ပြန်ချင်လို့မဟုတ်ဘူး။ ရွှီဇီရုန်က မတုံ့ပြန်နိုင်တာ။


စာအုပ်ကပြောထားတာ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရွှီဇီယန်ကတော့ ထိုအရာကိုလေ့လာဖို့တော့ အရဲမစွန့်ချင်ဘူး။ လက်ရှိမှာ နူးညံ့ပြီးတော့ အပြစ်ကင်းသည့်ကလေးတစ်ယောက်အဖြစ် သူ၏အဖိုးတန်ညီငယ်လေးကို သူပျိုးထောင်ရမည်။ ဒါကြောင့် ရွှီဇီရုန်၏ကိုယ်ခန္ဓာက ၁၀၀ရာခိုင်နှုန်းအပြည့် ကျန်းမာသန်စွမ်းရမည်။


သူပိုင်ဟွ၏ဆွဲဆောင်မှုအောက်မှာ မပါလောက်ဘူးလို့တော့ ရွှီဇီယန် သူ့ကိုယ်သူယုံကြည်မှုရှိပေသည်။ ဒါပေမယ့် အခွင့်အရေးရသွားပါက ပိုင်ဟွ၏အလှအပရဲ့ဆွဲဆောင်မှုအောက်မှာ ရွှီဇီရုန်ကျဆင်းသွားပြီး ထိုသူ့အားကြိုက်သွားမှာကို ရွှီဇီယန်စိတ်ပူရလွန်းလို့ သေတော့မည်!


သူတို့နှစ်ယောက်ကို သူရအောင်ခွဲရမည်! သူတို့နှစ်ယောက်ဘယ်တော့မှမတွေ့အောင် သူလုပ်နိုင်ရင်တော့ အကောင်းဆုံးဖြစ်လိမ့်မည်!


ဟုတ်ပြီ ရွှီဇီရုန်အား လှပသည့်မိန်းကလေးတွေနဲ့ တွေ့အောင် ရွှီဇီယန်လုပ်ရမည်! သူ့ညီလေးက အဖြောင့်စစ်စစ်ကိုဖြစ်ရမည်! ဖြောင့်တာမှ ခဲတံလို ဖြောင့်နေရမည်! 


“ကိုကို……” ရွှီဇီယန်ကသူ့အား လျစ်လျူရှုထားတာကြောင့် ရွှီဇီရုန်၏မျက်လုံးထဲ ဝမ်းနည်းအရိပ်အယောင်တွေ ဖြတ်သွားသည်။


“အာ? အိုး အဲ့ဒါကဘာမှအရေးမကြီးပါဘူး ငါ့ဟာငါပြောနေတာပါ” ရွှီဇီယန်ကရွှီဇီရုန်၏ခေါင်းအား ပွတ်ကာ နှစ်သိမ့်လိုက်သည်။

“ဟုတ်ပြီ ကိုကိုအခု အဲ့ဒီဝေ့ချင်ဆီ သွားပြီးဖြေရှင်းလိုက်ဦးမယ် မင်းလည်း ကောင်းကောင်းသတိထားနော်”


သူက တဖြည်းဖြည်းဝေးသွားသည့် သူ့ကိုကို၏နောက်ကျောကို ကြည့်နေသည်။ ရွှီဇီရုန်၏အမူအရာဟာ ပိုပိုပြီးမည်းမှောင်လာ၏။


အလှလေး? ဆွဲဆောင်တယ်?


သူမရှိတဲ့တနေရာရာမှာ သူ့ကိုကိုက အလှလေးတစ်ယောက်နဲ့ ဆုံလာတာလား?? တစ်ဖက်လူကဆွဲဆောင်လိုက်လို့ သူကသံယောဇဉ်ရှိသွားတာလား??


ချီးပဲ! ဘယ်လိုအပေါစားမိန်းမကများ သူမသိဘဲ သူ့ကိုကိုအနားလာကပ်သွားတာလဲ? သူ့ကိုကိုကလည်း သူမကိုသဘောကျသွားတာလား?


သူထိုအရာကိုတွေးလိုက်ပြီးနောက် ရွှီဇီရုန်ချက်ချင်းအံ့ဩသွားသည်။ ဒီနှစ်တွေအတွင်း ရွှီဇီယန်က ဘယ်မိန်းမတွေကိုမှ စိတ်ဝင်စားသည့်အမူအရာမျိုးမပြခဲ့ပေ။ ထိုအချက်ကြောင့် ရွှီဇီယန်ကရင့်ကျက်နေသည့် ယောင်္ကျားလေးဆိုတာ သူမေ့သွားသည်။


အရင်ကလည်း ရွှီရှောင်စီစဉ်ပေးသည့် အစေခံလော့ချီနဲ့အိပ်ဖို့ကိုလည်း ရွှီဇီယန်ငြင်းပယ်ခဲ့သည်။ အဲ့ဒီနောက်မှာတော့ ရွှီဇီယန်က ဘယ်တော့မှ ဒီလိုတောင်းဆိုမှုမျိုးကို မလုပ်ခိုင်းတော့ပေ။


ဒါပေမယ့် သူကအဲ့ဒီလိုမတောင်းဆိုတာနဲ့ ရွှီဇီယန်က ထိုအရာကိုမလိုချင်ဘူးလို့ မဆိုလိုပေ။ ဖြစ်နိုင်လား? သူ့ကိုကိုကများ အခုချိန်မှာ မိန်းမတွေနဲ့အိပ်ချင်နေတာလား?


ရွှီဇီရုန်၏မျက်လုံးဟာ သွေးနီရောင်လင်းလက်သွားသည်။ မရဘူး! သူ့ကိုကိုကသူ့အပိုင်ပဲ!


သူ့ကိုကိုကမိန်းမတွေနဲ့ အိပ်ချင်သည်ဖြစ်စေ၊ မအိပ်ချင်သည်ဖြစ်စေ ရွှီဇီရုန်ဂရုမစိုက်ဘူး! ရွှီဇီယန်ကို မိုးနတ်မင်းကြီးက သူ့အားလက်ဆောင်ပေးထားတာ။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး၊ သူ၏စိတ်ဝိညာဉ်၊ ပြီးတော့ သူ၏စိတ်ခံစားချက်တွေအားလုံးကို ရွှီဇီရုန်နဲ့ပဲသက်ဆိုင်တာ။ အဲ့ဒါတွေအားလုံး ရွှီဇီရုန်တစ်ယောက်တည်း ပိုင်တဲ့အရာတွေပဲ!


“ဘယ်သူလဲ?!” ရွှီဇီရုန်ပြင်းထန်သည့် အသံဖြင့် အော်လိုက်သည်။ သူ့မျက်လုံးက ဆေးဆိုထားသလို နီရဲနေပြီး သူနဲ့သိပ်မဝေးလှသည့် ချုံပုတ်အား သတိဝီရိယရှိစွာ ကြည့်နေသည်။


လေပြေလေညင်းက အနည်းငယ်တိုက်ခတ်လာတာကြောင့် ထိုချုံပုတ်ဟာ လှုပ်ခတ်နေသည့် အသံများထွက်ပေါ်လာသည်။ ဒါပေမယ့် အနီးအနားကဘယ်ချုံပုတ်မှာမှ လူအရိပ်အယောင်မတွေ့ချေ။ 


“မင်းထွက်မလာဘူးဆိုရင် ငါ့ရဲ့ရိုင်းပျမှုအတွက် အပြစ်မတင်နဲ့” ရွှီဇီရုန်ကရက်စက်သည့် အသံမျိုးဖြင့် ရယ်လိုက်သည်။ ထို့နောက်မှာတော့ သူ၏ခံပြင်းနေသည့် စိတ်တွေကို လွှတ်ထုတ်လိုက်၏။


လက်သီးထိုးချက်တွေကို သူ့ဘက်သို့ ပစ်လာမှတော့ သူကလည်းယဉ်ကျေးနေစရာမလိုတော့ဘူး


အသံကျယ်ကြီးနဲ့အတူ တုတ်ခိုင်လှသည့်နွယ်ပင် သုံးပင်ပေါ်လာပြီး ရက်စက်ကြမ်းကြုတ်စွာ သစ်ပင်ကြီး၏ဘေးနားက ချုံပုတ်သို့ရိုက်လိုက်သည်။


ဒီနွယ်ပင်တွေကမသေးသွယ်ရင်တောင် အလွန်ဆုံးထူရင် လက်မလောက်သာရှိကြသည်။ ဒါပေမယ့် ဒီသွေးရောင်နွယ်ပင်တွေက ရင့်ကျက်သည့် ယောင်္ကျားလေးတစ်ယောက်၏ ပေါင်လောက်ရှိပေသည်။ သိပ်သည်းပြီးစုစည်းနေသည့် ရက်စက်သောအရောင်အဝါစွမ်းအင်တွေက ဒီနွယ်ပင်နားမှာရှိနေသည်။


ဒီနှစ်တွေအတွင်းမှာ ရွှီဇီရုန် သစ်သားဒြပ်စင်ကျင့်စဉ်ကို အခြားသူတွေအား ကူညီပေးနိုင်ဖို့ပဲ ကျင့်ကြံခဲ့သည်မဟုတ်ပေ။ ဒီနွယ်ပင်တွေက သူ၏သွေးပင်လယ်နှလုံးကျင့်စဉ်နဲ့ ပေါင်းစပ်ထားသည့် ဝှက်ဖဲကတ်ပင်ဖြစ်သည်။


“ချီးပဲ! ဒီအရာတွေက ဘာတွေ့လဲ?!” သူ၏သွေးနွယ်ပင်ဖြင့် သစ်ပင်အားရိုက်လိုက်တာကြောင့် အမဲရောင်အရိပ်ဟာ သစ်ပင်ထိပ်ကနေ ရုတ်တရက်ခုန်ဆင်းလာသည်။ ဘာလို့လဲဆိုတော့ အဲ့ဒီအန္တရာယ်များသည့်နွယ်ပင်တွေက သူ့(မ)ဆီရောက်ဖို့ အလွန်နီးကပ်နေပြီး သူ(မ)၏အမူအရာကလည်း စိုးရိမ်မှုရှိနေသည်။


ရွှီဇီရုန်က ထိုသူ(မ)အား ခံစားချက်မရှိစွာ စိုက်ကြည့်လိုက်သည်။ ဒါပေမယ့် သူစိတ်ထဲက သတ်ဖြတ်ချင်နေသည့်စိတ်ကိုတော့ သူဖိနှိပ်ထားပြီးဖြစ်သည်။


သူ့အရှေ့က ကံမကောင်းသည့်သူ(မ)အား တစ်စစီဖြစ်အောင်လုပ်ပြီး သူ့ဒေါသကိုထွက်ပေါက်ရှာချင်ပေမယ့် ဒီနေရာက လျှိုကွမ်းဂိုဏ်း၏ စာမေးပွဲဖြေဆိုသည့်နေရာမှာ ရှိနေတုန်းဆိုတာကို ရွှီဇီရုန်မှတ်မိသည်။ အကယ်၍ သူတစ်စုံတစ်ယောက်ကိုသာ သတ်မိလိုက်ပါက သူဖုံးကွယ်လို့ရမည်မဟုတ်ပေ။


သူကဒီအမဲရောင်ဝတ်စုံနဲ့ ကျင့်ကြံသူအား စိုက်ကြည့်လိုက်ရင်း ရွှီဇီရုန် အေးစက်စက်ပြုံးလိုက်သည်။ ဒီလူ၏အနံ့ကို သူမှတ်မိတာပေါ့။ ထိုလူကဒီမတိုင်ခင် ထိခိုက်ခဲ့သေးတာကြောင့် ထိုလူ၏သွေးကို ရွှီဇီရုန်အမြဲတမ်း မှတ်မိတာပေါ့။


#TK