Chapter 85
Viewers 23k

Chapter 85


ဖန့်ထျန်းရွေ့ ဒီလိုသောက်နေတာမြင်ရတော့ ကျန်ရင်းအကူအညီမဲ့စွာ အလွန်စိတ်ပူသွားရသည်။ သူမစိုးရိမ်တယ်ဆိုတာတော့ သူမဝန်ခံသည်။ သူမနဲ့ဖန့်ထျန်းရွေ့ကြားမှာ ဘာမှမရှိထားပေမယ့် သူမူးနေရင်း သူပြောချင်ရာတွေ အားလုံးကိုပြောလိုက်ပါက ပြဿနာတတ်သွားနိုင်သည်။


ရက်အနည်းငယ်လောက်နေတာနဲ့ သူမကဖန့်ထျန်းယွင်နဲ့ လက်ထပ်တော့မှာဖြစ်သည်။ အကယ်၍ သူမနဲ့ဖန့်မိသားစုကညီအကိုတွေကြားမှာ မရှင်းလင်းတာတွေရှိနေသေးပါက အကြောင်းအရာကို နောက်ဆုံး၌ ဖြေရှင်းပြီးသွားရင်တောင် ဝူတျီမြို့တစ်ခုလုံးမှာ သူမကဟာတိုက်စရာဖြစ်လာလိမ့်မည်။


"ထျန်းယွင် ငါတွေးမိတာကတော့လေ မင်းရဲ့ဝမ်းကွဲအကိုက အရမ်းမူးနေပြီဆိုတော့ သူ့ကိုအရင်ဆုံး ပြန်ပို့လိုက်ပါလား" ကျန်ရင်းစိတ်ပူနေ၏။


ဖန့်မိသားစု၏အ‌နာဂတ် အမွေဆက်ခံမယ့်သူက ဒီလိုသောက်နေတာကို အပြင်လူတွေမြင်သွားမှာ ဖန့်ထျန်းယွင်မလိုချင်ပေ။ သူကအမြန် အစေခံနှစ်ယောက်ကို ခေါ်လိုက်ပြီး ဖန့်ထျန်းရွေ့ကို ပြန်ပို့လိုက်သည်။


ဖန့်ထျန်းရွေ့ကို အိမ်ပြန်ပို့ပြီးနောက် သူ၏ဝမ်းကွဲအကို အိမ်ပျော်နေတာကို ကြည့်လိုက်ရင်း ဖန့်ထျန်းယွင် အကူအညီမဲ့စွာ သူခေါင်းကိုက်လာတော့သည်။ သူ့ရဲ့ဦးလေးဖြစ်သူသာ ဒီကိစ္စကိုသိသွားပါက သူ့ဝမ်းကွဲအကိုအတွက် လာမည့်နေ့ရက်တွေက ကောင်းမွန်လိမ့်မည်မဟုတ်ဘူး။


"ရင်းအာ ဒါဘယ်လိုဖြစ်ရတာလဲဆိုတာ မင်းသိလား?" ဖန့်ထျန်းယွင် အရက်မူးနေသည့် ဖန့်ထျန်းရွေ့ကို ညွှန်ပြကာ ‌မေးလိုက်သည်။


ကျန်ရင်း သူမ၏ခေါင်းကို ဖြေးညင်းစွာခါလိုက်သည်။ ဖန့်ထျန်းရွေ့နဲ့ ဖန့်ထျန်းယွင်ဟာ တစ်ဝမ်းကွဲညီအကိုတော်ကြပေမယ့် သူတို့တွေ၏အကျင့်စရိုက်တွေက တကယ့်ကိုကွဲပြားလွန်းလှသည်။ ဖန့်ထျန်းရွေ့လို့ ပြုံးတာသဘောမကျသည့်လူထက်စာရင် ဖန့်ထျန်းယွင်လို ပျော်ပျော်နေတတ်သည့်လူကို ကျန်ရင်းပိုသဘောကျသည်။ 


ဖန့်ထျန်းရွေ့၏ပုံစံက တကယ့်ကို သစ္စာဖောက်ခံနေရတဲ့ပုံပေါက်နေပြီး သူကဘာလို့ ဒီလိုလိမ်ညာပြီး မေးရတာလဲဆိုတာ သူမ,မတွေးတတ်တော့ဘူး။


အဲ့လိုမျိုးတကယ်ဖြစ်ခဲ့ပါက…


ကျန်ရင်းရင်ထဲ ရုတ်တရက် တုန်လှုပ်သွားသည်။ သူမခေါင်းကိုငုံ့လိုက်ကာ အထိတ်တလန့်ဖြစ်နေသည့် သူမ၏မျက်လုံးတွေကို ဖုံးကွယ်လိုက်သည်။ ကံကောင်းစွာ ဖန့်ထျန်းယွင်က ဖန့်ထျန်းရွေ့ကို ရေတိုက်နေတာတဲ့ အလုပ်ရှုပ်တာကြောင့် သူနဲ့စေ့စပ်ထားသည့်အမျိုးသမီး၏ မူမမှန်သည့် အပြုအမူကို သတိမထားမိလိုက်ပေ။


ဖန့်ထျန်းယွင်ကို မြန်မြန်နှုတ်ဆက်ပြီးနောက် ကျန်ရင်းအိမ်သို့ ခပ်မြန်မြန်ပြန်လာတော့သည်။ သူမကအနည်းငယ် စိတ်ပူနေသေးတာကြောင့် ညီမတချို့က သူမကိုနှုတ်ဆက်တာတောင် သတိမထားမိလိုက်တော့ဘူး။


"ဟမ် သူမဘာလို့ဒီလောက်ထိပျော်နေရတာလဲ? သူမက ဖန့်မိသားစုက ဒုတိယသခင်လေးနဲ့ အဆက်အသွယ်ရှိရုံကလွဲရင် ဘာမှမပိုပါဘူး!" အဝါရောင်ဝတ်စုံနဲ့ ကောင်မလေးက တံခါးဝကနေ ပျောက်ကွယ်သွားသည့် ကျန်ရင်း၏နောက်ကျောကို ကြည့်ကာ ဒေါသထွက်စွာပြောလိုက်သည်။


အပန်းရောင်ဝတ်စုံနဲ့ ကောင်မလေးက သူမ၏အနောက်၌ရပ်နေကာ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး

"တော်လောက်ပြီ ဆက်မပြောနဲ့တော့"


သူမ၏စကားကို သဘောမတူဘူးဆိုသည့်ပုံစံဖြင့် အဝါရောင်ဝတ်စုံနဲ့ ကောင်မလေးက နှုတ်ခမ်းစူလိုက်သည်။ သူမအဖေက လက်ရှိခေါင်းဆောင်၏ညီဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအဆင့်က ချီစွမ်းအင်စုဆောင်းမှုအဆင့်ထိသာ ရောက်ရှိနေသေးသည်။ သူမ၏အဖိုးဖြစ်သူက ခေါင်းဆောင်နေရာကို သူမအဖေအား ပေးဖို့ရည်ရွယ်ထားပေမယ့် သူမဦးလေးဖြစ်သူက လုယူသွားတာလို့ သူမအဖေကပြောဖူးသည်။ ဒါကြောင့် ခေါင်းဆောင်နေရာကိုသာ သူမအဖေပြန်ရသွားပါက ကျန်မိသားစုမှာ သူမကအချစ်ခံရဆုံးဖြစ်လိမ့်မယ်လို့ အဝါရောင်ဝတ်စုံနဲ့ကောင်မလေးက ခံစားနေရသည်! သူမသာခေါင်းဆောင်၏သမီးဖြစ်နေပါက ဖန့်ထျန်းယွင်က သူမထက်ပုံပန်းသွင်အားလုံးနိမ့်ကျသည့် ကျန်ရင်းကိုရွေးမယ့်အစား သူမကိုသာရွေးလိမ့်မည်!


အဝါရောင်ဝတ်စုံနဲ့ကောင်မလေးဟာ ခါးသီးစွာတွေးတောနေပေမယ့် ဘာအမူအရာမှမပြဘူး။ ကျန်ထျန်းရှင်က ကျန်မိသားစုတစ်ခုလုံးကို ထိန်းချုပ်ထားတာကြောင့် သူမအဖေဖြစ်သူက သူ၏အတွေးတွေကို သူ၏သမီးဖြစ်သူကိုသာ ပြောပြနိုင်သည်။


အဝါရောင်အဝတ်စုံနဲ့ ကောင်မလေးက ကျန်မိသားစု၏ပုံစံကို ကောင်းမွန်စွာ နားလည်သည်။ သူမကမကျေနပ်ဖြစ်နေပေမယ့်လည်း သိသာစွာ မထုတ်ဖော်ပြပေ။ တစ်ခုတည်းသောအရာက…ကျန်ရင်းဟာ ရက်အနည်းငယ်လောက်နေတာနဲ့ ချောမောတဲ့ဖန့်ထျန်းယွင်နဲ့ လက်ထပ်တော့မယ်ဆိုတာ သူမသဘောပေါက်ပေမယ့် သူမ၏အမုန်းတရားတွေကို ပျောက်ကွယ်အောင် မလုပ်နိုင်ဘူး။


"သွားကြစို့ မင်းဒီနေ့အတွက် အိမ်စာတွေမလုပ်ရသေးဘူးမလား?" အပန်းရောင်ဝတ်စုံနဲ့ ကောင်မလေးက အဝါရောင်ဝတ်စုံနဲ့ ကောင်မလေးဟာ ကျန်ရင်းကို မနာလိုနေမှန်းသိသည်။ ပြောရရင် ကျန်မိသားစု၏နောက်မျိုးဆက်တွေကို လူအများစုကလည်း မနာလိုကြသည်။


ဝူတျီမြို့၌ ကျန်မိသားစုက ကျန်ရင်းဟာ ဖန့်ထျန်းယွင်နဲ့ လက်ထပ်ချင်ရတာက ထျန်းယွီဂိုဏ်းနဲ့ နီးစပ်ချင်လို့ဆိုသည့် ကောလဟာလတွေထွက်နေပေမယ့် ခေါင်းဆောင်အချစ်ဆုံးသူဟာ ကျန်ရင်းမှန်း အဝါရောင်ဝတ်စုံနဲ့ ကောင်မလေးက သေချာသိသည်။ အကယ်၍ ကျန်ရင်းသာ ဖန့်ထျန်းယွင်ကို သဘောမကျပါက ခေါင်းဆောင်ကလည်း ဒီလက်ထပ်ပွဲကို ပြုလုပ်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး။


အပန်းရောင်ဝတ်စုံနဲ့ ကောင်မလေးက သူမအရှေ့မှာ သူမအဖေ၏အပြုအမူတွေကို ပြန်လည်တွေးတောလိုက်ကာ အနည်းငယ် သက်ပြင်းချလိုက်သည်။


အရမ်းကံကောင်းလှသည့် ကျန်ရင်းကို ဘယ်သူကရော မနာလိုမဖြစ်ဘဲနေကြမှာလဲ?


အဝါရောင်ဝတ်စုံနဲ့ကောင်မလေးလို့ မမုန်းပေမယ့် ကျန်ရင်းကို အပန်းရောင်ဝတ်စုံနဲ့ကောင်မလေးက စိတ်အနှောင့်အယှက်ဖြစ်မိသည်။ သူမ ဖန့်မိသားစုကနေ ထွက်လာပြီးနောက် ခက်ခဲစွာ အာရုံစူးစိုက်နေရသည်။


ဖန့်ထျန်းရွေ့၏အပြုအမူက သူမကိုထိန်လန့်စေပေမယ့် သူမ၏မရေရာသည့် ကြောက်လန့်တကြားအတွေးတွေက သူမကိုပိုပြီးစိတ်အနှောင့်အယှက်ဖြစ်သွားစေသည်။


သူမအဆောင်ကိုရောက်လာပြီးနောက် အစေခံအားလုံးကို ထွက်သွားရန်ပြောလိုက်ကာ သူမ၏အနီးကပ်ဆုံး အစေခံချီလန်နဲ့သာ ထွက်လာခဲ့သည်။ သူမ ချီလျန်နဲ့အတူ အနောက်ဖေးဥယျာဉ်ဆီသို့ ထွက်လာခဲ့သည်။ ဂရုတစိုက်ခြေလှမ်းတွေနဲ့ သူမဟာကျောက်ပုံဥယျာဉ်နားသို့ လျှောက်သွားသည်။


ဒီကျောက်ပုံဥယျာဉ်ကို ထူးဆန်းသော ကျောက်တုံးကြီးငါးခုဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ဒီကျောက်တုံးကြီးတွေ၏ထောင့်နားတွေဟာ အလွန်ကိုဆန်းပြားရှုပ်ထွေးလှပြီး ထိုကျောက်ပုံ၏အတွင်း၌ လူတစ်ရပ်စာလောက်မြင့်သည်။


အဲ့ဒီဝင်ပေါက်၌ စိတ်ကိုလှည့်စားစေသည့် အခင်းအကျင်းကို ဖုံးကွယ်ထားပြီး ကျန်ရင်းလို ထူးဆန်းသည့် ခြေလှမ်းမျိုးလှမ်းနိုင်သည့်သူမှသာ ဝင်ပေါက်ကိုတွေ့ရလိမ့်မည်။


ကျန်ရင်းက ချီလန်ကို အပြင်၌သာနေခိုင်းထားပြီး သူမကဝင်ပေါက်ထဲသို့ လျင်မြန်စွာဝင်သွားသည်။ ဒီလိုဏ်ဂူကို ကျောက်ပုံတွေနဲ့တည်ဆောက်ထားတာဖြစ်ပြီး အရမ်းကြီးမနက်ပေ။ ကျန်ရင်းက လိုဏ်ဂူ၏အောက်ခြေဘက်သို့ လျှောက်သွားကာ နံရံကို သူမထိလိုက်သည်။


အလွန်တိတ်ဆိတ်စွာဖြင့် အောက်ဘက်ကို နိမ့်ဆင်းနေသည့် အပေါက်ပေါ်လာပြီး ကျန်ရင်းဆီကနေ နှစ်လှမ်းလောက်သာကွာဝေးသည်။ ကျန်ရင်းထိုအပေါက်ကိုကြည့်ကာ သက်ပြင်းချလိုက်ရင်း ထိုအထဲသို့ ခုန်ချလိုက်သည်။


ဝင်ပေါက်၏အောက်ခြေသို့ရောက်သွားပြီနောက် ကျန်ရင်းထပ်မှန်လမ်းလျှောက်ပြန်သည်။ ခဏလောက်လမ်းလျှောက်ပြီးနောက် သူမအရှေ့က တံခါးကိုမြင်လိုက်သည်။


သူမတံခါးကို ဖြေးညင်းစွာတွန်းလိုက်ပြီး လှပသည့်သဘာဝရှုခင်းကို မြင်လိုက်ရသည်။


ချောမောလှသည့်ယောင်္ကျားလေးတစ်ယောက်ဟာ ကုတင်တစ်ဖက်၌ လဲလျောင်းနေရင်း သူ၏လက်ထဲ၌ စာအုပ်တစ်အုပ်ကိုကိုင်ထားကာ အာရုံစူးစိုက်စွာ ဖတ်နေသည်။ နေရောင်ဟာ ပြတင်းပေါက်ကိုဖြတ်ကာ သူ့ဆီသို့ကျိုးတိုးကျဲတဲလေးကျနေတာကြောင့် သူ၏ကိုယ်ပေါ်၌ ရွှေရောင်ဝတ်ရုံ တင်ထားသလိုနဲ့တူနေသည်။


တံခါးပွင့်သွားသည့်အခါ ချောမောသည့်ယောင်္ကျားလေးဟာ စာဖတ်နေရင်း အသံပြုလိုက်သည်။ သူကကျန်ရင်းကို မြင်လိုက်သည့်အချိန်၌ နူးညံ့သည့် အပြုံးမျိုးပြုံးလိုက်ကာ

"ရင်းအာ မင်းနောက်ဆုံးတော့ ရောက်လာပြီပေါ့"


"အကို…" ကျန်ရင်း သူမအောက်နှုတ်ခမ်းကို အနည်းငယ်ကိုက်လိုက်၏။ 


"မတွေ့တာတောင်အတော်ကြာပြီပဲ" ချောမောသည့်ယောင်္ကျားလေးဟာ အပြုံးလေးဖြင့်ပြောလိုက်သည်။


အကယ်၍ တစုံတယောက်သာ အဲ့ဒီအချိန်၌ ဝင်ရောက်လာခဲ့ပါက ထိုသူဟာအရမ်းကိုထိတ်လန့်သွားလိမ့်မည်။ ဘာလို့လည်းဆိုတော့ ဒီချောမောသည့်ယောင်္ကျားလေး၏ရုပ်ရည်ဟာ ကျန်ရင်းနဲ့တစ်ပုံစံတည်းဖြစ်နေလို့ပင်ဖြစ်သည်။ 


ကျန်ရင်းက ကျန်ထျန်းရှင်၏တစ်ဦးတည်းသောသမီးဖြစ်သည်။ အဲ့ဒီအကြောင်းဟာ ဝူတျီမြို့တစ်ခုလုံး သိထားကြသည့်အကြောင်းဖြစ်သည်။ ဒါပေမယ့် ကျန်ရင်းအရှေ့က ယောင်္ကျားလေး၏တည်ရှိမှုကို လူအနည်းငယ်လောက်သာ သိထားကြပြီး ထိုယောင်္ကျားလေးဟာ သူမနဲ့သိသိသာသာကို တော်စပ်မှုရှိနေသည်။


သူပြောလိုက်သည့်'နောက်ဆုံးတော့ မင်းရောက်လာပြီပေါ့'ဆိုသည့်စကားကို ကြားလိုက်ပြီး ကျန်ရင်းအပြစ်ရှိသလို ခံစားသွားရသည်။ ဖန့်ထျန်းယွင်နဲ့သိပြီးနောက် သူမဟာ သူမအကိုဆီ အရင်တုန်းကလို လာမတွေ့တော့ပေ။ ဒါပေမယ့် သူမရဲ့အနာဂတ် ခင်ပွန်းလောင်းနဲ့ လက်ထပ်ရဖို့က ပိုအရေးကြီးတာကြောင့် သူမလည်းဘာမှမတတ်နိုင်ဘူး။ ဒီလောက်ကြောက်ရသည့်အကို,ကို ဘာလို့များ သူမမြင်ချင်နေရတာလဲ?


ဟုတ်ပါတယ် သူမ သူ့ကိုကြောက်သည်။


ကျန်ရင်းမပြောပြနိုင်လောက်အောင် သူမအကို,ကို ကြောက်နေရတာက သူမအကိုဟာ နတ်ဆိုးခန္ဓာကိုယ်ဖြင့် မွေးဖွားလာလို့ပင်ဖြစ်သည်။


နတ်ဆိုးခန္ဓာကိုယ်ဟာ မိစ္ဆာကျင့်ကြံသူတွေ လိုချင်တောင့်တသည့်အရာပင်ဖြစ်သည်။ ဒီလိုခန္ဓာကိုယ်မျိုးနဲ့ ဘယ်လိုမိစ္ဆာကျင့်စဉ်မျိုးပဲ ကျင့်ကြံပါက လျင်မြန်စွာတတ်မြောက်လွယ်သည်။ သူတို့တွေဟာ ပထမဆုံးမိစ္ဆာဘုရင်၏‌မျိုးဆက်တွေဖြစ်လာဖို့ ကံပါလာခြင်းဖြစ်သည်။


『TK: သူတို့နှစ်ယောက်ဟာ အမွှာမောင်နှမတွေဖြစ်ပြီး နာမည်အသံထွက်ကလည်းတူပါတယ်၊ 

မိန်းကလေးကျန်ရင်းနာမည်- 蔣英/Jiǎng yīng 

ယောင်္ကျားလေးကျန်ရင်းနာမည်- 蔣鷹/Jiǎng yīng

ဒါကြောင့် တရုတ်စာလုံးပဲကွာပြီး အသံထွက်တွေတူတာကြောင့် ယောင်္ကျားလေးကျန်ရင်းကို ကျန်ရင်း(က)နဲ့ရေးပေးပြီး မိန်းကလေးကျန်ရင်းကို ကျန်ရင်း(မ)နဲ့ရေးပေးပါ့မယ်နော်』


ကျန်ထျန်းရှင် ကျန်ရင်း(က)ကို ဝှက်ထားခဲ့တာက သူ့ကိုကာကွယ်ပေးချင်လို့ပင်ဖြစ်သည်။ ကျင့်ကြံသူတွေသာ ဒီလိုကျင့်ကြံသူကို အမှတ်မထင်တွေ့ရှိပါက သူတို့စိတ်ထဲမှာ ပထမဆုံးတွေးမိမည်က ထိုသူတွေကိုသတ်ဖို့ပင်ဖြစ်လိမ့်မည်။


ကျန်ထျန်းရှင်က နားလည်ရခက်သည့် အကြောင်းကြောင့် သူ့သားဖြစ်သူ အသတ်ခံရမှာကို စိုးရိမ်ပေမယ့် သူမမျှော်လင့်ထားခဲ့မိတာက ကျန်ရင်း(က)ဟာတဖြည်းဖြည်း ကြီးပြင်းလာရင်း သူ၏ခန္ဓာကိုယ်ဟာ ကြောက်စရာကောင်းအောင် ပြောင်းလဲသွားသည်။


ကျန်ရင်း(က)ဟာ ဒီကြောက်စရာကောင်းသည့် ပြောင်းလဲမှုကို ကြုံရပြီးနောက် ကျန်ထျန်းရှင်ဟာ ချက်ချင်းအကျဉ်းချလိုက်တော့သည်။ မူလအစကကာကွယ်ပေးမှုတွေဟာ အကျဉ်းချသည့်ပုံစံအဖြစ်သို့ ပြောင်းသွားပြီး ကျန်ရင်း(က)ဟာ သူ၏လှုပ်ရှားမှုတွေအားလုံးကို ချုပ်နှောင်ခံထားရကာ ကျန်မိသားစု၏လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံထားရတော့သည်။


ကျန်ရင်း(မ)ဟာ သူမအကိုနဲ့တွေ့လိုက်တိုင်း စိတ်ကသိကအောက်ဖြစ်မိသည်။ ကျန်ရင်း(က)က သူမကို ဘယ်လောက်ပဲ နူးညံ့စွာပြောဆိုနေပါစေ၊ သူ၏အမူအရာတွေက ဘယ်လောက်ပဲ သိမ့်မွေ့နေပါစေ ကျန်ရင်း(မ)ဟာ သူမ၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို အမြဲတမ်းခံစားနေရသည်။


ကျန်ရင်း(မ) သက်ပြင်းရှည်ချလိုက်ရင်း သူမအကို၏ခြေချင်းဝတ်၌ တပ်ဆင်ထားသည့် အမဲရောင်သံကြိုးဆီသို့ အကြည့်ရောက်သွားသည်။ ထိုသံကြိုးကသိပ်ပြီး မထူပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော်က အဆင့်မြင့်သည့်သံဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို မရောက်ရှိသေးသည့် ဘယ်သူမဆို ဒီသံကြိုးကို ဖြတ်လို့ရမှာမဟုတ်ဘူး။


သူမကသူမအကိုနဲ့အတူ ဖန့်ထျန်းရွေ့ သူမအားပြောသည့်စကားတွေကို ပြန်ပြောပြလိုက်သည်။ ဒါပေမယ့် ကျန်ရင်း(က)ကတော့ ဖန့်ထျန်းရွေ့ဆိုသည့် နာမည်ကို မရင်းနှီးသလို သူကဘာတုံ့ပြန်မှုမှလည်းမရှိဘူး။


ဘာမှမရှာတွေ့တာနဲ့ ကျန်ရင်း(မ)လည်း ခဏနဲ့ထွက်သွားတော့သည်။ သူမလေ့လာကြည့်သလောက်ကတော့ သူမအကိုဟာ ဖန့်ထျန်းရွေ့ကို မသိဘူးဆိုတော့ သူမအကိုကလည်း ဖန့်ထျန်းရွေ့နဲ့ ဘာပတ်သက်မှုမှ ရှိလိမ့်မည်မဟုတ်ပေ။ သူမစိတ်သက်သာရာရသွားပေမယ့် ဖန့်ထျန်းရွေ့နဲ့ ဒီပြဿနာကို သူမပြန်ဖြေရှင်းဦးမယ်ဆိုတာသိသည်။ ဖန့်ထျန်းရွေ့နဲ့ပတ်သက်ပြီး ဖန့်ထျန်းယွင်ကို သူမသတိပေးရမည်။ သူတို့တွေကို တစုံတယောက်က ကြားဝင်မဖျက်နိုင်ဘူးလို့ ဘယ်သူကသေချာသိနိုင်မှာလဲ?


ဖန့်မိသားစုနဲ့ကျန်မိသားစုက လက်ထပ်ပွဲဟာ စုံတွဲတွေကို ကိုယ်စားပြုရုံသာမက မိသားစုနှစ်ခုကိုပါ ကိုယ်စားပြုသည်။ အခြားမိသားစုတွေအတွက် လက်ထပ်တယ်ဆိုတာက သိပ်ပြီးကြီးကျယ်သည့် ကိစ္စမျိုးမဟုတ်ပေ။ အကယ်၍ ဘယ်သူမဆို သူမကို တစုံတယောက်က ပြဿနာဖြစ်အောင် ဖန်တီးနေတယ်လို့ လာပြောပါက ကျန်ရင်းသေချာပေါက် ယုံမိလိမ့်မည်။


ကျန်ရင်း(မ)ထွက်သွားပြီးမကြာခင် ကျန်ရင်း(က)၏မျက်နှာပေါ်က နူးညံ့သည့်အပြုံးဟာ ရုတ်တရက်ပျောက်ကွယ်သွားပြီး မျက်နှာအမူအရာပြောင်းသွားသည်။ သူ၏ရည်မွန်သည့် စိတ်နေသဘောထားဟာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ လူကတော့တစ်ယောက်တည်းဖြစ်နေပေမယ့် လက်ရှိလူ၏ပုံစံက နတ်ဆိုးနဲ့တူလှပေသည်။


"မင်းရဲ့ကောင်းလှပါတယ်ဆိုတဲ့ညီမက ငတုံးတော့မဟုတ်ဘူးပဲ သူမကတွေးမိတာနဲ့ မင်းဆီကိုလာတော့တာပဲ" နတ်ဆိုးကျန်ရင်း(က)က ပြုံးကာ‌ပြောလိုက်သည်။


ချက်ချင်း ကျန်ရင်း(က)၏မျက်နှာအမူအရာ ပြောင်းသွားပြီး သူကချောမောပြီး ရည်မွန်သည့် ကျန်ရင်း(က)အဖြစ်သို့ ပြန်ပြောင်းသွားကာ

"သူမက မင်းရဲ့ညီမလည်း ဟုတ်တယ်လေ ပြီးတော့ ငါတို့တွေက ဒီလောက်ရုပ်တူနေတာ သူမဒီကိုလာရှာတာ ဘာထူးဆန်းလို့လဲ?"


နူးညံ့သည့်ကျန်ရင်း(က)ဟာ နတ်ဆိုးကျန်ရင်း(က)ပြန်ဖြစ်သွားပြန်သည်။ သူ၏နှုတ်ခမ်းက ကော့တက်နေပေမယ့် သူ၏မျက်လုံးတွေထဲမှာတော့ ဘာမှပျော်ရွှင်မှုမှ ရှိမနေဘူး။

"ငါ့ညီမ? ဟား ဟား လာမနောက်နေနဲ့ သူတို့တွေက ငါ့ကိုသတ်ပြီး ငါ့ရဲ့အလောင်းကိုဖျက်ဆီးပစ်ချင်နေပေမယ့် သူတို့တွေက မင်းကိုတော့ဘာမှလုပ်မှာမဟုတ်ဘူး"


နူးညံ့သည့်ကျန်ရင်း(က)ဟာ မျက်မှောင်ကြုတ်ကာ

"မင်းဘာတွေအဓိပ္ပါယ်မရှိတာ ပြောနေတာလဲ? ငါကလည်းမင်း၊ မင်းကလည်းငါပဲ ငါဒီအကြောင်းအရာကို ထပ်ခါတလဲလဲ မင်းကိုပြန်ပြောနေရဦးမှာလား?"


နတ်ဆိုးကျန်ရင်း(က)က အေးစက်စက်ပြုံးကာ ဘာမှထပ်ပြောမလာတော့ပေ။


နူးညံ့သည့်ကျန်ရင်း(က)က စားပွဲကိုညင်သာစွာ ခေါက်လိုက်ရင်း

"ရင်းအာရဲ့လက်ထပ်ပွဲကာ မကြာခင်လာတော့မှာ ဖန့်ထျန်းရွေ့အတွက်…မင်းဘာတွေ…သူ့အတွက်ဘယ်လို အစီအစဉ်ဆွဲထားလဲ?"


နတ်ဆိုးကျန်ရင်း(က)၏အမူအရာဟာ ရုတ်တရက် အေးခဲသွားပြီး သူနှာမှုတ်လိုက်ကာ

"ဘာလုပ်ရမှာလဲ? ငါသူ့ကိုလိုချင်နေသေးသ၍ ငါဘာမဆိုလုပ်မှာပေါ့! သူကဒီအတိုင်း…အချိန်တန်ရင် သတ်ဖို့ပစ္စည်းတစ်ခုပါပဲ"


နူးညံသည့်ကျန်ရင်း(က)မျက်မှောင်ကြုတ်သွားကာ

"မင်းကအဲ့လိုတွေးတယ်ပေါ့? အချိန်တန်ရင်…သတ်ဖို့ပစ္စည်းတစ်ခုပေါ့?"


နတ်ဆိုးကျန်ရင်း(က)က ထပ်ပြီးစိုက်ကြည့်လိုက်ကာ မလျော့တမ်းပြောလိုက်သည်။

"သေချာတာပေါ့"


"ကောင်းပြီ! ငါအရင်တုန်းကပြောဖူးသလို ငါတို့တွေက တစ်ယောက်တည်းနော်! မင်းဘာတွေးနေလဲ ငါမသိဘူးလို့များ မင်းထင်နေလား?" နူးညံ့သည့်ကျန်ရင်း(က)ဟာ မကျေမနပ်ဖြစ်စွာ စားပွဲခုံကိုထုချလိုက်သည်။


နတ်ဆိုးကျန်ရင်း(က)ဟာ ချက်ချင်းမှင်တက်သွားပြီး ခဏလောက်ကြာတော့ သူကဒေါသထွက်စွာ

"အဲ့ကောင်ဘာလို့များ ဒီလောက်အထိတုံးရတာလဲ? သူကငါနဲ့အချိန်အကြာကြီးရှိနေခဲ့တာတောင် ငါကယောင်္ကျားလေးဆိုတာ သူလုံးဝမသိဘူးလေ!"


『TK: ကျန်ရင်း(က)ရဲ့ကြောက်စရာကောင်းတဲ့ပြောင်းလဲမှုဟာ နတ်ဆိုးကျင်ရင်း(က)ပေါ်လာခြင်းဖြစ်ပါတယ်၊ တစ်ကိုယ်နှစ်စိတ်ပါနော်၊ နောက်တစ်ခါ ရည်စားထားမယ်ဆိုရင်လေ 'ကျား'လား 'မ'လားသေချာခွဲပြီးမှ ကြိုက်ကြပါနော်၊ အခုတော့ ဖန့်ထျန်းရွေ့ဆိုတဲ့တစ်ယောက် မိန်းမထင်ပြီးကြိုက်လိုက်တာ ယောင်္ကျားလေးဖြစ်နေရုံတင်မကဘူး ဟိုကတစ်ကိုယ်နှစ်စိတ်နဲ့ ဖန့်ထျန်းရွေ့ဟာ မိန်းမထင်ပြီးစားဖို့ချိန်လိုက်ပေမယ့် စားခံရမယ့်ထျန်းရွေ့လေးအတွက် so sadಥ‿ಥ 』


Side Couple: ကျန်ရင်း(က)၊ဖန့်ထျန်းရွေ့


#TK