Chapter 5
Viewers 2k

👥️Chapter 5




သူနှင့် ရင်းနှီးသူတိုင်း၏ မျက်နှာထက်တွင် အံ့ဩနေသည့် အငွေ့အသက်များ ထွက်ပေါ်လာကာ အချို့ကမူ ဤ မုန်းတီးစရာ သခင်လေးကို ရန်မစရဲသည့်ဟန်ဖြင့် သုတ်သုတ်ပျာပျာ ရှောင်ဖယ်သွားခဲ့ကြသည်။ တစ်ယောက်နှင့် တစ်ယောက် ခေါင်းချင်းဆိုင်ကာ တီးတိုးစကား ဆိုနေကြသူများလည်း ရှိနေခဲ့၏။ 


“ဟေး ယန်အန်းယု ...”


ထိုစဉ် ကျောင်းသားသုံးယောက် ရုတ်တရက် ထွက်ပေါ်လာကာ သူ့လမ်းကို ပိတ်ထားလိုက်ကြသည်။ သုံးယောက်အနက် အသားပိုဖြူကာ အချိုးအစား ပိုမိုပြေပြစ်သူက ရှေ့သို့ တိုးလာကာ သူ့ကို အေးစက်စွာဖြင့် လှောင်ပြောင်လိုက်၏။


ချန်းယွီတက္ကသိုလ်တွင် ယန်အန်းယုအပြင် ကြွယ်ဝသည့် မိသားစုမှ လာကြသည့် အခြားကလေးများလည်း အများအပြား ရှိနေကာ ကောလီရှုသည် ထိုအထဲမှ တစ်ဦးအပါအဝင် ဖြစ်သည်။ သူ့မိသားစုသည် အဝတ်အစားကုမ္ပဏီတစ်ခုကို တည်ထောင်ထားကာ သူ့အစ်ကိုကြီးဖြစ်သူက မိသားစုစီးပွားရေးကို အမွေဆက်ခံခဲ့သည်။ သူကမူ အကပညာတွင် ထူးချွန်သောကြောင့် အနုပညာလောကထဲသို့ ဝင်ရောက်ရန် ကြံရွယ်နေခြင်း ဖြစ်သည်။ 


“ဟမ့် မင်းလို ငကြောက်ကောင်က နောက်ဆုံးတော့ ကျောင်းလာရဲသွားပြီပေါ့ ငါ့ကို တစ်သက်လုံးများ ပုန်းနေတော့မှာလားလို့တောင် တွေးနေတာ ...”


ကောလီရှုက မေးကို မော်ချီကာ ရန်စလိုသည့် လေသံဖြင့် ပြောလိုက်သည်။ 


ဘေးနားတွင် ရှိနေသည့် ကျောင်းသားများကလည်း အံ့ဩတကြီး ဝိုင်းအုံကြည့်နေကြ၏။ နှစ်ဦးလုံးမှာ ဖျော်ဖြေရေးအနုပညာကျောင်းသားများ ဖြစ်သည့်အပြင် အတန်းချင်းမှာလည်း ကပ်လျက်ဖြစ်သော်ငြား ယန်အန်းယုနှင့် ကောလီရှုတို့သည် အမြဲလိုလို ရန်ဘက်များ ဖြစ်ခဲ့ကြရာ သူတို့နှစ်ဦး ထိပ်တိုက်ဆုံကြခြင်းမှာ အားလုံးအတွက် ပွဲကြီးပွဲကောင်းတစ်ခု ဖြစ်နေတော့သည်။ 


ယန်အန်းယုက ကြောင်အသွားရ၏။ သူ့ရှေ့တွင် ရှိနေသူကို မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိနေပြီ ဖြစ်သည့်တိုင် ကောလီရှု၏ စကားထဲမှ ရန်စလိုသည့် လေသံကို လုံးဝဥဿုံ လျစ်လျူရှုကာ မျက်နှာသေဖြင့်သာ ပြောလိုက်သည်။ 


“အင်း ငါက အတန်းတက်ဖို့ လာတာ ...”


ဝါဂွမ်းကို လက်သီးဖြင့် ထိုးလိုက်ရသော ကောလီရှု၏ မျက်နှာတစ်ခုလုံး တွန့်လိမ်ရှုံ့မဲ့သွားလေတော့သည်။ 


“ကျောင်းသားကော မင်းက ရုပ်ဆိုးနေတာလည်း မဟုတ် ကြောက်စရာကောင်းနေတာလည်း မဟုတ်ဘဲနဲ့ ငါက ဘာလို့ မင်းကို ရှောင်နေရမှာလဲ  ...”


ယန်အန်းယုက ပုခုံးကို တွန့်ကာ တမင်တကာ ပြောလိုက်သည်။ 


“ကားအက်စီးဒန့်ဖြစ်ပြီး ဆေးရုံတက်နေရလို့ ကျောင်းမတက်နိုင်တာလေ ဘာလို့လဲ ကျောင်းသားကော မင်းက ငါ့ကို လွမ်းနေလို့လား ...”


“မင်းမေကြီးတော်ကြီးပဲ လွမ်းနေလိုက် ...”


ကောလီရှုက ချက်ခြင်း ပြန်လည်အော်ဟစ်ကာ ချေပလိုက်သည်။ 


“ယန်အန်းယု မင်းဘာသာမင်း ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူး မင်းကို သတိပေးလိုက်မယ် အလောင်းအစားကို သဘောတူထားရင် အရှုံးကိုလည်း သေချာပေါက် လက်ခံရမှာပဲ အဲဒီ့နေ့က ဒီသခင်လေးကို မင်း ကတိပေးခဲ့တာကိုသာ မမေ့လိုက်နဲ့ ...”


ယီချန်းယန်သာမက မူလယန်အန်းယုသည်လည်း အမြဲလိုလို ပျင်းရိငြီးငွေ့ကာ မည်သည့်အရာကိုမှ စိတ်ပါဝင်စားသည့်ဟန် မရှိခဲ့ချေ။ သို့သော် သူသည် ခေတ်သစ် street dance နှင့် ပတ်သက်၍ ယုံကြည်ချက် ပြည့်ဝကာ စိတ်အားထက်သန်မှုလည်း ရှိလှပေသည်။ 


မတော်တဆမှု မဖြစ်ခင်က မူလယန်အန်းယုနှင့် ကောလီရှုတို့သည် အကပြိုင်ခဲ့ကြကာ ထိုပြိုင်ပွဲနှင့် စပ်လျဉ်း၍ လောင်းကြေးပင် ထပ်ခဲ့ကြသေးသည်။ ရလဒ်အနေဖြင့် ထိုနေ့က အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် ယန်အန်းယု၏ စိတ်အခြေအနေမှာ ဆိုးရွားနေခဲ့ကာ ကရာ၌ စည်းချက်လွဲမှားသွားခဲ့သည့်အတွက် ကောလီရှုကို ရှုံးနိမ့်ခဲ့ရသည်။ 


လောင်းကြေးအတွက်မူ ...


အိုက်ယား ... 


ယန်အန်းယုက ထို လူချမ်းသာ သခင်လေးများမှာ အလွန် ကလေးဆန်လွန်းလှသည်ဟုပင် ခံစားမိသွားတော့သည်။ သို့သော် ရှုံးခဲ့သည့်တိုင် သူက ထိုကိစ္စနှင့် ပတ်သက်၍ များစွာ အာရုံမထားလှချေ။ 


“မစိုးရိမ်နဲ့ ငါ မမေ့ပါဘူး ...”


ယန်အန်းယုက သူ့ကို ပြုံးပြလိုက်သည်။ 


“တစ်ရက်လုံး မင်းနောက်လိုက် လုပ်ပေးဖို့ပဲ မဟုတ်ဘား ငါ့အထင်တော့ ဒါလည်း တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းသလိုပဲနော် ကျောင်းသားကော မင်း ဘယ်အချိန်ကနေ စချင်လဲ ...”


“...”


ကောလီရှုမှာ စကားပင် ပြန်မပြောနိုင်တော့ချေ။ 


ဒီနေ့ ယန်အန်းယုရဲ့ ပုံစံက အရင်နေ့တွေကနဲ့ တော်တော်လေးကို ကွဲပြားနေသလိုပဲ အခုထိကို အပြုံးမပျက်သေးဘူး ...


ကောလီရှုဘက်မှ စကားသံ ပြန်ထွက်မလာတော့သည့်အခါ ယန်အန်းယုက မေးစေ့ကို ပွတ်သပ်လျက် ပြောလိုက်သည်။ 


“ငါ အချိန်ဇယားကို ကြည့်ပြီးသွားပြီ ဒီနေ့ အတန်းချိန် ပိုများတယ် ဆိုပေမယ့် မနက်ဖြန် မနက်ခင်းမှာ သီအိုရီပိုင်းအတန်း နှစ်ခုပဲ ရှိတာဆိုတော့ မနက်ဖြန်မှ စရင်ရော ဘယ်လိုလဲ ...”


ယန်အန်းယု၏ ကြည်လင်ရွှင်ပျနေသော မျက်နှာထားကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည့်အတွက် ကျန်ကျောင်းသားအားလုံး ကြောင်အသွားကြကာ ကောလီရှုမှာလည်း မည်ကဲ့သို့ တုန့်ပြန်ရမည်မှန်းပင် မသိတော့ချေ။ အစောပိုင်းက ထွက်ပေါ်ခဲ့သည့် ခက်ထန်မှုများလည်း လုံးဝဥဿုံ ပျောက်ကွယ်သွားကာ ခေါင်းကို အသာငြိမ့်ပြ၍သာ ပြောလိုက်တော့သည်။ 


“ကောင်းပြီ ...”


“ဒါဆို .. မနက်ဖြန်မှ တွေ့ကြမယ် ...”


ယန်အန်းယုက လက်ကို ဝှေ့ယမ်းပြကာ ထွက်သွားလိုက်သည်။ 


👥️

နောက်တစ်နေ့မနက် .. မြို့ထဲရှိ ရုပ်ရှင်မြို့တော်တွင် ...


ကောလီရှုက ချောင်းဟန့်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။ 


“ယန်အန်းယု သေချာနားထောင် အခုကနေစပြီး မင်းက ဒီသခင်လေးရဲ့ ယာယီ အစေခံပဲ …”


ကောလီရှုသည် ဂီတနှင့် အကပညာကို အထူးပြု သင်ကြားနေခြင်း ဖြစ်သော်ငြား သရုပ်ဆောင်ခြင်းဖြင့် သူ့ကိုယ်သူ မြှင့်တင်နိုင်မည့် အခွင့်အရေးတစ်ခုကိုလည်း တစ်ဖြည်းဖြည်း လိုအပ်လာခဲ့သည်။ ထိုသို့ဖြင့် သူသည် ကျောင်းမှ ဆရာများနှင့် ကျောင်းအကျိုးဆောင် စီနီယာများ၏ ထောက်ခံချက်များကြောင့် ကံကောင်းထောက်မစွာဖြင့် “ကျန်းဟူလောက၏ သိုင်းပညာ” ရိုက်ကူးရေးသို့ ဝင်ရောက်ပါဝင်ခွင့် ရရှိလာခဲ့တော့သည်။ 


“နားလည်ပါပြီ ...”


ယန်အန်းယုက ခပ်ပြုံးပြုံး ပြောလိုက်ကာ အနီးဝန်းကျင်ကို အကဲခတ်နေလိုက်သည်။ 


လမ်းမများကို ရှေးခေတ်စတိုင်အတိုင်း ပြင်ဆင်ထားကာ လမ်းဘေးတစ်ဖက်တစ်ချက်စီတွင်လည်း ရိုက်ကူးရေးအဖွဲ့မှ ဈေးဆိုင်အနည်းငယ်ခန့်ကို ပြင်ဆင်ခင်းကျင်းထားနှင့်ပြီး ဖြစ်သည်။ ထိုမျှသာမက ကင်မရာများကိုလည်း အဆင်သင့် တပ်ဆင်ထားပြီး ဖြစ်ကာ မီးအလင်းအမှောင်၊ စောင့်ကြည့်ရေးမော်နီတာနှင့် အခြား လိုအပ်သည်များကိုလည်း ပြင်ဆင်ထားပြီး ဖြစ်ပေသည်။ ရှေးခေတ်ဝတ်စုံကို ဝတ်ဆင်ထားသည့် သရုပ်ဆောင်အချို့က ဇာတ်ညွှန်းစာသားများကို ပြန်ဖတ်နေကြကာ အချို့ကမူ ကင်မရာရှေ့တွင် အဆင်သင့် နေရာယူနှင့်နေကြပြီး ဖြစ်သည်။ 


ရှေးခေတ်မှ ကူးပြောင်းလာသူတစ်ဦးအနေဖြင့် ထိုပတ်ဝန်းကျင်အနေအထားမျိုးမှာ ရင်းနှီးကျွမ်းဝင်သည်ဟု ဆိုရမည့်အစား ရယ်ချင်စဖွယ်ပင် ကောင်းနေပေသေးသည်။ 


ဘာပဲဖြစ်ဖြစ် ဇာတ်လမ်းတွဲ တစ်ပုဒ်စာပဲ ရိုက်မှာဆိုတော့ လုံးဝ ရာနှုန်းပြည့် တူနေအောင်တော့ ဘယ်စီစဉ်နိုင်ပါ့မလဲ ...


ယီချန်းယန်ကလည်း ဒီလိုမျိုးပဲ ရိုက်ကူးရေး လုပ်ရတာလား ...


ဤကမ္ဘာနှင့် ပတ်သက်၍ အနည်းငယ် ပိုမိုကာ နားလည်လာပြီဟု ခံစားမိလာသည့်အတွက် ယန်အန်းယု၏ မျက်ဝန်းများမှာ သိသိသာသာပင် ဝင်းလက်တောက်ပလာတော့သည်။ 


ထင်ထားသလိုပဲ ဒီခရီးက အချည်းနှီး မဖြစ်သွားဘူးပဲ ...


“ကျန်းဟူလောက၏ သိုင်းပညာ” သည် ရှေးခေတ်ကို အခြေခံသည့် ဇာတ်လမ်းတွဲတစ်ပုဒ်ဖြစ်ကာ ဟာသဇာတ်လမ်းဘက်သို့ ဦးတည်သော်ငြား နောက်ပိုင်းတွင်မူ မျက်ရည်ဖြိုင်ဖြိုင် ကျရလောက်သည့် ဇာတ်ကွက်များလည်း အများအပြား ပါရှိပေသည်။ စကားပြောရမည့် အခန်းဟူ၍လည်း များများစားစား မပါ၊ အပိုင်းနှစ်ပိုင်းစာမျှသာ ပါဝင်သရုပ်ဆောင်ရမည် ဖြစ်သည့်တိုင် ကောလီရှုကမူ ထိုဇာတ်ကောင်ကို တုနှိုင်းမဲ့ရတနာသဖွယ် သဘောထားနေမြဲ ဖြစ်သည်။ ဒါရိုက်တာထံမှ ကြိမ်ဖန်များစွာ ဆူပူငေါက်ငမ်းခြင်း ခံရသည့်တိုင် စိတ်ကွက်ခြင်း အလျဉ်းမရှိ၊ ဇာတ်ကောင်စရိုက်နှင့် ကွက်တိကျစေရန် ပို၍ပင် ခက်ခက်ခဲခဲ ကြိုးစားလိုက်တော့သည်။ 


“ကျောင်းသားကော စိတ်မဖိစီးနဲ့ မင်း သရုပ်ဆောင်တဲ့ပုံစံက သူတို့နဲ့ ပိုပြီး တူလာနေပြီ ...”


ယန်အန်းယုက သူ့ကို ရေတစ်ပုလင်း ကမ်းပေးကာ အားပေးလိုက်သည်။ 


စင်စစ်အားဖြင့် ကောလီရှုသည် ထောင်လွှားမောက်မာကာ စိတ်တိုလွယ်သည့် လူချမ်းသာသခင်လေးတစ်ဦး ဖြစ်သည့်တိုင် အတင်းအကြပ် ဖိအားပေးခံရခြင်းကို မနှစ်သက်လှပေ။ သူ့ကို တွန်းအားမပေးဘဲ ချော့မော့ပြောဆိုသရွေ့ အားလုံးနှင့် လိုက်လျောညီထွေ နေထိုင်တတ်သည့် လူစားမျိုးပင် ဖြစ်ပေသည်။ 


“အင်း .. ကျေးဇူး ...”


ကောလီရှုက အချိန်ခဏမျှ အနားယူကာ မိတ်ကပ်ကို ပြန်ပြင်ပြီးနောက် ကင်မရာ၏ အရှေ့တွင် နေရာပြန်ယူလိုက်သည်။ 


ယန်အန်းယုက မနီးမဝေး တစ်နေရာတွင် ရပ်ကာ စိတ်ဝင်တစား လေ့လာနေလိုက်သည်။ ယခင်က သူသည် ရိုက်ကူးရေးနှင့် ပတ်သက်၍ ထိတွေ့ဆက်ဆံဖူးခြင်း မရှိသည့်အတွက် အများစုကို နားမလည်နိုင်ခဲ့ချေ။ 


ဒါပေမယ့် ဟိုးအရင်က စစ်သူကြီးက အကျင့်ပျက် ခြစားတဲ့ မှူးမတ်တွေကို ကိုင်တွယ်ရတိုင်း သူက ဆက်တိုက် "သရုပ်ဆောင်” နေခဲ့ရတာလေ ...


ယန်အန်းယုက “တစ်ခြားလူကို အယုံသွင်းချင်ရင် ကိုယ့်ကိုယ်ကိုယ် အရင်ဆုံး အယုံသွင်းနိုင်ရမယ်” ဟူသည့် စစ်သူကြီး၏ စကားတစ်ခွန်းကို ယခုထိတိုင် မှတ်မိနေဆဲ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် “သရုပ်ဆောင်ခြင်း” ဟု ခေါ်ဆိုရမည့် လုပ်ရပ်များကို လိုအပ်သည့်အခါ အမှန်တကယ် လုပ်ဆောင်လာနိုင်ခဲ့တော့သည်။ 


ယခုအချိန်တွင် ပြန်လည်စဉ်းစားကြည့်ကာမှ အပေါ်ယံတွင် ရိုးသားခက်ထန်သော စစ်သူကြီး၏ အတွေးများမှာ အလွန်နက်နဲရှုပ်ထွေးလှကာ အခြားလူများက သူ့ကို အလွယ်တကူ မမှန်းဆနိုင်စေရန် ထိုကဲ့သို့ တမင်တကာ ပြုလုပ်ခဲ့ခြင်း ဖြစ်ရမည်ဟု သဘောပေါက်သွားတော့သည်။ 


နောက်ပိုင်း ရိုက်ကူးရေးမှာ ပိုမိုပြီး ချောမွေ့လာကာ NG အကြိမ်အရေအတွက်လည်း  နည်းပါးလာသည့်အတွက် ညနေ လေးနာရီခန့်တွင် ကောလီရှု ရိုက်ရမည့်အပိုင်းအားလုံး ပြီးစီးလုနီးနီး ဖြစ်လာတော့သည်။ 


“ကျေးဇူးပဲ ယန်အန်းယု ...”


ကောလီရှုက သူ့နောက်ကျောကို ပုတ်ကာ ပြောလိုက်သည်။ 


ဒီနေ့ ပြီးသွားရင်တော့ ယန်အန်းယုအပေါ် သူ့ရဲ့အမြင်ကို ပြန်စဉ်းစားကြည့်ဖို့ လိုနေပြီ ...


အကြောင်းမှာ သူက ယန်အန်းယုကို ရိုက်ကွင်းအနှံ့ ခေါက်တုန့်ခေါက်ပြန် လျှောက်ပတ်သွားနေရရန် တမင်တကာ ခိုင်းစေနေခဲ့သည့်တိုင် ယန်အန်းယုက အမြဲလိုလို ရိုရိုကျိုးကျိုးဖြင့် ဖြည့်ဆည်းပေးခဲ့သည့်အတွက် သူကိုယ်တိုင်ပင်လျှင် အနည်းငယ် အနေရခက်လာ၍ ဖြစ်သည်။ 


ယန်အန်းယုက ကောလဟာလတွေထဲကလို မဟုတ်ဘူး ထင်တယ် .. ဒါမှမဟုတ် ငါကပဲ အရင်တုန်းက သူ့ကို ကောင်းကောင်း နားမလည်ခဲ့မိလို့များလား ...


ထိုသို့ဖြင့် ကောလီရှုသည် သူ၏ ယန်အန်းယုအပေါ် အဆိုးမြင်စိတ်ကို တစ်ဖြည်းဖြည်း လျော့ချနိုင်စ ပြုလာတော့သည်။ 


“အိုး ဟုတ်သား ဒီနေ့ ကုရှင်းကျဲလည်း လာမှာတဲ့ ဒီတစ်ခေါက်က သူမ ကူညီပေးခဲ့တဲ့ ကျေးဇူးတွေကြောင့် အဆင်ပြေသွားတာ ယန်အန်းယု မင်းပါ ငါနဲ့အတူ လိုက်ခဲ့ ...”


အချိန်မှာ စောနေသေးသည့်အတွက် ကောလီရှုသည် နောက်ထပ် ရိုက်ကွင်းတစ်ခုသို့ သွားရောက်လည်ပတ်ရန် ပြင်ဆင်လိုက်တော့သည်။ 


“ကုရှင်း ...”


ယန်အန်းယုက နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။ 


“မင်းက သူမကို တကယ်ကြီး မသိဘူးပေါ့ ...”


ကောလီရှုမှာ အလွန် အံ့အားသင့်သွားကာ သူ့ကို ကုရှင်းအကြောင်း ရှင်းပြလိုက်တော့သည်။ 


“သူမက “နွေဦးပုစဉ်း ဆောင်းဦးနှင်းမြူ” ဇာတ်လမ်းထဲက ရှရှောင်ချန်လေ ပြီးတော့ မနှစ်က ရွှေလင်းယုန် ဆုပေးပွဲမှာ အကောင်းဆုံး တက်သစ်စ သရုပ်ဆောင်ဆုကို ရခဲ့တာ သူမကလည်း ချန်းယွီက ဘွဲ့ရထားတာဆိုတော့ ငါတို့ရဲ့ စီနီယာလို့တောင် ပြောလို့ရတယ် ပြီးတော့ အဲဒီ့နှစ်က လူတွေရဲ့ မျက်လုံးထဲမှာ “နတ်ဘုရားမ ကု” ဆိုပြီး ရေပန်းစားခဲ့တာလေ ...”


စိတ်လှုပ်ရှားနေသည့် ကောလီရှုနှင့် နှိုင်းယှဉ်ပါလျှင် ယန်အန်းယုမှာ အလွန် တည်ငြိမ်နေပေသည်။ 


“အိုး ဒါဆို သူမက ဒီနေ့ ဘာရိုက်မှာလဲ ...”


“မင်းက သတင်းတွေတောင် မကြည့်ဘူးလား ...”


ကောလီရှုမှာ မည်ကဲ့သို့ ရှင်းပြရမှန်းပင် မသိတော့ချေ။ 


“၁၉၁၂-၁၉၄၉ တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်ကို အခြေခံထားတဲ့ “လက်ဝှေ့ကျော်” လေ သူမက အမျိုးသမီးဇာတ်လိုက်တဲ့ အမျိုးသားဇာတ်လိုက်ကတော့ ယွီစစ်ယွမ်ဆိုလားပဲ သူကလည်း ဆယ်ကျော်သက် အိုင်ဒေါတစ်ယောက်တဲ့ အရင်ကလည်း အိုင်ဒေါဒရာမာတွေထဲမှာ သရုပ်ဆောင်ဖူးတယ်လေ ဒီတစ်ခေါက်တော့ သူ့ရဲ့ စတိုင်ကို ပြောင်းဖို့ ပြင်နေတာလား မသိဘူး ဒါပေမယ့် ဒီဇာတ်လမ်းရဲ့ အဓိက အကြောင်းအရာက ဒါတွေတင် မကသေးဘူးနော် ယီချန်းယန်ကပါ ဧည့်သရုပ်ဆောင်အဖြစ် ပါဝင်မှာတဲ့ ...”


“ယီ .. ယီချန်းယန်လား ...”


နောက်ဆုံးတွင်တော့ ယန်အန်းယု၏ အမူအယာများ ပြောင်းလဲလာတော့သည်။ 


ကောလီရှုက ခပ်ဟဟ ရယ်မောကာ သူ့ကို ဆွဲခေါ်သွားလိုက်သည်။ 


“ဟုတ်တယ် သွားကြရအောင် ငါတို့သာ ကံကောင်းရင် သူနဲ့တောင် ဝင်တိုက်မိချင် တိုက်မိမှာ ..."


များမကြာမီ ယန်အန်းယုနှင့် ကောလီရှုတို့သည် ရုပ်ရှင်မြို့တော်၏ အရှေ့ဘက်အပိုင်းသို့ ရောက်ရှိသွားကြတော့သည်။ 


သူတို့ ရောက်သွားချိန်တွင် “လက်ဝှေ့ကျော်” ကို စတင် ရိုက်ကူးနှင့်နေပြီး ဖြစ်သည်။ သူတို့က ရိုက်ကွင်းကို အကဲခတ်ကြည့်လိုက်သော်ငြား ယီချန်းယန်ကိုမူ အရိပ်အယောင်မျှပင် မတွေ့ရချေ။ ကုရှင်းကမူ ဘေးနားတွင် ထိုင်ကာ တစ်ခဏမျှ အနားယူနေခဲ့သည်။ 


တရုတ်ပြည်သူ့သမ္မတိုင်ငံခေတ်က ကောလိပ်ကျောင်းသူတစ်ဦးကဲ့သို့ ခေတ်ဟောင်းစတိုင် ဝတ်စုံအပြာရောင်ကို ဝတ်ဆင်ကာ ကျစ်ဆံမြီးနှစ်ဖက် ကျစ်ထားသည့် ကုရှင်းမှာ အလွန်အမင်း နူးညံ့ချိုမြိန်ကာ ချဉ်းကပ်ရ လွယ်ကူသူတစ်ဦးဟု ထင်မြင်ရနေပေသည်။ 


“ကုရှင်းကျဲ ...”


ကောလီရှုက ရောက်ရောက်ချင်း လှမ်းနှုတ်ဆက်လိုက်သည်။ 


“ရှောင်ရှု ဘယ်လိုလုပ် ရောက်လာတာလဲ ဒီနေ့ မင်းရဲ့ ရိုက်ကူးရေးက ပြီးခဲ့ပြီလား ...”


ကုရှင်းက အနည်းငယ် အံ့ဩသွားရလေဟန်ဖြင့် ပြန်လည်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။ သူမထံတွင် နာမည်ကြီး သရုပ်ဆောင်တစ်ဦး၏ အငွေ့အသက်မျိုး စိုးစဉ်းမျှပင် မတွေ့ရချေ။ နောက်နားတွင် ရပ်နေသော သူမ၏ မန်နေဂျာကလည်း သူတို့ကို ခေါင်းငြိမ့်ပြကာ နှုတ်ဆက်ခဲ့သည်။ 


“အမ်း ...”


ကောလီရှုက ခေါင်းကို ကုတ်ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ 


“ကျွန်တော့်အပိုင်းတွေက အများကြီး မရှိတော့ ...”


“မစိုးရိမ်ပါနဲ့ ဖြည်းဖြည်းချင်းသာသွား ...”


သူမက ပြုံးကာ ပြောလိုက်သည်။ ထို့နောက်တွင် ကုရှင်း၏ အကြည့်တို့သည် ဘေးတွင် ရပ်နေသည့် ယန်အန်းယုထံသို့ ကျရောက်သွားတော့၏။ 


“ဒါက ...”


“ယန်အန်းယုတဲ့ ကျွန်တော်တို့ကျောင်းကပဲ ...”


ကောလီရှုက သူ့ပုခုံးကို ပုတ်ကာ မိတ်ဆက်ပေးလိုက်သည်။ 


ယန်အန်းယုက အနည်းငယ် အံ့ဩသွားသော်ငြား ခေါင်းငြိမ့်ပြကာ ပြန်လည်နှုတ်ဆက်နိုင်ခဲ့သည်။ 


“ဟယ်လို ...”


ကုရှင်း၏ မျက်ဝန်းတို့ မသိမသာ မှေးကျဉ်းသွားကာ နှုတ်ခမ်းထက်တွင် တွဲလွဲခိုနေသည့် အပြုံးတို့မှာလည်း ပိုမိုကာ နက်ရှိုင်းလာတော့၏။


“မဆိုးဘူးပဲ မင်းက တော်တော်လေး ကြည့်ကောင်းတယ်နော် ပြီးတော့ လွှမ်းမိုးနိုင်စွမ်းလည်း ရှိတယ် ...”


“ကျေးဇူးတင်ပါတယ် ...”


ယန်အန်းယုမှာ ထိုချီးကျူးစကားကြောင့် ဝမ်းသာပီတိ ဖြစ်နေမိတော့သည်။ ဤ အထက်စီးဆန် မောက်မာလှသည့် လူချမ်းသာသခင်လေး၏ ခန္ဓာကိုယ်ထဲသို့ ဝိဉာဉ်ကူးပြောင်းခဲ့ပြီးသည့်နောက် သူ့ရှေ့သို့ လူကိုယ်တိုင် ရောက်လာကာ ကျိန်ဆဲသူများနှင့် မတွေ့ဖူးသေးသည့်တိုင် ရွံရှာမုန်းတီးသည့် အကြည့်များစွာကိုမူ နည်းမျိုးစုံဖြင့် လက်ခံရရှိခဲ့ရပြီး ဖြစ်ပေသည်။ ထို့ကြောင့် သူ့ကို ရိုးရိုးသားသား ချီးကျူးသူဟူ၍ အလွန် ရှားပါးလှသည့်အပြင် တစ်ဖက်လူမှာ ချောမောလှပသည့် နာမည်ကြီးတစ်ဦးလည်း ဖြစ်နေသေးရာ ...


နောက်ထပ် အနည်းငယ်ခန့် စကားလက်ဆုံကျပြီးသည့်နောက်တွင် ကုရှင်း သရုပ်ဆောင်ရမည့် အလှည့်သို့ ပြန်လည်ရောက်ရှိလာတော့သည်။ 


“လက်ဝှေ့ကျော်” ကို အဓိကဇာတ်လိုက် ထွက်ပြေးသည့် အခန်းဖြင့် အစပျိုးကာ ရိုက်ကူးထားသည်။ အဓိကဇာတ်လိုက် ကျန်းယွင်ရွှယ်သည် ကိုယ်ခံပညာကို စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားလျက် ဆည်းပူးနေသူ ဖြစ်ကာ မူလက ဟောက်ယိဂိုဏ်း၏ အပြင်စည်းတပည့် တစ်ဦးလည်း ဖြစ်ခဲ့ဖူးပေသည်။ သို့သော် သူသည် ထိုဂိုဏ်းမှာ စင်စစ်အားဖြင့် တိုင်းတစ်ပါးသားများအား ထောက်ပံ့ပြီး ဒုစရိုက်လုပ်ငန်းများကို ကျူးလွန်နေသော ဂိုဏ်းတစ်ခုသာ ဖြစ်ကြောင်း မတော်တဆ သိရှိသွားခဲ့သည်။ 


ထို့နောက်တွင်မူ သူသည် ဟောက်ယိဂိုဏ်းသားများ၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည့်အတွက် ခြေရာဖျောက်ကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတော့သည်။ ထိုသို့ ထွက်ပြေးနေစဉ်အတွင်း အမျိုးသမီးဇာတ်လိုက် စုဝမ်ရွှမ်နှင့် တွေ့ဆုံမိကာ ကြီးမြတ်လှသော ဆရာသခင် ကျန်းဟိုင်ထံသို့ပင် ရောက်ရှိခဲ့ရသည်။ ထိုသို့ဖြင့် သူ့ဘဝကံကြမ္မာသည်လည်း တစ်ဖြည်းဖြည်းချင်း ပြောင်းလဲစ ပြုလာတော့၏။