Chapter 83
သူထွက်သွားပြီးနောက် ရွှီဇီရုန်၏ခေါင်းမော့လာတော့သည်။ ဘယ်သူမှမသိလိုက်တာက သူ၏လှပသည့်မျက်နှာမှာ ဘာအကြောက်တရားအရိပ်အယောင်မှ ရှိမနေတာကိုပင်။ ထိုအစား သူ၏မျက်နှာပေါ်မှာ အေးစက်စက်အပြုံးသာရှိနေသည်။
အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူက အခြေခံကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူကို သေချာပေါက်ဖိနှိပ်နိုင်သည်။ အကယ်၍ လော့တကျောင်သာ ရွှီဇီရုန်ကိုသတ်ချင်ရင် တစ်စက္ကန့်တောင်ကြာမှာမဟုတ်ပေမယ့် ထိုအစားသူကရွှီဇီရုန်၏ရင်ထဲမှာ အကြောက်တရားမျိုးစေ့ကိုချလိုက်ပြီး သူ၏ကိုယ်ပိုင်စွမ်းအားနဲ့ သက်သေပြခိုင်းသည်။
ပြန်လည်မွေးဖွားလာရသည့် ခံစားချက်ဟာ ဘယ်လိုလဲဆိုတာ ရွှီဇီရုန်သေချာသိပြီး လော့တကျောင်ရဲ့ကျင့်ကြံခြင်းသက်တမ်းလောက် သူမနေခဲ့ရပေမယ့် သူ၏စိတ်ဝိညာဉ်ဟာ အမတဝိညာဉ်အခြေတည်စအဆင့်ထိ ရောက်ရှိပြီးသားဖြစ်သည်။
လော့တကျောင်ဘယ်လောက်ပဲ ဉာဏ်အမြော်အမြင်ရှိပါစေ ဆယ်ကျော်အရွယ်ကလေးကိုယ်ထဲမှာ အမတဝိညာဉ်အခြေတည်စအဆင့် ဝိညာဉ်ရှင်သန်နေလိမ့်မယ်ဆိုတာ သူတွေးမိလိမ့်မည်မဟုတ်ပေ။ ရွှီဇီရုန်အတွက် ဒီလိုအကြောက်တရားမျိုးစေ့လေးကို တူးထုတ်ဖို့ဆိုတာ အရမ်းလွယ်ကူလှသည်။
"ကိုကို…" ရွှီဇီရုန်တီးတိုးပြောကာ ရွှီဇီယန်၏ခါးကို တင်းကျပ်စွာဖက်ထားသည်။ သူအသက်ကိုခပ်ပြင်းပြင်းရှူရှိုက်လိုက်ရင်း ငါးနှစ်အကြာပြီးနောက် ရင်းနှီးနေတဲ့အနံ့ကို သူနောက်ဆုံးတော့ ပြန်လည်ရရှိလိုက်သည်။
အစကတော့ လော့တကျောင်ကို လှည့်စားလိုက်တာ သူအောင်မြင်သွားပေမယ့် သူဖုံးကွယ်ထားသည့်အရာက မပြည့်စုံဘူးဆိုသည့်အတွေးဟာ ရွှီဇီရုန်ကိုသတိပေးလျက်ရှိသည်။ လော့တကျောင်က ဘယ်လိုရှာတွေ့သွားလဲ သူမသိပေမယ့် အားနည်းချက်ကတော့ အားနည်းချက်ပါပဲ။ လော့တကျောင်တောင် သိရှိသွားမှာတော့ အခြားလူတွေလည်း သိရှိနေနိုင်သည်။
လော့တကျောင်က အမှန်တရားကိုမဖော်လိုက်တာ သူဒီတစ်ကြိမ်ကံကောင်းသွားပေမယ့် လျှိုကွမ်းဂိုဏ်းက အခြားလူတွေကတော့ သဘောကောင်းလိမ့်မည်မဟုတ်ပေ။
လွန်ခဲ့တဲ့နှစ်တွေအတွင်း သူသာမန်ပုံစံသာ နေထိုင်နေခဲ့တာကြောင့် လျှိုကွမ်းဂိုဏ်းမှာ ပျောက်နေတဲ့ယောင်္ကျားလေးလို့ ဖြစ်လုနီးနီးဖြစ်နေသည်။ ဂိုဏ်းကပေးတဲ့တာဝန်တွေကလွဲရင် သူဘယ်တော့မှအပြင်မထွက်ဘူး။ သူ၏စိတ်ငြိမ်ခန်းထဲ၌သာနေကာ နေ့တိုင်း ကျင့်ကြံခြင်းကိုသာ လုပ်ဆောင်နေသည်။
တခါတရံ သူ၏ရင်ထဲကသတ်ဖြတ်ချင်သည့်စိတ်ကို သူမဖိနှိပ်နိုင်ပါက တောင်ထိပ်တံခါးပေါက်ကနေ ထွက်သွားကာ တောင်ထိပ်နဲ့ဝေးတဲ့နေရာကိုရှာပြီး တောင်ကောင်တွေ မိစ္ဆာတောကောင်တွေကို သတ်ဖြတ်လေသည်။ ငါးနှစ်အတွင်း သူဒီလိုပုံစံမျိုးနဲ့ ထိန်းချုပ်ထားခဲ့သည်။
ဒါပေမယ့် ထိုငါးနှစ်ဟာ သူ၏အကန့်အသတ်သာဖြစ်သည်။ အကယ်၍ ရွှီဇီယန်သာမနိုးထလာပါက သူဘာလုပ်မိမလဲဆိုတာ မပြောပြတတ်ဘူး။
"အင်းပါ အင်းပါ အဲ့ဒါကအကိုရဲ့အမှားပါ ဒီတံခါးပိတ်ကျင့်ကြံခြင်းက ငါးနှစ်တောင်ကြာသွားမယ်မှန်း ငါမတွေးခဲ့မိဘူး" ရွှီဇီယန်ခါးသပ်သပ်ပြုံးကာ ပြောလိုက်သည်။
ဒီပုံစံမျိုးက သူလိုချင်တာမျိုးမဟုတ်ပေမယ့် သူကဇီရုန်ကို ငါးနှစ်တောင် တစ်ယောက်တည်းပစ်ထားမိသည်။ သူ့မှတ်ဉာဏ်ထဲက ဒီကောင်ကလေးက အလှလေးဖြစ်နေပြီဖြစ်တာကြောင့် ရွှီဇီယန် အပြစ်ရှိစိတ်တွေနဲ့ ပြည့်လို့နေသည်…
ရွှီဇီရုန်ဘာစကားမှမပြောတော့ပဲ ရွှီဇီယန်ကိုတင်းကျပ်စွာဖက်ထားပြီး ရွှီဇီယန်၏လက်မောင်းတွေထဲ သူ၏ခေါင်းကိုမြှုပ်ထားကာ လွတ်ပေးဖို့ငြင်းဆန်နေသည်။
ရွှီဇီယန် ညင်သာစွာ သူ၏နောက်ကျောကို ပွတ်သပ်ပေးနေသည်။ ညီအကိုနှစ်ယောက်ဟာ တိတ်ဆိတ်နေကြပြီး တစ်ယောက်ကိုတစ်ယောက်သာ တင်းကျပ်စွာဖက်ထားကြသည်။
"အဟွတ်…ငါ…မင်းတို့ကို…အနှောင့်အယှက်များ ပေးမိသွားပြီလား?" တိတ်ဆိတ်ခြင်းကို အသံတစ်ခုဟာ ဖြိုဖျက်သွားသည်။
ထိုအသံပိုင်ရှင်က သူ၏ဆရာသခင်လော့တကျောင်မှန်း ရွှီဇီယန်သိလိုက်ရသည်။ လော့တကျောင်၏ ပြုံးစိစိဖြစ်နေသည့် မျက်နှာအမူအရာက သူ့ကိုမျက်နှာပူသွားစေသည်။
သူကဇီရုန်၏ပခုံးကိုကိုင်ကာ သူ၏လက်မောင်းထဲကနေ ဆွဲထုတ်လိုက်သည်။
ရွှီဇီရုန် ခန္ဓာကိုယ်ကို မတ်မတ်ရပ်လိုက်သည့်အခါ ဇီရုန်အရပ်ဘယ်လောက်တောင် ရှည်သွားလဲဆိုတာ သူသေချာဂရုတစိုက်မကြည့်မိလိုက်မှန်း သူသဘောပေါက်သွားသည်။
ထိုအကြောင်းအရာကိုပြန်တွေးပြီးနောက် သူလွမ်းဆွေးနေသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ ဒီကောင်လေးက အရင်တုန်းကဆို သူ၏ရင်ဘတ်အထိလောက်သာရှိပြီး အရပ်ကလည်း သူ၏ပခုံးလောက်သာရှိကာ…ငါးနှစ်အတွင်း သူအရမ်းကိုကြီးထွားလာပြီး အရင်နှစ်တွေတုန်းက ခြားနားချက်နဲ့ ယှဉ်ကြည့်လိုက်ပါက ရွှီဇီရုန်၏အရပ်ဟာ အနည်းငယ်သာနိမ့်ကျနေတော့သည်။
ရွှီဇီယန် 'သူ့ညီလေးကဟာ ရင့်ကျက်လာပြီပဲ'ဆိုသည့် အတွေးထဲ၌ နှစ်မြှုပ်လိုက်ကာ သူ၏ဆရာသခင်ကို သူကြည့်လိုက်သည်။
ရွှီဇီရုန်ဟာ သူတို့ညီအကိုနှစ်ယောက်၏ ချိုမြိန်နေသည့် အချိန်ကို နှောင့်ယှက်သည့် လော့တကျောင်ကို အရမ်းကိုမုန်းပေမယ့် သူ၏မျက်နှာပေါ်မှာတော့ ဘာမှမဖော်ပြထားပေ။ အရင်သတိပေးချက်အရ လော့တကျောင်ဟာ လက်ရှိမှာ သူ့အပေါ်ပိုပြီးတော့ ကောင်းမွန်သည်။ သူဟာအကြောက်တရားမျိုးစေ့ကို ကြိုးစားခုခံနေရသည့်ပုံစံဖြင့် သူ၏သတိပေးချက်အတိုင်း ဂရုတစိုက်လုပ်ဆောင်ရမည်။
ရွှီဇီရုန်က လော့တကျောင်၏ပျူငှာသည့် အမူအရာကို လက်ခံရရှိလိုက်သည်။ အရင်ဘဝတုန်းက သူ့မှာဆရာသခင်မရှိခဲ့တာကြောင့် သွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်ကြံဖို့ ဈေးထဲက အဲ့ဒီကျောက်စိမ်းစာအုပ်တွေကို သွားဝယ်ကာ သူ့ကိုယ်သူအားကိုးပြီး လေ့လာဆည်းပူးခဲ့ရသည်။ ဆရာသခင်လမ်းညွှန်တာနဲ့ ကိုယ့်ဟာကိုယ်ဆည်းပူးသည့် ဒီအယူအဆနှစ်ခုဟာ အလွန်ကိုကွဲပြားလှသည်။ အဲ့လိုသာမကွဲပြားဘူးဆိုရင် ဘယ်သူကမှ ဂိုဏ်းထဲကိုဝင်ရောက်နိုင်ဖို့ ခက်ခက်ခဲခဲတိုက်ခိုက်ကြမည်မဟုတ်ပေ။
လော့တကျောင်ဟာ အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ အခြေခံကျင့်ကြံခြင်းနဲ့ပတ်သက်ပြီး သူသင်ကြားပေးဖို့ ဘာဖိအားမှမရှိဘူး။ ရွှီဇီရုန်က အခြေခံဝေါဟာရပတ်သက်ပြီး ဘာကိုလွဲချော်နေပြီလဲ။ အဲ့ဒီလိုမှသာ တစ်ယောက်ကလည်း လိုလိုလားလား သင်ကြားပေးပြီး အခြားတစ်ယောက်ကလည်း လိုလိုချင်ချင် သင်ယူကာ ဆရာ-တပည့်ဆက်ဆံရေးဟာ အလွန်ကိုငြိမ်းချမ်းနေတော့သည်။
ရွှီဇီရုန်က လော့တကျောင်နဲ့ပတ်သက်ပြီး အာရုံစိုက်ခြင်းမရှိပါ။ သူ့ကိုကိုရှိနေမှတော့ သူ၏အာရုံတွေကို သူ့ကိုကိုထံ၌သာ ထားရှိထားသည်။
နှစ်တွေကြာနေတော့ ဖုန်တွေစုပုံလာပြီဖြစ်တာကြောင့် သူ၏အညစ်အကြေးဖယ်ရှားသည့် အတတ်ပညာဖြင့် ရှင်းလင်းလိုက်သည်။ ရွှီဇီရုန်ကတော့ သူ့ကိုကို၏အဝတ်အစားတွေ ခေါက်ရိုးကျိုးနေတာကို သေချာအာရုံစိုက်ကာ ပြုပြင်ပေးနေသည်။ ရွှီဇီယန်ကတော့ သူ့ညီအမူအရာက တစ်ခုခုမှားနေတာကို သတိမထားမိပေ။ အစိမ်းရောင်မိုးကြိုးသွားဟာ သူ၏ချီပင်လယ်နဲ့ ပေါင်းစပ်နေတာကြောင့် သူ၏အဝတ်အစားနဲ့ပတ်သက်ပြီး ရွှီဇီရုန်ဂရုတစိုက်ပေးနေတာကို ရွှီဇီယန်ခွင့်ပြုပေးထားလိုက်တော့သည်။
ရွှီဇီရုန်ကဘယ်လောက်တောင် အရေးထားနေလဲဆိုတာ မြင်လိုက်ရတာကြောင့် လော့တကျောင်၏မျက်လုံးတွေ လက်သွားတော့သည်။ သူကရွှီဇီရုန်ကို လေးနက်စွာကြည့်လိုက်ပေမယ့် ရွှီဇီရုန်ကတော့ သူ့ကိုကို,ကို ဂရုစိုက်ပေးနေတာနဲ့ အလုပ်ရှုပ်နေတာကြောင့် သူဘာမှမသိပေ။
"ဆရာသခင် ကျွန်တော့်ကိုခိုင်းချင်တာ တစ်ခုခုများရှိလို့လား?" ရွှီဇီယန်မေးလိုက်သည်။
သူကတံခါးပိတ်ကျင့်ကြံနေတာ ငါးနှစ်တောင်ကြာပြီမို့ လော့တကျောင်က သူ့ကိုရှာနေတာ အကြောင်းတစ်ခုခုတော့ရှိလိမ့်မယ်လို့ သူထင်သည်။
လော့တကျောင်ခေါင်းညိတ်လိုက်ကာ
"ငါမင်းကိုရှာနေတာမဟုတ်ပါဘူး"
သူ့ကိုရှာနေတာမဟုတ်ဘူး? အဲ့အဓိပ္ပါယ်က ဆရာသခင်က ဇီရုန်ကိုရှာနေတာလား?
သူကသံသယဖြစ်စွာ ရွှီဇီရုန်ကိုကြည့်လိုက်သည်။ တံခါးပိတ်မကျင့်ကြံခင်တုန်းက လော့တကျောင်က ရွှီဇီရုန်အပေါ် အရမ်းအေးစက်တာကို သူမှတ်မိနေသေးသည်။ သူတို့တွေကပြန်လည်သင့်မြတ်သွားကြပြီလား?
ထို့အပြင် ငါးနှစ်တောင်ကြာသွားပြီဆိုတော့ ဘယ်အရာမဆို ငါးနှစ်အတွင်း ဖြေရှင်းလို့ရတယ်လို့သာ သူတွေးလိုက်သည်။
"ကျွန်တော့်ကိုရှာနေတာလား?" ရွှီဇီရုန်၏အသံကအလွန်အေးစက်နေပြီး ဘာကလေးဆန်မှုတွေမှမပါပဲ ကြော့ရှင်းသည့်ဆယ်ကျော်သက် ပုံစံနဲ့ပိုတူလှသည်။
လှပသည့်အကြည့် ကျောက်စိမ်းလို့အသံမျိုးနဲ့ ရွှမ်းယွိနယ်မြေ၌ ပထမဆုံးအလှလေး သွေးမိစ္ဆာလို့ တစုံတယောက်က ပြောခဲ့ဖူးသည်။
ရွှီဇီယန်ကတော့ ဇီရုန်၏မျက်နှာကို စိုက်ကြည့်လို့နေသည်။ သူဟာ ဇီရုန်၏၈နှစ်နဲ့၁၂နှစ်အရွယ်ကို မြင်ခဲ့ပြီး သူ၏မှတ်ဉာဏ်ထဲမှာ ဇီရုန်ရင့်ကျက်သည့်ပုံစံကိုလည်း မြင်ဖူးထားပေမယ့် ဇီရုန်၏အရမ်းကိုလှပသည့်ရုပ်ရည်က သူ၏အမြင်အာရုံကို ဆွဲဆောင်သွားတယ်ဆိုသည့်အချက်ကို သူမငြင်းပယ်နိုင်ဘူး။
ခြောက်ပြစ်ကင်းသဲလဲစင်သည့် ကြွေထည်လေးလိုအသားအရည်နဲ့ လူအစစ်လို့တောင်မထင်ရဘူး သူ့မှာနှာတံစင်းစင်းလေးရှိပြီး နီရဲတောက်နေတဲ့နှုတ်ခမ်းတွေ သူကနှုတ်ခမ်းလေးကို အသာလေးဖွင့်ကာ ပြောလိုက်သည့်ကာ "ကိုကို…"
『K: စိတ်ထိန်းအကိုကြီး၊ ခင်ဗျားလေး ဖြောင့်နေသေးတာရော ဟုတ်ရဲ့လား』
အိုး?
"ကိုကို? ဘာဖြစ်နေတာလဲ?" ရွှီဇီရုန်သူ့ကို နားမလည်စွာကြည့်နေကာ "ကိုကိုဘာလို့ ကျွန်တော့်ကို ငေးကြောင်ကြည့်နေရတာလဲ?"
ရွှီဇီယန်ရုတ်တရက် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ သူကသူ့ညီလေးကို ကြည့်ရုံသာဖြစ်ပေမယ့် သူ၏အလှကြောင့် မှင်တက်သွားခြင်းဖြစ်သည်။ ဒီလိုရှက်စရာကောင်းသည့် အပြုအမူကို သူဘယ်လိုလုပ်ပြောပြလို့ရမှာလဲ!!!
"ဘာမှမဟုတ်ပါဘူး" သူကရှက်ကိုးရှက်ကန်းဖြင့် အဝေးကိုအကြည့်လွဲကာ သူ့ကိုယ်သူ အထင်အမြင်သေးနေမိသည်။ ဒီကမ္ဘာပေါ်က အလှတွေအားလုံးကို သူမြင်ဖူးပြီးသားဖြစ်တာကို ဘာလို့များ ဇီရုန်ရဲ့အလှမှာ သူနှစ်မြောသွားရတာလဲ?
ဒီထက်ရှက်စရာကောင်းတဲ့အရာ ဘာမှမရှိတော့ဘူး!
ဒါပေမယ့်…ဇီရုန်ကတကယ့်ကိုလှပလွန်းပြီး အပေါ်ယံရွှေမှုန်ကြဲထားတဲ့ မိန်းမတွေထက်ကို သူကပိုလှပလွန်းသည်။
"ဒါဆို…ကိုကို ကျွန်တော်တို့အခုလေးတင် ဘာပြောလိုက်လဲဆိုတာ ကြားလိုက်လား?" ရွှီဇီရုန်အကူအညီမဲ့စွာမေးလိုက်သည်။
"အမ်…" ရွှီဇီယန်ကျောက်ရုပ်ဖြစ်သွားရသည်…
သူငေးကြောင်နေတာကြောင့် ဘာမှမကြားလိုက်ဘူး!
သူကအကူအညီမဲ့စွာပြုံးပြလိုက်တာကြောင့် ရွှီဇီရုန်က သူ့ကိုနောက်တစ်ကြိမ် ဂရုတစိုက်ပြန်ပြောပြလေသည်။
ရွှီဇီယန်တိတ်တဆိတ် သူ့နဖူးပေါ်ကချွေးကိုသုတ်လိုက်သည်။ သူကအကိုဖြစ်တာကြောင့် သူ့ညီကိုပိုပြီးဂရုတစိုက်ရှိသင့်သည်။ ဘယ်လိုလုပ်များ သူ့ညီဖြစ်သူက သူ့ကိုပြန်အလိုလိုက်နေတဲ့ မြင်ကွင်းဖြစ်သွားရတာလဲ?
ဒါကဒီအတိုင်းအမြင်မှားတာပါ!
"မင်းတို့နှစ်ယောက်မတော်နိုင်ကြသေးဘူးလား? ဒါကဒီအတိုင်း တံခါးပိတ်ကျင့်ကြံရုံပဲ မဟုတ်ဘူးလား? ဘာလို့များ တစ်ယောက်နဲ့တစ်ယောက် ဒီလောက်အထိ ကပ်နေကြရတာလဲ?" လော့တကျောင်ဒီနေရာမှာ ဆက်ပြီးမရပ်ချင်တော့ပဲ သူတို့နှစ်ယောက်ကို သူသင်ခန်းစာသာပေးလိုက်ချင်တော့သည်။
တစ်ယောက်ကလည်း သူ့ညီဖြစ်သူကို ပျော်ရွှင်စွာ အလိုလိုက်တယ် ကျန်တစ်ယောက်ကလည်း ပျော်ရွှင်စွာ တစ်နေလုံး လိမ်မာတဲ့ကလေးလို ကစားနေတယ်…
အခြားလူတွေအမြင်မှာတော့ ဒီနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ဖြည့်ဆည်းပေးနိုင်တယ်လို့ တွေးထင်ကြမည်။ အကယ်၍ ရွှီဇီရုန်က ချွန်ထက်နေတဲ့ဓားဆိုရင် ရွှီဇီယန်က ထိုဓားကိုထိန်းထားနိုင်သည့် ဓားအိမ်ပင်ဖြစ်လိမ့်မည်။
ရွှီဇီယန်ကလည်း ဒီနေရာမှာရှိနေပြီဆိုတော့ ရွှီဇီရုန် ရူးမိုက်တာတွေလုပ်ဆောင်မှာအတွက် လော့တကျောင် စိတ်ပူနေစရာမလိုတော့သလို အကြောက်တရားမျိုးစေ့ တည်ရှိနေတာကိုပါ ထပ်ပေါင်းလိုက်ရင် ရွှီဇီရုန်က သူ့အားသူကိုးကာ စွမ်းအားကြီးအောင်လုပ်မယ်ဆိုတာ သူအပြည့်အဝယုံကြည်မှုရှိသည်။
ဒါပေမယ့်…ဒီနှစ်ယောက်လုပ်နေတဲ့အပြုအမူက အရမ်းကိုလွန်လွန်းသည်! သူ၏ဆရာသခင်ဖြစ်သူကိုတော့ လျစ်လျူရှုထားပြီး သူ့အကိုဆီမှာပဲ အာရုံစိုက်နေတာကအရမ်းကိုအမြင်ကပ်စရာကောင်းသည့်မြင်ကွင်းပဲ!
"ဟ ဟ…" လော့တကျောင်၏စကားကိုကြားတော့ ရွှီဇီယန်က တစ်ခစ်ခစ်ရယ်လိုက်နိုင်သည်။ ဒီအချိန်မှာ ပြန်လည်ချေပလိုက်ပါက အသိတရားမရှိရာကြလိမ့်မည်။
လော့တကျောင်ဟာ အဲ့ဒီလိုပြောလိုက်ပေမယ့် သူတို့နှစ်ယောက်၏ရင်းနှီးတဲ့ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဒီညီအကိုနှစ်ယောက်ကို သူအပြစ်ပေးလို့မရပေမယ့် ရွှီဇီရုန်လိုတွယ်ကပ်နေသည့် လူမျိုးကိုသူဘယ်တော့ကမှ မမြင်ဖူးတာကြောင့် သူအလွန်ကိုစိတ်ပျက်မိသည်။
ရှင်းရှင်းပြောရရင် တစ်ယောက်ယောက်ကသာ ရွှီဇီရုန်၏လက်ရှိ အပြုအမူကို အာရုံစိုက်ထားပါက သူ့ကိုသွေးပင်လယ်နှလုံးကျင့်စဉ် ကျင့်ကြံထားသူလို့ သူတို့တွေထင်မိလိမ့်မည်မဟုတ်ပေ။
"ဆရာသခင် ကျွန်တော့်ကိုကိုလည်း ကျွန်တော်နဲ့လိုက်လာလို့ရလား?" ရွှီဇီရုန်ရုတ်တရက်မေးလိုက်သည်။
လော့တကျောင်ပေါ့ပါးစွာ ခေါင်းညိတ်လိုက်ရင်း
"သွားလေ အတွေ့အကြုံရတာပေါ့ ပြီးတော့ မင်းတို့လျှိုကွမ်းဂိုဏ်းကို ဝင်လာကတည်းက မင်းတို့အိမ်ကို တစ်ခါမှမပြန်ရသေးဘူးမလား? ဒီအချိန်မှာ မင်းတို့တွေပြန်လို့ရတယ် မင်းတို့မှာအချိန်နှစ်လရှိတယ် အဲ့ဒါဆိုလုံလောက်ပြီ"
အိမ်ပြန်လို့ရတယ်ဆိုသည့် သူ၏အကြံပေးချက်နဲ့ပတ်သက်ပြီး ရွှီဇီရုန် သဘောလဲမတူသလို ငြင်းလဲမငြင်းပေ။ ရွှီမိသားစုအပေါ်မှာ အချစ်လည်းမရှိသလို အမုန်းလည်းမရှိဘူး။ အရင်ဘဝတုန်းက ရွှီမိသားစုတစ်ခုလုံးကို သူသုတ်သင်ပြီးပြီဖြစ်တာကြောင့် လက်စားချေမှုကလည်း ပြီးသွားပြီဖြစ်သည်။ ဒီဘဝကရွှီမိသားစုကလည်း သူ့အပေါ်မကောင်းတာတွေ မပြုလုပ်ထားဘူး။ ဒါပေမယ့် အဲ့ဒါက သူ့ကိုကို၏အိမ်ဖြစ်နေဆဲဖြစ်သည်။ သူ့ကိုကိုကလည်း အိမ်နဲ့ပတ်သက်ပြီး သံယောဇဉ်ရှိနေသေးတာကို သူမြင်တွေ့နေရတာကြောင့် သူကလည်းဘယ်လိုဖျက်ဆီးမှုကိုမှ ပြုလုပ်မည်မဟုတ်ပေ။
ရွှီဇီယန်ကတော့ သိပ်ပြီးတွေးတောမနေပါ။ သူကရွှီဇီရုန်ဟာ ရွှီရှောင်၏သားလို့သာ တွေးနေဆဲဖြစ်သည်။ သူကရွှီမိသားစု၌ နှစ်များစွာနေထိုင်ခဲ့တာကြောင့် ထိုအိမ်အပေါ် တစ်ချို့သောခံစားချက်တွေ သူရှိပေးသင့်သည်။ လမ်းကြုံခဏဝင်လည်တာက ကောင်းမွန်သည့်အစီအစဉ်ဖြစ်လိမ့်မည်။
လော့တကျောင်ကတော့ ဒီညီအကိုနှစ်ယောက်ဆွေးနွေးနေတာကို ပါဝင်ခြင်းမရှိပေ။ သူကရွှီဇီရုန်ကို သူ၏သူငယ်ချင်းမိသားစုထံ သူ့ကိုယ်စားသွားပေးဖို့ လာမေးခြင်းဖြစ်သည်။
ထိုသူငယ်ချင်းဖြစ်သူကတော့ ကွယ်လွန်သွားပြီဖြစ်ပေမယ့် လော့တကျောင်က ကိုယ်ကျင့်တရားကောင်းမွန်သူဖြစ်တာကြောင့် သူကထိုသူ၏မိသားစုကို အချိန်တိုင်းဂရုစိုက်ပေးလေ့ရှိသည်။ မိသားစုကိုဦးဆောင်သည့် လက်ရှိခေါင်းဆောင်က အလွန်ဉာဏ်အမြော်အမြင်ရှိတာကြောင့် လော့တကျောင်၏အကာအကွယ်တွေကြောင့်လည်း သူကဘယ်တော့မှ အထက်စီးဆန်ပြုမူခြင်းမရှိပေ။ ထိုအစား သူကခပ်လျှိုလျှိုသာနေတတ်ပြီး သူ၏နာမည်ဂုဏ်သတင်းအသုံးပြုပြီး အခြားလူတွေကို အနိုင်ကျင့်လေ့မရှိဘူး။
ဒီလိုဗဟုသုတရှိပြီး အမြော်အမြင်ရှိသည့်မိသားစုကို လော့တကျောင်ကလည်း အကူအညီပေးဖို့ ဝန်မလေးပါ။ ဒီတစ်ကြိမ်မှာတော့ ထိုမိသားစုခေါင်းဆောင်၏သမီးဖြစ်သူဟာ လက်ထပ်တော့မှာဖြစ်ပြီး သတို့သား၏မိသားစုက အလယ်အလတ်မိသားစုကဖြစ်ကာ ရွှေအမြုတေကျင့်ကြံသူသုံးယောက်တောင် ရှိထားကြသည်။ မိသားစုနှစ်စုနှိုင်းယှဉ်လိုက်ရင် သတို့သမီး၏မိသားစုက အနည်းငယ်အင်အားနည်းလှသည်။
#TK