Chapter 112
-ဖုမိသားစုစံအိမ်-
“ရှကျင်း၊ မင်းက တော်တော်ပဲ...ဘာတွေလျှောက်လုပ်နေတာလဲ... မင်းပြောတော့ ချီချီကို 'Mom is back' အစီအစဉ်မှာ ပါခိုင်းမလို့ဆို... အခုတော့ ငါတို့ချီချီကို ဒီလိုဗီဒီယိုမျိုး ဘာလို့ ရိုက်ခိုင်းတာလဲ အင်တာနက်ပေါ်လည်း တင်လိုက်သေးတယ် တစ်ယောက်ယောက်ကသာ အလိမ်ဖော်လိုက်ရင် ဒီပြဿနာက သူ့ကို ဘယ်လိုရိုက်ခတ်လာမလဲသိလား...”
ရှကျင်းက ဒီလိုဖြေရှင်းပြီးနောက် ထိပ်တန်းရှာဖွေမှုတွင် ဟော့နေကြောင်း အတွင်းရေးမှူးထံမှ ကြားပြီးနောက် ဖုရှန်းသည် အရေးကြီးအစည်းအဝေးကိုပင် မတက်နိုင်တော့ဘဲ အိမ်သို့ အပြေးပြန်လာခဲ့သည်။
“ကျွန်မ ဘာလုပ်နေလဲ ဟုတ်လား ဖုရှန်း၊ ရှင်ဘာလုပ်နေလဲဆိုတာရော ကိုယ့်ကိုယ်ကိုယ်ပြန်တွေးကြည့်ပါဦး...”
ရှကျင်းက ဖုရှန်းကို ယွဲ့စောင်းသည့်အကြည့်နှင့် ကြည့်လိုက်သည်။ သူကများ ငါ့ကို မေးရဲသေးတယ်။
“ရှအန်းကို ရှင်ပြောခဲ့တဲ့ စကားကြောင့်သာ မဟုတ်ရင် ကျွန်မတို့သမီးကို ဒီဗီဒီယိုရိုက်ခိုင်းစရာအကြောင်း ဘယ်ရှိပါ့မလဲ အားလုံး ဖုရှန်း ရှင့်အပြစ်တွေချည်းပဲ...”
ဖုရှန်းက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
“ရှကျင်း၊ မင်းက လူကောင်းပါ ငါ မင်းနဲ့ စကားမများချင်ဘူး... ရှအန်းက အသံဖမ်းထားမယ်လို့ ငါ ဘယ်သိပါ့မလဲ... ကြိုသိခဲ့ရင် ငါ…”
“ထားလိုက်တော့... ရှင်ရှင်းပြတာ ကျွန်မ မကြားချင်ဘူး ဘာပဲဖြစ်ဖြစ် ရှင် ရှအန်းကို ချစ်နေတုန်းပဲဆိုတာ ကျွန်မသိတယ် ကျွန်မ ရှင့်ကို မယုံဘူး အဲဒါကြောင့် အားမကိုးဘူး...နောက်ပိုင်းကျရင် ရှအန်းကို ကျွန်မကိုယ်တိုင် ကိုင်တွယ်မယ်...”
ရှကျင်း၏ အပြုအမူကြောင့် စိတ်ဆိုးနေသည့် ဖုရှန်းမှာ ဒေါသူပုန်ထသွားသည်။
“ငါ မင်းကို မချစ်ရင် မင်းကို ဘာလို့ လက်ထပ်ခဲ့မှာလဲ..
ငါ့မိသားစုကို ဂရုမစိုက်ဘူးဆိုရင် ဒီနှစ်အတောအတွင်း ငါ ဘာလို့ ရှအန်းဆီ ပြန်မသွားခဲ့တာလဲ...”
ဖုရှန်း၏ နှလုံးသားက အေးစက်နေသည်။ သူက ရှအန်း၊ ရှကျင်းနှစ်ယောက်လုံးကို သဘောကျခဲ့သည်။ အခြေအနေတွေက ဒီလောက်ထိ ဖြစ်လာလိမ့်မည်ဟု သူမထင်ခဲ့။
“ရှအန်းဆီ လုံးဝမသွားခဲ့ဘူးလို့ ပြောနိုင်လား...”
“ငါကျိန်ရဲတယ် ရှအန်းဆီ မသွားခဲ့ဘူးဆိုတာ...”
ဖုရှန်းက ညာလက်ကိုမြှောက်ပြီး သစ္စာဆိုသည်။
“ဟဟ ဒီနှစ်တွေမှာ ရှအန်းက သရုပ်ဆောင်လောကမှာ ဘယ်လိုဖြစ်ပြီး အဆင်ပြေပြေနေနိုင်နေတာလဲ...”
ရှကျင်းက အငေါ့တူးလိုက်သည်။
ဒီနှစ်အတောအတွင်းတွင် ရှကျင်းသည် ရှအန်းဒုက္ခရောက်အောင် နည်းလမ်းပေါင်းစုံသုံးခဲ့သည်။ သို့သော် ကံကောင်းစွာဖြင့် ရှအန်းက အကြိမ်တိုင်း ရှောင်လွှဲနိုင်ခဲ့သည်။
နောက်ပိုင်း သူမ သိလာရသည်က ရှအန်းကို နောက်ကွယ်မှ ကာကွယ်ပေးနေသူတစ်ယောက်ယောက်ရှိသည်။ ထိုသူက ရှအန်းကို အနုပညာလောက၏ မမြင်ရသည့်စည်းမျဉ်းများမှ ကာကွယ်ပေးထားသည်။
“ရှအန်းခက်ခဲနေတာကို ငါမကြည့်ရက်လို့ပါ လူတွေက သူ့ကို ဒုက္ခပေးဖို့ ကြိုးစားနေကြတာ၊ အဲဒါကြောင့် ငါက ကိုယ်စားလွှတ်ပြီး သူ့ကို စောင့်ရှောက်ခိုင်းထားတာ။ ငါကိုယ်တိုင်တော့ လုံးဝမလုပ်ဘူး။ ပြီးတော့ ဒီကိစ္စက အဘွားရှ ဖြစ်စေချင်ခဲ့တာပဲ...”
ဖုရှန်းက သက်ပြင်းချပြီး ရှကျင်းကို ရှင်းပြလိုက်သည်။
သူက ရှကျင်းနှင့် နှစ်များစွာ ပေါင်းသင်းနေထိုင်ပြီး သမီးလေးတစ်ယောက်ပါ ရပြီးပြီ။ ထို့ကြောင့် သူက သူမကို အလျှော့ပေးလေ့ရှိသည်။
သူက လျှော့ပေးပါသော်လည်း ရှကျင်းကတော့ ခက်ထန်နေဆဲ ဖြစ်သည်။
“အဲ့မိန်းမကို စောင့်ရှောက်တယ် ဥက္ကဌဖုက တကယ်ကို စိတ်ထားကောင်းတာပဲ... ရှင် ရှအန်းကို စိတ်ပြတ်တယ်ဆိုရင် ဒီလိုလုပ်စရာ ဘာအကြောင်းရှိလဲ... ပြီးတော့ ကျွန်မအဘွားကိုသုံးပြီး ကျွန်မကို အနိုင်မယူပါနဲ့...”
သူ ဘာလုပ်လိုက်လို့ သူမ ဒီလောက်ထိ ဒေါသထွက်သွားလဲမသိတော့ပေ။
ရှကျင်းက ဖုရှန်းကို အော်ဟစ်ပြီးနောက် စာဖတ်ခန်းမှ ထွက်သွားသည်။
တံခါးဆောင့်ပိတ်လိုက်သည့် အသံက ဖုရှန်းရင်ကို အေးစက်မာကြောသွားစေသည်။
သူမ လုပ်သမျှ သူ သည်းခံပေးနေတာတောင် သူမက မကျေနပ်သေးဘူးလား...
ဖုရှန်းက သက်ပြင်းရှိုက်လိုက်သော်လည်း ရင်ထဲ၌ မွန်းကျပ်နေဆဲပင်။
အခုတော့ သူ နောင်တရသည်။ သူ ဘာကြောင့် ရှအန်းကို ပစ်ပြီး ရှကျင်းဆိုသည့် စိတ်မနှံ့သည့် မိန်းမကို လက်ထပ်မိပါသနည်း။
အချိန်တွေသာနောက်ပြန်ဆုတ်လို့ရရင်...
အဲလိုဆိုရင်...
ဖုရှန်း၏ စိတ်ကူးတွေ လွင့်စဉ်သွားသည်။
အဘယ်ကြောင့်ဆိုသော် သူ၏ အဖိုးတန်သမီးလေး ရောက်လာသောကြောင့်ဖြစ်သည်။
ဖုအန်းချီက စာဖတ်ခန်းထဲ ရောက်လာသည်။ သူမ၏ လက်သေးသေးလေးနှင့် ဖုရှန်းကို တင်းတင်းဖက်ပြီး မျက်လုံးဝိုင်းများနှင့် ကြည့်ကာ သနားစဖွယ်ပြောသည်။
“ဖေဖေ၊ မေမေ့ကို စိတ်မဆိုးပါနဲ့ မေမေက ဖေဖေ့ကို အရမ်းချစ်လို့ပါ...”
သူ့သမီး၏ ချစ်စဖွယ်မျက်နှာသေးသေးလေးကို ကြည့်ရင်း ဖုရှန်းရင်ထဲက တိမ်ညိုမဲတွေ ချက်ချင်း လွင့်စင်သွားသည်။
သူက သူ့သမီးကို ကောက်ချီလိုက်သည်။
“ဖေဖေက စိတ်မဆိုးဘူးနော် ချီချီ စိုးရိမ်စရာ မလိုဘူး...”
“ဒါပေမယ့် ဖေဖေက ချီချီနဲ့ မေမေ့ကို ပစ်ပြီး အန်တီရှအန်းနောက် လိုက်သွားမှာ ချီချီကြောက်တယ်...”
ကလေးမလေး၏ မျက်ဝန်းများ စိုရွှဲနေသည်။ မျက်ရည်စများက အချိန်မရွေး ပြိုကျလာတော့မည့်ဟန်။
“မဟုတ်ပါဘူး ဖေဖေက သမီးကို ဘယ်လိုလုပ် ပစ်ထားခဲ့နိုင်မှာလဲ...”
ဖုရှန်းက သူ့သမီးခေါင်းလေးကို ပုတ်ကာ ချော့သည်။
“ဒါပေမယ့် အန်တီရှအန်းက တော်တော်လှတယ်လေ ဖေဖေက အမြဲတမ်း မေမေနဲ့ စကားများနေတာ ချီချီ ကြောက်တယ်... ချီချီက အဖေမရှိတဲ့သူ မဖြစ်ချင်ဘူး... ချီချီက ဖေဖေ့ရဲ့ မင်းသမီးလေး အမြဲတမ်းလုပ်ချင်တာ.. ဖေဖေ အန်တီရှအန်းနဲ့ မနေရဘူးနော် သမီးရဲ့ ဖေဖေပဲ လုပ်နော် မေမေ့ကိုပဲ သဘောကျရမယ်နော်...”
ဖုအန်းချီက သနားစဖွယ် ငိုယိုရင်း ဖုရှန်းကို ပြောသည်။
သူ့သမီးလေးက အသက်မရှူနိုင်သည်အထိ ငိုနေရာ ဖုရှန်းမှာ ပို၍ စိတ်ညစ်သွားသည်။
သူ့မိန်းမကို ကွာရှင်းပြီး ရှအန်းဆီသွားမည့် အတွေးကို မေ့သွားသည်။ လောလောဆယ်တော့ သူ့သမီးငိုနေသည်ကို ကြည့်ပြီး နောင်တရလာသည်။
သမီးအငိုတိတ်စေရန် ဖုရှန်းက သူ့သမီးဆန္ဒကို လိုက်လျောကြောင်း အထပ်ထပ်ပြောသည်။
“အင်းပါ ချီချီရယ်...မငိုပါနဲ့ ဖေဖေ ကတိပေးပါတယ်...”
“ ဖေဖေကိုယ်တိုင်ပြောတာနော်... ဒါဆို မေမေ့ကိုသွားရှာမယ်... ဖေဖေက မေမေ့ကို တောင်းပန်ရမယ်...”
“ဒါက...” ရှကျင်းကို တောင်းပန်ရမည်ဟု ကြားလိုက်သောအခါ ဖုရှန်း တွန့်သွားသည်။
သို့သော် သူ့သမီးက အသားကုန်ငိုသောအခါ သူက ခေါင်းညိမ့်လိုက်ရသည်။
“အင်းပါ ဖေဖေ တောင်းပန်ပါ့မယ်...”
“ဖေဖေက အကောင်းဆုံးပဲ ဖေဖေ့ကို အချစ်ဆုံး...”
...
သူမကြောင့် ဇာတ်လိုက်မ၏ မိသားစု ဟန်ဆောင်နေရသည်ကို ရှအန်း မသိချေ။ သူမက ဟန်ယွဲ့နှင့် အရေးကြီကိစ္စများ ဆွေးနွေးနေသည်။
“အစ်ကိုဟန်၊ "Come on Challenger" ထုတ်လွှင့်တာ ရပ်တော့မယ်လို့ ပြောလိုက်တာလား...”
မိဘ-ကလေးအစီအစဉ်အကြောင်း ပြောဖို့သွားရာ ဒီအကြောင်း ကြားရမည်ဟု ရှအန်းမမျှော်လင့်ထားပေ။
“အင်း၊ အဲတော့ ငါတို့ အပိုင်းခြောက် ဆက်ရိုက်စရာ မလိုတော့ဘူး...”
“ကျွန်မ တောင်းပန်ပါတယ် အစ်ကိုဟန် ကျွန်မကြောင့် ဒုက္ခများနေပြီ...”
ဒီကိစ္စ၏ တစ်ဦးတည်းသော တရားခံမှာ ရှကျင်းဖြစ်သည်။ ဟန်ယွဲ့နှင့်အဖွဲ့သားများက သူမကြောင့် ရောပါလာခြင်းဖြစ်သည်။
“ရှအန်း နင်တောင်းပန်စရာ မလိုပါဘူး အစီအစဉ်ကို ရပ်လိုက်တာ ငါ့အကြံပါ...”
ဟန်ယွဲ့က ပြုံးရင်း ခေါင်းခါသည်။
“အပြီးသတ်ဖို့တော့ အစီအစဉ် မရှိဘူး”
“အစ်ကိုဟန်၊ ဘာကို ဆိုလိုတာလဲ...”
ဟန်ယွဲ့ဘာကိုပြောချင်မှန်း သူမ စဉ်းစား၍ မရပေ။
“ရှုကျင်းယန်နဲ့ ဟယ့်ရှောင်ရှောင်ထွက်သွားတာရယ်၊ စပွန်စာမရှိတော့တာရယ်က အစီအစဉ်ဆက်ရိုက်ဖို့ ခက်ခဲသွားစေတယ် ငါက ခဏပဲ နားထားတာ... တခါတလေတော့ ရှေ့တိုးဖို့ နောက်ဆုတ်ရတယ်”
ဟန်ယွဲ့မှာ မြေခွေးအိုကြီးဖြစ်သည်။
ဒီအခြေအနေတွင် ခြေလှမ်းဆုတ်ပြီး ထုတ်လွှင့်တာကို ရပ်လိုက်မည်။ ထိုအခါ "Come on Challenger"၏ အမာခံဖန်များကို တပ်လှန့်လိုက်သလို ဖြစ်မည်။
ရှအန်းသည် နာမည်ကြီးနေချိန် ဖြစ်သည်။ သူမသည် စင်မြင့်ပေါ်က ရုတ်တရက် ချက်ချင်းကြီး ပျောက်ကွယ်သွားပါက အမာခံဖန်များကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေမည်။
“ပြီးတော့ မိဘ-ကလေး ဆက်ဆံရေးအစီအစဉ်တစ်ခုကို ရိုက်မယ်လို့ နင် ကတိပေးထားတယ်လေ...ဒါကြောင့် "Come on Challenger"ကို ယာယီရပ်ပြီး ငါ့အချိန်နဲ့ ပိုက်ဆံတွေကို ရှောင်ရှင်းနဲ့ ရိုက်မယ့်အစီအစဉ်မှာ သုံးမယ်လေ... မစ္စတာကူးပေးတဲ့ ပိုက်ဆံက အစီအစဉ်နှစ်ခုစာတော့ မရလောက်ဘူး...”
ဟန်ယွဲ့က ဆိုဖာတွင် ထိုင်ပြီး လက်ဖက်ရည် တစ်ကျိုက်သောက်လိုက်သည်။ သူက ရှိုးများ ပိတ်ပင်ခံရပြီး အနုပညာလမ်းကြောင်း ပျက်စီးတော့မည်သူနှင့် တူပါသလား။ လုံးဝပဲ။
“မစ္စတာကူး.... သူနဲ့ ဘာဆိုင်လို့လဲ...”
ရှအန်း အံ့ဩပြီး မျက်လုံးပြူးသွားသည်။
ကူးရှုမော့ကို သူ့လက်ထဲ ထည့်ပေးပြီးနောက် သူနှင့် ပတ်သက်စရာ ဘာကြောင်းမှ မရှိတော့ဟု ရှအန်းထင်ခဲ့သည်။
“ဟားဟား... ရှအန်း မြှုပ်ကွက်က အဲဒါပဲ အဘိုးကူးက ငါတို့ရဲ့ ရွှေတောင်ကြီးပဲ...ငါတို့ကို ရင်းနှီးမြှုပ်နှံမယ့်သူ မရှိလည်း၊ ငါတို့ကို ပိတ်ပင်ခံရလည်း ကိစ္စမရှိဘူး... ငါတို့နောက်မှာ အဘိုးကူးရှိနေတော့ စိုးရိမ်စရာ မရှိဘူး...”
“အဘိုးကူးရဲ့ မြေးကို ကယ်လိုက်မိတာ မင်းကံကောင်းတာပဲ ရှအန်း...”
ဟန်ယွဲ့က စိတ်ပျော်နေသည်။
ထို့နောက် သူက ရှအန်းကို အတည်ပြောသည်။
“ရှအန်း၊ နင် ဒီတစ်ခေါက် အမေရိကားကို သွားရင် ဂရေစ့်ရဲ့ ရုပ်ရှင် ရိုက်ရုံတင် မဟုတ်ဘဲ ငါ့ရဲ့ ဒုတိယအစီအစဉ်မှာ ရှောင်ရှင်း၊ ကူးရှုမော့နဲ့အတူ ရိုက်ရမှာ... ဇာတ်လိုက်ရဲ့ မိဘ-ကလေး ဆက်ဆံရေးအစီအစဉ်ပေါ့...”
“ဟုတ်ပါပြီ... နေပါဦး... ကူးရှုမော့ သူနဲ့ ဘာဆိုင်လို့လဲ... ဒါက မိဘ-ကလေးအစီအစဉ်ဆို...”
ရှအန်းက ကြားဖြတ်ပြောသည်။
“ဪ၊ ဒါက မစ္စတာကူး တောင်းဆိုတာ”
“ဟင့်အင်း၊ ကျွန်မ လက်မခံဘူး...”
ရှအန်းက ငြင်းဆန်သည်။ ဝတ္ထု၏ ဇာတ်လိုက်ဖြစ်သော် ကူးရှုမော့နှင့် အဆင်ပြေသော်လည်း ရှအန်းသည် အဓိကဇာတ်ကောင်များနှင့် မပတ်သက်လိုပေ။