Chapter 12
Viewers 2k


Chapter 12

 • May 31 at 05:01 PM

👥️Chapter 12




“အင်း ...”




ကောလီရှုက မျက်ခုံးပင့်ကာ စိတ်ဓာတ်တက်ကြွစွာဖြင့် ပြောလိုက်သည်။ 




“မနက်ဖြန်များ၏ အသံ” သည် ပြည်တွင်း TV ရုပ်သံလိုင်းတစ်ခုက ရှန်းဟွမ်မီဒီယာနှင့် ပူးပေါင်းကာ ကျင်းပသည့် အဆိုပြိုင်ပွဲ ဖြစ်ပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီများကို နိုင်ငံအနှံ့ ဖြန့်ကျက်ထားသည်။ နောက်ဆုံး ဖိုင်နယ်ပွဲစဉ်သို့ တက်ရောက်နိုင်ရန် အကြိုရွေးချယ်မှုမှသည် ဆန်ကာတင် ရွေးချယ်မှုအထိ အမျိုးမျိုးသော ပွဲစဉ်များကို ကျော်ဖြတ်ရမည်ဖြစ်ကာ ပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နာမည်ကျော် အနုပညာရှင် ဖြစ်လာရန် အလားအလာရှိသည့် တက်သစ်စ အဆိုတော်လေးများအား ရွေးချယ်လိုသည့် ရည်ရွယ်ချက်ဖြစ်သည်။ 




အခြားသော ပြိုင်ပွဲများနှင့် နှိုင်းယှဉ်ပါလျှင် “မနက်ဖြန်များ၏ အသံ” သည် လူထု၏ မျက်ရည်ကို ချူစားခြင်း မရှိ။ ပြိုင်ပွဲဝင်များထံတွင် မျက်ရည်လည်ရွှဲဖြင့် ပြန်ပြောင်းပြောစဖွယ် ရင်နာစရာ ဇာတ်လမ်းများ မရှိသည့်အပြင် တရားဝင် ပြိုင်ပွဲကျင်းပနေစဉ်အတွင်းတွင်လည်း ထုတ်လုပ်ရေးအသင်းသည် ထိပ်ဆုံး ပြိုင်ပွဲဝင် အယောက် ၂၀ ၏ နောက်ကြောင်းများကို စစ်ဆေးမှု ပြုလုပ်သွားဦးမည် ဖြစ်သည်။ 




ပရိသတ်များထံမှ မဲပေးမှု ရရှိရေးအတွက် ပြိုင်ပွဲဝင်များသည် သီချင်းဆိုခြင်းသာမက အခြားသော အရည်အချင်းများကိုလည်း ထုတ်ဖော်ပြသနိုင်ပေသည်။ ထို့အပြင် ပြိုင်ပွဲကျင်းပနေစဉ်အတွင်း ထုတ်လုပ်ရေးအဖွဲ့မှ ကြီးမှူးကာ အခြားသော အဆိုရှင်များ၏ ဆိုဟန်ကို တုပခြင်း ကဲ့သို့သော သီချင်းဆိုခြင်းနှင့် ပတ်သက်သည့် ပြိုင်ပွဲအသေးလေးများကိုလည်း ကျင်းပပေးသွားဦးမည် ဖြစ်ပေသည်။ 




ပြိုင်ပွဲ၏ ဒုတိယပိုင်းတွင် ပြင်ပသို့ ထွက်ကာ လှုပ်ရှားရမည့် အစီအစဉ်များလည်း ပါရှိသေးသည်။ ပြိုင်ပွဲဝင်များအနေဖြင့် တောင်တန်းဒေသမှ ကလေးများနှင့် တစ်ရက်တာ အတူ အချိန်ကုန်ဆုံးကာ သူတို့နှင့်အတူ သီချင်းများလည်း အတူတူ ဆိုကြရဦးမည် ဖြစ်သည်။ 




ထုတ်လုပ်ရေးအဖွဲ့မှ ဖိတ်ကြားထားသည့် အကဲဖြတ်ဒိုင်နှင့် ဧည့်သည်တော်များမှာ ဂီတအသိုင်းအဝိုင်း၌ ထင်ရှားကျော်ကြားသူများ ဖြစ်ပေသည်။ “မနက်ဖြန်များ၏ အသံ” ၏ ယခင် season နှစ်ခုစလုံးမှာ ပရိသတ်၏ အားပေးမှုကို အများအပြား ရရှိခဲ့သည့်အတွက် တတိယ season အကြောင်း သိလိုက်ရသည့်အခါ ရင်တမမ ဖြစ်နေကြသူများလည်း အများအပြား ပေါ်ထွက်လာခဲ့သည်။ 




“ငါသာ သွားရလို့ကတော့ လေ့လာရေးခရီး သွားရသလိုပဲ နေမှာပေါ့ လူရွေးပွဲ ဝင်ပြိုင်ပြီး တစ်မိနစ်တောင် မကြာဘူး အထုတ်ခံရလောက်တယ် ...”




ယန်အန်းယုက ခေါင်းကို ယမ်းကာ ခါးသီးစွာဖြင့် ပြောလိုက်သည်။ 




“ဟားဟား .. မနောက်စမ်းပါနဲ့ ဘာလို့ ဒီလောက်အထိ အဆိုးမြင်စိတ်တွေ များနေရတာလဲ ...”




ကောလီရှုက သူ့ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ 




“ယန်အန်းယု မင်းက ဝက်တစ်ကောင် သီချင်းဆိုသလို ကီးကြောင်နေတဲ့သူမှ မဟုတ်တာ ပြီးတော့ စန်းလောင်ရှီးကလည်း မင်းအသံက ကြည်နေတာပဲ အမြင့်သံကလည်း တော်တော်လေး ကောင်းတယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား ကိုယ့်ကိုယ့်ကိုယ် ဒီလိုကြီး နှိမ့်ချမပစ်စမ်းပါနဲ့ ...”




“ဒါပေမယ့် ငါ့ရဲ့ သီချင်းဆိုတဲ့ စွမ်းရည်က ...”




ယန်အန်းယုက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 




ရှေးခေတ်ကာလတွင် သူသည် စစ်သူကြီး ပြဇာတ်နားထောင်သည်ကို အဖော်ပြုပေးခဲ့ဖူးသည့်အတွက် ပုလွေမှုတ်ကာ သာယာနာပျော်ဖွယ် သီဆိုတတ်သည့် သဘင်သည်များစွာကို မြင်တွေ့ခဲ့ဖူးသည်။ သို့သော် သူ့အဖို့မူ  စံပြစစ်သားကောင်းတစ်ဦး၊ စာသင်သားတစ်ဦး ဖြစ်ရုံသာမက “ရှောင်း” ကိုပင် တီးမှုတ်တတ်သေးသည့် စစ်သူကြီးကသာလျှင် အံ့ဖွယ်အကောင်းဆုံးသူ ဖြစ်ပေသည်။ သူကိုယ်တိုင်ကမူ အချို့သော ကျေးလက်တေးအချို့ကိုသာ သံစဉ်ညဉ်းနိုင်ကာ အများစုမှာလည်း သားချော့တေးများသာ ဖြစ်သည်။ 




ခေတ်သစ် သီချင်းများအပေါ် သူ၏ သဘောပေါက်သိရှိမှုမှာ ပို၍ပင် နည်းပါးလှသေးသည်။ အမျိုးမျိုးသော ဗဟုသုတ များစွာကို ရရှိခဲ့ကာ vocal ဆရာကလည်း သူ့အသံကို နားဝင်ပီယံ ရှိလှသည်ဟု ချီးကျူးခဲ့သည့်အပြင် သူ၏ သီချင်းဆိုသည့် စွမ်းရည်မှာ စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်းကြောင့် တစ်ဖြည်းဖြည်း တိုးတက်လာနေပြီ ဖြစ်သည့်တိုင် ... အချိန်တိုအတွင်း များစွာ တိုးတက်ကောင်းမွန်လာရန်မှာမူ ခက်ခဲနေဆဲပင် ဖြစ်သည်။ 




“တအားကြီး စိတ်ဖိစီးမနေပါနဲ့ သီချင်းဆိုတဲ့ နေရာမှာ ကောင်းကောင်း မလုပ်နိုင်သေးဘူး ဆိုရင်တောင် မင်းရဲ့ ပင်ကိုယ်ပါရမီကို သုံးပြီး ဖျော်ဖြေလို့ ရသေးတယ်လေ မင်းက သံစဉ်လိုက်တဲ့ နေရာမှာ တကယ် ကောင်းတယ် ပြီးတော့ ကတဲ့နေရာမှာလည်း အမိုက်စားပဲလေ ဒါတွေနဲ့တင် အလုပ်မဖြစ်ဘူးဆိုရင်တောင် မျက်နှာလေးကိုပဲ အားကိုးလိုက်လို့ ရသေးတယ်...”




ယန်အန်းယု “...”




ကောလီရှုက တဟားဟား အော်ရယ်လိုက်ပြီးနောက် သူ့ကို နောက်ထပ် စနောက်ခြင်း မပြုတော့ဘဲ အလေးအနက် ပြောလိုက်သည်။  




“ယန်အန်းယုရေ မင်းမျက်နှာက အသုံးမဝင်တာမှ မဟုတ်တာ အဲဒီ့အစား ကောင်းကျိုးတွေတောင် ရှိသေးတယ် ပြီးတော့ ရှန်းဟွမ်ကလည်း “မနက်ဖြန်များရဲ့အသံ”မှာ ရင်းနှီးမြှုပ်နှံထားသေးတယ်လေ မင်းရဲ့ကောက မင်းကို ဂရုမစိုက်ဘဲ နေမှာတဲ့လား ...”




သို့သော် ယန်အန်းယုကမူ ကူကယ်ရာမဲ့နေဆဲပင်။ 




“ဒီတစ်ခါတော့ မင်း မှားသွားပြီ သူက နှလုံးသားမရှိတဲ့ အစ်ကိုစိမ်းကားကြီး ...”




ယန်ကျွယ့်သာမက ယန်မိသားစုဝင် မည်သူကမှ သူ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မထားကြချေ။ 




“ဟမ် ...”




ကောလီရှုက အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။ သို့သော် သူသည်လည်း ယန်ညီအစ်ကိုနှစ်ဦးသည် မိသားစုပိုင်ဆိုင်မှု ကိစ္စများကြောင့် အချင်းချင်း အဆင်မပြေကြဟု ကြားထားဖူးရာ အပြင်လူတစ်ဦး အနေဖြင့် နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းရန် မသင့်တော်လှချေ။ 




“ဘာပဲဖြစ်ဖြစ် ငါကတော့ ကြိုးစားကြည့်ချင်တယ် ..."




သူက လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်သည်။ 




ကောလီရှုကို နောက်ခံကောင်းရှိသူတစ်ဦးဟု သတ်မှတ်၍ ရသည့်အပြင် သူ့မိသားစုတွင်လည်း ငွေကြေး ပြတ်လပ်နေခြင်း မရှိချေ။ သူ၏ သရုပ်ဆောင်စွမ်းရည်အကြောင်း သူကိုယ်တိုင်လည်း ကောင်းစွာ သဘောပေါက်ထားသည့်အပြင် အားကုန်ထုတ်ကာ ကြိုးစားသည့်တိုင် များစွာ တိုးတက်လာခြင်း မရှိခဲ့ချေ။ သို့သော် အကနှင့် သီချင်းဆိုခြင်းတို့မှာမူ လက်ခံနိုင်လောက်သည့် အနေအထားတစ်ခုတွင် ရှိနေရာ သရုပ်ဆောင်တစ်ဦး ဖြစ်ရခြင်းနှင့် နှိုင်းယှဉ်ပါလျှင် သူသည် အဆိုတော်တစ်ဦး ဖြစ်လာရန် ပိုပြီး သင့်လျော်ပေသည်။ 




“မနက်ဖြန်များရဲ့ အသံ” မှာ “လျှို့ဝှက်အကြံအစည်” များ လုံးဝ မရှိသည့် ကြီးကျယ်လှသော ဂီတပြိုင်ပွဲဟု သတ်မှတ်၍ ရပေသည်။ သို့သော် စင်စစ်အားဖြင့် လုံးဝဥဿုံ လှည့်ကွက်ကင်းရှင်းနေခြင်းတော့ မဟုတ်ပေ။ ပြိုင်ပွဲ စတင်သည်နှင့် တစ်ပြိုင်နက် အပိုင်းတစ်ပိုင်းခြင်းစီတိုင်းအတွက် ဇာတ်ညွှန်းများ ထွက်လာမည်ဖြစ်ကာ ပြိုင်ပွဲ ပြီးဆုံးသွားသည့်အခါ အကဲဖြတ်ဒိုင်များသည် ပါဝင်ယှဉ်ပြိုင်သူများထက် ပိုမိုကာ နာမည်ကျော်ကြားလာမည် ဖြစ်သည်။ 




မည်သို့ပင်ဖြစ်စေ ပရိသတ်များအနေဖြင့် ယှဉ်ပြိုင်သူများအား မျက်မှန်းတန်းမိလာစေရန်အတွက် ကြော်ငြာရိုက်ကူးခြင်းများလည်း ပြုလုပ်မည်ဖြစ်ကာ ထိုသို့ ပြုလုပ်စဉ်အတွင်း ပြိုင်ပွဲဝင်များ၏ ခွန်အားကိုပါ တစ်ပါတည်း အကဲဖြတ်သွားမည် ဖြစ်သည်။ ပြီးခဲ့သည့် season တွင် အနိုင်ခဲ့ရသူသည် ရှန်းဟွမ်၏ ပရိုမိုးရှင်းများကြောင့် ယခုလက်ရှိအချိန်တွင် အလွန် အောင်မြင်ကျော်ကြားနေပြီ ဖြစ်သည်။ 




“အင်း ဒါဆို ငါလည်း မင်းကို အဖော်လုပ်ပေးမယ် ...”




ယန်အန်းယုက ခေါင်းငြိမ့်ပြလိုက်သည်။  သူက ကောလီရှု၏ ရည်ရွယ်ချက်ကို သဘောပေါက်နေပေသည်။ 




“ဟေး ဟေး ယန်အန်းယု ငါနဲ့တောင် အဖော်လိုက်လာနေမှတော့ တစ်ခါတည်း ဖောင်တင်ပြီး ကြိုးစားကြည့်ပါလား ...”




“ငါ့ကောရဲ့ နောက်ကွယ်မှာ ဖောင်တင်ရမှာလား ...”




ယန်အန်းယု၏ အကြည့်တို့ ပြောင်းလဲသွားတော့သည်။ 




“အေးလေ ဘာပဲဖြစ်ဖြစ် မင်းက ဟိုးအရင်ကတည်းက သူ့နောက်ကွယ်မှာ မကောင်းတာတွေ အများကြီး လုပ်ခဲ့ပြီးသားပဲကို ...”




ယန်အန်းယု “...”




မူလကိုယ်က တကယ်ကို “ဂုဏ်သတင်း ကျော်စောဖွယ် လုပ်ရပ်တွေ” အများကြီး ချန်ခဲ့တာပါလားဟ ...




အကြို လူရွေးပွဲကို နောက်ထပ် သုံးရက်အကြာတွင် ကျင်းပသွားမည် ဖြစ်သည်။ 




“မနက်ဖြန်များရဲ့ အသံ” ကို S မြို့တော်တွင် အဓိကထား ကျင်းပသွားမည် ဖြစ်သည့်အတွက် ထုတ်လုပ်ရေးအဖွဲ့သည် အထူးတလည် အလေးပေး ပြင်ဆင်ထားခဲ့ကြသည်။ လူရွေးပွဲကို ရှင်းဖုန်း ရုပ်သံလိုင်း၏ ဒုတိယထပ်ရှိ အသံလွှင့်ရုံတွင် ကျင်းပသွားမည် ဖြစ်သည်။ 




“ယန်အန်းယု ပွဲက စတော့မယ် မင်းက ဘာလို့ အခုထိ မရောက်နေသေးတာလဲ ...”




ဖုန်းတစ်ဖက်စီမှ ကောလီရှု၏ စူးရှလှသော အော်ဟစ်သံကို ကြားလိုက်ရသည့်အတွက် ယန်အန်းယုသည် ဖုန်းကို ခပ်ဝေးဝေး အနေအထားသို့ အမြန် ပြောင်းရွှေ့လိုက်သည်။ 




“ဆောရီး ဆောရီး ကိစ္စလေး နည်းနည်း ရှိနေလို့ ...”




သူက နဖူးပေါ်မှ ချွေးများကို သုတ်ကာ စိုးရိမ်စိတ်ကြောင့် ဒေါသထွက်နေသော ကောလီရှုကို အပြုံးစွက်နေသောအသံဖြင့် ပြောလိုက်သည်။ 




“အောက်ထပ် ရောက်နေပါပြီ အခုပဲ တက်လာခဲ့မယ် ...”




ပြီးခဲ့သည့်အခေါက်က သူ စတန့်သမားအဖြစ် လုပ်ခဲ့ကြောင်း သိလိုက်ရသည့်အခါ ယန်ကျွယ့်သည် သေလောက်အောင် ဒေါသထွက်သွားကာ ထန်းကော်ကို ထပ်ကာတလဲလဲ ဆူပူကြိမ်းမောင်းခဲ့သည်။ ထို့ကြောင့် ထန်းကော်သည်လည်း အသက်နှင့်ကိုယ် အိုးစားမကွဲရန်အတွက် တာဝန်သိသိ၊ ဝီရိယရှိရှိဖြင့် သူ့ကို စောင့်ကြည့်လာတော့သည်။ နေ့စဉ်နေ့တိုင်း သူ့ကို ကျောင်းပို့ကျောင်းကြို လုပ်ပေးရုံသာမက ကျောင်းပိတ်ရက်များတွင်ပင် ကလေးထိန်းတစ်ဦးသဖွယ် သူ့အနားမှ တစ်ဖဝါးမှ မခွါတော့။ 




ယနေ့ သူ ထွက်လာမည့် အချိန်တွင်လည်း ထန်းကော်နှင့် ဉာဏ်ရည်ချင်း ယှဉ်ပြိုင်ခဲ့ရသေးသည်။ ထန်းကော်၏ လတ်တလော အနေအထားမှာ သူ့အတွက် ပိုပြီး ပြဿနာ များလာရသည့်တိုင် တစ်ဖက်လူ၏ အိုင်ကျူမှာ ပြောပလောက်အောင် မမြင့်မားသေးချေ။ ထို့ကြောင့် ယန်အန်းယုသည် ဝမ်းပျက်နေဟန်ဆောင်ကာ သန့်စင်ခန်း ပြတင်းပေါက်မှတစ်ဆင့် ခိုးထွက်လာနိုင်ခဲ့တော့၏။ 




သူသည် ငါးလွှာတွင် နေထိုင်နေခြင်း ဖြစ်ရာ သူ့ခန္ဓာကိုယ်မှာ မည်မျှပင် သန်မာကြံ့ခိုင်နေပါစေ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ပိုက်လိုင်းများအတိုင်း ဆင်းသက်လာရမည် ဖြစ်သည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုများနှင့်လည်း မလွဲမသွေ ကြုံတွေ့ခဲ့ရတော့သည်။ 




အဝတ်အစားနှင့် ဆံပင်တို့ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်လည်ပြင်ဆင်ပြီးနောက် ယန်အန်းယုသည် အပြုံးဖျော့ဖျော့တစ်ပွင့်ကို ချိတ်ဆွဲကာ ထွက်လာစဉ် သူသည် လှေကားနားတွင် ခေါက်တုန့်ခေါက်ပြန် လျှောက်နေသည့် လူငယ်လေးတစ်ဦးကို သတိပြုမိလိုက်သည်။




“ချင် .. ချင်နွော်ရှီလား ...”




အနီးကပ် မြင်လိုက်ရကာမှ တစ်ဖက်လူကို ကောင်းစွာ မှတ်မိသွားတော့သည်။ 




တစ်ခုခုကို အတွေးလွန်နေသည့်ဟန်ဖြင့် ခေါင်းငိုက်စိုက်ချထားသော ချင်နွော်ရှီသည်လည်း ရုတ်ချည်း ကြောင်အသွားကာ သူ့လက်ထဲတွင် ရှိနေသည့် လိပ်စာကတ်ကို ကပျာကယာ လွှင့်ပစ်လိုက်သည်။ မျက်ဝန်းတို့ကို အနည်းငယ် မှေးကျဉ်းကာ အကဲခတ်လိုက်ပြီးနောက် သူသည်လည်း ယန်အန်းယုကို မှတ်မိသွားတော့သည်။ 




“မင်းလည်း လူရွေးပွဲ လာပြိုင်တာလား ...”




“...”




ချင်နွော်ရှီက ပြန်မဖြေ။ မက်မွန်ပွင့်သဏ္ဌာန် လှပသည့် မျက်ဝန်းတို့တွင် တုန့်ဆိုင်းမှုနှင့် ချင့်ချိန်နေမှုတို့ ရောယှက်နေခဲ့သည်။ 




ဘားတစ်ခု၌ အဆိုတော် လုပ်နေသည့် ချင်နွော်ရှီထံတွင် ပြိုင်ပွဲ ဝင်ပြိုင်လိုခြင်း အလျဉ်းမရှိခဲ့။ သို့သော် အဖျော်ဆရာ ခိုင်လီကောက သူ့အတွက် တိတ်တဆိတ် ဖောင်တင်ပေးခဲ့ကာ သူ့ကို ပိုပြီး ကြီးမားသည့် စင်မြင့်ထက်တွင် မြင်တွေ့လိုသည့်အတွက် တစ်ကြိမ်တစ်ခါခန့် ကြိုးစားကြည့်ရန် အားပေးခဲ့သည်။ 




သူသည် ယန်ကျွယ့်၏ လိပ်စာကတ်ကို လက်မှ ကိုင်ထားရင်း ဝင်ပေါက်၌ တုန့်ဆိုင်းနေစဉ် ယန်အန်းယုနှင့် ဆုံတွေ့မိခဲ့ခြင်း ဖြစ်သည်။ 




သူ၏ တုံ့ဆိုင်းနေသော အမူအယာကို မြင်လိုက်ရသည့်အခါ ယန်အန်းယုက သူ့လက်ကို လှမ်းဆွဲကာ ပြောလိုက်သည်။ 




“လာ သွက်သွက်လေး သွားကြရအောင် နောက်ကျရင် အထဲကို မဝင်ရဘဲ နေလိမ့်မယ် ...”




သူက ချင်နွော်ရှီ၏ လက်ကို ဆွဲကာ အစွမ်းကုန် ပြေးလာလိုက်ပြီး ကံကောင်းထောက်မစွာဖြင့် ပြိုင်ပွဲ ကျင်းပမည့် နေရာသို့ အချိန်မီ ရောက်ရှိသွားခဲ့သည်။ 




ဒေသတစ်ခုချင်းစီတိုင်း၌ ပြိုင်ပွဲဝင် အများအပြား ရှိနေသည့်အတွက် ပါဝင်ယှဉ်ပြိုင်သူများအား အုပ်စု ခွဲရသည့် လုပ်ငန်းစဉ်ကိုပင် ရက်အချို့ခန့် အချိန်ပေးကာ လုပ်ဆောင်ခဲ့ရသည်။ ယန်အန်းယု ပါဝင်သည့် အုပ်စုတွင် လူဦးရေ တစ်ရာနီးပါးခန့် ရှိနေသည်။ 




အချိန်ကို ကန့်သတ်ထားသည့်အတွက် ပြိုင်ပွဲဝင်တစ်ဦးလျှင် အချိန်  ၂ မိနစ်သာ သီချင်းဆိုပြခွင့် ရှိသည်။ သို့သော် အချို့သော ပြိုင်ပွဲဝင်များမှာမူ တစ်ကြောင်းနှစ်ကြောင်းခန့်ပင် မဆိုရသေးခင်ကတည်းက ဒိုင်များ၏ နှင်ထုတ်ခြင်းကို ခံခဲ့ကြရသည်။ ဒိုင်များကလည်း အဖိုးတန်လှသည့် အချိန်ကို အလဟဿ မဖြုန်းတီးလိုကြပေ။ 




အကြို လူရွေးပွဲမှာ အလွန် လွယ်ကူရိုးရှင်းလှသည်။ အကဲဖြတ်ဒိုင် လေးဦး ရှိနေကာ သုံးဦးနှင့် အထက်က လက်ခံပါလျှင် ထိုပြိုင်ပွဲဝင်မှာ ဝင်ခွင့် အောင်မြင်ပြီဟု သတ်မှတ်၍ ရပေသည်။ အကယ်၍ နှစ်ဦးတည်းကသာ လက်ခံပါလျှင် ထပ်မံ စဉ်းစားရမည့် စာရင်းထဲသို့ ရောက်ရှိကာ ကံဆိုးသူ အချို့မှာမူ ထုတ်ပယ်ခံကြရမည် ဖြစ်သည်။ 




စင်အနောက်ဘက်ရှိ နားနေခန်းကျယ်ကြီးထဲတွင် ပြိုင်ပွဲဝင်အများအပြား စုရုံးရောက်ရှိနေကြသည်။ တစ်ဦးချင်းစီ၏ အမူအယာများမှာ ကွဲပြားနေကြသည့်တိုင် အများစုမှာမူ တည်ငြိမ်သည့် မျက်နှာထားကို ချိတ်ဆွဲထားနိုင်နေကြဆဲ ဖြစ်သည်။ လူတိုင်းက သူတို့ စင်ပေါ်တက်ရမည့် အလှည့်အတွက် တိတ်တဆိတ် ပြင်ဆင်ရင်း စောင့်ဆိုင်းနေကြသည်။ 




“ယန်အန်းယု .. နောက်ဆုံးတော့ ရောက်လာပြီပေါ့ ...”




ကောလီရှုက ပြောလိုက်သည်။ 




ပြိုင်ပွဲဝင်အရေအတွက် တစ်ရာနီးပါးခန့် ရှိနေသည့်တိုင် ယန်အန်းယု မဲနှိုက်ထားသည့် နံပါတ်မှာ အစောဆုံး ယှဉ်ပြိုင်ရမည့် အထဲတွင် ပါဝင်နေရာ သူသာ ထိုထက်ပိုပြီး နောက်ကျခဲ့ပါလျှင် ပြဿနာ ဖြစ်လာနိုင်ပေသည်။ 




“တောင်းပန်ပါတယ် နောက်တစ်ခေါက်ကျရင်တော့ သေချာပေါက် စောစော လာပါ့မယ် ...”




ကောလီရှု၏ ပူပန်စိတ်တို့ တစ်ဖြည်းဖြည်း ပပျောက်သွားတော့သည်။ ထို့နောက်တွင် သူ့အကြည့်တို့သည် ယန်အန်းယု၏ နံဘေး၌ မတ်တပ်ရပ်နေသည့် လူချောလေးထံသို့ ကျရောက်သွားခဲ့သည်။ လူချောလေး၏ ချောမောခန့်ညားမှုမှာ လူတကာ အကြည့်မလွှဲရက်စဖွယ် ထူးခြားထင်ရှားနေလွန်းလှသည်။




“သူက ? …”




ကောလီရှုက အနည်းငယ် ဝေခွဲရခက်နေဟန်ဖြင့် မေးလိုက်သည်။ 




ဒီလူကို ကြည့်ရတာ ချန်းယွီအကယ်ဒမီက ကျောင်းသားတော့ ဟုတ်မယ် မထင်ဘူး ....




“သူကလား ...”




“ငါ့သူငယ်ချင်းလေ ...”




ချင်နွော်ရှီက ယန်အန်းယုကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ သို့သော် သူ့စကားတို့ကို ထောက်ခံဟန် မပြသလို ငြင်းဆန်ခြင်းလည်း မပြုခဲ့ချေ။ 




“သူက ချောရုံတင် မကဘူး သီချင်းဆိုတာကလည်း တအား မိုက်တာနော် ကိုယ်တိုင်လည်း သီချင်းရေးတတ်သေးတယ် အရမ်း အရမ်းကို ပါရမီရှိတာာ ...”




ယန်အန်းယု၏ ထပ်ကာတလဲလဲ ချီးကျူးစကားကြောင့် ကောလီရှု၏ သိလိုစိတ်များ ပိုမို မြင့်တက်လာကာ ချင်နွော်ရှီကို စုန်ချည်ဆန်ချည် စိုက်ကြည့်၍ အကဲခတ်လိုက်တော့သည်။ 




ချင်နွော်ရှီကမူ စကားတစ်ခွန်းမှ မပြောသေး။ 




များမကြာမီ ဝန်ထမ်းတစ်ဦးက ပြိုင်ပွဲဝင်နံပါတ် ၁၇ နှင့် ၁၈ တို့အား အဆင်သင့် ပြင်ထားရန် ပြောလာသည်။ ယန်အန်းယုက သူ့အင်္ကျီတွင် ကပ်ထားသည့် နံပါတ်ကို ငုံ့ကြည့်လိုက်သည့်အခါ ပြိုင်ရမည့် နှစ်ဦးမှာ သူနှင့် ချင်နွော်ရှီဖြစ်ကြောင်း သိခဲ့ရသည်။ 




နောက်ဆုံးတွင်မူ နံပါတ် ၁၇ ပိုင်ရှင် ချင်နွော်ရှီလည်း လှုပ်လှုပ်ရွရွ ဖြစ်လာတော့သည်။ သို့သော် သူက ဝန်ထမ်း၏ စကားကို အာရုံမထား။ အပေါက်ဝသို့သာ ထွက်သွားခဲ့သည်။ 




“ဟမ့် ...”




ထိုစဉ် အေးစက်လှသည့် သရော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ 




“ချင်နွော်ရှီ .. နောက်တစ်ကြိမ် ထွက်ပြေးပြန်ပြီပေါ့ ...”




အားလုံး ကြောင်အသွားကြကာ အသံပိုင်ရှင်ကို လိုက်ရှာလိုက်သည့်အခါ လူအုပ်အကြားတွင် မတ်တပ်ရပ်နေသည့် ရှည်လျားသော အရပ်အမောင်းပိုင်ရှင် လူချောလေးကို တွေ့လိုက်ရသည်။ လူငယ်လေးက ဂီတာကို လက်မှ ကိုင်ထားကာ ‌ရှေ့ဆံပင်ကို highlight အနည်းငယ် ဖောက်ထားခဲ့သည်။ 




ချင်နွော်ရှီ၏ ခြေလှမ်းတို့ တုန့်ဆိုင်းသွားကာ အနောက်သို့ ဖြည်းဖြည်းချင်း ပြန်လှည့်ကြည့်လာသည်။ 




လူငယ်လေးမှာ ၁၈၅ စင်တီမီတာခန့် မြင့်မားကာ မျက်ခုံးနှစ်ဖက်ကို တွန့်စုထားသည်။ သူ့ပုံစံမှာ ချင်နွော်ရှီနှင့် သက်တူရွယ်တူ ဖြစ်မည့်ဟန်ပင်။ သို့သော် နှစ်ပေါင်းများစွာကြာ ဘဝကို ရုန်းကန်နေခဲ့ရသည့် တစ်ဖက်လူနှင့် နှိုင်းယှဉ်ပါလျှင် သူ့ထံတွင် ကျောင်းသားတစ်ဦး၏ မရင့်ကျက်မှုနှင့် ကလေးဆန်မှု အငွေ့အသက်များကို အတိုင်းသား မြင်တွေ့နေရပေသည်။ 




ချင်နွော်ရှီက သူ့ကို ပြန်လှည့်ကြည့်လိုက်ကာ နှုတ်ခမ်းထောင့်စွန်းတို့ကို မသိမသာ တွန့်ကွေးလျက် စကားပြန်ပြောလိုက်သည်။ 




“မတွေ့တာ ကြာပြီနော် သုန်းဟောင် ...”




“ဆောရီး ငါ မင်းကို မသိဘူး ...”




ရှန်သုန်းဟောင်က အေးစက်ကာ အလေးမထားဟန်ဖြင့် ပြောလိုက်သည်။ 




ဘေးနားတွင် ရပ်ကြည့်နေသည့် ယန်အန်းယုကမူ စိတ်ထဲတွင် မျက်လုံးလှန်ပြမိနေပြီ ဖြစ်သည်။ 




မသိဘူးလို့သာ ပြောနေတာ သူတို့နှစ်ယောက်ကြားမှာ ဇာတ်လမ်းလေးတွေ ရှိခဲ့ဖူးမှန်း အသိသာကြီး ...




“ကြည့်ရတာ သူက ဂီတကျောင်း တစ်ခုခုက ကျောင်းသား ထင်တယ် ...”




ကောလီရှုက သူ့နားရွက်နားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။ 




ယန်အန်းယုက ခေါင်းငြိမ့်ပြလိုက်၏။ သူသည်လည်း ထိုအတိုင်းပင် တွေးမိနေခဲ့ခြင်း ဖြစ်သည်။ 




“အခုက ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနေရမယ့်အချိန် မဟုတ်ဘူး ဒါရိုက်တာက ငါတို့ကို လာလောနေပြီ မင်းတို့တွေ သီချင်း ဆိုမှာလား မဆိုဘူးလား ...”




ဝန်ထမ်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ သူသည် ထိုကဲ့သို့သော အခြေအနေမျိုးတွင် ပြေးလွှားနေရခြင်းကို အမုန်းဆုံးပင် ဖြစ်သည်။ 




ထိုစကားကို ကြားသည့်အခါ ယန်အန်းယုက ချင်နွော်ရှီကို အမြန် ဆွဲခေါ်လိုက်သည်။ သို့သော် တစ်ဖက်လူမှာမူ သူ ရပ်နေသည့် နေရာမှ တစ်လှမ်းမျှပင် မရွှေ့သေးချေ။ 




“မင်း သီချင်းဆိုတာကို လက်လျော့လိုက်ချင်တယ် ဆိုရင်လည်း ဒီလောကထဲကနေ လုံးဝ ပျောက်ကွယ်သွားလေ ...”




ရှန်သုန်းဟောင်က ပြောလိုက်သည်။ သူ့လေသံမှာ ပို၍ပင် အေးစက်လာ၏။ 




ထိုစကားသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ချင်နွော်ရှီ၏ အမူအယာမှာ ရုတ်ချည်းဆိုသလို ခက်ထန်စူးရှလာကာ လက်ထဲတွင် ရှိနေသည့် ဂီတာကို ဆွဲယူလိုက်သည်။ ရှန်သုန်းဟောင်၏ မျက်နှာထက်တွင်လည်း နားမလည်သည့် အရိပ်အယောင်တို့ ထွက်ပေါ်လာတော့သည်။ 




“မင်း .. ဘာလုပ်တာလဲ ...”




“ငါ့ကို ငှားလိုက် ...”




ထိုစကားကို ပြောပြီးနောက် ချင်နွော်ရှီ ပြိုင်ပွဲခန်းမထဲသို့ အမြန် ဝင်သွားလိုက်လေသည်။