အပိုင်း ၁၀၈
Viewers 29k

Chapter 108


“ဒါပေမယ့်… မာမားက ခုတလော စိတ်အခြေအနေမကောင်းတော့… ရှောင်ရှင်းက ကြိုပေးတာ”


ရှောင်ရှင်းချန်၏ ကြီးမားဝိုင်းစက်သည့် မျက်လုံးများသည် စိုးရိမ်စိတ်များ ပြည့်နေသည်။ ဇာတ်လိုက်မ၏ မိသားစုကြောင့် စိတ်တိုနေရသည့် ရှအန်း၏ ဒေါသများ တမဟုတ်ချင်း ပျောက်ကွယ်သွားသည်။ 


“မာမားက မကြိုက်ဘူးလားဟင်...”


ရှအန်းက ဘာမှမပြောဘဲ သူ့ကိုသာ ကြည့်နေသောကြောင့် ကလေးက စိတ်ပူသွားသည်။


“မဟုတ်ပါဘူး... မာမား ကြိုက်ပါတယ်...”


ရှအန်းက ကလေးကို ငုံ့ကာ ဖက်လိုက်ပြီး ခေါင်းလေးကို ပွတ်လိုက်သည်။


“ရှောင်ရှင်းရဲ့ လက်ဆောင်ကို မာမား တကယ်ကြိုက်တယ်... တကယ်ပြောတာ.. ”


ရှအန်းက ထိုကျောက်စိမ်းလည်ဆွဲကို စိတ်မဝင်စားပေ။ သူမသားလေး၏ ချစ်ခြင်းမေတ္တာကိုသာ အလေးထားသည်။


ကလေးက ထိုလည်ဆွဲကို ဘယ်လိုပဲ ရလာလာ၊ ဘာတွေပဲ လျှို့ဝှက်ထား၊ ကလေးက သူမကို စိတ်ရင်းအမှန်နှင့် ဆက်ဆံနေသ၍ အဆင်ပြေသည်။


ကလေးမျက်ဝန်းမှ ပူပန်မှုများ ကင်းစင်သွားပြီး သူ့မျက်နှာတွင် တောက်ပသည့်အပြုံးတစ်ပွင့် ပေါ်လာသည်။


“မာမား… စိတ်များဆိုးသွားပြီလားလို့ သားက စိုးရိမ်သွားတာ....” 

အကောင်ပေါက်လေးက ရှအန်းလည်ပင်းကို ဖက်ရင်း ရေရွတ်သည်။


လည်ဆွဲကို ဝယ်ရန် တစ်ယောက်ယောက်ကို သူက အကူအညီတောင်းခဲ့သည်။ အမှန်တွင် သူ့အကြောင်းနှင့်သူ ရှိသည်။


သူ့အတွေးထဲတွင် လူတစ်ယောက်က ထိုလည်ဆွဲကိုဝယ်ရန် သူ့ကို အမြဲတစေ သတိပေးနေသည်။ နောက်တော့ သူ့နတ်သမီးမေမေက ဆိုင်ကိုပြန်သွားပြီး သူဝယ်ပြီးသားလည်ဆွဲကို ဝယ်သဖြင့် သူ့မှာ ဇဝေဇဝါဖြစ်သွားသည်။


သို့ရာတွင် သူမကို ထိုအကြောင်းပြောဖို့ အချိန်ကောင်းမတွေ့ခဲ့။


ပထမတစ်ချက်မှာ သူ့စိတ်ထဲကလူ ပြောသည့်အရာကို သူက ကြောက်ရွံ့နေခဲ့သည်။


ဒုတိယအနေနှင့် သူ့နတ်သမီးမေမေကို… ဆုံးရှုံးရမှာ… သူစိုးထိတ်နေခဲ့သည်။


“မာမားက ဘာလို့ စိတ်ဆိုးရမှာလဲ အရူးလေးရဲ့..."


ကလေး၏ခေါင်းကို ရှအန်းက ပုတ်လိုက်သည်။ သူ့ကို ကျောင်းပို့ဖို့ကိစ္စကို သူမ တွေးနေလေပြီ။


အမှန်အတိုင်းပြောရလျှင် ပြဿနာတွေအကြီးအကျယ် တက်နေတာတောင် သူမကို ဒုက္ခမပေးနိုင်ခဲ့။ သူမက ဂရုမစိုက်သောကြောင့် ဖြစ်သည်။


သို့သော် ယခု ထိုပြဿနာက သူမသားအပေါ် သက်ရောက်လာသည်။ နာမည်ကြီးတစ်ယောက်၏ သားဖြစ်သည့်အတွက် သူကလည်း နာမည်ကြီးပေါက်စပင် ဖြစ်သည်။


အလိုလိုမှ အာရုံစိုက်ခံနေရသည့်အထဲ။


ယခုမူ… ကလေးအတွက် ကျောင်းရှာရသည်မှာ ခက်ခဲသွားလေပြီ။


သူမ ပထမရွေးထားသည့် နိုင်ငံတကာကျောင်းသည် အသင့်တော်ဆုံးဖြစ်သည်။


ကျောင်းတွင် တရုတ်ကျောင်းသား များများစားစားမရှိ။ ထို့ကြောင့် ထိုကျောင်းတွင် သူ တက်ခဲ့ပါက သူမ မီဒီယာပေါ်တွင် နာမည်ဖျက်ခံရသည့်တိုင် ကလေးမှာ သက်ရောက်မှု ရှိမည်မဟုတ်။ ကျောင်းသားအများစုသည် နိုင်ငံခြားသားများ ဖြစ်သည့်အတွက် ပြဿနာမရှိ။


လူတိုင်းက ကလေးကို သာမန်လူတစ်ယောက်လိုသာ ဆက်ဆံမည်ဖြစ်သည်။


ပြဿနာမှာ ဇာတ်လိုက်မ၏ မိသားစုပါ ဝင်ပါလာသောကြောင့် ဖြစ်သည်။ သူမ အရမ်းလိုချင်နေသည့် ကျောင်းဝင်ခွင့်မှာ လေထဲပျံသွားပြီ။


၎င်းသည် ပိုကောင်းသည့်ကျောင်းကို ရှာရန်မခက်သည့် ဇာတ်လိုက်မလက်ထဲသို့ ရောက်သွားသည်။ 


ရှအန်း ဆွေ့ဆွေ့ခုန်သွားသည်။


ဖုရှန်းဆိုသည့် အမှိုက်နှင့် တွေ့ခဲ့သည်ကို သူမ နောင်တရမိသည်။


မေ့လိုက်တော့..


ရှအန်းက ပိုမို ဒေါသထွက်လာသည်။ 


လက်ထဲက စန်းယုံကျောက်စိမ်းလည်ဆွဲကို ကြည့်လိုက်သည်။ 


အခု အမေရော သားပါ ဇာတ်လိုက်မရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီဆိုတော့ သူမရဲ့ လိမ်လည်မှုကို ဘယ်လိုလုပ်ရမလဲ။


လူလိမ်ဇာတ်လိုက်မကို ပျက်စီးအောင် လုပ်ရမယ်…


တွေးကြည့်လိုက်တော့ ရှအန်းအာရုံက ဇာတ်လိုက်မ၏ ရွှေလက်ချောင်းကို ရောက်သွားသည်။ 


ညဘက် ရှရှင်းချန် အိပ်နေစဉ်တွင် ရှအန်းသည် အမည်းရောင်စွန်းနေသည့် ကျောက်စိမ်းလည်ဆွဲကို ထုတ်လိုက်သည်။


“ခွဲရမယ်..."

 ရှအန်းက တီးတိုးရေရွတ်သည်။ ထို့နောက် တူတစ်ချောင်းယူပြီး ထူးဆန်းသည့် ကျောက်စိမ်းလည်ဆွဲကို ထုရန် ပြင်လိုက်သည်။


သူမ တူနှင့် ထုချလိုက်ရာ ကျောက်စိမ်းနှင့် ထိမိသည့်အသံမကြားရဘဲ နဂါးတစ်ကောင်၏ အော်သံကိုသာ ကြားရသည်။


ရှအန်း မျက်မှောင်ကုတ်သွားသည်။ နည်းနည်းလေးမှ မပွန်းပဲ့သည့် ကျောက်စိမ်းပြားကို ကြည့်လိုက်သည်။


ဘာလို့ပါလိမ့်....


အေးစက်နေသည့် လည်ဆွဲကို လက်ဖြင့် ပွတ်လိုက်သည်။


သူမ စိတ်ထင်တာလော မပြောတတ်၊ ထိုကျောက်စိမ်းက အေးလာသည်ဟု သူမ ခံစားမိသည်။


အေးစက်မှုက သူမ လက်ချောင်းများမှတစ်ဆင့် တစ်ကိုယ်လုံးကို ပြန့်နှံ့သွားသည်။


ထို့နောက်-


‘အို့-’


သူမ လည်ပင်းတွင် ဆွဲထားသည့် လည်ဆွဲက ပူလာပြီး သူမခံစားနေရသည့် အေးစက်မှုကို ချေဖျက်လိုက်သည်။


ရှအန်းက သူမ၏ လည်ဆွဲကို ကြည့်လိုက်သည်။


ဒီလည်ဆွဲနှစ်ခုက ဆက်စပ်မှု ရှိနေတာလား။


ဒါမှမဟုတ် ဇာတ်လိုက်မ၏ ရွှေလက်ချောင်းကျောက်စိမ်းလည်ဆွဲကို ဖျက်စီးရန် သူမဝယ်ခဲ့သော ကျောက်စိမ်းလည်ဆွဲကို သုံးရမည်လား။


ရှအန်းက သူမဝတ်ထားသည့် စန်းယုံလည်ဆွဲ၏ ပုတီးလုံးများကို လက်ချောင်းများဖြင့် တို့ထိလိုက်သည်။


‘ချွတ်’


ရှအန်းက သူမလည်ပင်းက ဆွဲပြားကို ချွတ်လိုက်သည်။


“စမ်းကြည့်တာပေါ့...”


ဇာတ်လိုက်မ၏ အမည်းစွန်းနေသည့် လည်ဆွဲကို စားပွဲပေါ်တွင် တင်ကာ သူမ၏ လည်ဆွဲနှင့် ထုချလိုက်သည်။


လည်ဆွဲနှစ်ခု ထိလုထိခင်မှာပင်-


‘ယင်-’ 


‘အ-’


နဂါးတစ်ကောင်၏ ငြီးငြူသံနှင့် ကျယ်လောင်သည့် ဟိန်းဟောက်သံ ထွက်လာသည်။ ထို့နောက် အဖြူရောင်အလင်းတန်း ထွက်လာပြီး ရှအန်း လဲကျမေ့မြောသွားသည်။


မြေပေါ်သို့ လဲကျသွားသည်မှာ သူမ၏ ခန္ဓာကိုယ်သာဖြစ်သည်။