👥️Chapter 4
တောင်ပိုင်းခရိုင်၊ ရှင်းမောဝ်လမ်းတွင် .. လမ်းအဆုံး၌ အသစ်စက်စက် ဖွင့်လှစ်ထားသည့် ဘားတစ်ခု ရှိနေသည်။ ၎င်းမှာ နာမည်မကြီးသေးသည့်အတွက် လာရောက်သူ ဦးရေမှာလည်း အလွန် နည်းပါးနေသေးသည်။
ညကိုးနာရီခွဲ အချိန်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမှ အသိမပေးဘဲ ယန်အန်းယုသည် သူရထားသည့် မှတ်ဉာဏ်များကို အားကိုးကာ ကားငှား၍ ထိုနေရာသို့ တစ်ယောက်တည်း ထွက်လာလိုက်သည်။ ထိုဘားမှာ မူလကိုယ် ကားအက်စီးဒန့် ဖြစ်ခဲ့သည့်နေ့က လာသောက်ခဲ့သော နေရာပင် ဖြစ်ပေသည်။
ယန်အန်းယုက အနည်းငယ် စိတ်ဓာတ်ကျနေသည့်အတွက် အယ်လ်ကိုဟောအချို့ သောက်လိုစိတ်များ ဖြစ်ပေါ်နေခဲ့သည်။ တစိမ့်စိမ့် စဉ်းစားကြည့်လေလေ သူ့စိတ်ထဲတွင် ပိုပြီး ထူးဆန်းလာလေဖြစ်ကာ မူလကိုယ်သည် ကးအက်စီးဒန့် မဖြစ်မီက တစ်စုံတစ်ခု၏ လှုံ့ဆော်ရန်စခြင်းကို ခံခဲ့ရလိမ့်မည်ဟု မှန်းဆမိခဲ့သည်။
ဒါပေမယ့် အသေးစိတ် အချက်အလက်တွေကရော? ..
သူက ထိုအကြောင်းကို ရှင်းရှင်းလင်းလင်း မသိရသေးသည့်အပြင် ထိုအချိန်အတွင်း ဖြစ်ပျက်ခဲ့သည့် မှတ်ဉာဏ်များကိုလည်း မရရှိခဲ့ချေ။
“... အကွာအဝေးကောင်းတစ်ခုကို ခြားနားထားကြမယ် မင်းနဲ့ငါ ကိုယ်တို့နှစ်ယောက်လုံးက သရုပ်ဆောင်တဲ့နေရာမှာ ကျွမ်းကျင်ကြတာပဲဟာ ငယ်ရွယ်စဉ်တုန်းက နောင်တတွေ မရေမတွက်နိုင်အောင် ရခဲ့ပြီး .. ငါ့နှလုံးသား အောက်ခြေကနေ ထွက်သွားခဲ့သူကပဲ ငါတို့ကို တစ်ဖြည်းဖြည်း ရင့်ကျက်လာအောင် ရက်ရက်စက်စက် ပြုလုပ်ခဲ့တာလေ ...”
စင်ပေါ်တွင် လူငယ်လေးတစ်ဦးက စန္ဒယားတီးကာ သီချင်းဆိုနေသည်။ ညှို့ဓာတ်ပြင်းလှသည့် သူ့အသံနှင့်အတူ နားဝင်ပီယံ စန္ဒယားသံမှာ အလွန် လိုက်ဖက်ညီနေကာ နားထောင်သူတိုင်းကို ငယ်ဘဝ အမှတ်တရများအား ပြန်ပြောင်း အောက်မေ့စေနိုင်သည်အထိ ဆွဲဆောင်နိုင်လွန်းလှသည်။
ဝီစကီတစ်ခွက်ကို မှာလိုက်ပြီးနောက် ယန်အန်းယုသည် အကြိမ်အနည်းငယ်ခန့် ငုံလိုက်ကာ ပြင်းရှရီဝေသော အရသာကို ခံစားနေလိုက်သည်။ သူ၏ အရက်ခံနိုင်စွမ်းမှာ အလွန် ကောင်းမွန်လှကာ လွယ်လွယ်နှင့် မူးတတ်သူတစ်ဦး မဟုတ်ချေ။
ပြီးခဲ့သည့် အပတ်က “ရှင်းမန့်” ရှိုးသည် ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့ကာ ယနေ့ညတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သူများနှင့်အတူ ဝေ့ပေါ်မှတစ်ဆင့် အင်တာဗျူး ပြုလုပ်မည် ဖြစ်သည်။ အဓိက သရုပ်ဆောင်အချို့က ပရိသတ်များ မေးထားသည့် မေးခွန်းများကို ဖြေကြားပေးရမည် ဖြစ်ကာ ထိုအထဲတွင် ယီချန်းယန်လည်း အပါအဝင် ဖြစ်သည်။
ယန်အန်းယုက သူရထားသည့် မှတ်ဉာဏ်များကို အခြေခံကာ မူလကိုယ်၏ ဝေ့ပေါ်အကောင့်ထဲသို့ ဝင်ကြည့်လိုက်သည်။
ထင်ထားတဲ့ အတိုင်းပဲ ဒီ ယန်ရှောက်ယဲ့က ယီချန်းယန်အတွက် notification ကို သီးသန့် ထားပေးထားတာပဲ ...
သူက ယီချန်းယန်၏ update များ လွတ်သွားမည်ကို စိုးရိမ်စိတ်ကြောင့် သူ၏ ဝေ့ပေါ်စာမျက်နှာကို ကြိမ်ဖန်များစွာ refresh လုပ်နေလိုက်သည်။
ပရိသတ်အများစုက ဝမ်းနည်းဖွယ်ရာ ဇာတ်သိမ်းပိုင်းအကြောင်း စောဒက တက်နေကြကာ အချို့ကမူ ယီချန်းယန်၏ အနာဂတ် လုပ်ငန်းအစီအစဉ်များကို သိလိုနေကြသည်။ ထို့အပြင် ချစ်စရာကောင်းသည့် ပုံစံမျိုးဖြင့် ချစ်ကြောင်းကြိုက်ကြောင်း ဖွဲ့နွဲ့ဝန်ခံကြသူများလည်း အများအပြား ရှိခဲ့ပြီး ထိုမှတ်ချက်များအနက် တစ်ခုကို ယန်အန်းယုက သတိပြုမိသွားခဲ့သည်။
[@Apupupuyue : #XinMang Ending #Asking @Yi Chen Yan : ရှင်းမန့် ဒါကို “ရှင်းမန့်” လို့ အဓိပ္ပါယ်ကောက်လို့လည်း ရတယ်လို့ ခံစားမိနေပါတယ် ဘော့စ်ယီရေ ရှင်ရော လက်တွေ့ဘဝမှာ နှလုံးသားရဲ့ အလင်းရောင်လေးကို တွေ့နေပြီလား]
(ဒီမှာ သူ ပြောသွားတဲ့ ရှင်းမန့်က နှလုံးသား/ အလင်းရောင်ဆိုတဲ့ ရှင်းမန့်ပါ ဇာတ်လမ်းနာမည် ရှင်းမန့်ကတော့ ယုံကြည်ချက်လို့ အဓိပ္ပါယ်ရတဲ့ ရှင်းမန့်ပါ)
၎င်းမှာ ဇာတ်လမ်းနှင့် သက်ဆိုင်သည့် မေးခွန်းတစ်ခုဟု ထင်ရနိုင်သော်ငြား စင်စစ်အားဖြင့် ထိုပရိသတ်သည် ယီချန်းယန်၏ အချစ်ရေးအကြောင်း မေးနေခြင်း ဖြစ်ပေသည်။
[ယီချန်းယန် : အခုထိတော့ မတွေ့သေးပါဘူး ဒါပေမယ့် အနာဂတ်မှာတော့ တွေ့လာနိုင်မယ်လို့ မျှော်လင့်ပါတယ်]
ထိုအဖြေကို မြင်လိုက်ရပြီးနောက် ယန်အန်းယုသည် သူ့လက်တွင် ဝတ်ဆင်ထားသည့် လက်စွပ်ကို စိုက်ကြည့်ရင်း အတွေးနွံထဲသို့ တစ်ဖန် နစ်ဝင်သွားပြန်၏။ ထို့နောက် အသံတိတ် သက်ပြင်းချကာ လက်စွပ်ကို ချွတ်လိုက်သည်။
“ဘာလို့ ချွတ်လိုက်တာလဲ ...”
ထိုစဉ် သူ့ဘေးနားမှ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။
ယန်အန်းယုက အလွန် ထိတ်လန့်သွား၏။ ထို့နောက်တွင်မှ ဘားထဲတွင် သီချင်းသံ ရပ်တန့်သွားပြီ ဖြစ်ကြောင်းနှင့် မူလက သီချင်းဆိုနေသူမှာ သူ့ဘေးတွင် ရောက်နေကြောင်း သတိပြုမိသွားတော့သည်။
ထိုလူငယ်လေးမှာ သူနှင့် သက်တူရွယ်တူခန့် ဖြစ်ကာ ဖြူဖွေးဝင်းလက်နေသည့် အသားအရေနှင့် အလွန်အမင်း ညှို့ဓာတ်ပြင်းလွန်းသည့် မက်မွန်ပွင့်သဏ္ဌာန် မျက်ဝန်းတို့ကို ပိုင်ဆိုင်ထားသည်။
“အာ ...”
ယန်အန်းယုမှာ မည်ကဲ့သို့ ပြန်ဖြေသင့်မှန်း မသိတော့။
ဒီလို ဆန်ကုန်မြေလေး သခင်လေးတစ်ယောက်ရဲ့ ကိုယ်ထဲကို ဝိဉာဉ် ကူးပြောင်းလာရတာနဲ့တင် တော်တော်လေး စိတ်ညစ်နေရပြီကို ခွေးသွေးဆန်တဲ့ လက်ထပ်မှု တစ်ခုနဲ့ပါ ကြုံရလိမ့်ဦးမယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ ...
သူက ဘယ်လိုလုပ်ပြီး ယီချန်းယန်နဲ့ လက်ထပ်မိသွားတာလဲ ဆိုတာကိုတောင် မသိရသေးဘူး ဒါပေမယ့် သူနဲ့ မိတ်ဆွေတော့ ဖြစ်ချင်တယ် ဒါကလည်း အခုအခြေအနေအရဆို လွယ်မယ့်ပုံ မပေါ်ဘူးပဲ ...
“ပြန်ဖြေနေဖို့ မလိုပါဘူး ...”
လူငယ်လေးက အရက်တစ်ခွက်ကို လှမ်းမှာကာ သူ့ဘေးတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။
“မင်းကို ပြန်မပေးခဲ့လိုက်သင့်ဘူး ...”
“မဟုတ်မှလွဲရော မင်းက ...”
ထိုစကားကို ကြားလိုက်ရသည့်အခါ ယန်အန်းယု၏ အာရုံများ လက်ရှိအချိန်သို့ ပြန်လည်ရောက်ရှိလာတော့သည်။
“ငါ့လက်စွပ်ကို ကောက်တွေ့ခဲ့တဲ့လူလား ...”
“အင်း ...”
လူငယ်လေးက ခေါင်းငြိမ့်ပြလိုက်သည်။
“ဘာလို့ဆို မင်းလည်း အရင်က ငါ့ကို ကူညီပေးခဲ့ဖူးလို့လေ .. ယန်အန်းယု ...”
ယန်အန်းယုက သူ ရထားသည့် မှတ်ဉာဏ်များကို ပြန်တွေးကြည့်လိုက်ရာ ထိုကဲ့သို့သော ကိစ္စမျိုး အမှန်တကယ်ပင် ရှိခဲ့ဖူးကြောင်း သိလိုက်ရသည်။ ထိုစဉ်က လူမိုက်များ၏ ရိုက်နှက် အနိုင်ကျင့်ခြင်း ခံနေရသည့် ထိုလူငယ်လေးကို ယန်အန်းယုက ကယ်တင်ပေးခဲ့ဖူးသည်။
ကြည့်ရတာ အားလုံးက ဒီ လေလွင့်ပျက်စီးနေတဲ့ သခင်လေးအပေါ် နားလည်မှု လွဲနေကြတယ်ထင်တယ် .. သူကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် နားလည်အောင် ကြိုးစားရဦးမှာပဲ ...
“ဘာပဲဖြစ်ဖြစ် လက်စွပ်အတွက် ကျေးဇူးတင်ရမှာပဲလေ မစ္စတာချင် ...”
သူက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။ မျိုးရိုးနာမည် “ချင်” မှအပ လူငယ်လေး၏ အမည်ကို တိတိကျကျ မမှတ်မိတော့ချေ။
“ကျွန်တော်က ချင်နွော်ရှီပါ ကျေးဇူးတင်စရာ မလိုပါဘူး တစ်ခြားလူတွေရဲ့ နှစ်သက်တဲ့ ပစ္စည်းကို ယူထားရတာမျိုးကို မကြိုက်ရုံသပ်သပ်ပါပဲ ..."
(Qin Nuo Xi ရဲ့ Nuo ကို နားထဲမှာ “နော်” နဲ့ “နွော်” ရဲ့ ကြားထဲက အသံလို့ပဲ ကြားနေရလို့ “နွော်” လို့ပဲ သုံးပါမယ်)
ချင်နွော်ရှီက မျက်လွှာချကာ ဖန်ခွက်ကို အသာလှုပ်ယမ်းနေလိုက်သည်။
“စောစောက စင်ပေါ်မှာ ဆိုသွားတဲ့ သီချင်းက တော်တော်လေး ကောင်းတယ်နော် မင်းကိုယ်တိုင် ရေးထားတာလား ...”
ယန်အန်းယုက ရုတ်တရက် မေးလိုက်သည်။
ချင်နွော်ရှီက ကြောင်အသွားကာ တစ်ခဏမျှ ကြာကာမှ “အင်း” ဟု ခပ်တိုးတိုး ပြန်ဖြေခဲ့၏။
“တကယ်ကို တော်လိုက်တာ ...”
ယန်အန်းယု၏ အကြည့်တို့ ဝင်းလက်လာကာ သူ့ကို ထိုထက်ပို၍ပင် ချီးကျူးလိုသေးသည့်ဟန်ပင်။ ထိုစဉ် နက်ရှိုင်းလှသည့် ခပ်နိမ့်နိမ့်အသံတစ်ခု၏ ကြားဖြတ်ခြင်းကို ခံလိုက်ရသည်။
“နောက်ဆုံးတော့ မင်းကို တွေ့ပြီပဲ ချင်နွော်ရှီ ..."
မြင့်မားလှသည့် အရပ်အမောင်းကို ပိုင်ဆိုင်ထားသူတစ်ဦး သူတို့၏ အရှေ့သို့ ရောက်လာသည်။ အထက်တန်းကျလှသည့် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားသူမှာ ချင်နွော်ရှီမှအပ မည်သူ့ကိုမှ မမြင်သည့်ဟန်ပင်။ အကြည့်တို့က ချင်နွော်ရှီထံတွင်သာ ကပ်ငြိနေကာ သူ့ကိုယ်သူ ဂုဏ်ယူနေဟန်ဖြင့် နှုတ်ခမ်းတို့ကို တွန့်ကွေးထားသည်။
ချင်နွော်ရှီကမူ ထိုလူအား မော့ကြည့်ရမည်ကိုပင် ပျင်းရိနေသည့်ဟန်ဖြင့် ခွက်ကိုသာ အသာ ပြန်ချထားလိုက်သည်။
ယန်အန်းယုက ထိုသူကို မော့ကြည့်ကာ မယုံနိုင်လေဟန်ဖြင့် အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
“အစ်ကိုကြီး.…”
ဤကမ္ဘာသို့ ဝိဉာဉ်ကူးပြောင်းလာပြီးကတည်းက သူသည် ယန်အန်းယု၏ အစ်ကိုကြီးဖြစ်သူ ယန်ကျွယ်ကို ကိုယ်တိုင် မမြင်တွေ့ရသေးချေ။ သူတို့နှစ်ဦး၏ ပထမဆုံး တွေ့ဆုံမှုမှာ ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်လိမ့်မည်ဟုလည်း စိတ်ပင် မကူးခဲ့ဖူးချေ။
ယန်မိသားစုသည် ဖျော်ဖြေရေးကုမ္ပဏီတစ်ခုကို ဖွင့်လှစ်ထားကာ အနုပညာလောက၌ အလွန် ထင်ရှားကျော်ကြားလှသည့် ရှန်းဟွမ်မီဒီယာသည် သူတို့ ယန်မိသားစု၏ ကုမ္ပဏီပင် ဖြစ်သည်။
ရှန်းဟွမ်ကုမ္ပဏီ၏ လက်အောက်တွင် ရှင်းလီ၊ လျောင်ကျဲဖန်တို့ကဲ့သို့သော နာမည်ကျော် သရုပ်ဆောင်နှင့် အဆိုတော်များအပြင် ယန်ပင်းဖန်းကဲ့သို့သော ဂီတနတ်ဘုရားများ၊ ယီချန်းယန်၊ ဟူဟုန်းယွီတို့ကဲ့သို့သော ရုပ်ရှင်ဧကရာဇ်၊ ရုပ်ရှင်ဧကရီများလည်း ရှိနေပေသည်။ လတ်တလောနှစ်အတွင်း သူတို့သည် အိုင်ဒေါအဖွဲ့များအား ပျိုးထောင်ရာ၌လည်း အထူးတလည် အားထုတ်ကြိုးပမ်းခဲ့သည့်အတွက် အနုပညာလောကကို လက်ဝါးကြီးအုပ်ထားနိုင်သည့် အာဏာရှင်တစ်ပါးသဖွယ် ဖြစ်လာခဲ့တော့သည်။
ဖခင်ဖြစ်သူ ယန်ဖန်း ကွယ်လွန်သွားပြီးနောက် ကုမ္ပဏီကို သူ၏ အကြီးဆုံးသားဖြစ်သော ယန်ကျွယ်က စီမံခန့်ခွဲခဲ့သည်။ အသက် ၃၀ ပင် မပြည့်သေးသည့် ယန်ကျွယ်မှာ ခန့်ညားလှသည့် ရုပ်ရည်ကိုလည်း ပိုင်ဆိုင်ထားသေးရာ လူသူအများ ဖက်တွယ်ချင်စရာ မျက်စိကျစဖွယ် ရွှေပေါင်လုံးကြီး ဖြစ်လာခဲ့တော့သည်။
ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသည့်အခါ ယန်ကျွယ်မှာ နဖူးမှ သွေးကြောများ တဆတ်ဆတ် တုန်လာတော့သည်။
“ယန် .. ယန်အန်းယု! မင်းက ဘာလို့ ဒီကို ရောက်နေတာလဲ ...”
သူ့လေသံမှာ ရုတ်ချည်းဆိုသလို တင်းမာခက်ထန်သွားခဲ့၏။
“အိုက်ယား ယန်အန်းယု ...”
ချင်နွော်ရှီက နှုတ်ခမ်းထောင့်စွန်းတို့ကို တွန့်ကွေးကာ ဥက္ကဌယန်ကို တမင်တကာ အကြည့်ချင်း ရှောင်၍ ပြောလိုက်သည်။
“မင်းရဲ့ အစ်ကိုကြီးက တော်တော်လေးကို ခက်ထန်တာပဲနော် …”
ယန်ကျွယ်၏ လှုပ်ရှားမှုတို့ ရပ်တန့်သွားကာ သူ၏ တင့်တယ်လှစွာသော အပြုံးကို ဟန်မပျက် ထိန်းထားနိုင်ရန် အချိန်အချို့ခန့် ယူလိုက်ရတော့သည်။
“မစ္စတာချင် .. ခင်ဗျားက နားလည်မှု လွဲနေတယ်ထင်တယ် ...”
ချင်နွော်ရှီက ဆွံ့အသူတစ်ဦးနှယ် ဟန်ဆောင်ကာ နားကြပ်ကို ပြန်တပ်လိုက်ပြီးနောက် မတ်တပ်ထရပ်ကာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။
“အလုပ်ဆင်းချိန် ရောက်ပြီဆိုတော့ မင်းတို့နှစ်ယောက်ကို ထပ်ပြီး အဖော်ပြုမပေးတော့ဘူးနော် ...”
“ချင်နွော်ရှီ .. မင်း ...”
ယန်ကျွယ်က ပျာယာခတ်သွားကာ သူ့ကို လှမ်းခေါ်လိုက်သည်။ သို့သော် ကံမကောင်းစွာဖြင့် ချင်နွော်ရှီ ထွက်ပြေးသွားသည့် အမြန်နှုန်းမှာ အလင်းသဖွယ် မြန်ဆန်လွန်းလှပေသည်။ ထို့အပြင် သူသည် ဂီတပိုင်းဆိုင်ရာ၌ ပါရမီ ရှိရုံသာမက ထုတ်လုပ်ရေးတွင်လည်း ဘုရားသခင်ထံမှ ကောင်းချီးရရှိထားသူသဖွယ် ထူးချွန်လွန်းလှသည့်အတွက် ယန်ကျွယ်သည် သူ့ကို အတင်းအကြပ် ဖိအားမပေးလိုခဲ့ပေ။
“ကော ဘာဖြစ်လို့လဲ ...”
ယန်အန်းယုက မေးလိုက်သည်။
ထို အဖေတူ အမေကွဲ ညီအစ်ကိုနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး အလွန် မုန်းတီးကြကာ မျက်နှာချင်းဆိုင် တွေ့ကြလေတိုင်းလည်း စကားသုံးခွန်း မပြည့်မီမှာပင် ပြဿနာတက်လေ့ ရှိကြပေသည်။ ဖခင်ဖြစ်သူ ကွယ်လွန်ပြီးသည့်နောက် မိသားစုပိုင်ဆိုင်မှု ပြဿနာကြောင့် ထိုညီအစ်ကိုနှစ်ဦးမှာ သွေးသားတော်စပ်မှုကို ဖြတ်တောက်လုမတတ်ပင် ဖြစ်ခဲ့ကြသည်။
ယန်ကျွယ်သည် မည်သည့်နေရာမှ ရောက်လာမှန်း မသိ၊ ရုတ်တရက် ပေါ်ထွက်လာသည့် ထိုညီငယ်ကို မည်သို့မှ အသိအမှတ် မပြုနိုင်ခဲ့ချေ။
“မေးရမယ့်လူက ငါပါ မင်းက သူနဲ့ ဘယ်လိုလုပ် သိနေတာလဲ ပြဿနာတွေ အများကြီး ကြုံပြီးမှ သူ့ကို ဒီတစ်ခါလေးပဲ တွေ့ရသေးတာကို နောက်ဆုံးကျတော့ ...”
ယန်ကျွယ်က မျက်မှောင်ကြုတ်လိုက်သော်ငြား စကားကိုမူ အဆုံးအထိ ဆက်မပြောခဲ့တော့ချေ။
“ကျွန်တော်တို့က ရင်းနှီးတယ်လို့လည်း ပြောလို့တော့ မရပါဘူး ဒီတိုင်း သောက်ဖို့ လာရင်း သူ့ကို ဝင်တိုက်လိုက်မိတာ ... သူက စင်ပေါ်မှာ သီချင်းဆိုနေတာလေ ...”
ယန်အန်းယုက အမှန်အတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။ သူက ယန်ကျွယ်ကို မုန်းတီးခြင်း မရှိသည့်အပြင် တိတ်တခိုး အားကျနေခဲ့မိသည်ဟုပင် ဆိုနိုင်ပေသည်။ ထိုသူမှာ အမြဲလိုလို ညီငယ်ဖြစ်သူ ရှာခဲ့သမျှ ပြဿနာတိုင်းအား ကူညီကာ ရှင်းလင်းပေးခဲ့ရ၏။
“ကော သူနဲ့ လက်မှတ်ထိုးဖို့ ကြံနေတာလား ...”
ယန်အန်းယုက မျက်ခုံးတို့ကို ပင့်ကာ မေးလိုက်သည်။
ယန်ကျွယ်မှာ အတွင်းစိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားသွားသည့်ဟန်ပင်။ သူက ယန်အန်းယုကို စူးစူးရဲရဲ စိုက်ကြည့်ကာ ပြောလိုက်သည်။
“ငါ့ကိစ္စတွေကို မင်း အာရုံစိုက်နေဖို့ မလိုပါဘူး ဒီနေ့ ယီချန်းယန်နဲ့ ပြန်သွားတာ မဟုတ်ဘူးလား ဘာလို့ ညဘက်ကြီး ထွက်ပြေးလာရပြန်တာလဲ ...”
“ကျွန်တော် ...”
ယန်အန်းယုက ရှင်းပြမည် ပြုလိုက်သော်လည်း ယန်ကျွယ်က ခေါင်းကိုသာ ယမ်းပြလိုက်သည်။
“ထားလိုက်တော့ အဲဒီ့အကြောင်းလည်း မကြားချင်ဘူး ...”
ယန်ကျွယ်၏ လေသံတွင် စိတ်ထင့်မှုတို့ အနည်းငယ် ရောစွက်နေသယောင်ယောင်။
“ယန်အန်းယု မင်း အခုအချိန်အထိ တစ်လလုံး ကျောင်းလုံးဝ မတက်ရသေးဘူးနော် မနက်ဖြန်ကျ ကျောင်းကို ပြန်သွားပြီး အတန်းတွေ သေချာတက် ကြားလား ...”
“ကောင်းပါပြီ ...”
ယန်အန်းယုက ပြန်ဖြေလိုက်သည်။
ယန်ကျွယ် “...”
ဒါ ယန်အန်းယု သူ့စကားကို သေသေချာချာ နားထောင်တာ ပထမဆုံးအကြိမ်ပဲ ...
👥️
S မြို့တော် ချန်းယွီ ရုပ်ရှင်အကယ်ဒမီတွင် ...
ချန်းယွီ ရုပ်ရှင်အကယ်ဒမီသည် နိုင်ငံတွင်းတွင် ကျော်ကြားသည့် ရုပ်ရှင်အနုပညာကျောင်းတစ်ကျောင်း ဖြစ်သည့်အပြင် ထူးချွန်ပြောင်မြောက်လှစွာသော ရုပ်ရှင်များအား ထုတ်လုပ်ရာတွင်လည်း ကြိမ်ဖန်များစွာ ပါဝင်ခဲ့ဖူးသည်။ နှစ်စဉ်နှစ်တိုင်း အလွန့်အလွန် အရည်အချင်းပြည့်မီလှသော ဘွဲ့ပရောဂျက်များ အများအပြား ပေါ်ထွက်ခဲ့သည့်အပြင် ရုပ်ရှင်နှင့် အနုပညာလောကအတွက် ပါရမီရှင်များစွာကိုလည်း နှစ်စဉ် မွေးထုတ်ပေးနိုင်ခဲ့သည်။
ကျောင်းသားကျောင်းသူ အားလုံးနီးပါးခန့်မှာ ချောမောလှပသည့် ရုပ်ရည်နှင့် ညှို့ဓာတ်ပြင်းကာ ဆွဲဆောင်နိုင်စွမ်း ပြည့်ဝသည့် ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားကြသည်။ ကျောင်းထဲတွင် သာမန်အဆင့်မျှသာရှိသော ရုပ်ရည်သည်ပင်လျှင် အများအမြင်တွင်မူ အံ့ဩရလောက်အောင် ကောင်းမွန်နေပြီ ဖြစ်သည်။
ယန်အန်းယုသည် ပြီးခဲ့သည့် ၂ နှစ်ကျော်ခန့်ကမှ ယန်မိသားစုသို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ မူလက အဖေယန်သည် နောင်တစ်ချိန်၌ ကုမ္ပဏီတွင် အလုပ်ဝင်သည့်အခါ ပိုမိုပြီး အဆင်ပြေစေရန်အတွက် စက်မှုနှင့် ကုန်သွယ်ရေး စီမံခန့်ခွဲမှုမေဂျာ သို့မဟုတ် ဘဏ္ဍာရေးဘာသာရပ်များကို သင်ယူစေလိုခဲ့သော်လည်း ယန်အန်းယုက သဘောမတူခဲ့ချေ။ ဒုတိယမျိုးဆက် လူချမ်းသာသခင်လေးတစ်ဦး ဖြစ်လာပြီဟုဆိုကာ တက္ကသိုလ်တက်ရန် ငြင်းဆန်ခဲ့သည်။
အဖေယန်သည် ယန်အန်းယု၏ မိခင်နှင့် စပ်လျဉ်း၍ အပြစ်မကင်းစိတ်ကို ခံစားမိသည့်အတွက် ထို သားငယ်ကို အထူးတလည် မျက်နှာသာ ပေးခဲ့သည်။ ထို့ကြောင့် အကျိုးအကြောင်း များစွာကို ဆင်ခြင်စဉ်းစားပြီးနောက် ယန်အန်းယုသည်လည်း ယခင်က အကပညာကို လေ့လာကာ လမ်းမထက်တွင် ကပြဖျော်ဖြေဖူးကြောင်း သိလိုက်ရသဖြင့် သူ့ကို အနုပညာတက္ကသိုလ်သို့သာ ပို့လိုက်တော့သည်။
ယန်အန်းယုသာ အနုပညာလောကသို့ ဝင်ရောက်လိုစိတ် ရှိခဲ့ပါလျှင် အဖေယန်ကလည်း သူ့ကို ကျိန်းသေ ပျိုးထောင်ပေးမည် ဖြစ်ပေသည်။ သို့သော် ယန်မိသားစုအတွင်းရှိ အခြားလူများက ထို တရားမဝင်သားကို အထင်မကြီးကြသည့်အပြင် ယန်အန်းယု၏ ဆိုးသွမ်းခက်ထန်သော စိတ်နေသဘောထားကို ကိုယ်တိုင် မျက်မြင် ကြုံတွေ့လိုက်ရသည့်အတွက် ထိုကလေးမှာ ထူးချွန်ပေါက်မြောက်လိမ့်မည် မဟုတ်ဟုသာ ယူဆလိုက်ကြတော့သည်။
အားလုံး ထင်ထားသကဲ့သို့ပင် ယန်အန်းယုကလည်း ကျောင်းကို အချိန်ဖြုန်းရန်အတွက်သာ သွားခဲ့ပြီး နေ့စဉ်နေ့တိုင်း သောက်စားမူးယစ်ကာ မိန်းကလေးများကို လိုက်လံပိုးပန်းခြင်းဖြင့်သာ အချိန်ကုန်ခဲ့ပြီး ငယ်ရွယ်သော ကျောင်းသားလေးများနှင့်ပင် တိတ်တဆိတ် ကြိတ်ပုန်းခုတ်ခဲ့လိုက်သေးသည်။
***
မနက် ၇ နာရီခန့်တွင် ထန်းကော်က သူ့ကို ကျောင်းပေါက်ဝအထိ ကားဖြင့် လိုက်ပို့လိုက်သည်။
“သခင်လေး နေ့ခင်းပိုင်း အတန်းပြီးတဲ့အခါ ကျွန်တော် လာခေါ်ပါ့မယ် ဟိုဟိုဒီဒီ လျှောက်သွားလို့ မရဘူးနော် တစ်ခုခု ဖြစ်ခဲ့ရင် ကျွန်တော့်ကို ဖုန်းဆက်လိုက်ပါ ...”
ထန်းကော်က ကားအက်စီးဒန့် ဖြစ်ပြီးနောက်ပိုင်း ယန်အန်းယုသည် လူစားထိုးခံလိုက်ရသကဲ့သို့ လုံးဝဥဿုံ ပြောင်းလဲသွားသည်ဟု ခံစားမိနေခဲ့သည်။ ယခင်က ယန်အန်းယုသည် ကျောင်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ချက်ခြင်း အတန်းလစ်တတ်သော်ငြား ယခုမူ ကျောင်းသားကောင်းတစ်ဦးကဲ့သို့ ပြုမူစ ပြုလာတော့၏။
ယန်အန်းယုက ကြက်မေမေကြီးသဖွယ် မပြီးနိုင်မစီးနိုင် မှာကြားနေသည့် ထန်းကော်ကို ပြုံးကာသာ စိုက်ကြည့်နေလိုက်သည်။
“အင်းပါ စိတ်ချလက်ချသာနေ ဟုတ်ပြီလား ...”
“သခင်လေး ဘာလို့ လက်စွပ်ကို ...”
ထန်းကော်က မေးသင့်မမေးသင့် မဆုံးဖြတ်တတ်သည့်အတွက် ဆက်မမေးတော့။
“အိုး ဒါလား ...”
ယန်အန်းယုက သူ့ကို ပြုံးပြလိုက်သည်။
“နောက်တစ်ခါ ထပ်ပျောက်သွားမှာကြောက်လို့ အိမ်မှာ ထားခဲ့လိုက်တာလေ ...”
ထန်းကော်က ခေါင်းကိုသာ ငြိမ့်ပြလိုက်ကာ ဆက်ပြီး မေးမလာတော့။ အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် ထိုလက်ထပ်ပွဲကို သိထားသည့် အရေအတွက်မှာ သူ့ကို ထည့်တွက်လျှင်ပင် အလွန် နည်းပါးလှပေသည်။
ထို့နောက် ယန်အန်းယုက စာအုပ်များကို လက်ဖြင့်ပိုက်ကာ သရုပ်ဆောင်ဌာန အဆောက်အဦးရှိရာသို့ ထွက်သွားလိုက်တော့သည်။