Chapter 113
“ဟင့်အင်း၊ ကျွန်မ လက်မခံဘူး”
ရှအန်းက အပြတ်ငြင်းလိုက်သည့်အတွက် ဟန်ယွဲ့အံ့ဩသွားသည်။ သို့သော် သူမရဲ့ ငြင်းဆန်မှုကို သူက စိတ်လှုပ်ရှားမနေဘဲ တည်တည်ငြိမ်ငြိမ် တုံ့ပြန်သည်။ နောက်ဆုံးမှာ သူမ လက်ခံသွားမည်ဟု သူသိနေပုံရသည်။
“မစ္စတာကူးက ငါတို့ဆီရောက်လာပြီး အစီအစဉ်အသစ်အကြောင်း သိသွားတဲ့နောက် သူက စပွန်ဆာပေးမယ်လို့ ပြောတယ်...”
ရှအန်းက သိချင်သွားသည်။
“ဘာ...ဘာစပွန်ဆာလဲ...”
“ရှအန်း၊ နင့်ကို ငါတို့ရှိုးရဲ့ အလုပ်လုပ်ပုံကို မပြောပြရသေးဘူးထင်တယ်...အခု နင့်ကို ရှင်းပြဖို့ အချိန်တန်ပြီ...”
ဟန်ယွဲ့ပြောပြတာ နားထောင်ပြီးနောက် သူမ သဘောပေါက်လိုက်သည်က ဒီအချိန်က ရသစုံအစီအစဉ်များသည် ရိုးရိုးပဲ-
“မိုက်လိုက်တာ။ ဒါက ရှိုးရော ဟုတ်ရဲ့လား... ကျွန်မ ဘာမှ လုပ်စရာမလိုဘူးလား....”
သူမ ပါဝင်မည့် အစီအစဉ်အသစ်တွင် လုပ်ရမည်များကို ဟန်ယွဲ့က ရှင်းပြသည်ကို နားထောင်ပြီးနောက် သူမမှာ လုံးဝ အံ့အားသင့်သွားသည်။
ဤအစီအစဉ်တွင် သူမ ဘာမှလုပ်ရန် မလိုအပ်ပေ။ သူမအတွက် ဘာတာဝန်မှမရှိ။ လိုအပ်ချက်များလည်း မရှိပေ။
ပရိတ်သတ်များကို သူမဘဝအကြောင်း ပြသရန်သာ ဖြစ်သည်။
အကောင်းဆုံးအိမ်မှာနေ၊ အစားကောင်းစား၊ ပုံမှန်လုပ်လေ့ရှိတာနှင့် အလုပ်မှာ ဘာလုပ်ရလဲဆိုတာ စသည်ဖြင့် သူမနေ့စဉ်ဘဝနှင့် သက်ဆိုင်တာချည်းပဲ ဖြစ်သည်။
“တစ်ခုတည်းသော အားနည်းချက်ကတော့ ကိုယ်ပိုင်လွတ်လပ်ခွင့် မရှိတော့မှာပဲ...”
ထိုသို့သောအရာများကို သူမက ဂရုမစိုက်ပေ။
“အဝတ်အစား၊ အစားအသောက်၊ တည်းခိုခန်းနဲ့ ခရီးစရိတ်အကုန်လုံးကို အဖိုးကူးက ပေးမယ်တဲ့...ငါတို့အစီအစဉ်က မိဘ-ကလေးဆက်ဆံရေးတင်မကဘဲ ခရီးသွားလာရေးကိုပါ လူသိအောင်လုပ်ပေးလို့ ရတယ်... ရသစုံအစီအစဉ်တွေ အများကြီးရှိပေမယ့် ခရီးသွားအစီအစဉ်က မရှိဘူးလေ...”
ဇာတ်ညွှန်းမရသေးသော်လည်း အစီအစဉ်က သူမထံမှ ဘာမျှော်လင့်ထားသလဲဆိုတာ ရှအန်း ရိပ်မိသည်။
“ဒါပေမယ့် အစ်ကိုဟန်၊ ကျွန်မက ကြယ်ငါးပွင့်ဟိုတယ်မှာနေပြီး Michelinစားဖိုမှူးတွေချက်တာ စားလို့ ရရောရရဲ့လား။ ချမ်းသာတယ်လို့ ခံစားမိသွားဦးမယ်...”
ရှအန်းနှလုံးခုန်သံက မြန်နှုန်းမြင့်နေသည်။
ဇာတ်လိုက်များနှင့် ဆက်ဆံရမည်ကို တုံ့ဆိုင်းနေသော်လည်း သူမဘဝကို ပျော်ပျော်ရွှင်ရွှင်နေနိုင်မည့် အခွင့်အရေးနှင့် ယှဉ်လျှင်တော့ ၎င်းက မပြောပလောက်ပေ။
သို့ရာတွင် ရှအန်းက လက်မခံသေးပေ။ ဟန်ယွဲ့က အကွက်ကြီးတစ်ကွက် ရွှေ့လိုက်ပြန်သည်။
“ဒါနဲ့ ငါ နင့်ကို မပြောရသေးတာ တစ်ခုရှိတယ်... နင် ဒါကို ကြားရင် အစီအစဉ်သစ်မှာ ရိုက်ဖို့ နင် သဘောတူမှာပဲ...”
ဟန်ယွဲ့က ရှအန်းကို ပြုံးကြည့်ပြီး တည်ငြိမ်စွာ ပြောသည်။
သူမက လက်ပိုက်ပြီး မျက်ခုံးပင့်ကာ စိတ်ဝင်စားစွာမေးလိုက်သည်။
“ဘာများလဲ...”
“နင်ကသာ သူ့မြေးနဲ့ အစီအစဉ်ရိုက်ဖို့ သဘောတူတယ်ဆိုရင် နင့်သားရှောင်ရှင်းရဲ့ ကျောင်းကိစ္စကို သူက ကူညီပေးမယ်တဲ့...”
ရယ်နေသည့် ရှရှင်းသည် ရုတ်ချည်းတည်သွားသည်။
“ကျောင်း ဟုတ်လား...အသေးစိတ်ပြောပြ...”
“အမေရိကားက အကောင်းဆုံးကျောင်းမှာ ရှရှင်းကျောင်းတက်ဖို့ သူစီစဉ်ပေးမယ်တဲ့... အဲဒါက နိုင်ငံတကာအသိအမှတ်ပြု အိုင်ဗီလက်ရွေးစင်ကျောင်းတဲ့...”
ရှအန်းကံက အမှန်ပင် ကောင်းသည်။
အမေရိကန်က အိုင်ဗီလက်ရွေးစင်ကျောင်းများသည် သာမန်လူများ တက်နိုင်သည့်ကျောင်းမျိုး မဟုတ်ပေ။
ထိပ်တန်းကြယ်ပွင့်များမပြောနှင့်၊ ကြွယ်ဝသည့် စီးပွားရေးလုပ်ငန်းရှင်များ၏ သားသမီးတိုင်း ထိုကျောင်းများကို တက်နိုင်သည် မဟုတ်ပေ။
အဆက်အသွယ်ကောင်းကောင်းမရှိဘဲ ထိုကျောင်းသို့ သားသမီးများကို ပို့ရန်မှာ မဖြစ်နိုင်ပေ။
ထို့အပြင် ထိုကျောင်းများ တည်ထောင်ပြီးကတည်းက အာရှနွယ်ဖွားများကို လက်ခံသည်မှာ မရှိသလောက် ရှားပေသည်။
သို့ရာတွင် ၎င်းက အရေးကြီးသည်မဟုတ်ပေ။ အဓိကအချက်မှာ ထိုကျောင်းမှ ကျောင်းသားဆိုပါက လူတွေကြားက နဂါး၊ ဇာမဏီလို၊ ထိပ်တကာ့ထိပ်တန်းဟု ဆိုလို့ရပေသည်။
အမေရိကန်သမ္မတများနှင့် နာမည်ကြီးသိပ္ပံပညာရှင်အချို့တို့သည် ထိုကျောင်းများမှာ တက်ကြပေသည်။
သို့ဖြစ်ရာ ဤကျောင်းသည် တစ်ကမ္ဘာလုံးတွင် အကောင်းဆုံးဟု ဆိုနိုင်ပေသည်။
အမှန်မှာ ဤကျောင်းက ဘယ်လောက် ဩဇာကြီးကြောင်း ရှအန်း အတိအကျမသိချေ။ သို့သော် သူမ ရှာကြည့်လို့ရသည်။
အင်တာနက်တွင် လျှပ်တပြက်ရှာကြည့်ပြီးနောက် သူမ စိတ်လှုပ်ရှားသွားသည်။
“ဟင်...တကယ်ကြီးလား..
ဒီလောက်ကောင်းတဲ့ ကျောင်းမျိုးကို သူက ရှောင်ရှင်းကို တက်ခိုင်းမယ်တဲ့လား...”
ရှအန်းက အသက်ပြင်းပြင်းရှူပြီး ဟန်ယွဲ့ကို တလက်လက်တောက်နေသည့် မျက်လုံးများနှင့် ကြည့်သည်။ သူမ ရင်ထဲတွင် အလွန်တရာ ကျေနပ်နေသည်။
သူမက ကူးရှုမော့ကို ပြန်ခေါ်လာသည်မှာ အလွန်ကံကောင်းသည်။
ဇာတ်လိုက်ကို ကြိုပြီး ကယ်လိုက်သည်က ဇာတ်လမ်းကို ပြောင်းလဲသွားစေရုံသာမက သူမအတွက် အကျိုးရလဒ်များပါ ရလာသည်။ ကောင်းလိုက်တာ။
“အင်း...အဲတော့ ရှအန်း ရှိုးကို ရိုက်မှာလား မစ္စတာကူးလော့ရဲ့ မြေးနဲ့ အစီအစဉ်ရိုက်မှာလား...”
“အင်း အင်း အင်း... ငြင်းတဲ့သူက ရူးနေလို့ပဲဖြစ်မယ်...”
ရှအန်းက ပြုံးရယ်ရင်း အမြန်ပြန်ပြောလိုက်သည်။
ခုဏလေးတုန်းကတော့ ကူးရှုမော့နှင့် အစီအစဉ်ရိုက်ဖို့ သူမက ယတိပြတ်ငြင်းနေခဲ့သည်။ အခုတော့ သူမက လက်ခံသည်ထက်ကို ပိုနေသည်။