အပိုင်း ၁၁၀
Viewers 29k

Chapter 110


နဂါးဖြူနောက်က လိုက်လာသည့် နဂါးနက်ကို ရှအန်းက အကဲခတ်လိုက်သည်။


၎င်းက သူမ၏ နဂါးဖြူလေးလောက် အကျင့်ကောင်းပုံမရ။ သူ့ပုံစံက ထိန်းချုပ်ရခက်မည့်ပုံ။ ဒီနဂါးနက်ကို ကောင်းအောင် သူမ ကျင့်ပေးမည်ဆိုလျှင် ဖြည်းဖြည်းချင်း လုပ်ယူရမည်။


ဘာပဲဖြစ်ဖြစ် ဇာတ်လိုက်မ၏ လည်ဆွဲက နုပျိုလှပစေရုံသာမက အခြားအစွမ်းများပါ ရှိကြောင်း သူမ သိရှိပြီးနောက် ဇာတ်လိုက်မလက်ထဲ လည်ဆွဲအရောက်မခံနိုင်တော့ပေ။


မဟုတ်ပါက ကံဆိုးမည့်သူမှာ သူမသား ဖြစ်လိမ့်မည်။


ရွှေလက်ချောင်းက သူမလက်ထဲ ရောက်နေပြီဆိုပေမယ့် နဂါးနက်က ဇာတ်လိုက်မကို မှတ်မိမလားဆိုတာတော့ မသေချာ။


သို့ဖြစ်ရာ နဂါးနက်က ဇာတ်လိုက်မကို မတွေ့ခင် သူမက ၎င်းကို ယဉ်အောင် လုပ်ရမည်။


ကိစ္စများက သူမတွေးထားသမျှနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။


နဂါးဖြူက သခင်ကို မှတ်မိတာသည်ပင် အလွန်ထူးဆန်းလှပြီ။ နဂါးနက်က မှတ်မိဖို့ဆိုတာတော့ ပို၍ပင် မဖြစ်နိုင်ပေ။


သူမညီမဆီက ရွှေလက်ချောင်းအကြောင်း သိခဲ့ရသည့်အထဲတွင် နဂါးနက် ပါမလာ။


အဖြစ်မှန်က မည်သို့ပင်ဖြစ်စေ၊ နဂါးနက်ကို ယဉ်ပါးအောင်လုပ်မည်ဟု ရှအန်းဆုံးဖြတ်လိုက်သည်။


နဂါးနက်ကဲ့သို့ ‘ကလေးကလားဆန်သည့်နဂါး’ကို ယဉ်အောင်လုပ်ရာတွင် ပထမဆုံး သူ့ကို ဦးချိုးရမည်ဖြစ်သည်။


“ရှောင်ပိုင်က ရှောင်ဟေးထက် အများကြီးသာတယ်..."


“ငါက ရှောင်ပိုင်ထက် ဘာလို့ မသာရမှာလဲ.. ဟေး.. နေပါဦး... အဲဲဒီ့ ရှောင်ပိုင်နဲ့ ရှောင်ဟေးက ဘယ်သူတွေလဲ..."



တစ်ညလုံး ဆူညံပြီး မိုးလင်းလို့ ရှအန်း နိုးလာသည့်အခါ သူမက ကြမ်းပြင်တွင် အိပ်ပျော်နေတာကို တွေ့လိုက်သည်။


သို့သော် သူမက စောင်ခြုံထားပြီး ခေါင်းအောက်တွင်လည်း ခေါင်းအုံးရှိနေသည်။ သူမ ငုံ့ကြည့်တော့ သူမသားက သူမကို ဖက်ကာ အိပ်ပျော်နေသည်ကို တွေ့လိုက်သည်။


“ဒီကောင်လေး…”


ရှအန်းက ခေါင်းခါလိုက်ပြီး သူမဘေးတွင် အိပ်နေသည့် ကလေးကို ဖက်လိုက်သည်။ 


ကံကောင်းတာက သူမသားအလိမ္မာက မတုံးအပေ။ သူက စောင်ကို သူမအောက်တွင် ခင်းထားပေးတာကြောင့် သူမက ချမ်းမနေခြင်းဖြစ်သည်။


ထရပ်ပြီးနောက် ရှအန်းက သူ့ကို ညင်သာစွာ ပွေ့ချီပြီး အိပ်ရာပေါ် တင်လိုက်သည်။ သူ့ကို စောင်ခြုံပေးပြီးနောက် ကျောက်စိမ်းဆွဲပြားရှိရာ စားပွဲဆီသို့ သွားလိုက်သည်။


ဆွဲပြားထဲက နဂါးဖြူနှင့် နဂါးနက်တို့သည် ဆွဲပြား၏ ဝိဉာဉ်များ ဖြစ်ကြသည်။ သူတို့သည် ဆွဲပြားမျှသာ ဖြစ်သော်လည်း နဂါးနှစ်ကောင်မှာ ခက်ထန်ကြသည်။ သို့သော် သူတို့သည် ညီအစ်ကိုများ ဖြစ်သည်ဟုလည်း ဆိုနိုင်သည်။


သူတို့မှာ အစွမ်းကိုယ်စီရှိကြသဖြင့် ဆွဲပြားနှစ်ခုလုံး ပိုင်ဆိုင်သူသည် အလွန်ကြီးကျယ်သည့် စွမ်းရည်ကို ပိုင်ဆိုင်မည်ဖြစ်သည်။


ထိုစွမ်းရည်ကို ရှအန်းက စိတ်မဝင်စားပေ။ 


သူမလိုချင်သည်မှာ အေးချမ်းသည့်ဘဝသာ ဖြစ်သည်။ သူမ ပိုက်ဆံရှာလိုသည်။ အခုတော့ သူမသားနှင့် ပျော်ပျော်ရွှင်ရွှင်နေပြီး သူ့အတွက် သင့်တော်မည့်ကျောင်း ရှာရမည်။ 


ပိုက်ဆံရှာ၊ အစားကောင်းစားပြီး နေချင်သလိုနေရတာက သူမလိုအင်ဆန္ဒများဖြစ်သည်။ 


အသုံးဝင်သည့် ရွှေလက်နှစ်ချောင်း ရလာသည့်အတွက် ရှအန်း စိတ်လှုပ်ရှားမိသည်။ ဇာတ်လိုက်မက နဂါးနက်ရသွားမည်ကို ကြောက်၍သာမဟုတ်ရင် သူမက ထိုနဂါးကို ယဉ်ပါးအောင်လုပ်ဖို့ စိတ်ကူးရှိမည် မဟုတ်ပေ။


စားပွဲပေါ်က လည်ဆွဲကို ကြည့်လိုက်သည်။ အမှန်ပင် ၎င်းပေါ်က အစွန်းအထင်းများ ပျောက်ကွယ်သွားသည်။ ပလက်စတစ်လို ကျောက်စိမ်းတုနှင့် အစွန်းများအားလုံး မရှိတော့။ ၎င်းသည် နှင်းပွင့်ကဲ့သို့ ဖြူစွတ်နေပြီး ကိုယ်ထည်က ထွင်းဖောက်မြင်နိုင်သည်။


၎င်းသည် အရည်သွေးမြင့် ကျောက်စိမ်းပုံ ပေါက်သွားသည်။


ရှအန်းက သူမ၏ ကျောက်စိမ်းလည်ဆွဲကို ကြည့်လိုက်သည်။


ထိုအရာသည် အဖြူရောင်မှ အဖြူနှင့် အနက်လည်ဆွဲအဖြစ် ပြောင်းသွားသည်။


ရှအန်းက ပြုံးလိုက်ပြီး အစွန်းမရှိသည့် လည်ဆွဲကို ယူလိုက်သည်။ လူကို ကျန်းမာစေပြီး ကြံ့ခိုင်အောင် လုပ်ပေးမည့် ရွှေလက်ချောင်းကို သူမ ရလိုက်ပြီလေ။


နဂါးနက်က ကျောက်စိမ်းပြားကို စွန့်ခွာသွားသည်။ နဂါးဖြူ၏ အစွမ်းအနည်းငယ် ထည့်ပြီးနောက် ၎င်းသည် သူမ၏သားဆွဲရန် သင့်တော်သည်။


အနာဂတ်တွင် သားအမိနှစ်ယောက်လုံး ကျန်းမာသည့်ဘဝကို ပိုင်ဆိုင်ရမည်ဖြစ်သည်။


ရှအန်းက ပျော်နေသော်လည်း ဟန်ယွဲ့ကတော့ သတင်းဆိုးများ သယ်ဆောင်လာသည်။


“ဘာ... ရင်းနှီးငွေအားလုံးကို ပြန်ထုတ်သွားကြပြီ ဟုတ်လား..."


“၁၂ပိုင်းလုံး ဖြုတ်ချလိုက်ရတော့မှာလား..."


အသံဖိုင်က ရှအန်းကို နာမည်ပျက်မှ ကာကွယ်ပေးလိုက်သော်လည်း ဟန်ယွဲ့အတွက်တော့ အဆိုးများ သယ်ဆောင်လာသည်။


ဤကိစ္စမှာ အနည်းငယ်တော့ အဓိပ္ပာယ်မဲ့သည်။


အမှန်အတိုင်းဆိုလျှင် ရှအန်းက ဝေ့ပေါ်တွင် ပိုစ့်တင်လိုက်သည်နှင့် အရာအားလုံး ဖြေရှင်းပြီး ဖြစ်ရမှာ မဟုတ်ဘူးလား။


သို့သော် တဖက်လူက ရှအန်းကို အလွန်မုန်းတီးနေပုံပေါ်သည်။ ကြည့်ရတာ သူသေကိုယ်သေချမည့်ပုံ ဖြစ်သည်။


ရှအန်းပြောသလို သူမက မပတ်သက်ခဲ့ဘူးဆိုရင် ဒီလောက်ထိ မုန်းနေစရာ အကြောင်းမရှိ။


ထို့ကြောင့် သူသုံးသပ်လိုက်သည်က တစ်ဖက်လူသည် ရှအန်းပြောသလို စိတ်မနှံ့သည့်မိန်းမ ဖြစ်ရမည်။


“မစ္စတာဟန်... မကောင်းတော့ဘူး... ရှုကျင်းယန်နဲ့ ဟယ့်ရှောင်ရှောင်ကလည်း ရှိုးအဖွဲ့ဝင်တွေနဲ့ စာချုပ်ကို ဖျက်လိုက်ပြီ...စာချုပ်ဖျက်သိမ်းကြေးတော့ ပေးမယ်တဲ့..."


သည်တစ်ခါတော့ ဟန်ယွဲ့က ငြိမ်မနေနိုင်တော့။


သူက ဖုန်းကို ထုတ်ပြီး ဘာကြောင့် ဒီလို ပြောင်းလဲသွားလဲ ဆိုတာကို ရှာကြည့်လိုက်သည်။


ဝေ့ပေါ်ထိပ်ဆုံးစာမျက်နှာတွင် ထိပ်တန်းရှာဖွေမှုသည်- 


# ရှကျင်းရဲ့ လိမ္မာတဲ့ကလေး#


ဟန်ယွဲ့ဝင်ကြည့်လိုက်တော့ ရှကျင်းက သူ့သမီးကို ချီထားသည်။


ဗီဒီယိုထဲတွင် ချစ်စဖွယ်ကလေးမလေးက သူ့အမေကိစ္စကို ဖြေရှင်းထားသည်။ ချစ်စဖွယ်ကလေးသံလေးနှင့် သူမက ပြောသည်မှာ ခုတလောတွင် ရှအန်းသည် သူမဖခင်နှင့် ရှုပ်ရှုပ်ယှက်ယှက် လုပ်နေသည်ဟု ဆိုသည်။ ဟန်ယွဲ့ခေါင်း ချာချာလည်သွားသည်။


ထိုကလေးမပြောသည်မှာ ရှအန်းက ရှရှင်းချန်အတွက် ကျောင်းရှာပေးဖို့ ဖုရှန်းကို ပြောသည်ဟု ဆိုသည်။ ယခု လူအများက ရှအန်းက ပြဿနာရင်းမြစ်ဖြစ်သည်ဟု ထင်ကုန်ကြသည်။


သက်သေက ငါးနှစ်အရွယ်ကလေးရဲ့ ရှင်းလင်းပြောကြားချက်ဟူသတဲ့။