အပိုင်း ၁၁၄
Viewers 29k

Chapter 114


ဟန်ယွဲ့က သူ့ပေါင်သူ ပုတ်ရင်း ပြုံးကာ ပြောသည်။


 “အိုခေ... အဲဒါဆို ရှိုးကိစ္စက အဆင်ပြေသွားပြီ နင် အမေရိကားကို ရောက်ရင် ဒုတိယအစီအစဉ်ကို စရိုက်ကြမယ်...”


ရှအန်းက ခေါင်းညိမ့်လိုက်သည်။ 


ထိုအခိုက်တွင် သူ့နှလုံးသားသည် မျှော်လင့်ချက်ပြည့်နေသည်။ ရှိုးက တရားဝင် မရိုက်ရသေးသော်လည်း ၎င်းသည် သူနှင့် ရှအန်း၏ ပထမအစီအစဉ်ကဲ့သို့ အောင်မြင်မည်ဟု ဟန်ယွဲ့ယုံကြသည်။


“အိုခေ... အဲဒါဆို ငါတို့ရဲ့ နောက်ရှိုးနာမည်က ဘာတဲ့လဲ...”


ဟန်ယွဲ့၏ စိတ်လှုပ်ရှားမှုက သူမကိုပါ ကူးစက်သွားသည်။ ရှအန်းကိုယ်တိုင်လည်း လာမည့်ရှိုးအတွက် မျှော်လင့်ထားသည်။


“‘ရှအန်းနဲ့ရှောင်ရှင်းရဲ့ ခရီးသွားမှတ်တမ်း’ဆိုရင် ဘယ်လိုနေလဲ...”


“အင်း၊ ကောင်းပါတယ်။ နည်းနည်းတော့ ထူးဆန်းနေတယ်...”


 ရှအန်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး နက်နက်နဲနဲ စဉ်းစားလိုက်သည်။


“နာမည်ကို စဉ်းစားဖို့တော့ အလျင်မလိုပါဘူး ငါတို့အစီအစဉ် လွှင့်ဖို့က အချိန်ယူရဦးမှာ...”


 ဟန်ယွဲ့က ပြုံးကာ ပြောလေသည်။


ရှအန်းက ပို၍ပင် အလျင်မလိုပေ.။ 


သူမက ပိုက်ဆံကြိုရထားပြီးသား မဟုတ်လား...


“ဒါပေမယ့် အစ်ကိုဟန်၊ ရှင်ပြောတာ ကျွန်မနားမလည်ဘူး... ကျွန်မက သူ့မြေးကို ဂရုစိုက်ပေးတာနဲ့ အဖိုးကူးက ပိုက်ဆံထုတ်ပေးမယ်လို့ ပြောတယ်မလား အဲဒါက တော်တော်ထူးဆန်းနေတယ်...”


ရှအန်းက မျက်မှောင်ကုတ်လိုက်သည်။ လူအိုကူး ဘာတွေတွေးနေသည်ကို သူမ ပုံဖော်၍ မရပေ။


သူတို့မိသားစုက ဩဇာကြီးပြီး ကြွယ်ဝသည်။ သို့ဖြစ်ရာ အဘယ်ကြောင့် သူမကို ထိုကလေးအား ထိန်းကျောင်းစေချင်ရပါသနည်း။


ထိုအရာက... ထူးဆန်းသည်။


“အင်း၊ သူတို့မိသားစုအရေးက ရှုပ်ထွေးတယ်...အဲ့အဘိုးကြီးကို အပြင်ပန်းကြည့်ရုံနဲ့တော့ အကဲမခတ်နိုင်ဘူး... အခု သူက တက်ကြွနေပေမယ် အိုလာပြီလေ ကူးရှုမော့ ပြန်ပေးဆွဲခံရတာက တစ်ယောက်ယောက်လက်ချက်လို့ ငါကြားတယ်... ပြီးတော့ မစ္စတာကူးလော့ကလည်း ကူးရှုမော့ကို အိုင်ဗီလက်ရွေးစင်ကျောင်းမှာ တက်စေချင်တယ်တဲ့... အဲတော့ နင်က အမေရိကားသွားမယ်၊ ငါကလည်း အဲ့မှာ ရှိုးရိုက်မယ်ဆိုတာလည်း ကြားရော သူက ကူးရှုမော့ကို နင့်လက်ထဲ အပ်လိုက်တာပဲ... နင်က ကူးရှုမော့ရဲ့ ကျေးဇူးရှင်မလား... ပြီးတော့ အဲ့ကလေးကလည်း နင့်ကို တော်တော်ဓာတ်ကျနေတယ်လေ...”


ဒီအကြောင်းများနှင့်အတူ ဇာတ်လိုက်အကြောင်း သူမသိထားသည်တို့ကို ဆက်စပ်စဉ်းစားလိုက်သည့်အခါ မစ္စတာကူးလော့၏ ရည်ရွယ်ချက်ကို သူမ နားလည်သွားသည်။


“ထားလိုက်တော့... ရှောင်ရှင်းအတွက် ကစားဖော်ရလာတယ်လို့ပဲ သဘောထားလိုက်တော့မယ်...” 


ရှအန်းက ပခုံးတွန့်လိုက်ပြီးနောက်....  ရယ်ချင်သွားမိသည်။


အဘယ်ကြောင့်ဆိုသော် ထိုကလေးနှစ်ယောက်တွင် တစ်ယောက်က ဗီလိန်၊ တစ်ယောက်က ဇာတ်လိုက်ဖြစ်သည် မဟုတ်လား...


သည်နှစ်ယောက်သည် နှလုံးသားရေးရာမှာသာမက စီးပွားရေးမှာပါ ပြိုင်ဘက်များ ဖြစ်လာကြပေမည်။


ယခုအခါ သူသေကိုယ်သေ တိုက်ကြမည့် ပြိုင်ဘက်များသည် ငယ်ပေါင်းကြီးဖော်များ ဖြစ်လာကြတော့မည်။ သူတို့က နေ့တိုင်း အတူသွား အတူစားကြရတော့မည်...


“အို~”


ထိုပုံစံကို မြင်ယောင်လိုက်တော့ ရှအန်းက မနေနိုင်တော့ပဲ ရယ်မိသည်။


“ရှအန်း၊ နင်ဘာတွေ ရယ်နေတာလဲ...” 


ဟန်ယွဲ့က ဇဝေဇဝါဖြစ်သွားသည်။


“ဘာမှ မဟုတ်ပါဘူး... ဒီအစီအစဉ်က အတော်စိတ်ဝင်စားဖို့ကောင်းမယ်လို့ တွေးမိလို့ပါ...”


 ရှအန်းက ပြုံးရင်းပြောလိုက်သည်။


ဟန်ယွဲ့က သံသယစိတ်နှင့် ခေါင်းယမ်းလိုက်သည်။ 


“နင် အဲဒါကို သဘောပေါက်အောင် အတော်အချိန်ယူလိုက်ရတာပဲ...”


သူမ ရယ်ရသည့် အကြောင်းအရင်းမှာ ရှိုးကြောင့် လုံးဝမဟုတ်ပေ။


ထို့နောက် နှစ်ယောက်သား အလုပ်အကြောင်း ပြောကြသည်။


သူတို့က နိုင်ငံခြားသွားရုံသာမက ဒုတိယအစီအစဉ်တစ်ခုလည်း ရိုက်မည်ဖြစ်သည်။ ဟန်ယွဲ့က အတော်အလုပ်များနေသည်။ သူက ရှအန်းနှင့် ထမင်းအတူမစားနိုင်တော့ဘဲ အမြန်ပြန်သွားသည်။


ဟန်ယွဲ့ထွက်သွားပြီးနောက် အနှောင့်အယှက်မဖြစ်စေရန် တစ်ချိန်လုံး တိတ်တိတ်လေးနေနေသည့် ကောင်လေးက ရှအန်းအနားကို ရောက်လာသည်။


“မေမေ၊ ကူးရှုမော့က ကျွန်တော်တို့နဲ့ လာနေဦးမှာဆို...”


ကောင်လေးမျက်နှာထားသည် အလွန်တည်ကြည်နေသည်။ သူမသားက အခန်းထောင့်ကနေ ခိုးနားထောင်နေတာကို ရှအန်းသိလိုက်သည်။


ကောင်လေးရဲ့ ခေါင်းကိုပုတ်ပြီး ရှအန်းက ရယ်ရင်းပြောသည်။


 “ဟုတ်တယ် ဘာလို့လဲ... သားက မကြိုက်ဘူးလား...”


“ဟင်း...သား မပျော်ဘူး သူ့ကို နည်းနည်းလေးတောင် သဘောမကျဘူး... သူက သားမေမေကို လုချင်နေတာ...” 


ကောင်လေးက ခေါင်းညိမ့်လိုက်ပြီး အတွေးများကို မဖုံးကွယ်ဘဲ ပြောလိုက်သည်။


သူက ခေါင်းမာနေသော်လည်း ရှအန်းက စိတ်မပြောင်းပေ။


သူမသားနှင့် ကူးရှုမော့သည် အနှိုင်းမဲ့ပြိုင်ဘက်များ ဖြစ်ရမည့်ကံ ပါလာသော်လည်း သူတို့က အရွယ်မရောက်သေးပေ။ ပိုအရေးကြီးတာက ဇာတ်လမ်းက အခုထိ မစရသေး။


သူမက ဒီအခွင့်အရေးကို ကောင်းကောင်းအသုံးချပြီး ဇာတ်လမ်းကို ပြောင်းပြန်လှန်ကာ မူလက သူသေကိုယ်သေ ပြိုင်ဘက်များကို...


ရှအန်းက မျက်တောင်ခတ်လိုက်ပြီး ကောင်လေး၏ မမျှတဘူးဆိုသည့် မျက်နှာထားကို ကြည့်လိုက်သည်။


ခစ်ခစ်။ သူတို့ သူငယ်ချင်းကောင်းတွေ ဖြစ်မလာတောင်မှ သူငယ်ချင်းတွေအဖြစ် ပြောင်းလိုက်တာက ရန်သူဖြစ်လာတာထက်စာရင်တော့ တော်ပါသေးသည်။


သူမ၏ဗီလိန်သားသည် ဇာတ်လိုက်မကို ကြိုက်လာမည်မဟုတ်သော်လည်း ပြိုင်ဆိုင်မှု မဖြစ်လာရန် ကာကွယ်ထားသည်ကလည်း ကောင်းမွန်ပေသည်။


အကယ်၍သာ ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က စွမ်းအားတွေအကုန်လုံးကို ရရှိသွားလျှင်။ 


“ဟင့်အင်း...ရှောင်ရှင်း၊ သား စိတ်ပူစရာမလိုပာဘူး... သူ အမေတို့နဲ့ အတူတူလာနေတောင်မှာ သားဆီက အမေ့ကို သူလုသွားလို့မရဘူး ဘာလို့လဲဆိုတော့...”


ရှအန်းက ရှရှင်းချန်ကို ထွေးပွေ့လိုက်သည်။


“ဘာလို့လဲဆိုတော့ မေမေက ရှောင်ရှင်းတစ်ယောက်တည်းရဲ့ အမေမို့လို့ပဲ...”


ပြောပြီးနောက် ရှအန်းက ကောင်လေးရဲ့ ဖြူဖွေးနုထွတ်သည့် မျက်နှာလေးကို နမ်းလိုက်သည်။


“အဲဒါကြောင့် ရှောင်ရှင်း၊ ဘာမှ မများကြီး စဉ်းစားမနေနဲ့...ကူးရှုမော့နဲ့သာ သင့်သင့်မြတ်မြတ်နေနော် သူ့အဖိုးက သားအတွက် အရမ်းကောင်းတဲ့ကျောင်းတစ်ခု ရှာပေးထားတယ်...”


ရှရှင်းချန်က အလွန်တရာမှားယွင်းနေသည်ဟု ခံစားရသည်။ ဟင့်အင်း၊ သူက ကူးရှု့မော့နဲ့ တည့်အောင် မနေချင်ဘူး။ အဲဒီ့ မုန်းစရာကောင်စုတ်လေးက သူ့နတ်သမီးမေမေကို လုယူချင်နေတာ။


သူ့အတွက် ကျောင်းရှာပေးသည့် ကူးရှုမော့အဖိုးကိုလည်း ရှောင်ရှင်းမုန်းမိသည်။


သို့သော် သူ့ရဲ့ နူးညံ့သည့် နတ်သမီးမေမေကို အလုပ်မရှုပ်စေလိုပေ။ ထို့ကြောင့် သူက ရှအန်းကို မငြင်းတော့ဘဲ ခေါင်းညိမ့်လိုက်သည်။ 


“ဟုတ်ကဲ့ မေမေ...သား မေမေ့စကား နားထောင်ပါ့မယ်...”


“လိမ္မာတဲ့သားလေး..

ဒီနေ့ မေမေက ဟင်းကောင်းကောင်း ချက်ကျွေးမယ်...”


ထို့နောက် ရှအန်းက ညစာချက်ဖို့ ပျော်ပျော်ကြီး ပြင်ဆင်တော့သည်။


သူမက ပျော်ရွှင်စွာ ညစာချက်ပြုတ်နေစဉ်တွင် 'Come on Challenger"က ထုတ်လွှင့်မှုရပ်ဆိုင်းတော့မည်ဟု ကြေညာလိုက်သော်ကြောင့် အင်တာနက်မှာ ပွက်လောရိုက်ကုန်သည်။


ရှကျင်းသမီး ဖုအန်းချီ၏ ဗီဒီယိုသည် ရှအန်းပိုစ့်ကို အနိုင်ပိုင်းပြီးနောက် ရှအန်းကို လူတွေ ကျောခိုင်းသွားအောင် စွမ်းဆောင်ခဲ့သည်။ သို့သော် ကိစ္စတွေက ဤမျှအကြီးအကျယ်ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။


ထိုအထဲမှ တစ်ခုမှာ ရှိုးရိုက်ကူးရေးကို ရပ်နားလိုက်ခြင်းဖြစ်သည်။


သို့ဖြစ်ရာ Weiboတွင် ရှိုးရပ်နားကြောင်း တရားဝင်ကြေညာလိုက်သည့်အခါ များပြားသည့် ပရိတ်သက်များကို ဒေါသူပုန်ထသွားစေသည်။


[ရှအန်းကို နာမည်ပျက်စာရင်း ထည့်လို့ရတယ်။ ရှိုးတော့ ကြည့်ခွင့်ပေးသင့်တယ်] 


[ငါတော့ နားမလည်နိုင်ဘူး။ ရှအန်းက မယားငယ်ဆိုတာ ပေါ်လာတာနဲ့ သူမကို ဘာလို့ နာမည်ပျက်ထည့်လိုက်တာလဲ။ သူ့လိုမိန်းမတွေ ဖျော်ဖြေရေးနယ်ပယ်မှာ အများကြီးကို သူတို့အားလုံးကိုလည်း ပိတ်မှာလား။ ဘာလို့ ရှအန်းတစ်ယောက်တည်းလဲ။ အရေးအကြီးဆုံးက ရှိုးကို ပြီးအောင် ရိုက်ပြီးမှ သူ့ကို ပိတ်ချင်ရင်ပိတ်ပါလား] 


[အမှန်အတိုင်းပြောရရင် ကလေးက ပြောတယ်ဆိုတိုင်း မှန်ပါတယ်လို့ ဘယ်သူက ပြောနိုင်လို့လဲ ရှအန်းက အသံဖိုင်တင်ပြီးတဲ့နောက် ဥက္ကဌဖုက အတုပါဆိုတာကို ဖြေရှင်းချက် မပေးဘူးနော်...ပြီးတော့ ရေတပ်ကလည်း နေရာတကာပါနေတာ။ လူချမ်းသာတွေနဲ့တော့ ဇယားသွားရှုပ်လို့ မရဘူး] 


[ဟ ပုံတစ်ပုံတောင် မပြနိုင်ဘဲနဲ့ အဲ့ကလေးပြောစကားက ဘယ်လောက်ယုံကြည်လို့ရမှာ မို့လို့လဲ...အဓိကက ငါ့ကို ရှိုးဆက်ကြည့်ခွင့်ပေးပါ ဒီလိုကောင်းတဲ့အစီအစဉ်မျိုး မကြည့်ရတာ တော်တော်ကြာနေပြီ]


...


'Come on Challenger" ရပ်နားလိုက်ခြင်းသည် ပရိတ်သက်များကို ဘဝင်မကျဖြစ်စေသည်။ ရလဒ်အားဖြင့် အင်တာနက်ပေါ်တွင် အသံအမျိုးမျိုး ထွက်လာသည်။


ထို့အပြင် ‘ပုန်ကန်တတ်သည့်’ လူထုအမြင်က အရှိန်မြင့်လာသော်လည်း ရှအန်းဘက်မှတော့ ဘာလှုပ်ရှားမှုမှမရှိ။


#ရှအန်းက မယားငယ်ပါဆိုတဲ့ ပုံ၊ ဗီဒီယိုပြပါ။ မပြနိုင်ရင် ရှအန်းကို ပိတ်ပင်စရာအကြောင်း မရှိဘူး#


#'Come on Challenger" ထုတ်လွှင့်မှုရပ်ဆိုင်းတာကို ဆန္ဒပြကြမယ်#


ရှအန်းရော၊ ရှိုးအဖွဲ့သားများပါ ဘာမှမလုပ်ရဘဲနှင့် ထိပ်တန်းရှာဖွေမှုကို ရောက်သွားပြန်သည်။ ရှအန်းနှင့် ထိုရှိုးသည် အလွန်နာမည်ကြီးသွားသော်လည်း သူမသည် ရှကျင်းကဲ့သို့ ရန်သူနှင့် ရင်ဆိုင်လိုက်ရသည်။ ထိုသို့သာမဟုတ်ပါက ရှအန်းသည် နာမည်အကြီးဆုံးနှင့် ဝင်ငွေအများဆုံးကြယ်ပွင့်ဖြစ်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။


ကံမကောင်းစွာနှင့် သူမသည် ပိတ်ပင်ခံလိုက်ရသည်။


သို့သော် ရှအန်းက သနားကြင်နာမှု မလိုအပ်။ 


မည်သူမျှ မရနိုင်သည့် အရင်းအနှီးနှင့် အခွင့်အလမ်းများကို သူမ ရထားသောကြောင့်ပင်။