Chapter 109
သူမ မျက်လုံးဖွင့်လိုက်ချိန်တွင် သူမနေ့တိုင်း အိပ်မက်မက်ခဲ့ရသော နေရာသို့ ရောက်နေကြောင်း သိလိုက်သည်။
ထူးဆန်းစွာပင် သည်တစ်ကြိမ်တော့ မြူမရှိပေ။
“ငါ အိပ်ပျော်နေတာ မဟုတ်ဘူးလား..."
ရှအန်းက ဇဝေဇဝါနှင့် လှည့်ပတ်ကြည့်သည်။ ထို့နောက် ထိုကျောက်စိမ်းဆွဲပြားနှစ်ခုကြောင့် ဖြစ်ရမည်ဟု သူမ သိလိုက်သည်။
မြူဆိုင်းမနေသောအခါ စမ်းချောင်းများ၊ သစ်ပင်များနှင့် တောင်တန်းများဖြင့် ဤနေရာသည် အလွန်လှပသည်။
တောင်တွေပေါ်ကနေ ရေတံခွန်တွေတောင် စီးကျနေသည်။
ရေတံခွန်ထိပ်တွင် ရှိနေသည်က…
“နဂါးကြီးလား..."
ရေတံခွန်ထိပ်တွင် ပျံဝဲနေသည့် နဂါးကိုကြည့်နေသည့် ရှအန်းမျက်လုံးတွေ ပြူးသွားသည်။ ထို့နောက် နောက်တစ်ကောင် ပေါ်လာသည်။
နဂါးက နှစ်ကောင်တောင်။ သူတို့က ဆင်တူကြသည်။ သို့ရာတွင် တစ်ကောင်က အနက်၊ ကျန်တစ်ကောင်က အဖြူရောင်ဖြစ်သည်။
နဂါးနက်နှင့် နဂါးဖြူတို့ တိုက်ခိုက်နေကြသဖြင့် သူမ ဘာလုပ်ရမယ်မသိ ဖြစ်သွားသည်။
ကံကောင်းစွာဖြင့် သူမသည် ကမ္ဘာပျက်ချိန်မှ ရောက်လာသူဖြစ်သည်။ ထို့ကြောင့် သူမဦးနှောက်က လျှင်မြန်စွာ အလုပ်လုပ်သည်။
‘အာ-’
‘ယင်-’
နဂါးနှစ်ကောင် တိုက်ခိုက်နေသည်မှာ ကြာမြင့်လာပြီး ရှအန်း သမ်းဝေလိုက်သည်။ သူမ အိပ်ပျော်တော့မည်။
“ဝှား~”
သူမ သမ်းလိုက်သည်။ မျက်လုံးများကို ပွတ်ရင်း အိပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ရှအန်းက စမ်းချောင်းအနီး မြက်ခင်းပြင်တွင် လှဲကာ အိပ်ဖို့ ပြင်လိုက်သည်။ သူမ မျက်စိမှတ်လာသည်နှင့် နားထဲတွင် လေတိုးသံကြားလိုက်ရသည်ႏ
“ဟေး.. အမျိုးသမီး.. မင်း ဘယ်လိုလုပ် အိပ်နိုင်ရတာလဲ..."
အင်.. ဟင်... တစ်ယောက်ယောက်က သူမကို ပြောနေတယ်...
ဒါပေမယ့် သူမကိုယ်တိုင်ကလွဲရင် ဒီနေရာမှာ နဂါးနှစ်ကောင်ပဲ ရှိတာကို...
ရှအန်း မျက်စိဖွင့်လိုက်တော့ နဂါးနက်က သူမရှေ့မှာ ဝဲနေသည်။
“မင်းက ဘယ်သူလဲ...”
ရှအန်း မျက်မှောင်ကုတ်လိုက်သည်။ နဂါးနက်ကြီးကို သူမက လုံးဝမကြောက်ပေ။
“ငါ ဘယ်သူလဲလို့ မင်းက မေးတယ်.. ငါ့ကို အခုလေးတင် သတ်ဖို့လုပ်လိုက်တာ မင်းမဟုတ်ဘူးလား..."
“ဪ... ရှင်က အဲဒီ့ညစ်ပတ်ပေကျံနေတဲ့ ကျောက်စိမ်းဆွဲပြားကိုး..."
ရှအန်းက စိတ်ထဲရှိတာကို တုတ်ထိုးအိုးပေါက် ပြောချလိုက်သည်။ အခု ရှအန်းက ဇာတ်လိုက်မမိသားစုကို မုန်းတီးနေသည်ဖြစ်ရာ သူမ၏ ရွှေလက်ချောင်းကိုလည်း နည်းနည်းစိတ်ဆိုးနေသည်။
“မင်းလို သေမျိုးကများ... ငါ့ကို အဲလိုပြောရဲတယ်ပေါ့...."
ရှအန်းစကားကြောင့် အမျက်ထွက်သွားသည့် နဂါးနက်က ပါးစပ်ဟကာ ရှအန်းဆီ ပြေးလာသည်။
“အရှင်....သတိထား...”
ရှအန်း ဘာမှ မတုံ့ပြန်နိုင်သေးခင်မှာပင် သူမရှေ့တွင် အဖြူရောင်အရိပ်တစ်ခု ပေါ်လာပြီးနောက် သူမက လေပေါ်ပျံနေသည်။
“ဝိုး..."
ကမ္ဘာပျက်ချိန်တွင် လူအချို့သည် ပျံသန်းနိုင်ကြသော်လည်း ရှအန်းက သူတို့ထဲကတစ်ယောက် မဟုတ်ခဲ့ပေ။
ယခု သူမသည် နဂါးတစ်ကောင်ပေါ်ထိုင်ကာ ကောင်းကင်ပေါ်တွင် ပျံသန်းနေသည်။ ခံစားချက်က မဖော်ပြနိုင်အောင်ပင်။ လေထဲတွင် ဝဲပျံနေရင်း နားထဲက လေတိုးသံကို ကြားနေရသည်။
သို့သော် ရှအန်း၏ ပျော်ရွှင်မှုကို နှောက်ယှက်သည့် အသံဆိုးတစ်ခုကို ကြားလိုက်ရသည်။
“ချန်ထျန်း... မင်းက သာမန်သေမျိုးတစ်ယောက်ကို အရှင်လို့ ခေါ်လိုက်တာလား.. မင်းက နည်းနည်းလေးမှ အသုံးမကျဘူး..”
သူမလှည့်ကြည့်လိုက်တော့ သူမဘေးတွင် ပျံနေသည့် နဂါးနက်ကို တွေ့လိုက်ရသည်။ မဟုတ်ဘူး။ တကယ်တော့ ၎င်းက နဂါးဖြူဘေးမှာ ပျံနေတာဖြစ်သည်။
“ချန်မော့... ပါးစပ်ပိတ်ထာ....”
“ဟေး အမျိုးသမီး...မင်း စီးနေတဲ့ အဲ့ကောင်က အသုံးမကျဘူး... မင်း ငါ့ကျွန် လုပ်မယ်ဆိုရင် မင်းကို ထာဝရနုပျိုလှပနေအောင် ငါလုပ်ပေးမယ်..."
နဂါးနှစ်ကောင် ရန်ဖြစ်နေတာ စိတ်ဝင်စားစရာပဲ....
ချန်မော့ဟု ခေါ်သည့် နဂါးနက်ပြောသည့် အကျိုးတရားမှာ ဇာတ်လိုက်မကို သူပေးသည့်အရာနှင့် အတူတူပင်ဖြစ်သည်။
သို့သော် ကျောက်စိမ်းလည်ဆွဲထဲတွင် နဂါးရှိသည်ဆိုတာကို သူ့အစ်မက သူမကို မပြောခဲ့။
ဤကမ္ဘာ၏ ဇာတ်ရှုပ်ကို ရှအန်းက စိတ်ထဲတွင် အဖြေထုတ်နေစဉ် ချစ်စဖွယ် မရဲတရဲအသံလေး နားထဲဝင်လာသည်။
“အရှင်...ကျွန်တော်က အသုံးကျပါတယ်... အရှင့်ကို ပိုလှလာအောင်တော့ မလုပ်ပေးနိုင်ဘူး... ဒါပေမယ့် အရှင်က လှပြီးသားပါ..."
နဂါးနက်ကို ပြောသည့်အခါ နဂါးဖြူက အေးစက်မာကျောကာ အထက်စီးလေသံနှင့် ဖြစ်သော်လည်း သူမကိုတော့ နူးညံ့ချစ်စဖွယ်အသံနှင့် ပြောသည်ဟု ရှအန်းထင်မိသည်။
“မင်းက ဘာတွေ လုပ်နိုင်လဲ..."
ရှအန်းက ပြုံးရွှင်နေသည့် နဂါးဖြူကို ပုတ်ပြီး အပြုံးလေးနှင့် မေးလိုက်သည်။
နဂါးဖြူက စိတ်လှုပ်ရှားသွားပုံရသည်။
“ကျွန်တော်က...”
နဂါးနက်က သူ့ကို စကားဖြတ်ပြောသည်။
“ဟ... သူက ဘာတွေများ သုံးလို့ရမှာလဲ... လူကယ်တာပဲ လုပ်တတ်တာ..."
“မင်း..."
နဂါးနက်က သူ့ကို စော်ကားမော်ကားပြောသည်မှာ လွန်လာသဖြင့် နဂါးဖြူက ကျောပေါ်က ရှအန်းကို မေ့သွားပြီး နဂါးနက်နှင့် ရန်ဖြစ်ရန်ဟန်ပြင်လိုက်သည်။
“အာ... တကယ် အသုံးတည့်တာပဲ... အိမ်က ရွှေငါးတွေ တစ်ကောင်မှ မသေဘူး.. အဲဒါ မင်းလုပ်တာလား...”
ရှအန်းစကားကို ကြားလိုက်သောအခါ သူ စိတ်ပြေသွားသည်။
အခုမှ ရှအန်းလည်း ငါးကန်ထဲကကိစ္စကို သဘောပေါက်သွားတော့သည်။
“အဲဒါဆို ကျွန်တော်က အသုံးကျတယ်မလား အရှင်..."
နဂါးဖြူက ပျော်ရွှင်စွာ နှစ်ပတ်သုံးပတ် လှည့်လိုက်ရာ ရှအန်း ခေါင်းမူးသွားသည်။
“အင်း တကယ်အသုံးကျတယ်..."
ရှအန်းက ပြုံးပြီး နဂါးဖြူကို ပွတ်သပ်သည်။ ၎င်းက သူမကို အရှင်လို့ ခေါ်လိုက်ချိန်မှစပြီး သူ့ကို အိမ်မွေးတိရစ္ဆာန်လို့ သဘောထားလိုက်သည်။ သို့သော် ဒီအိမ်မွေးတိရစ္ဆာန်ကတော့ နည်းနည်း အကောင်ကြီးနေသည်။ ဒါပေမယ့် ကျက်သရေရှိသည်။ သူမ တကယ်ကြိုက်သည်။
အထူးသဖြင့် နဂါးဖြူက ပြောစကားနားထောင်သည်လေ။
“ဟ... သူက ဘာများ အသုံးကျလို့လဲ...ငါက အသုံးအဝင်ဆုံးပဲ ဟုတ်ပြီလား... ငါ့ကို ဝတ်တဲ့သူကို ပိုလှလာအောင် လုပ်ပေးတယ်... ခွန်အားကြီးလာအောင်လည်း လုပ်ပေးတယ်.. လူတွေကို ဒုက္ခလည်း ပေးနိုင်တယ်... ကံဆိုးအောင်လည်း လုပ်နိုင်တယ်…”
နဂါးနက်က သူ့ရဲ့ အသုံးဝင်ပုံတွေကို တစ်ခုပြီးတစ်ခု ပြောပြသည်။
သို့သော် ထိုအရာများသည် သူမ၏ နဂါးဖြူလောက် မကောင်းပေ။
ထို့ကြောင့် နဂါးနက်ပြောတာ ရပ်သည့်အခါ ရှအန်းက အေးစက်စက် တစ်လုံးတည်း ပြန်ပြောသည်။
“ဪ.."
ထိုအရာက နဂါးနက်ကို ဆွေ့ဆွေ့ခုန်သွားစေသည်။
“မင်းမှာ အမြင်လုံးဝမရှိဘူးပဲ... ငါက အဲ့အဖြူကောင်အစုတ်အပြတ်ထက် အပြတ်အသက်သာတယ်..."
နဂါးနက် အသံက အထက်စီးဆန်သော်လည်း သူမ ထင်သလောက် မကြမ်းတမ်းပေ။ သူမအမြင်တွင်တော့ နဂါးနက်က ကလေးတစ်ယောက်လို တုံးအသည်။
“အဲဒါဆို မင်း ငါ့ခန္ဓာကိုယ်ကို ပိုကောင်း... ပိုသန်အောင် လုပ်နိုင်လား.."
“လုပ်နိုင်တာပေါ့...."
“စည်းကမ်းသတ်မှတ်ချက်တွေရော ရှိသေးလား.. ဥပမာ ရှက်ဖို့ကောင်းတာ တစ်ခုခု လုပ်ရတာတို့ ဘာတို့ပေါ့..."
ထိုသတ်မှတ်ချက်များသည် ဝတ္ထုထဲကနှင့် တစ်ထပ်တည်းကျမည်ဆိုတာ ရှအန်းသိပြီးဖြစ်သည်။
“အဲ မင်း ဘယ်လိုသိတာလဲ...."
နဂါးနက်က ရှအန်းကို အံ့ဩစွာ ကြည့်သည်။
“အို မင်းက တကယ်တော့ အသုံးမကျဘူးပဲ...."
ရှအန်းက သူ့ကို စိတ်မဝင်စားတော့ဟန်ဆောင်ကာ ရန်စလိုက်သည်။
“ဟေးဟေး... ငါက သူများတွေကို ကံဆိုးအောင် လုပ်နိုင်တယ်လေ... အနာတရဖြစ်အောင်လည်း လုပ်နိုင်သေးတယ်... ဒါတွေကတော့ ဘာသတ်မှတ်ချက်မှ မလိုဘူး... မယုံရင် တစ်ယောက်ယောက်နာမည်ပြောလိုက်... သူ့ကို ကံဆိုးမိုးမှောင်ကျအောင် ငါလုပ်ပြမယ်...”
နဂါးနက်က စိတ်အားထက်သန်စွာ ပြောသည်။
ရှအန်း မျက်လုံးတွေ အရောင်လက်သွားသည်။
ဒီအစွမ်းက အသုံးတော့ ဝင်ပါတယ်~
ဒါပေမယ့်…