Chapter 74
Viewers 3k

Chapter 74


ရွှီဇီရုန် သူအမှတ်မထင်ကြုံတွေ့လိုက်ရသည့် အကြောင်းအရာကြောင့် ရွှီဇီယန်မျက်နှာဖြူစွတ်သွားသည်။ ထို့နောက် သူရွှီဇီရုန်၏လက်မောင်းတွေကို တင်းကျပ်စွာကိုင်ကာ သတိပေးလေသည်။

“မှတ်ထား မင်းရဲ့ခန္ဓာကိုယ်က မင်းအပိုင်ပဲ အကယ်၍ အနာဂတ်မှာလည်း အဲ့ဒီလိုအဖြစ်အပျက်ထပ်ဖြစ်လာရင်လည်း မင်းလုံးဝမပေးလိုက်ရဘူးနော်!”


ရွှီဇီရုန်ထိတ်လန့်သွားပြီး သူကျိုးနွံစွာခေါင်းညိတ်လိုက်သည်။ သူအဆုံးထိဆုပ်ကိုင်ထားပြီး ဘယ်သူကိုမှ သူ့ခန္ဓာကိုယ်မပေးဘူးလို့ ရွှီဇီယန်အား သူပြောလိုက်သည်။ 


ထိုအချိန်၌ ရွှီဇီရုန်၏လူသတ်ချင်သည့်ပုံစံဟာ သူ့အထဲသို့ဝင်ရောက်ရန် ကြိုးစားနေသည့်လူမှန်း ရွှီဇီယန်ဆက်စပ်မိသွားကာ သူထိတ်လန့်တုန်လှုပ်သွားသည်။ ထိုလူသတ်ချင်နေသည့်စိတ်ဟာ ဘယ်လောက်သန်မာလည်း သူမှတ်မိတာကြောင့် ထိုလူဟာ လူဘယ်‌နှယောက်များ သတ်ပြီးပြီလဲဆိုတာ သူတွေးဆနေမိသည်။ ကံကောင်းစွာ ဇီရုန်နိုင်သွားလို့ မဟုတ်ရင် သူတို့ညီအကိုနှစ်ယောက်၏ ကံကြမ္မာက မတွေးရဲစရာပင်ဖြစ်သွားလိမ့်မည်။


ရွှီဇီယန်ဟာ ရွှီဇီရုန်အားဖက်လိုက်ပြီး နှစ်သိမ့်ပေးနေသည်။ ရွှီဇီယန်ဒီနေရာမှာ နေရန်ဆုံးဖြတ်လိုက်ပြီးနောက် သူကနေရာလွတ်၌ ရွက်ဖျင်တဲကိုတည်ဆောက်လိုက်သည်။ ထို့နောက် သူကရွှီဇီရုန်ကိုနှစ်သိမ့်ပေးချင်တာကြောင့် အစားကောင်းကောင်းကျွေးရန် သူအမဲသွားလိုက်လေသည်။


သူ့ကိုကိုအလုပ်ရှုပ်နေတာကို ကြည့်လိုက်ရင်း ရွှီဇီရုန်အပြစ်ရှိသလို ခံစားလိုက်ရသည်။ ဒီတစ်ကြိမ်တော့ တစ်ချို့သောခန့်မှန်းချက်တွေက သူ့ကိုမှားယွင်းအောင် ဖြစ်သွားစေတာကြောင့်သာ မဟုတ်ရင် သူ့ကိုယ်အတွင်းသို့ဝင်ရောက်လာခဲ့တယ် ဆိုသည့်ဆင်ခြေမျိုးကို သူအသုံးပြုမည်မဟုတ်ပေ။


သူ့ကိုကိုကထိုအရာကို ယုံကြည်လိုက်တယ်ဆိုပေမယ့် အနာဂတ်မှာ သူပိုပြီးဂရုစိုက်ရလိမ့်မည်။ အခုချိန်မှာ သူ့အကိုတော်ကို အရာအားလုံးတစ်ခုမကျန် သူပြောလိုက်ရမလား ဒါမှမဟုတ် ပြင်းထန်သောလူသတ်ချင်သည့်စိတ်ကို ဘယ်လိုအကြောင်းပြချက်ကြောင့်မှ သူမဖော်ထုတ်ပဲနေနေရမလား။


ခက်ခက်ခဲခဲလိမ်ထားပြီးမှ သူအောင်မြင်စွာဖုံးကွယ်နိုင်လိုက်ခြင်းဖြစ်သည်။ သူ့ကိုကိုက ချွေးတွေထွက်နေပြီး ဘယ်လောက်တောင်စိတ်ပူနေလဲဆိုတာကို မြင်လိုက်ရင်း သူအလွန်ကို စိတ်မသန့်သလို ခံစားလာရသည်။ ဒါပေမယ့် သူထိုအပြစ်ရှိမှုတွေကို လိုလိုလားလား သည်းခံကာ သူ့ကိုကို၏အနား၌သာ ဆက်နေမည်။


“ကိုကို ကျွန်တော်အဆင်ပြေပါတယ် ကိုကိုလည်း စောစောနားသင့်တယ်လို့ ကျွန်တော်တွေးမိတယ်” 


ဇီရုန်ဟာ သူတောင်မသိလိုက်ပဲ တိုက်ခိုက်ခံလိုက်ရတာကြောင့် ရွှီဇီယန်သူ့ကိုယ်သူအပြစ်တင်လို့မဆုံးကာ သူတစ်ညလုံးအိပ်လို့မရတော့ပေ။ သူတစ်ညလုံး ရွှီဇီရုန်ကို စောင့်ကြည့်နေသည်။


ဒါပေမယ့် ရွှီဇီယန်ဒီလိုအပြုအမူပိုပြီးပြုလုပ်လေ ရွှီဇီရုန်အပြစ်ရှိသလိုပိုခံစားလာရလေဖြစ်သည်။ သူအရမ်းစိုးရိမ်နေတာကြောင့် သူ့ကိုကိုအား လိမ်ဖို့နည်းလမ်းတစ်မျိုးတည်းကိုသာ သူတွေးတောနိုင်ခဲ့သည်။ 


ရွှီဇီရုန်အနည်းငယ်စိတ်ရှုပ်နေသည်။ အကယ်၍ ဒီဖြစ်ရပ်သာပေါ်သွားပါက သူ့ကိုကိုသူ့ကို ဘယ်လိုဆက်ဆံမလဲဆိုတာ သူသေချာမသိပေ။ သူ့ကိုကိုက သူ့ကိုယုံကြည်ပြီး အလိုလိုက်တာကို သူအရမ်းကြည်နူးရပေမယ့် တစ်နေ့မှာသာ ဒီအရာတွေအားလုံးကို ဆုံးရှုံးလိုက်ရပါက သူရူးသွားမလားတောင်မသိဘူး…


“အင်းပါ မင်းလည်းအနားယူသင့်တယ် ဒီနေ့ကျင့်ကြံခြင်းကိုမလုပ်နဲ့တော့” ရွှီဇီယန်က သူ့ညီ၏ခေါင်းပေါ်က ပိုးသားလိုနူးညံ့သည့် ဆံပင်အားထိလိုက်သည်။


သူ့ရင်ထဲမှာတိတ်တဆိတ်သက်ပြင်းချလိုက်သည်။ ဇီရုန်အကြောင်းကိုပိုပြီးစဉ်းစားမိလေ သူ့ကိုယ်သူပိုပြီးအပြစ်တင်ချင်လေဖြစ်မိသည်။ ထိုလူက သူ့ညီဖြစ်သူ၏ဝိညာဉ်ကိုယူသွားရင်တောင် သူဘာမှမလုပ်နိုင်ဘူးဆိုတာ သူသေချာသိနေပေမယ့် သူ့ညီဖြစ်သူကို မကာကွယ်နိုင်လိုက်သည့်စိတ်က အပြစ်ရှိ‌တယ်လို့ခံစားနေရသည်။


ညီအကိုနှစ်ယောက်ဟာ အတွေးကိုယ်စီဖြင့် ရွက်ဖျင်တဲမှာ လူးလိမ့်နေကြသည်။ ကျင့်ကြံသူတွေအတွက် ညတစ်ည၏အိပ်စက်ခြင်းဟာ ဘာမှမဟုတ်ဘူးဆိုပေမယ့် သူတို့နှစ်ယောက်ဟာ အတွေးတွေများပြီးနောက် အတော်လေးပင်ပန်းသွားကြတော့သည်။


သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး တစ်ချိန်တည်း ရယ်လိုက်ကြသည်။ ရွှီဇီယန်၏လက်မောင်းထဲမှာ ဇီရုန်ကရှက်ကိုးရှက်ကန်းဖြင့် ပုန်းနေပြီး ရွှီဇီယန်ကလည်း ရွှီဇီရုန်၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေနေသည်။


သူ့ညီလေးဘာတွေတွေးနေမှန်း ရွှီဇီယန်မသိပေမယ့် သူအရာအားလုံးကို ခွင့်လွှတ်ပေးပြီးသားဖြစ်သည်။


ငှက်ပေါက်စလေးဟာ တစ်နေ့တော့တောင်ပံတွေ ဖြန့်လာလိမ့်မယ်ဖြစ်ပြီး ရွှီဇီရုန်ကလည်း သူ့မှတ်ဉာဏ်ထဲကလို အနိုင်ကျင့်ခံရသည့်ကလေးလေးမဟုတ်တော့ပေ။


သူကအသက်၁၂အရွယ်သာ ရှိသေးပေမယ့် သူကကျင့်ကြံသူတစ်ယောက်ဖြစ်နေပြီးဖြစ်သည်။ အနာဂတ်မှာလည်း ရွှီဇီရုန်ကဒီလိုတူညီသည့်ဖြစ်ရပ်မျိုး အများကြီးကြုံလာနိုင်ပြီး ရွှီဇီရုန်ကိုအချိန်တိုင်း သူအောင်မြင်အောင်ကာကွယ်ပေးနိုင်လိမ့်မယ်လို့တော့ အာမ,မခံနိုင်ပေမယ့် သူ၏အကိုတစ်ယောက်အနေနဲ့ သူအကောင်းဆုံးကြိုးစားပြီး ကာကွယ်ပေးမည်။


ဒီလောကကြီးမှာ ဘယ်သူကမှ အခြားတစ်ယောက်ကို တစ်သက်လုံးမကာကွယ်ပေးနိုင်ပေ။ အချို့သောအန္တရာယ်တွေနဲ့ကြုံတွေပြီး အရှုံးပေးလိုက်မည့်အစား ပို၍ကြိုးစားရင် သာ၍ပိုကောင်းပြီး ခံနိုင်ရည်ရှိလာလိမ့်မည်။ သူတို့တွေသာသန်မာနေရင် ဘယ်သူကများ သူတို့တွေကိုလာတိုက်ခိုက်ရဲမှာလဲ?


ထိုရွက်ဖျင်တဲကိုရှင်းလင်းပြီးနောက် ရွှီညီအကိုနှစ်ယောက် ခရီးဆက်သွားကြပြန်သည်။ အသံတစ်မျိုးဟာ ပိုပိုပြီးအင်အားကြီးလာတာကို ရွှီဇီရုန်ခံစားမိလိုက်သည်။ ပေါ်မုဟွကိုသူမြင်လိုက်ပြီး သူ၏စိတ်အာရုံတွေပျံ့လွင့်သွားပေမယ့် ထိုအသံကတော့ပျောက်မသွားပဲ အနည်းငယ်သာအားလျော့သွားသည်။


သူတို့တွေပေါ်မုဟွဆီကနေ ထွက်လာပြီးနောက် ထိုအသံဟာတဖြည်းဖြည်း ပြန်လည်အားကောင်းလာတာကို သူခံစားရပြန်သည်။ ရွှီဇီရုန်ဟာ ထိုနေရာသို့ ချီတုံချတုံဖြင့်သွားနေရင်း သူနီးကပ်သွားသည့်အချိန်၌ ထိုအသံဟာဘယ်ကနေလာနေလဲဆို သူရှင်းလင်းစွာသိလိုက်ရသည်—ထိုအသံဟာ သူ၏ခန္ဓာကိုယ်ထဲက သွေးပင်လယ်နှလုံးကျင့်စဉ်ကနေ ထွက်ပေါ်လာခြင်းဖြစ်သည်။


“ဘာဖြစ်လို့လဲ?” သူ့ညီလေးက အတွေးထဲမှာနှစ်မြောနေတာ မြင်လိုက်ရတော့ ရွှီဇီယန်နားမလည်စွာ မေးလိုက်သည်။


ရွှီဇီရုန်မျက်မှောင်ကြုတ်လိုက်ပြီး ထိုအသံဟာသူ့အတွက် ကောင်းမွန်သည့်အကျိုးကျေးဇူးဖြစ်စေသည်လို့ သူဝိုးတိုးဝါးတားခံစားနေရပေမယ့် ထိုအသံဟာ သွေးပင်လယ်နှလုံးကျင့်စဉ်နဲ့ပတ်သက်နေတာကြောင့် ရွှီဇီရုန်ရှင်းမပြနိုင်လောက်အောင် အပြစ်ရှိသလိုခံစားလိုက်ရသည်။ အထူးသဖြင့် မနေ့တုန်းက သူအမှားသေးသေးလုပ်လိုက်မိပြီး ကြီးမားသည့်လိမ်ညာမှုကြီးနဲ့ သူပြန်ဖာထေးလိုက်ရသည်။ အလိမ်အညာကိုပြောရတာက သူ့အတွက်ပြဿနာမရှိပေမယ့် သူ့အကိုတော်၏အရှေ့မှာပြောရတာက သူ့အတွက်အလွန်ခက်ခဲလှသည်။


“ဘာမှမဟုတ်ပါဘူး ရုတ်တရက် မနေ့တုန်းက အဲ့ဒီလူကို ကျွန်တော်ပြန်သတိရလိုက်လို့ပါ” ရွှီဇီရုန် သွေးပင်လယ်နှလုံးကျင့်စဉ်အကြောင်းကို မဆွေးနွေးချင်ပေမယ့် ထိုအလိမ်အညာကို သူအမှတ်တမဲ့ပြန်ပြောလိုက်မိပြီးနောက် သူမျက်မှောင်ပိုကြုတ်သွားတော့သည်။


အရင်နေ့တုန်းက သူတွေ့ခဲ့သည့် ထိုလူသာပိုင်ဟွနဲ့အရမ်းကြီးမတူနေပါက ဒီလောက်ပြင်းထန်သည့် လူသတ်ချင်သည့်စိတ်မျိုး သူလည်းဖော်ထုတ်မိမှာမဟုတ်ပေ။


ထို့အပြင် မူလရွှီဇီယန်ဟာ ‌မမျှော်လင့်ထားသည့် နာကျင်မှုတစ်ဝက်ဖြင့် သူ၏အရင်ဘဝကို ပျက်ဆီးခဲ့ပြီး ကျန်တစ်ဝက်ကတော့ မျှော်လင့်ထားသည့်အတိုင်း မကောင်းဆိုးဝါးပိုင်ဟွပဲပေါ့။


ပိုင်ဟွအပေါ်ထားသည့် သူ၏အမုန်းတရားဟာ စကားလုံးနဲ့တောင်ဖော်ပြလို့မရပေ။ ပိုင်ဟွဟာ စိတ်ထိခိုက်သည့်ခံစားချက်တွေ အကြိမ်တစ်သောင်းမကခံစားပါစေ၊ သူ၏အသားအ‌ရေတွေ တစ်လွှာချင်းကွာကြပါစေ အမုန်းတရားတွေပျောက်သွားအောင်တော့ သူဘယ်လိုမှလုပ်လို့ရမှာမဟုတ်ဘူး။


အဲ့ဒါအပြင်…


ရွှီဇီယန်အား ရွှီဇီရုန်တိတ်တဆိတ် ကြည့်လိုက်သည်။ အကယ်၍ သူတစ်ယောက်တည်းသာရှိနေပါက ပေါ်မုဟွကိုသတ်ဖို့ နှစ်ခါတောင်တွေးနေမှာမဟုတ်ဘူး—အခြားအကြောင်းပြချက်တွေကြောင့်မဟုတ်ဘူး သူ၏နောက်ကျောကကို ပိုင်ဟွနဲ့တူနေလို့ပဲ။


ဒါပေမယ့် အခုသူ့မှာသူ့ကိုကိုရှိနေပြီ…ဒီတော့ သူ့ကိုကို၏ခံစားချက်ကိုလည်း တွေးပေးသင့်သည်။


သူ့ကိုကိုက မရက်စက်သလို တစ်ကိုယ်ကောင်းလည်းမဆန်တာကြောင့် အကယ်၍ တစုံတယောက်ကိုသာ အကြောင်းပြချက်မရှိ သူသတ်လိုက်ပါက သူ့ကိုကို သူ့ကိုသေလောက်အောင် ရိုက်လိမ့်မယ်ဆိုတာ…ဒီအချက်ကို လွန်ခဲ့တဲ့နှစ်များစွာတည်းက သူသိထားပြီးဖြစ်သည်။


“ကဲပါလေ ဒီတစ်ချိန်တော့ မင်းကံကောင်းသွားတာပေါ့…” ရွှီဇီရုန်မျက်လုံးတွေကတော့ စူးရှပေမယ့် အကူအညီမဲ့သည့်အမူအရာမျိုးကတော့ သူ့မျက်နှာပေါ်မှာရှိနေသည်။


သူ့ကိုကို၏စရိုက်ဟာ သူလုပ်ချင်သည့်အရာတွေကို ခက်ခဲသွားစေပေမယ့် အကယ်၍ သူသာအဲ့လိုပုံစံမဟုတ်ဘူးဆိုရင် သူဟာတူညီသည့်လူတစ်ယောက် ဘယ်ဟုတ်တော့မလဲ…


ရွှီဇီရုန်အတွေးတွေများနေပေမယ့် တကယ်တော့ သူအချိန်တိုအတွင်း ဖော်ထုတ်ချင်လို့ဖြစ်သည်။


ရွှီဇီရုန်ဟာ ပေါ်မုဟွအကြောင်းပြောလိုက်တာကို သူကြားလိုက်တာကြောင့် ရွှီဇီယန်အနည်းငယ် မှင်တက်သွားပြီး ဇီရုန်က အဲ့လူကိုအတော်လေးမုန်းတာမဟုတ်ဘူးလား ဘာလို့များ သူရုတ်တရက် ထိုသူအကြောင်းကိုပြောရတာလဲ?


“မင်းကဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး သူ့အကြောင်းကိုတွေးရတာလဲ?”


ရွှီဇီရုန်မျက်ခုံးကိုပင့်လိုက်ကာ ထူဆန်းသည့်အမူအရာဖော်ပြနေပြီး—အပြုံးလို့မခေါ်ဆိုနိုင်သည့် အပြုံးမျိုးဖြင့် “ကိုကို, သူကလှတယ်လို့ ကိုကိုတွေးမိလား?”


ရွှီဇီယန်ရှင်းပြရခက်အောင် စိတ်မသန့်သလို ခံစားလိုက်ရပြီး ကိုးရိုးကားယားနိုင်စွာ အဝေးကိုကြည့်လိုက်ရင်း “သူက အရမ်း အရမ်းကို ကြည့်ကောင်းပါတယ်”


သူဖြေပြီးမကြာခင် တစ်ခုခုမှားသွားမှန်း သူခံစားမိလိုက်သည်။ သူဘာလို့များအပြစ်ရှိသလို ခံစားနေရတာလဲ? သူဘာမှမ,မလုပ်ထားတာကို! ပြီးတော့ ဇီရုန်ကဘာလို့များ ယောင်္ကျားတစ်ယောက်ကို "လှတယ်"လို့ သုံးပြီးဖော်ပြရတာလဲ?


သူ့ပုံစံဟာအလွန်လေးနက်သွားပြီး ဇီရုန်ကို သူသင်ခန်းစာပေးရမယ်လို့ အစီအစဉ်ဆွဲလိုက်ပေမယ့် သူမပြောခင်မှာပင် ရွှီဇီရုန်ကသူ့ထက်အမြန်ပြောလာသည်။

“ဒါဆို သူ့ပုံစံကသာမန်ပဲလို့ ကိုကိုတွေးမိလား?”


ထိုစကားကိုသူပြောပြီးချိန်၌ သူ့မျက်လုံးတွေဟာ မျှော်လင့်ချက်အပြည့်ဖြင့် လင်းလက်လို့နေသည်။


ရွှီဇီယန်ခဏလောက်အေးခဲပြီးနောက် သူရယ်မောလိုက်သည်။ ဇီရုန်၏စရိုက်နဲ့ပတ်သက်ပြီး သူအမြဲတမ်းတွေးတောခဲ့ပေမယ့် သူ၏ရုပ်ရည်နဲ့ပတ်သက်ပြီး သုံးသပ်တဲ့လူတွေကို သူလုံးဝမတွေ့ခဲ့ရတာကြောင့် သူအမြဲတမ်းဂရုတစိုက်ရှိပြီး ရွှီဇီရုန်အားဘယ်တော့မှ "လှတယ်"ဆိုသည့် စကားကိုမသုံးပေ။


ရွှီဇီရုန်ကသူ၏ပုံစံနဲ့ပတ်သက်ပြီးဂုဏ်‌ယူလေ့ရှိတယ်လို့ သူဘယ်တော့မှမတွေ့ခဲ့မိတာကြောင့် သူမြင်ခဲ့သောကြည့်ကောင်းသည့်အခြားလူတစ်ယောက်နဲ့ သူ့ကိုယ်သူနှိုင်းယှဉ်တာဖြစ်လိမ့်မည်။


ရွှီဇီရုန်ဟာ ပေါ်မုဟွကိုဘာလို့အဲ့လောက်မုန်းလည်းဆိုတာ သူသိရှိသွားပြီဖြစ်ပြီး ရွှီဇီရုန်၏ပုံစံက"အားလုံးဟာကျွန်တော်ထက်မလှဘူး!"ဆိုသည့်ပုံစံကြောင့်မို့ဆိုတာ ရွှီဇီယန်ယူဆမိလိုက်ပြီး သူကအရမ်းချစ်ဖို့ကောင်းတာပဲဆိုတာ ရွှီဇီယန်တွေ့ရှိသွားသည်။


သူကျယ်လောင်စွာရယ်မောလိုက်မိသည်။ တကယ်တော့ သူကရုပ်ရည်ကို ပထမဦးစားပေးအဖြစ် မထားခဲ့ပေ။ သူက အပေါ်ယံရုပ်ရည်နဲ့သာဆုံးဖြတ်သည့် ကျင့်ကြံသူတစ်ယောက်မဟုတ်တာကြောင့် လူတစ်ယောက်၏စိတ်ထားကို ပိုပြီးတန်ဖိုးထားသည်။


အနာဂတ်မှာ ရွှီဇီရုန်ကဘယ်လောင်တောင်"ဆွဲဆောင်မှု"ရှိမလဲဆိုတာ သူသေချာသိနေပြီး အနီရောင်ဝတ်ရုံနဲ့ သွေးမိစ္ဆာသခင်၏ပုံစံဟာ မိစ္ဆာကျင့်ကြံသူတွေလောကမှာ အံ့ဩစရာအကောင်းဆုံးပင်ဖြစ်သည်။


အဲ့ဒါကရုပ်ရည်ပဲဆိုပေမယ့် သူ၏အရင်ဘဝတုန်းက အတွေ့အကြုံတွေအပါအဝင် နှစ်ပေါင်းများစွာအတွင်းမှာ ရွှီဇီရုန်ထက်လှသည့် လူမျိုးကို သူလုံးဝရှာမတွေ့သေးပေ။ အဲ့ဒီသိမ်မွေ့သည့်မျက်နှာလေးက အတော်လေးငယ်ရွယ်သေးလို့ဆိုပေမယ့် သူအရွယ်ရောက်လာသည့်အချိန်မှာတော့ သူဟာဖျက်ဆီးနိုင်သည်အထိ အလွန်ကိုလှပလာခဲ့သည်။


ဝတ္ထုထဲမှာသွေးမိစ္ဆာစံအိမ်တော်၏အကြောင်းကို သူဖတ်ခဲ့ရပြီး သူ၏သိမ်မွေ့သည့်မျက်နှာကြောင့် ဆွဲဆောင်ခံလိုက်ရသည့်လူတွေဟာ သွေးမိစ္ဆာနာမည်ဖြင့် လာနေကြသည့် လူတွေအများကြီးရှိလာပြီး ထိုနေရာကတစ်ချို့လူတွေ ပြောကြတာတော့ သွေးမိစ္ဆာစံအိမ်တော်တစ်ခုလုံးဟာ ရွှီဇီရုန်၏မောင်းမဆောင်လို့ ဆိုကြသည်။


အဲ့ဒါတွေကတော့ ဒီအတိုင်းကောလဟာလသက်သက်သာဖြစ်ကြသည်။ ထို့အပြင် မူလမှတ်ဉာဏ်နဲ့ချင့်ချိန်ကြည့်လိုက်မယ်ဆိုရင် ရွှီဇီရုန်ဟာ သူသေဆုံးသည်အချိန်ထိ လူပျိုအဖြစ်သာရှိသေးသည်ဆိုတာကို သူသေချာယုံကြည်သည်…


အမလေး သူဘာတွေတွေးနေတာလဲ…သူ့ညီလေးက လူပျိုဟုတ်,မဟုတ်ကို သူဘာလို့များတွေးနေရတာလဲ? သူ၏အခြေအနေကိုသုံးသပ်ရရင် သူ့ညီလေးအတွက်ချစ်သူရှာပေးဖို့များ သူတကယ်စိတ်ပူနေတာလား?


ကောင်းမွန်တဲ့ညီအကိုတွေဖြစ်ဖို့ သူအပေါ်မူတည်နေတယ်ဆိုတာ ရွှီဇီယန်ရုတ်တရက်ခံစားမိလိုက်သည်။ ဇီရုန်ကအသက်၁၂တောင်ရှိနေပြီဆိုတော့ သူ့အတွက်ဇနီးရှာပေးဖို့ ရွှီဇီယန်အနေနဲ့စပြီးစိတ်ပူသင့်ပြီ…


“ကိုကို…”


ရွှီဇီယန်က သူ့မေးခွန်းကို အချိန်အကြာကြီး ပြန်မဖြေတာတွေ့လိုက်ရတော့ ရွှီဇီရုန်မပျော်မရွှင်ဖြစ်လာတော့သည်။ သူ၏ဓားပျံပေါ်ကနေ တိတ်တဆိတ် ကိုင်းညွတ်လိုက်ပြီး ရွှီဇီယန်၏နာမည်ကို သူ့နား,အနားဆီသို့ ညင်သာစွာခေါ်လိုက်သည်။ 


ရွှီဇီယန်ရုတ်တရက်တုန်ယင်သွားပြီး သူ့နား,နားမှာနွေးထွေးတဲ့အသက်ရှူသံကို သူခံစားမိလိုက်ကာ ထိုအရာက အဝေးသို့ထွက်သွားလို့မရအောင် ပြုလုပ်နေသည်။ 


“ဇီရုန်!” ရွှီဇီယန်မကျေမနပ်ဖြစ်ကာ အော်လိုက်သည်။ သူ့ညီလေးက ဒီလိုစနောက်မှုမျိုးကို မလုပ်သင့်ပေ!


ရွှီဇီရုန်ကတော့ သူ့ကိုကို၏တုံ့ပြန်မှုကို စိတ်ဝင်တစားကြည့်ရှုနေသည်။ ထိုပရိယာယ်ကို ပိုင်ဟွဆီကနေ သူသင်ယူထားတာဖြစ်သည်။ သူထိုပုံစံကိုအကြိမ်များစွာမြင်ဖူးပြီးဖြစ်သည်။ ပိုင်ဟွဟာ မူလရွှီဇီယန်၏နားထဲကို လေလေးမှုတ်ထုတ်ပြီး သူတို့နှစ်ယောက်ဟာ ကုတင်ပေါ်မှာလူးလှိမ့်နေရင်း သူတို့တွေ၏ချိုမြိန်လှပြီးရင်းနှီးသည့်အပြုအမူတွေကို စတင်ကြသည်။


အရင်ဘဝတုန်းက သူ၏‌ကလေးဘဝကအတွေ့အကြုံတွေကြောင့် ဒီလူဟာ ယောင်္ကျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် သူလုံးဝစိတ်အနှောင့်အယှက်မဖြစ်ဘူး။ ထို့အပြင် သွေးပင်လယ်နှလုံးကျင့်စဉ်၏ ကျင့်ကြံသူတစ်ယောက်အနေနဲ့ တစုံတယောက်နဲ့ ရင်းနှီးကျွမ်းဝင်ခြင်းဟာ ထိုလူအရှေ့မှာ အားနည်းချက်ကိုထုတ်ပြခြင်းလို့ သူယူဆထားခဲ့သည်။ ထိုအချိန်က သူတို့အားလုံးဟာ သူကကာမအာရုံကို စိတ်ဝင်စားခြင်းမရှိဘူးလို့ တွေးခဲ့ကြပြီး ဘယ်သူမှသူ့ကိုမယုံကြည်ခဲ့ကြပေ။


#TK