Chapter 9
Viewers 2k

👥️Chapter 9



ည ၇ နာရီခန့်တွင် ... ဧည့်ခန်းထဲရှိ လေထုမှာ ရှားပါးလှသည့် သက်တောင့်သက်သာဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။


ရှေးခေတ်ကာလများတွင် စစ်သူကြီးချုပ် ဖြစ်ခဲ့သည့် ယီချန်းယန်၏ အိမ်တော်တွင် နန်းတော်ထဲမှ တော်ဝင်စားဖိုမှူးများကိုပင် ယှဉ်ပြိုင်နိုင်သည့် ထမင်းချက်များ ရှိခဲ့ဖူးသည်။ ထိုသူများက သူ့အတွက် ပိဋကတ်သုံးပုံမက်မွန်အစာသွပ်မုန့်၊ ဇာမဏီအမြီး ငါးမန်းတောင်ပံဟင်းချို၊ ငါးရောင်ခြယ် မိုးခိုသား နှင့် ကမာလုံး ကြွပ်ကြွပ်ကြော်များကို မကြာခဏ ချက်ပြုတ်ပေးလေ့ ရှိသည့်အပြင် အချိုပွဲအနေဖြင့် ထိုခေတ်ထိုအခါက သခင်မလေးများ လွန်စွာ နှစ်သက်ကြသည့် ကြာပန်းကိတ်နှင့် ကြွေပန်းကိတ်များကိုလည်း ပြင်ဆင်ပေးခဲ့ကြသည်။

(ဒီထဲမှာ ရေးထားတဲ့ ပိဋကတ်သုံးပုံ မက်မွန်အစာသွပ်မုန့်ဆိုတာက မက်မွန်ပွင့်ရယ် ပိဋကတ်သုံးပုံအသီးရယ်ကို သုံးပြီး လုပ်ထားတဲ့ ဟင်းပွဲတစ်မျိုးပါ ပိဋကတ်သုံးပုံအသီးကို တစ်ချို့က ဘုရားလက်ချောင်းအသီး(လက်ညှိုးသီး) လို့လည်း ခေါ်ကြပါတယ် အရသာကတော့ ရှောက်သီးနဲ့ တော်တော်လေး ဆင်ပါတယ်တဲ့)


ယန်အန်းယုက သူ့စစ်သူကြီးသည် ဘဲသားဟင်းလျာများအား စားရခြင်းကို လွန်စွာ သဘောကျကာ အရသာပေါ့ပါးသည့် ဟင်းလျာများကိုလည်း မကြာခဏ စားသုံးလိုကြောင်း ယခုအချိန်အထိ မှတ်မိနေဆဲ ဖြစ်သည်။ ထိုအမျိုးသားသည် သူ ချက်ကျွေးသည့် ဟင်းလျာများဆိုလျှင် ၁၂ မျိုး တို့ဖူးဟင်းချိုမှအစ နှစ်နှစ်ခြိုက်ခြိုက် စားသောက်ပေးခဲ့ကာ ယခု ခေတ်သစ်သို့ ရောက်သည်အထိလည်း ဘဲသားကို နှစ်သက်နေသေးသည့်ဟန်ပင်။ 


ခေတ်သစ်မီးဖိုချောင်မှာ ပစ္စည်းကိရိယာ များပြားစုံလင်လှသည့်အတွက် ချက်ပြုတ်ရာ၌လည်း များစွာ လွယ်ကူအဆင်ပြေလှသည်။ သို့သော် အချို့သော ဟင်းလျာများအတွက် လျှို့ဝှက်ပါဝင်ပစ္စည်းတို့ကိုမူ ရနိုင်ရန် မလွယ်ကူတော့ချေ။ ပါဝင်ပစ္စည်းမှာ အကန့်အသတ်ရှိသည့်အတွက် သူသည် ဝက်နှစ်ပြန်ပေါင်း၊ ငါးကြော်နှပ် အစရှိသည့် အိမ်ချက်ဟင်းလျာအချို့ကိုသာ ပြင်ဆင်ရန် ဆုံးဖြတ်လိုက်ကာ နောက်ဆုံးတွင် ယီချန်းယန်အတွက် ကောက်ညှင်းအစာသွပ် ဘဲသားချဉ်စပ်နှပ်ကိုပါ ထပ်မံချက်ပြုတ်လိုက်သည်။ 


ဝါဖျော့ဖျော့ဟင်းရည်တို့က ဘေးနားတွင် ရစ်ဖွဲ့ဝိုင်းရံနေကာ ဘဲ၏ ရင်အုံကို ဖွင့်လှပ်ထားသည့်အတွက် အထဲတွင် အစာသွပ်ထားသည့် ကောက်ညှင်း၊ မျှစ်နှင့် မှိုတို့ကိုပါ အတိုင်းသား မြင်တွေ့နေရသည်။ သင်းကြိုင်လှသော မွှေးရနံ့က အနားတွင် ရှိနေသူအားလုံး၏ အနံ့ခံအာရုံကို တိုက်ခိုက်ကာ စားသောက်လိုစိတ်များ တဖွားဖွား ထွက်ပေါ်လာအောင် စွမ်းဆောင်နေခဲ့သည်။ 


ထမင်းစားပွဲပေါ်တွင် ပြင်ဆင်ထားသည့် ဟင်းလျာများ အထူးသဖြင့် ဘဲသားဟင်းကို တွေ့လိုက်ရသည့်အခါ ယီချန်းယန်၏ မျက်ဝန်းတို့မှာ ရုတ်ချည်းဆိုသလို ဝင်းလက်သွားခဲ့သည်။ တစ်ဖက်လူက သူ၏ အကြိုက်များကို ဟိုးယခင်ကတည်းက သိရှိထားသည့်ဟန်ပင်။ 


ပန်းကန်လုံးနှင့် တူများကို နေရာချထားပြီးနောက် ယန်အန်းယုသည် ယီချန်းယန်၏ ပန်းကန်ထဲသို့ ထမင်း ထပ်ထည့်ပေးကာ ပြောလိုက်သည်။ 


“ပူတုန်းလေး စားလိုက်လေ ...”


သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် အမျိုးသားက ခေါင်းကိုသာ အသာ ငြိမ့်ပြလိုက်သည်။


ယခင်က သူသည် ယန်အန်းယုကို များစွာ အာရုံမထားခဲ့ဖူးသော်ငြား အသေအချာ ဂရုစိုက်ကာ ကြည့်လိုက်သည့်အခါ ယန်အန်းယု ပြုံးလိုက်သည့်အချိန်တိုင်း နှုတ်ခမ်းထောင့်စွန်းတွင် ပါးချိုင့်သေးသေးလေးများ ပေါ်လာတတ်ပြီး အားရဝမ်းသာ ရယ်မောလိုက်သည့် အချိန်များတွင်လည်း ကြောင်နှုတ်ခမ်းမွှေးသဖွယ် ချစ်စရာ smile line လေးများ ထွက်ပေါ်လာတတ်ကြောင်း သတိပြုမိသွားခဲ့သည်။ 


ဘာပဲဖြစ်ဖြစ် သူနဲ့ ယှဉ်လိုက်ရင် ယန်အန်းယုဆိုတာ ကလေးသာသာလေးပဲ ရှိသေးတာလေ ....


ယီချန်းယန်က ဘဲသားထဲတွင် အစာသွပ်ထားသည့် ကောက်ညှင်းဆန်ကို အရင် မြည်းကြည့်လိုက်သည်။ စားသောက်နေသည့် သူ့ပုံစံမှာ အတိတ်က စစ်သူကြီးနှင့် တစ်ထပ်တည်း တူညီနေသည့်အတွက် ယန်အန်းယု၏ မျက်ဝန်းထဲတွင် အတိတ်ကို လွမ်းမောသည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။ 


“ဘယ်လိုလဲ အရသာရှိလား ...”


တစ်ဖက်လူက ပြန်မဖြေ။ သို့သော် နှုတ်ခမ်းထောင့်စွန်းတို့ မသိမသာ ကော့တက်သွားကာ ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့သည်။ 


ယန်အန်းယုမှာ နောက်တစ်ကြိမ် ကြောင်အသွားရပြန်၏။ 


ဒီရုပ်ရှင်ဧကရာဇ်က ဒီအတိုင်းနေရင်ကို တကယ် ချောမောပြီး ကြည့်ကောင်းတာ ဒါပေမယ့် ပြုံးလိုက်တဲ့ အချိန်ကျ သူ့ရဲ့ ဆွဲဆောင်နိုင်စွမ်းတွေက ပိုပြီးကို ပေါက်ကွဲထွက်လာသလိုပဲ လုံးဝကို မျက်စိတောင် မလွှဲရက်စရာပဲ ...


ပြီးတော့ ဒီတစ်ခေါက် ပြုံးလိုက်တဲ့ အပြုံးက နှလုံးသားထဲကနေ ထွက်လာသလိုမျိုး တကယ်ကို စစ်မှန်နေတာလေ ...


ထိုသို့ဖြင့် တူကို ချကာ မျက်လွှာပင့်ကြည့်လိုက်သည့်အခါ ယီချန်းယန်သည် သူ့ကို ကြယ်ရောင်သဖွယ် တဖိတ်ဖိတ်တောက်နေသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေသူတစ်ဦးကို တွေ့လိုက်ရတော့သည်။ 


သူ့ကို အရူးတစ်ယောက်ကဲ့သို့ ပြုံးကာ ကြည့်နေသူကို တွေ့လိုက်ရသည့်အခါ ယီချန်းယန်သည် မျက်နှာထက်တွင် မည်သည့် အမူအယာမှ ထွက်ပေါ်လာခြင်း မရှိသည့်တိုင် စိတ်ထဲတွင်မူ ကူကယ်ရာမဲ့သွားရရှာတော့သည်။ သူ့ရှေ့တွင် ရှိနေသည့် ထိုကြောင်တောင်တောင် ကလေးပေါက်စမှာ သူ့နှုတ်ခမ်းတွင် ထမင်းစေ့များ ကပ်နေကြောင်းကိုပင် သတိမပြုမိကြောင်း တွေ့လိုက်ရသည့်အတွက် လက်ကို ဆန့်ထုတ်ကာ အသာအယာ ဖယ်ရှားပေးလိုက်သည်။


ထိုလုပ်ရပ်ကြောင့် ယန်အန်းယုမှာ လုံးဝဥဿုံ တွေဝေမိန်းမောသွားရတော့၏။ 


သူ့နှုတ်ခမ်းတွင် ကပ်နေသော ထမင်းစေ့ကို ဖယ်ပေးလိုက်သော ယီချန်းယန်၏ လုပ်ရပ်ကြောင့် ယန်အန်းယုမှာ ရုတ်ချည်းဆိုသလို ကြောင်အသွားရှာတော့သည်။ 


ထိုကဲ့သို့သော ရင်းနှီးလှသည့် လှုပ်ရှားမှုကြောင့် ယန်အန်းယု၏ မှတ်ဉာဏ်များ နောက်တစ်ကြိမ် နှိုးဆော်ခံလိုက်ရပြန်ကာ စစ်သူကြီးချုပ်သည်လည်း ယန်အန်းယု အစေခံငယ်ဘဝတွင် ရှိစဉ်ကတည်းက ၊ အရွယ်ရောက်ကာ သူ၏ သီးသန့်သက်တော်စောင့် ဖြစ်လာစဉ်က၊ ထို့နောက် စစ်ပွဲတိုင်းသို့ လိုက်ခဲ့ရစဉ်က  ထိုကဲ့သို့သော အပြုအမူအသေးလေးများကို မကြာခဏ ပြုလုပ်ခဲ့ဖူးကြောင်း ပြန်လည်စဉ်းစားမိလာတော့သည်။  


နှလုံးသားတစ်ခုလုံး ပူနွေးလာကာ ယီချန်းယန်ကို ကြည့်နေသည့် သူ့အကြည့်တို့မှာလည်း ပို၍ပင် ပူလောင်ပြင်းပြလာတော့သည်။ 


ယီချန်းယန်၏ လက်များက သုံးစက္ကန့်ခန့် တောင့်ခဲသွားကာ ထို့နောက်တွင်မှ တုန့်ဆိုင်းစွာဖြင့် ပြန်ရုတ်သိမ်းသွားခဲ့သည်။ အမြဲလိုလို တည်ငြိမ်နေခဲ့ရသူ ဖြစ်သည့်အလျောက် ယီချန်းယန်သည် အခြားလူတစ်ဦး၏ ပူပြင်းလှစွာသော အကြည့်စူးစူးတို့ကို မခံနိုင်၊ ချက်ခြင်း မတ်တပ်ထရပ်ကာ ပြောလိုက်သည်။ 


“ဗိုက်ပြည့်သွားပြီ ... မင်းက အေးအေးဆေးဆေး ဆက်ပြီးစားလေ ....”


ထိုသို့ပြောကာ ချက်ခြင်း ထွက်သွားခဲ့သည်။ 


ယန်အန်းယုက ထွက်သွားနှင့်သူ အမျိုးသား၏ နောက်ကျောကို ငေးကြည့်ကာ ဝမ်းသာအားရ ပြုံးလိုက်သည်။ ထိုသူမှာ စစ်သူကြီးချုပ် ပြန်လည်ဝင်စားလာခြင်းဖြစ်ကာ စိတ်နေစိတ်ထားတို့မှာလည်း စစ်သူကြီးချုပ်နှင့် တစ်ထပ်တည်း တူညီခြင်း မရှိတော့သည့်တိုင် အနှစ်သာရမှာမူ တူညီနေဆဲပင် ဖြစ်ပေသည်။ 


ဒီ ရုပ်ရှင်ဧကရာဇ်ယီကလည်း သိမ်မွေ့တဲ့လူတစ်ယောက်ပဲ ဖြစ်ရမယ် ...


နောက်တစ်နေ့တွင် .. ယန်အန်းယုသည် ယီချန်းယန်နှင့်အတူ ရိုက်ကူးရာ၌ NG အရေအတွက် မရှိသလောက် နည်းပါးအောင် လျော့ချနိုင်သည့်အတွက် ရိုက်ကူးရေးမှာ များစွာ ချောမွေ့သွားခဲ့သည်။ 


“မဆိုးဘူးပဲ မင်း မနေ့က ဇာတ်ကောင်စရိုက်ထဲကနေ လွတ်ထွက်သွားခဲ့သေးတယ်လို့ ကြားမိလို့ လာကြည့်ကြည့်တာ ကြည့်ရတာ ငါ စိုးရိမ်တာ အပိုဖြစ်သွားတယ်နဲ့တူတယ် ...”


ကောလီရှုက ပြုံးကာ ပြောလိုက်သည်။ 


သူသည် တစ်ဖက်လူကို အားပေးရန်အတွက် ရိုက်ကွင်းသို့ တမင်တကာ ရောက်လာခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးလုံးမှာ ကျောင်းသားများသာ ဖြစ်ကြသေးသည့်အတွက် သရုပ်ဆောင်သည့် အတတ်ပညာကို အထူးကျွမ်းကျင်နေပြီ ဖြစ်သည့် ဝါရင့်များနှင့် ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။ 


ကောလီရှုနှင့် ယန်အန်းယုတို့သည် လက်သီးချင်း ဖလှယ်ရာမှတစ်ဆင့် ခင်မင်ရင်းနှီးလာကြသူများ ဖြစ်ကြကာ လက်ရှိ သူတို့နှစ်ဦးအကြား ဆက်ဆံရေးမှာ ယခင်ကဲ့သို့ ဆိုးဝါးခြင်း မရှိတော့ချေ။ 


“ကိစ္စတစ်ချို့ကို သဘောပေါက်သွားခဲ့တယ်လေ အဲဒီတော့ ဒီနေ့ငါက မနေ့က ငါနဲ့ လုံးဝကို ကွဲပြားသွားပြီပေါ့ ...”


ယန်အန်းယုက မျက်ခုံးကို ပင့်ကာ ပြောလိုက်သည်။ သူ့မျက်နှာထားမှာ လွန်စွာ ကျေနပ်အားရနေသည့်ဟန်ပင်။ 


“ဘာပဲဖြစ်ဖြစ် ငါ့ဆီ အလည်လာပေးတဲ့အတွက် ကျေးဇူးပဲ ...”


“ဘာ ကျေးဇူးတင်နေစရာ လိုလို့လဲ ...”


ကောလီရှုက လက်ကို ယမ်းပြလိုက်သည်။ 


“မင်း အားတဲ့အချိန်ကျ လူစုပြီး သီချင်းသွားဆိုရအောင်လေ ...”


ယန်အန်းယု “အင်းပါ ...”


ကုရှင်းကလည်း ရိုက်ကွင်းသို့ ပြန်ရောက်လာနေပြီ ဖြစ်သည်။ သူမသည် ယန်အန်းယုနှင့် ယီချန်းယန်တို့ ရိုက်ကူးရေး လုပ်နေကြကြောင်း သိလိုက်ရသည့်အခါ လုံးဝဥဿုံ အံ့ဩ စိတ်လှုပ်ရှားသွားခဲ့သည်။ 


ထိုအခန်းတွင် ယီချန်းယန်သည် ယန်အန်းယုအား လေ့ကျင့်ရေးသင်ခန်းစာကို ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးနေကာ တပည့်ဖြစ်သူ၏ ကိုယ်နေဟန်ထားကို ပြင်ဆင်ပေးသည့် အချိန်၌ သူ၏ အကြည့်တို့မှာ ပို၍ပင် သိမ်မွေ့နေခဲ့သည်။ ထိုစဉ် သူ၏ လေးစားအားထားရသော ဆရာဖြစ်သူကို ကြည့်နေသည့် ယန်အန်းယု၏ အကြည့်တို့မှာ ခွေးပေါက်ကလေးသဖွယ် သစ္စာရှိမှုတို့ဖြင့် ပြည့်နှက်နေပေ၏။ 


အလွန်အမင်း ကာကွယ်ပေးချင်စဖွယ် ခံစားချက်များ ရှင်းမပြတတ်လောက်အောင် ထွက်ပေါ်လာသည့်အတွက် ဘေးနားတွင် ရပ်ကြည့်နေသော ကုရှင်းသည် ထိုသရုပ်ဆောင်မှုကို တိတ်တဆိတ် ဗီဒီယို ရိုက်ယူကာ သူမ၏ အကြီးဆုံးအစ်မထံ ခိုးကြောင်ခိုးဝှက်ဖြင့် ပို့လိုက်သည်။ 


[ ကျဲရေ ကြည့်လိုက်ပါဦး အမျိုးသားနတ်ဘုရားနဲ့ ငါ့ရဲ့ နူးညံ့တဲ့ ဂျူနီယာမောင်ငယ်လေးကလေ CP အငွေ့အသက်တွေ တအားကို ရမနေလွန်းဘူးလား သူ့ပုံစံလေးကလေ တအားကို အလိုလိုက်ပြီး ကာကွယ်ပေးချင်စရာ ကောင်းလွန်းလို့ ငါ့မျက်နှာတစ်ခုလုံး နှာခေါင်းသွေးတွေ ပေရွှဲနေပြီ (*/ω\*)] 


သူမ၏ ဘေးနားတွင် ရပ်နေသော  ချန်းကျဲကမူ ချောင်းဟန့်ကာသာ မမြင်ဟန်ဆောင်နေလိုက်သည်။ 


ဒါရိုက်တာကျိုးနှင့် ကျန်ရိုက်ကူးရေးအဖွဲ့သားအားလုံးကလည်း ယန်အန်းယု၏ ယနေ့ သရုပ်ဆောင်ချက်အပေါ် များစွာ စိတ်တိုင်းကျခဲ့ကြသည်။ သို့သော် ယွီစစ်ယွမ်နှင့် ယန်ဖုန်းတို့မှာမူ ဟန်ဆောင်၍ပင် မပြုံးနိုင်ကြတော့ချေ။ 


S မြို့တော်၏ အရှေ့ဘက်ဆုံးအပိုင်း တတိယခရိုင် ရှန်းဟွမ် မီဒီယာကုမ္ပဏီ ရုံးချုပ်၌ ...


“ဘာ .. ဟို အပေအတေ ယန်အန်းယုက လူစားထိုးစတန့်သမား လုပ်နေတယ် ဟုတ်လား ...”


ယန်ကျွယ့်က လုံးဝ မယုံကြည်နိုင်သည့်ဟန်ဖြင့် လက်ထဲတွင် ကိုင်ထားသော ဖိုင်တွဲကို ဝုန်းခနဲ ပစ်ချကာ မေးလိုက်သည်။


လက်ထောက်ဖုန်းက ဖိုင်တွဲကို ကမန်းကတမ်း ကောက်ယူကာ ရှေ့တွင် ရှိနေသော အလုပ်စားပွဲပေါ်သို့ တင်ပေးရင်း ပြန်ဖြေလိုက်သည်။ 


“ဟုတ်ကဲ့ သူက “လက်ဝှေ့ကျော်” ရိုက်ကူးရေးမှာ ယွီစစ်ယွမ်ရဲ့ လူစားထိုးအဖြစ် လုပ်နေပါတယ် ...”


“လူစားထိုး တိုက်ခိုက်ရေးသမားတဲ့လား ...”


ယန်ကျွယ့်က မျက်မှောင်ကြုတ်ကာ အတွေးနွံထဲ နစ်မြောသွား၏။ 


ယန်အန်းယုက အမြဲတမ်း ပေတေလေလွင့်ပြီး ရန်ဖြစ်နေတဲ့ လူမှန်းတော့ အစကတည်းက သတိထားမိပြီးသားပါ .. ဒါပေမယ့် ဒီ သွေးတစ်ဝက်နှောတဲ့ ညီငယ်လေးက တိုက်ခိုက်ရေးပညာမှာ တကယ်ကြီး အခြေခံရှိနေတာလား ...


မဟုတ်မှလွဲရော ယီချန်းယန်ကို တစ်ခုခု လုပ်ချင်လို့များ “လက်ဝှေ့ကျော်” ရိုက်ကူးရေးအဖွဲ့ကို ဝင်လိုက်တာလား ပြောရရင် ဒီ အပေအတေကောင်က လက်မထပ်ခင်ကတည်းက ယီချန်းယန်ကို တော်တော်လေး စွဲစွဲလမ်းလမ်း ဖြစ်နေခဲ့ပြီးတော့ သူ့နားကပ်ဖို့ နည်းလမ်းကိုပဲ မျိုးစုံ စဉ်းစားနေခဲ့တာလေ ...


ညီငယ်ဖြစ်သူက ယီချန်းယန်ကို လက်ထပ်လိုသည်ဟု ထုတ်ပြောလာခဲ့သည့် အချိန်က ယန်ကျွယ့်သည် ဗီတိုအာဏာကိုသုံးကာ မျိုးစုံ ကန့်ကွက်ခဲ့သော်လည်း ယန်အန်းယုမှာ သံမဏိကို စားကာ ကြီးပြင်းလာခဲ့သူသဖွယ် အပြင်းအထန် ခေါင်းမာခဲ့ပြီး မည်သူ၏ အကြံပေးဖျောင်းဖျမှုကိုမှ နားမထောင်ခဲ့ချေ။ ထိုသို့ဖြင့် ညီအစ်ကိုနှစ်ဦးသား အကြီးအကျယ် သဘောထားကွဲလွဲခဲ့ကြကာ ထိုအချိန်မှစ၍ ယန်ကျွယ့်သည် တစ်ဖက်လူကို လုံးဝဥဿုံ ဂရုမစိုက်တော့ချေ။ 


“ကောင်းပြီ .. ယွီစစ်ယွမ်ကရော ကောင်းကောင်း လုပ်နေရဲ့လား ...”


လတ်တလောအနေအထားအရ ယန်အန်းယုကြောင့် ယန်မိသားစုနှင့် ရှန်းဟွမ်တွင် မည်ကဲ့သို့သော သက်ရောက်မှုမျိုးမှ ဖြစ်လာမည် မဟုတ်သဖြင့် သူ့ကို ဂရုစိုက်မနေတော့ဘဲ ထိုဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ထားသည့် ယွီစစ်ယွမ်အကြောင်းကိုသာ မေးလိုက်သည်။ 


“ဟုတ်ကဲ့ ...”


လက်ထောက်ဖုန်းက ယွီစစ်ယွမ်နှင့် စပ်လျဉ်း၍ တဖွဲ့တနွဲ့ မပြောလိုသည့်ဟန်၊ လိုရင်းတိုရှင်းသာ ပြန်ဖြေလိုက်သည်။ 


 ယန်ကျွယ့်က ခေါင်းကိုသာ အသာ ငြိမ့်ပြလိုက်သည်။ စင်စစ်အားဖြင့် သူသည်လည်း အခြေအနေအမှန်ကို သိထားနှင့်ပြီး ဖြစ်ပေသည်။ ယွီစစ်ယွမ်သည် သူ့ရုပ်ရည်ကို အသုံးပြုကာ အလုပ်လုပ်နေသူ ဖြစ်သည့်အလျောက် သရုပ်ဆောင်စွမ်းရည်မှာ အချိန်တိုအတွင်း တိုးတက်လာမည် မဟုတ်ချေ။ ထို့အပြင် သူသည် လတ်တလောကာလအတွင်း ယွီစစ်ယွမ်နှင့် ပတ်သက်သည့် မကောင်းသတင်းအချို့ကိုလည်း ကြားထားမိသေး၏။ အမြဲလိုလို နောက်ကျတတ်ကာ စိတ်တိုင်းမကျလေတိုင်း ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်ယွင်းသွားတတ်သည်ဟူသော သတင်းမျိုးမှာ သူ့ဘက်မှ နည်းမျိုးစုံသုံးကာ ဖိနှိပ်ထား၍သာလျှင် အများ၏ မျက်စိရှေ့သို့ ထွက်ပေါ်မလာခဲ့ခြင်း ဖြစ်သည်။ 


 ဤနှစ်နှစ်အတွင်း ယွီစစ်ယွမ်၏ ကျော်ကြားမှုအရှိန်မှာ အလွန် မြန်ဆန်လှကာ အားလုံးထက် ခေါင်းတစ်လုံးသာသည့် အနေအထားသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် ယန်ကျွယ့်ကလည်း သူ့ကို များစွာ လိုက်လျောပေးထားသည့်အတွက် သူသည် အားလုံးကို ဝမ်းသာအားရ သတိပေးခြိမ်းခြောက်ထားခဲ့သည်။ 


တစ်ချို့ အနုပညာရှင်တွေက ကိုယ် ရထားတဲ့နေရာနဲ့တင် မတင်းတိမ်ကြဘူးပဲ ...


ယန်ကျွယ့်က နားထင်နှစ်ဖက်ကို နှိပ်ထားကာ သူ့ဘက်မှ အမြင့်မားဆုံး ကမ်းလှမ်းခဲ့သည့်တိုင် သူ့ကို တမင်တကာ ရှောင်ပုန်းနေဆဲဖြစ်သည့် ချင်နွော်ရှီကို တွေးမိပြီး ပို၍ပင် စိတ်ဓာတ်ကျမိသွားခဲ့သည်။ 


“ဟုတ်သားပဲ “မနက်ဖြန်များရဲ့  အသံ” ကို ပြင်ဆင်နေတာရော ဘယ်အဆင့်အထိ ရောက်သွားပြီလဲ ...”


ယန်ကျွယ့်က မေးလိုက်သည်။ 


“တော်တော်များများ ပြီးနေပါပြီ ဒိုင်တွေနဲ့ ဧည့်သည်တွေကိုလည်း ဆက်သွယ်ပြီးနေပါပြီ စမယ့်ရက်ကို အတည်ပြုပြီးတာနဲ့ ချက်ခြင်း ပွဲစလို့ ရပါပြီ ...”


“အင်း ...”


ထိုအခါမှ ယန်ကျွယ့်၏ မျက်ခုံးတို့ အနည်းငယ် ပြေလျော့သွားတော့၏။ 


သိပ်မကြာခင် လုပ်တော့မယ့် အစီအစဉ်ကိုတော့ ချောချောမွေ့မွေ့ဖြစ်ဖို့ မျှော်လင့်မိတယ် ...


****


မနက်ကိုးနာရီအချိန် ... တိမ်ထူကာ နေရောင်ကို ကောင်းစွာ မမြင်ရသည့်အတွက် ကောင်းကင်တစ်ခွင်လုံး အနည်းငယ် မှိုင်းပျနေ၏။ 


ခုနစ်မီတာခန့် မြင့်မားသော ရှေးဟောင်းအဆောက်အဦးတစ်ခု၏ အရှေ့တွင် ယန်အန်းယုက လေလာရာကို မျက်နှာမူလျက် ခေါင်မိုးထက်တွင် မတ်တပ်ရပ်နေသည်။ လေယူရာ ယိမ်းနွဲ့နေသည့် ရှေ့ဆံပင်တို့နှင့်အတူ သူ့မျက်နှာတစ်ခုလုံးမှာ သက်ဝင်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။ 


စတန့်သမားတစ်ဦးအတွက် လိုအပ်သည့် ဇာတ်ကွက်အားလုံးနီးပါးခန့်ကို ရိုက်ကူးပြီးဖြစ်ကာ ဤ ခေါင်းမိုးထပ်၌ ထိပ်တိုက် တွေ့ဆုံတိုက်ခိုက်သည့် အခန်းမှာ ယန်အန်းယုအနေဖြင့် ရိုက်ကူးပေးရမည့် နောက်ဆုံးသော အခန်း ဖြစ်သည်။ ခက်ခဲမှုမှာ ယခင်အပိုင်းများထက် ပိုမိုများပြားကြီးမားသော်ငြား အောင်အောင်မြင်မြင် ရိုက်ကူးနိုင်သည်နှင့် တစ်ပြိုင်နက် ကောင်းမွန်ဝလင်စွာ စားသောက်၍ အချိန်အကန့်အသတ်မရှိ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်တော့မည် ဖြစ်သည်။



👥️