အပိုင်း ၁၁၅
Viewers 29k

Chapter 115


“မေမေ၊ သားတို့ မနက်ဖြန်ကျရင် ဒီကနေ ပြောင်းမှာလား...”


 ညဘက်တွင် ကောင်လေးက ရှအန်းလက်မောင်းကိုဖက်ရင်း သူ့အမေဘေးတွင် ကွေးကာ မေးသည်။


ရှအန်းက လှည့်ပြီး ရှရှင်းချန်ကို ကြည့်သည်။


“ဘာလို့လဲ...ဒီနေရာက မပြောင်းချင်ဘူးလား”


“မဟုတ်ပါဘူး... မေမေနဲ့အတူတူဆိုရင် ဘယ်နေရာကိုမဆို ရှောင်ရှင်းက ပျော်ပျော်ကြီး သွားမှာ...” 


သူက လေးနက်စွာပြောသည်။ သူ့အသံကေ နူးညံသော်လည်း ခိုင်မာသည်။ 


“ဒီကောင်လေး...တော်တော်စကားတတ်တယ်...” 


ရှအန်းက ကောင်လေးရဲ့ ခေါင်းကို ပုတ်လိုက်သည်။


“ဒါပေမယ့် မေမေက အနိုင်ကျင့်ခံနေရတာလား...”


သူ့သားက ဒီလိုစကားမျိုး ပြောလာမည်ဟု မမျှော်လင့်ထားသဖြင့် ရှအန်း အံ့အားသင့်သွားသည်။


သူမ၏ ချစ်လှစွာသောသားသည် ဖုအန်းချီ၏ ဗီဒီယိုကို မြင်သွားတာတောင် အောက်က မကောင်းသည့်ကွန်းမန့်များကို ဖတ်မိမည်ဟု သူမ မထင်ခဲ့ပေ။ သူမသားက ငယ်သေးသဖြင့် ထိုသို့မကောင်းသည့် မှတ်ချက်များကို မမြင်စေလိုပေ။


“မဟုတ်ပါဘူး... မေမေက အနိုင်ကျင့်မခံရပါဘူး နိုင်ငံခြားက သားကြီးပြင်းလာဖို့ ပိုကောင်းလို့ပါ...” 


ရှအန်းက ပြုံး၍ဆက်ပြောလိုက်သည်။


 “သားက ပုံမှန်ဆို သိပ်စဉ်းစားလေ့မရှိဘဲနဲ့ ဘာလို့ မေမေ့အတွက်ကျမှ အဲလောက်ထိ စဉ်းစားနေတာလဲ...” 


“မေမေ အမြဲအနိုင်ကျင့်ခံနေရတာ ရှောင်ရှင်း မမြင်ချင်လို့လေ...”


စောင်အောက်ထဲတွင် ကောင်လေးသည် လက်သီးကို တင်းနေအောင် ဆုပ်ထားသောကြောင့် သူ့လက်သန်းက ဖြူနေသည်ကို ရှအန်းမမြင်ချေ။


“မေမေက အနိုင်ကျင့်ခံရပါတယ်လို့ ဘယ်သူက ပြောလဲ... သား မကြားဖူးဘူးလား...ယောက်ျားတစ်ယောက်က လက်စားချေဖို့ ဆယ်နှစ်စောင့်လည်း နောက်မကျပါဘူးဆိုတဲ့ စကားကို....”


ရှအန်းက ကောင်လေးရဲ့ သေးသွယ်ဖြောင့်စင်းသည့် နှာတံကို ဆိတ်လိုက်သည်။


ကောင်လေးက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး လေးနက်စွာ ပြောသည်။ 


“ဆယ်နှစ်ကြီးများတောင်... အကြာကြီးပဲ....”


ကောင်လေး၏ တုံ့ပြန်စကားကြောင့် ရှအန်း ရယ်မိသွားသည်။


 “ဟုတ်တယ်... ဆယ်နှစ်က ကြာလွန်းတယ် မေမေလည်း အဲလောက်ကြာအောင်တော့ မစောင့်နိုင်ဘူး... ဒါပေမယ့် မေမေပြောချင်တာက...ဘယ်အချိန်မှာဆုတ်ရမယ်၊ ရှေ့တိုးရမယ်ဆိုတာကို သိရမယ်လို့။ ဖြည်းဖြည်းချင်း လုပ်ယူသွားလို့ရတယ်၊ အလျင်လိုစရာ မလိုဘူး...အချိန်ရှိတယ်....”


ရှအန်းကဲ့သို့သော လူများသည် အမျက်ဒေါသကို ချက်ချင်းဖြေရှင်းလေ့ရှိသည်။


သို့သော် သူမ၏ အပြုအမူသည် ကမ္ဘာပျက်ရက်များအတွက်သာ သင့်လျော်သည်။ ဤသို့သော ငြိမ်းချမ်းပြီး တရားဥပဒေစိုးမိုးသည့် ခေတ်တွင် ပိုက်ဆံသာမရှိပါက ထိုသို့သောအပြုအမူကို မပြုမူသင့်ပေ။


သူမက အခုထိ အရေးနိမ့်နေသေးသည်။ မူလရှအန်း၏ မှတ်ဉာဏ်များ သူမတွင် မရှိပေ။ မူလပိုင်ရှင်အကြောင်း သိထားသမျှသည် သူမ၏ မှန်းဆချက်သက်သက်သာ ဖြစ်ပေသည်။


ထို့အပြင် အရေးအကြီးဆုံးက ဖုရှန်းနှင့် ရှကျင်းသည် လူကောင်းများ မဟုတ်ကြပေ။ သူမက ထိုနှစ်ယောက်ကို ကြည့်မရပေ။ ထိုသို့ဖြစ်သည့်တိုင် သူမက ထိုနှစ်ယောက်ကို ခွဲခွာခြင်းလက်ဆောင်လေးတစ်ခု ပေးလိုက်ချင်သည်~


ရှေ့ရေးကို ကြိုတွေးရင်း ရှအန်းက တဖြည်းဖြည်း အိပ်ပျော်သွားသည်...


“ဟေ့ အမျိုးသမီး... မင်း ဒီလိုပဲ ထွက်ပြေးသွားမှာလား... မင်းက အသုံးကိုမကျဘူး ဒီလိုမိန်းမမျိုးကို မထိန်းနိုင်ဘဲ အနိုင်ကျင့်တာ ခံနေတယ်ပေါ့လေ...”


သူမ ဘာဖြစ်လို့ မအိပ်ခင် ကျောက်စိမ်းလည်ဆွဲကို မချွတ်မိခဲ့ပါသနည်း။ ရှအန်း နောင်တရမိသည်။


သူမ မျက်စိဖွင့်လိုက်သောအခါ နဂါးအဖြူနှင့်အနက်တို့ အရွယ်အစားကျုံ့သွားသည်ကို ရှအန်းမြင်လိုက်ရသည်။


သေးသွားသည့်အခါ နဂါးနှစ်ကောင်၏ ကြောက်မက်ဖွယ်သဏ္ဍာန်တို့ လျော့သွားပြီး ချစ်ဖို့ကောင်းသွားသည်။


“ရှောင်ဟေး... အရှင့်ကို မင်း အဲလိုပြောပိုင်ခွင့် မရှိဘူး...”


“ငါ မင်းကို ဘယ်နှခါ ပြောရမလဲ ငါ့ကို ရှောင်ဟေးလို့ မခေါ်နဲ့... ရှောင်ဟေးလို့ မခေါ်နဲ့... ဘာအဓိပ္ပာယ်မှန်းမသိတဲ့ နာမည်ကြီး....”


နဂါးနှစ်ကောင်က စကားများနေပြန်သည်။ မအိပ်ခင် လည်ဆွဲကို ချွတ်ဖို့ ရှအန်းက ဆုံးဖြတ်လိုက်သည်။


သို့မဟုတ်ပါက သူမ အိပ်တိုင်း လည်ဆွဲနေရာကို အလိုအလျောက် ရောက်သွားလိမ့်မည်။ ထို့နောက် မုန်းဖို့ကောင်းသည့် နဂါးငတုံးနှစ်ကောင် စကားများသည်ကို နားထောင်နေရလိမ့်မည်။


“အိုခေ... စကားမများကြနဲ့... ပြီးတော့ မင်းတို့ လည်ဆွဲထဲမှာ နေနေတုန်း အပြင်မှာ ဘာဖြစ်နေလဲဆိုတာ မြင်ရတယ်ပေါ့...” 


နဂါးနှစ်ကောင်ရဲ့ ကလေးကလားရန်ပွဲကို ရှအန်းက အဆုံးသတ်လိုက်ပြီး မျက်မှောင်ကုတ်လိုက်သည်။


“ဟုတ်ပါတယ် အရှင်...လည်ဆွဲက ကျွန်တော်တို့ရဲ့ မျက်လုံးပါပဲ အရှင်လည်ဆွဲဆွဲထားရင် အရှင်ကြုံတွေ့သမျှ အရာအားလုံးကို ကျွန်တော်တို့ မြင်ရပါတယ်။ ဒါပေမယ့် အရှင်မမြင်စေချင်ဘူးဆိုရင် ကျွန်တော်တို့ မကြည့်တော့ပါဘူး...” 


ရှောင်ပိုင်၏ ယဉ်ကျေးသည့်အဖြေကြောင့် သူမ စိတ်အေးသွားသည်။ 


သူမက လက်မြှောက်ကာ ရှောင်ပိုင်၏ ခေါင်းကို ပွတ်ရင်း ပြုံးကာပြောသည်။ 


“ငါက မင်းရဲ့ အကောင်းဆုံးသူငယ်ချင်းပဲ”


ချီးကျူးစကားကို ကြားသည့်အခါ ရှောင်ပိုင်သည် ပျော်လွန်းသဖြင့် သူ့နဂါးခေါင်းကို ရှအန်းလက်ဝါးသို့ တိုးဝှေ့လိုက်သည်။ သူက တကယ်ကို ချစ်ဖို့ကောင်းသည်။


ထိုမြင်ကွင်းကြောင့် ရှောင်ဟေးက စိတ်ဆိုးမာန်ဆိုးနှင့် တစ်ဘက်လှည့်သွားသည်။


“ဟွန်း...ရှောင်ပိုင်က ဘယ်လောက်ကောင်းကောင်း၊ မင်းကို အနိုင်ကျင့်တဲ့ မကောင်းတဲ့မိန်းမကို လက်စားချေဖို့ ကူညီနိုင်မှာ မဟုတ်ဘူး...”


ရှောင်ဟေးက သဝန်တိုနေသည်။


 ရှအန်းက ပြုံးပြီး စိတ်ထဲမှာ အကွက်ချလိုက်သည်။


“တကယ်လား... ရှောင်ပိုင်က မလုပ်နိုင်ရင် မင်းကရော လုပ်နိုင်လို့လား...”


“အိုး... လုပ်နိုင်တာပေါ့ အမျိုးသမီးရဲ့...ဒီအသုံးမကျတဲ့နဂါးထက် ငါက ပိုတော်တယ်လို့ ပြောခဲ့တယ်မလား ငါ စိတ်ထဲမှန်းလိုက်တဲ့လူမှန်သမျှ ကံဆိုးမိုးမှောင် ကျလာလိမ့်မယ် ငါ နာကျင်စေချင်တဲ့သူကိုလည်း နာကျင်အောင် လုပ်နိုင်တယ် ဘယ်သူမှ ငါ့ကို တားလို့မရဘူး...” 


ရှောင်းဟေးက ရှအန်းနားတွင် ဝေ့ဝိုက်ပျံသန်းကာ သူမပခုံးပေါ် နားလိုက်သည်။ 


“တကယ်လား ဒါပေမယ့် မင်းကြည့်ရတာ အဲ့လောက်လည်း တော်တဲ့ပုံ မပေါ်ပါဘူး...”


 ရှအန်းက ပခုံးထက်က နဂါးနက်ကို ထိုးလိုက်ပြီး အပြုံးနှင့် ပြောသည်။


“အမျိုးသမီး...မင်းက ငါ့ကို အထင်သေးရဲတယ်ပေါ့ ကောင်းပြီ... စောင့်ကြည့်နေ...” 


ရှအန်းစကားကြောင့် ရှောင်ဟေး စိတ်တိုသွားသည်။ သူက ဒေါသတကြီးနှင့် ရှအန်းပခုံးထက်မှ ပျံသွားသည်။ သူက လေပေါ်တွင် ဝဲနေပြီး သူ့မျက်ဝန်းနီတွေ အရောင်မှိန်သွားသည်။ ထို့နောက် ရှအန်းဆီသို့ ပျံသွားသည်။


“ပြီးပြီ... ငါ မင်းကို အနိုင်ကျင့်တဲ့ ရှကျင်းကို ကျိန်စာတိုက်လိုက်ပြီ... စိတ်မပူနဲ့...မကြာခင် သူက ကံဆိုးတော့မှာ...ဘယ်လိုလဲ... ငါက ပိုအသုံးကျတယ် ဟုတ်တယ်မလား...”