👥️Chapter 23
အစီအစဉ်ကို ထုတ်လွှင့်ပြသပြီးနောက် နာမည်ကြီး ပြိုင်ပွဲဝင်အများအပြား ပေါ်ထွက်လာခဲ့သည်။ တစ်ဦးချင်းစီမှာ အဆိုစွမ်းရည် ပြောင်မြောင်ကာ ထူးကဲသည့် အသံကို ပိုင်ဆိုင်ထားရုံသာမက ဆွဲဆောင်နိုင်စွမ်းမှာလည်း အထူးတလည် မြင့်မားလှပေသည်။ သူတို့နှင့် သက်ဆိုင်သည့် သတင်းများသည် အကြီးစားအနုပညာသတင်းဝဘ်ဆိုဒ်များတွင် တစ်ပတ်ခန့်အထိ နေရာယူထားခဲ့သည်။
လတ်တလောတွင် တရားဝင်ဝဘ်ဆိုဒ်၌ နာမည်ကြီး ပြိုင်ပွဲဝင် ခေါင်းစဉ်အတွက် မဲပေးမှုများကို အပြီးမသတ်ရသေး။
ကောလီရှုသည် နဝမနေရာ၌ ရှိနေကာ ဒုတိယနှင့် တတိယနေရာ၏ မဲအရေအတွက်များမှာ အတူတူနီးပါး ဖြစ်နေခဲ့သည်။ အကြိတ်အနယ် ယှဉ်ပြိုင်နေရသည့် ပြိုင်ပွဲဝင်နှစ်ဦးမှာ ချင်နွော်ရှီနှင့် ရှန်သုန်းဟောင့်ပင် ဖြစ်ပေသည်။
“နွော်ရှီရဲ့ အသံက တအားကို မိုက်တာပဲ ငါ သူ့ကိုပဲ အမြဲတမ်း မဲပေးခဲ့တာ ...”
ယန်အန်းယုက ဂုဏ်ယူတကြီး ပြောကာ ဘေးနားရှိ ထန်းကော်ကို တံတောင်ဖြင့် တိုက်လိုက်သည်။
“ထန်းကော် မင်းလည်း မင်းသူငယ်ချင်းတွေကို ဆက်သွယ်ပြီး နွော်ရှီကို မဲပေးခိုင်းလိုက်ဦး မြန်မြန်လေးနော် ...”
“ကောင်းပါပြီ ...”
ထန်းကော်က ခေါင်းငြိမ့်ပြကာ သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
“သခင်လေး သခင်လေးကို ကြည့်ရတာ မစ္စတာချင်ကို တအား သဘောကျတဲ့ပုံပဲနော် ...”
“သူ့ကို အမြဲတမ်းကို သဘောကျခဲ့တာ သူ့ရဲ့ သီချင်းဆိုတဲ့အသံက တအားကို နားထောင်လို့ ကောင်းတယ်လေ ပြီးတော့ ရုပ်ကဆို ပိုတောင် လှသေး ...”
သူက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
ထိုကဲ့သို့သော ပွင့်ပွင့်လင်းလင်း ဝန်ခံမှုက ထန်းကော်ကို အလွန်အမင်း အထိတ်တလန့် ဖြစ်သွားစေတော့သည်။
ရုတ်ချည်းဆိုသလို မျက်နှာပျက်သွားကာ မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။
“သခင်လေး သခင်လေးက လက်ထပ်ပြီးသားနော် သခင်လေးမှာ မစ္စတာယီ ရှိသေးတယ်ဆိုတာ မမေ့နဲ့ဦး ...”
ထိုသို့ ပြောပြီးကာမှ ထန်းကော်မှာ ဆိုင်းတွမိသွားခဲ့သည်။ သူ့မှတ်ဉာဏ်ထဲတွင် ဥက္ကဌယန်၏ ယန်အန်းယုအရှေ့တွင် ထိုရုပ်ရှင်ဧကရာဇ်၏ အမည်ကို ယောင်မှား၍ပင် မပြောမိစေရန် မှာကြားသည့်စကားက စွဲစွဲမြဲမြဲ ထင်ဟပ်နေပေသည်။
သူတို့ဘေးနားတွင် ထိုင်နေသည့် ချီစန်း၏ မျက်ခွံတို့ အနည်းငယ် လှုပ်ခတ်သွားသည့်တိုင် သူက စကားတစ်ခွန်းမှ ပြောမလာ။ ယန်ကျွယ့်၏ ကျေးဇူးကြောင့် သူသည် ယန်အန်းယု၏ အခြေအနေကို အကြမ်းဖျဉ်း နားလည်ထားနှင့်ပြီး ဖြစ်၏။
သူနှင့် ယီချန်းယန်၏ ကိစ္စကို ရုတ်တရက် ထပြောလာသည့် ထန်းကော်ကြောင့် ယန်အန်းယု နေရခက်သွားကာ အတင်း စကားလမ်းကြောင်းပြောင်းလိုက်တော့သည်။
“ထန်းကော် ငါနဲ့အတူ Z မြို့တော်ကို လိုက်လာရတာ မင်းအတွက်လည်း ခဲယဉ်းမှာပဲ ...”
ဤရက်ပိုင်းအတွင်း ထန်းကော်သည် သူ့အတွက်နှင့် အမြဲလိုလို ဟိုဟိုဒီဒီ ပြေးလွှားနေရကာ သက်တော်စောင့်တစ်ဦး၏ တာဝန်အပြင် ကိုယ်ရေးကိုယ်တာလက်ထောက်အဖြစ်ပါ ဆောင်ရွက်နေခဲ့ရသည်။
“ဟားဟား မခက်ပါဘူး မခက်ပါဘူး ပြောရရင် ဥက္ကဌယန်က ကျွန်တော့်ကို လစာသုံးဆ ပေးထားတယ်လေ ...”
ယန်အန်းယု “...”
****
Z မြို့တော်သို့ ရောက်ရှိပြီးနောက် ယန်အန်းယုနှင့် အခြားလူများသည် တစ်ညတာ အနားယူလိုက်ကြကာ နောက်တစ်နေ့တွင် ရိုက်ကူးရေးအဖွဲ့ထံ သတင်းပို့ရန် ထွက်လာလိုက်ကြသည်။
ဒါရိုက်တာရှုနှင့် သူတို့ တွေ့ဆုံရန် ချိန်းထားသည့် နေရာမှာ ဆိပ်ကမ်းအနီးတွင် ဖြစ်သည်။ ရိုက်ကူးရေး လိုအပ်ချက်အရ ရိုက်ကူးရေးအဖွဲ့သည် ဇိမ်ခံ အပျော်စီးသင်္ဘောတစ်စီးကို ငှားရမ်းထားခဲ့သည်။ ယန်အန်းယုသည် စိတ်နှင့်လူနှင့် ပြန်ကပ်သည့်အခါတွင် သင်္ဘောပေါ်သို့ပင် ရောက်နှင့်နေပြီ ဖြစ်၏။
သူ ရုတ်ချည်းဆိုသလို မူးဝေသွားရ၏။ သူက ခေါင်းကို ဘယ်ပြန်ညာပြန်ယမ်းကာ လတ်ဆက်သည့် ပင်လယ်လေအေးကို ရှူရှိုက်လျက် နေရခက်မှုများအား ပပျောက်သွားအောင် ဖိနှိပ်လိုက်သည်။ ယခင်က စစ်သူကြီးကို အဖော်ပြုကာ စစ်သင်္ဘောပေါ်သို့ တက်ခဲ့ဖူးသည့်အတွက် ... ထိုမြင်ကွင်းမျိုးကို မြင်ဖူးသည်ဟု သတ်မှတ်၍ ရသည့်တိုင် .. လှိုင်းမူးသည့်ဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။
ယန်အန်းယုသည် ကျန်းမာကြံ့ခိုင်သည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့်တိုင် လှိုင်းမူးသည့် ဝေဒနာကို ပိုင်ဆိုင်ထားသည်ဟူသော အချက်မှာ ထူးဆန်းဖွယ်ရာပင် ။
ရိုက်ကူးရေးမစမီ ဒါရိုက်တာရှုက သူ့ကို စကားလာပြောနေခဲ့ကာ သူက ထပ်ကာတလဲလဲ ခေါင်းငြိမ့်ကာ ထောက်ခံနေခဲ့သည်။ သို့သော် စိတ်ထဲတွင်မူ ယီချန်းယန်နှင့် သို့ပင်းကို အနှောင့်အယှက်ပေးရမည့် အပိုင်းမှအပ အခြား ရိုက်ကူးစရာအခန်းဟူ၍ များများစားစား မရှိသည့်အပေါ် တိတ်တခိုး ဝမ်းသာနေခဲ့မိသည်။
သရုပ်ဆောင်သို့ပင်းသည် ကျစ်လျစ်ကောင်းမွန်သည့် ခန္ဓာကိုယ်တည်ဆောက်ပုံကို ပိုင်ဆိုင်ထားသည့်အပြင် စတိုင်မိမိုက်သည့် ခပ်ချောချောဦးလေးကြီးတစ်ဦးနှင့်ပင် တူနေသေးသည်။ သို့သော် ကံမကောင်းစွာဖြင့် သူသည် အမြဲလိုလို အရန်ဇာတ်လိုက်နေရာကိုသာ ပိုင်ဆိုင်ခဲ့ရသည်။ ဤတစ်ကြိမ်တွင် သူသည် နောက်ထပ် လူသတ်သမားတစ်ဦးဖြစ်သည့် “အားကောင်း” ဟူသော နေရာက သရုပ်ဆောင်ရမည်ဖြစ်သည်။ သူ၏ သတ်ဖြတ်ရေးနည်းလမ်းများမှာ အခြားလူများထက် ပိုမိုရက်စက်ကာ အညှာအတာကင်းမဲ့ပြီး အားခန်းနှင့် နှိုင်းယှဉ်ပါလျှင် သူကမှ ခေါင်းဆောင်ဟုန်သာ့ကျင်း၏ လက်အောက်ရှိ လူသတ်ကိရိယာနှင့် ပိုပြီး တူညီနေပေသေးသည်။
ယီချန်းယန်နှင့် သို့ပင်းတို့သည် ဇိမ်ခံသင်္ဘောပေါ်တွင် ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်မိကြမည် ဖြစ်ကာ အော်သံများ၊ မီးလောင်မှုများကို နောက်ခံထားလျက် ကုန်းပတ်ပေါ်တွင် လက်ရည်ချင်း ယှဉ်ပြိုင်ရပေမည်။
ထိုရိုက်ချက်များမှာ များစွာ အရေးမပါလှသည့်တိုင် ယန်အန်းယုအဖို့ ရိုက်ကူးနေစဉ် ကာလတစ်လျှောက် အေးစက်ကာ အမှုမထားလေဟန် မျက်နှာထားကို ထိန်းသိမ်းထားရန် လိုအပ်ပေသည်။ ထို့အပြင် သူက အနီးကပ် ရိုက်ချက်အချို့ကိုလည်း ရိုက်ကူးရဦးမည် ဖြစ်သည်။ လူသတ်သမား အားခန်းအနေဖြင့် သူသည် ဘေးနားရှိ ရဲများကို ရှင်းထုတ်ကာ ဟုန်သာ့ကျင်းကို ဘေးလွတ်ရာသို့ ချောချောမွေ့မွေ့ ရောက်ရှိသွားအောင် ပို့ပေးရမည် ဖြစ်လေသည်။
သို့သော် ယန်အန်းယုသည် လူစားထိုး စတန့်သမားများနှင့် ကြိမ်ဖန်များစွာ တိုက်ခိုက်အပြီး တိုက်ကွက်များ ထပ်လာသောအခါ ဒါရိုက်တာရှုက စိတ်တိုင်းမကျလေဟန်ဖြင့် ခေါင်းကို ဆက်တိုက် ခါယမ်းလိုက်တော့သည်။
ချီစန်းနှင့် ထန်းကော်ကလည်း အနည်းငယ် ပျာယာခတ်သွား၏။
ယန်အန်းယုက တအားကို စိတ်လှုပ်ရှားနေလို့ တစ်ခေါက်တည်းနဲ့တင် NG တွေ အများကြီး လုပ်မိသွားတာလား ...
ထိုစဉ် ဘေးနားရှိ ယီချန်းယန်၏ အကြည့်တို့မှာမူ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားလေဟန်ဖြင့် နက်ရှိုင်းသွားတော့သည်။
“cut …”
ဒါရိုက်တာရှုက နောက်တစ်ကြိမ် ထပ်အော်လိုက်သည်။
“ရှောင်ယု မင်းရဲ့ လှုပ်ရှားမှုတွေက တစ်ခါတစ်လေကျ တအားလေးနေပြီး တစ်ခါတစ်လေကျလည်း တအားကို ပေါ့ပါးလွန်းနေတယ် ဘယ်လို လုပ်နေတာလဲ မင်း ...”
“တောင်း ... တောင်းပန်ပါတယ် ...”
ယန်အန်းယုက ရှက်ရွံ့စွာဖြင့် တောင်းဆိုလိုက်သည်။
“ဒါရိုက်တာရှု ကျွန်တော် သန့်စင်ခန်း ခဏလောက် သွားလို့ ရမလား ...”
“...”
ဒါရိုက်တာရှုထံမှ စကားသံ တိခနဲ ရပ်တန့်သွားကာ လက်ကိုသာ ယမ်းပြလိုက်သည်။
“မြန်မြန်လုပ် ...”
သန့်စင်ခန်းထဲမှ ထွက်လာသည့်တိုင် ယန်အန်းယုသည် အားနည်းပျော့ခွေနေပြီ ဖြစ်သည်။ အစောပိုင်းက သူ၏ အာရုံကြောများကို အစွမ်းကုန် တင်းထားကာ ရိုက်ကူးရေး အပြီးသတ်နိုင်ရန် အတင်းအဓမ္မ ကြိုးစားခဲ့ရသည့်အတွက် ယခု ထိုထက်ပိုကာ တင်းမထားနိုင်တော့။ သူ့ခေါင်းမှာလည်း မူးဝေမှုဒဏ်ကြောင့် နေရခက်လောက်အောင် နာကျင်နေပြီ ဖြစ်သည်။
အခုချက်ခြင်းကို ပစ်လှဲလိုက်ချင်နေပြီ ...
သန့်စင်ခန်းထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်သွားမည်ပြုစဉ် ရင်းနှီးနေသည့် အသံကို ကြားလိုက်ရသည်။
“ယန်အန်းယု ...”
ယီချန်းယန်က အနားသို့ လျှောက်လာလိုက်သည်။
ယန်အန်းယုက ဆတ်ခနဲ တုန်ယင်သွားကာ သူ့ရှေ့တွင် ရှိနေသည့် ယီချန်းယန်ကို သတိပြုမိသွားသည်နှင့်တစ်ပြိုင်နက် လက်တစ်ဖက်ဖြင့် ပါးစပ်ကို အုပ်ထားလိုက်မိတော့သည်။
ဘယ်လိုလုပ် သူ့ကို ရှာတွေ့သွားတာလဲ စောစောက သရုပ်ဆောင်မှုက တအားကို ဆိုးနေလို့လား ...
ယန်အန်းယုက ခေါင်းတစ်ခုလုံး မူးဝေကာ အန်ချလိုက်လိုစိတ်များ ဖြစ်ပေါ်နေခဲ့ကာ ယီချန်းယန်ကို မြင်လိုက်ရသည့်အခါ သူ၏ စိတ်ဖိစီးမှုတို့မှာ ပို၍ ပြင်းထန်လာကာ အချိန်မရွေး အန်ချမိလုမတတ် ခံစားလာရတော့သည်။
နေရာတွင် အကြောင်သား ရပ်နေကာ မျက်နှာတစ်ခုလုံး သိသိသာသာ ဖြူရော်နေသူကို မြင်လိုက်ရသည့် ယီချန်းယန်က စကားတစ်ခွန်းမှ မဆိုဘဲ ဆွဲထုတ်လာလိုက်တော့သည်။
ယန်အန်းယု၏ အစာအိမ်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားကာ လုံးဝ ထိန်းမထားနိုင်တော့။ ချက်ခြင်းဆိုသလို ခေါင်းကို အသည်းအသန် ခါယမ်းကာ ယီချန်းယန်၏ လက်ထဲမှ အတင်း ရုန်းထွက်လိုက်တော့သည်။
ယီချန်းယန်က ကြောင်အသွား၏။ သို့သော် သူ့ဘက်မှ မတုန့်ပြန်နိုင်သေးခင်မှာပင် ဝေါခနဲ အန်ချလိုက်သည့် ယန်အန်းယုကို တွေ့လိုက်ရသည်။
ထိုအခါမှ သူ လှိုင်းမူးနေခြင်းဖြစ်ကြောင်းကို ဒါရိုက်တာရှုလည်း သိရှိသွားကာ အနားယူခိုင်းလိုက်တော့သည်။ ဟော်တယ်တွင် အိပ်ယာထဲ၌ လှဲလျောင်းနေစဉ် ထန်းကော်က ဘေးနားမှ တစ်ချိန်လုံး ပွစိပွစိ ပြောနေခဲ့သည်။
“သခင်လေး သိလား တစ်ခြားလူတွေဆို မစ္စတာယီကို တွေ့တာနဲ့ သူနဲ့ ရင်းနှီးဖို့ အသည်းအသန်ကို ကြိုးစားနေကြတာလေ သခင်လေးကျမှပဲ ဆန့်ကျင်ဘက်တွေ သူ့ပေါ်ကိုတောင် အန်ချမိတော့မလို့ ...”
ထန်းကော်က သက်ပြင်းချကာ သူ့သခင်လေး၏ သတ္တိကောင်းမှုကိုပါ တိတ်တဆိတ် ချီးကျူးမိလိုက်သည်။
ထန်းကော်ထံမှ ထိုစကားသံ ထွက်မလာခင်အထိ အခြေအနေမှာ သာမန်အတိုင်း ဟန်မပျက် ရှိနေဆဲပင်။ သို့သော် သူ့ထံမှ ထိုစကားသံကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ယန်အန်းယု၏ ရှက်ရွံ့စိတ်တို့ တစ်ရှိန်ထိုး ထွက်ပေါ်လာကာ သူ့မျက်နှာတစ်ခုလုံးကို ခေါင်းအုံးထဲသို့ ဖွက်ထားလိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။
“ထန်းကော် ငါ ... အန်ချတော့မလို ဖြစ်တုန်းကလေ တော်တော်လေးကို ရုပ်ဆိုးလား ...”
ထိုနေ့က ဖြစ်ခဲ့သည်များကို ပြန်တွေးလိုက်လေတိုင်း ယန်အန်းယုသည် သူ့ပုံရိပ်အားလုံး တစ်စမကျန် ပျက်စီးကြေမွသွားကာ ယီချန်းယန်ကိုပင် မျက်နှာမပြရဲတော့ဟု ခံစားလာမိသည်။
“အာ ...”
ထန်းကော်က စကားပြောနေခြင်းကို ရပ်တန့်လိုက်ကာ အားပေးသည့် အပြုံးမျိုး ပြုံးပြလိုက်၏။
“အဆင်ပြေပါတယ် သခင်လေးရဲ့ သခင်လေးက မျက်နှာတစ်ခုလုံး ဖြူဖျော့ပြီး မျက်လုံးတွေပါ ဖူးယောင်လာတဲ့အထိ အန်ချလိုက်ရင်တောင် ကြည့်ကောင်းနေဦးမှာပါ ...””
ယန်အန်းယု “...”
ဒီစကားတွေကမှ တကယ်ကို အတုအယောင်ဆန်နေတာပါနော် ...
“ဒီအချိန်မှာတောင် အပြောင်အပျက်တွေ ပြောနေနိုင်သေးလား ...”
ထိုအချိန်တွင် ချီစန်းက ထန်းကော်ထံ အေးစက်သည့် အကြည့်တစ်ချက် ပစ်ခွင်းလျက် ပြောလာသည်။
“...”
ထန်းကော်က အလွန်အမင်း အနိုင်ကျင့်ခံလိုက်ရ၏။
သူက သခင်လေးကို စိတ်အားတက်ကြွလာအောင် အများကြီး စဉ်းစားပြီးမှ စနောက်ပေးတာပါနော် ...
သို့သော် မစ္စတာချီစန်းသည် မည်သို့သော ကိစ္စမျိုးပင် ဖြစ်နေပါစေ အမြဲလိုလို အလေးအနက်ထကာ စနောက်ကျီစယ်ခြင်း အလျဉ်းမရှိသည့် လူစားမျိုး ဖြစ်ပေသည်။
ညစာစားပြီးနောက် သူတို့နှစ်ဦးသည် အလုပ်ကိစ္စအတွက် အပြင်ထွက်သွားကြကာ ယန်အန်းယုတစ်ဦးတည်းသာလျှင် အိပ်ယာထက်တွင် လှဲလျက် အနားယူရင်း ကျန်နေခဲ့သည်။
ဒါရိုက်တာရှုက သူ့ကို ဖုန်းခေါ်ကာ သင်္ဘောပေါ်ရှိ အခန်းအချို့အား ပြန်လည်ရိုက်ကူးရန် လိုအပ်ကြောင်းနှင့် ဤနှစ်ရက်အတွင်း သူ ကောင်းစွာ အနားယူပြီးပါလျှင် ရိုက်ကူးရေးအတွက် ဆက်လက်ကြိုတင်ပြင်ဆင်ထားရန် ပြောလာခဲ့သည်။
ထို့ကြောင့် ယန်အန်းယုလည်း အိပ်ယာထဲမှ ထထိုင်ကာ ဇာတ်ညွှန်းစာရွက်ကို လှန်လှောကြည့်ရှုလိုက်ရတော့သည်။
သူက နောက်ထပ် ရိုက်ကူးမည့် အခန်းများအတွက် ဒိုင်ယာလော့များကို မှတ်မိသည်အထိ ပါးစပ်မှ တဖွဖွ ရွတ်ဆိုကာ လိုအပ်သည့် နေရာများအတွက်လည်း လက်မှ တစ်ပါတည်း မှတ်စုရေးသားနေလိုက်သည်။
အခြားလူများနှင့်အတူ တွဲကာ သရုပ်ဆောင်ချိန်၌ သူ့အတွက် အခက်အခဲ မဖြစ်မိသော်ငြား ယီချန်းယန်နှင့် အတူတူ အလုပ်လုပ်ရမည်ဟု သတိလိုက်ရသည်နှင့်တစ်ပြိုင်နက် စိတ်ဖိစီးမှု တင်းအားတို့က တရစပ် ထွက်ပေါ်လာတော့သည်။
ယန်အန်းယုက နားထင်ကို ပွတ်သပ်ကာ ထိုအခက်အခဲအား ကျော်လွှားနိုင်မည့် နည်းလမ်းကို အသည်းအသန် ကြိုးစားရှာဖွေနေလိုက်၏။
ထိုစဉ် တံခါးပွင့်သွားကာ ခြေသံများကိုပါ ဆက်တိုက် ကြားလိုက်ရသည့်အတွက် သူက ချီစန်းနှင့် ထန်းကော်တို့ ပြန်လာခြင်း ဖြစ်ရမည်ဟု တွက်ဆကာ လှမ်းခေါ်လိုက်သည်။
“ထန်းကော် မြန်မြန်လေး ဒီနားလာပြီး ငါနဲ့အတူ ဒီစာသားတွေကို လေ့ကျင့်ပေးဦး ...”
“မနက်ဖြန်ကျ စီနီယာယီနဲ့ စကားပြောခန်းတစ်ခု ရိုက်စရာ ရှိသေးတယ် ...”
သူ့လေသံမှာ အင်အားကြီးမားလှသည့် ရန်သူတစ်ဦးကို ရင်ဆိုင်ရတော့မည့်နှယ် နာကျင်မှုနှင့် စိတ်ဖိစီးမှုတို့ဖြင့် ပြည့်နှက်နေ၏။
ထိုစဉ် ထင်မှတ်မထားစွာဖြင့် ရယ်သံတစ်ခုကို ကြားလိုက်ရသည်။
“ဟမ့် .. ယန်ရှောက်ယဲ့ရေ မင်းရဲ့ စီနီယာယီကို ခေါ်လာခဲ့ပေးလိုက်ပြီနော် ...”
လှည့်ကြည့်လိုက်သည့်အခါ သူ့ထံသို့ လျှောက်လာသည့် လီယဲ့နှင့် ယီချန်းယန်ကို တွေ့လိုက်ရသည့်အတွက် ယန်အန်းယုသည် ကြက်ကို လည်လိမ်ထားသကဲ့သို့ မှိုင်တွေသွားတော့သည်။
အရိုက်ခံလိုက်ရသည့် ခွေးပေါက်စတစ်ကောင်သဖွယ် ဖြစ်နေသော ယန်အန်းယု၏ အမူအယာကို တွေ့လိုက်သောအခါ လီယဲ့မှာ ရယ်ချင်စိတ်ကို မျိုသိပ်ထား၍ မရတော့ချေ။
“မစိုးရိမ်ပါနဲ့ မစ္စတာချီက ငါတို့ကို အခန်းကတ် ပေးသွားတာပါ မင်းနဲ့ တွေ့ရမယ့် ကိစ္စလေး ရှိနေလို့ ...”
ယန်အန်းယုက မျက်တောင်ခတ်ပြလိုက်သည့်တိုင် ကြောင်အနေဆဲပင်။
“ဒါဆို ကျွန်တော့်ဆီကို ဘာ .. ဘာကိစ္စနဲ့ ရောက်လာကြတာလဲ ...”
“ငါကတော့ ဘာကိစ္စမှ မရှိပါဘူး ရှိနေတာက ဒီတစ်ယောက်လေ ...”
ထိုသို့ပြောပြီးနောက် လီယဲ့က သူ့နောက်တွင် ရပ်နေသည့် ယီချန်းယန်ကို ညွှန်ပြကာ တံခါးကို ပိတ်ပေးလျက် လှစ်ခနဲ ထွက်ပြေးသွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အခန်းထဲ၌ ယီချန်းယန်နှင့် ယန်အန်းယု နှစ်ဦးတည်းသာ ကျန်ရစ်တော့ကာ လေထုအခြေအနေမှာလည်း ချက်ခြင်းဆိုသလို တင်းမာပြီး အနေရခက်သွားတော့သည်။
ယန်အန်းယုမှာ သူ့အကြည့်ကို မည်သည့်နေရာသို့ ပို့ရမည်မှန်းပင် မသိတော့။ ထို့အပြင် စိတ်ထဲ၌လည်း ဤအနေရခက်မှုကြီး ပြေလည်သွားစေရန် မည်သည့်အကြောင်းအရာကို ဦးတည်၍ စကားစသင့်ကြောင်း စတင် တွေးတောစပြုလိုက်သည်။
ယီချန်းယန်က သူ့အိပ်ယာပေါ်သို့ အရင်ဆုံး ဝင်ထိုင်လိုက်၏။
“ခေါင်းက ကိုက်နေသေးလား ...”
ထိုစကားကို ကြားလိုက်သည့်အခါ ယန်အန်းယုက ပလုတ်တုတ်တစ်ခုသဖွယ် ခေါင်းကို တရစပ် ခါယမ်းပြလိုက်သည်။
“ကျေးဇူးတင်ပါတယ် အခုဆို ကျွန်တော် တော်တော်လေး ပြန်သက်သာလာပါပြီ ...”
“အင်း .. နောက်တစ်ခါဆို ဂရုစိုက် ...”
“အာ ... ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ကျွန်တော် တကယ်ကို တောင်းပန်ပါတယ် ...”
ယန်အန်းယုက မျက်လွှာချကာ ခပ်တိုးတိုး ဆိုလိုက်သည်။
“ငါတို့နှစ်ယောက်ကြားမှာ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုအပ်ပါဘူး ...”
ယီချန်းယန်က သူ့ကို တည့်တည့် စိုက်ကြည့်ကာ ပြောလိုက်သည်။ ထိုစကားက သူတို့သည် လက်ထပ်ထားပြီးသား အကြင်လင်မယားများ ဖြစ်ကြောင်းကို သူ့အား သတိပေးနေသည့်ဟန်ပင်။
👥️