Chapter 24
Viewers 5k

👥️Chapter 24



ယခင်အချိန်က ယီချန်းယန်သည် သူတို့နှစ်ဦးအကြား ဆက်ဆံရေးကို အတတ်နိုင်ဆုံး ဝေးကွာအောင် ကြိုးစားမိခဲ့သည်။ သူက သူ့အပေါ် အတင်းအဓမ္မ ကပ်တွယ်နေသည့် ယန်အန်းယုကို မနှစ်သက်၊ ထို့ကြောင့် သူ့ကို အေးစက်စွာသာ ဆက်ဆံခဲ့သည်။ သို့သော် ယခုတွင်မူ သူက ပိုပြီး ရင်းနှီး နီးကပ်လာရန် လိုလားမိလာပြန်၏။ 


ယန်အန်းယုက အံ့ဩတကြီး မော့ကြည့်လိုက်သည့်အခါ တစ်ဖက်လူ၏ စိတ်အားထက်သန်လှသော အကြည့်တို့ဖြင့် ဆုံတွေ့လိုက်ရသည်။ 


“ယီချန်းယန် ကျွန်တော် မေးခွန်းလေး တစ်ခုလောက် မေးလို့ရမလား ...”


“မေးလေ ...”


“အဲဒီ့တုန်းက ဘာလို့ ကျွန်တော်နဲ့ လက်ထပ်ဖို့ သဘောတူလိုက်ရတာလဲ ...”


“...”


ယီချန်းယန်၏ အမူအယာများ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။ သူ့အကြည့်တို့ အနည်းငယ် လှိုင်းထန်သွားကာ တစ်ခဏမျှ အသံတိတ်နေပြီးကာမှ တစ်ဖြည်းဖြည်းချင်း ပြောလိုက်သည်။ 


“မင်းရဲ့ မျက်နှာကြောင့် ...”


သူ ကြောင်အနေစဉ်မှာပင် ယီချန်းယန်က အနားသို့ ဆတ်ခနဲ ရောက်လာကာ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်လျက် နဖူးချင်း တေ့ထားလိုက်လေသည်။ 


ရုတ်တရက် ထိတွေ့လာသည့် နဖူးပြင်ကြောင့် ယန်အန်းယု၏ မျက်ဝန်းများ ပြူးကျယ်ကာ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ထားလိုက်မိ၏။ ကြောက်လန့်စိတ်ကြောင့် အသက်ကိုပင်လျှင် ရဲရဲမရှူရဲတော့ချေ။ 


ထိုအမျိုးသား၏ တစ်မူထူးခြားလှသည့် မျက်ဝန်းလှလှတို့မှာ သူ၏ အရှေ့တည့်တည့်တွင် ရှိနေကာ နှာခေါင်းထိပ်ဖျားတို့မှာလည်း တစ်ခုနှင့်တစ်ခု ဖိမိလုမတတ် နီးကပ်နေလေသည်။ ယီချန်းယန်၏ လေငွေ့နွေးနွေးကို ခံစားမိလိုက်သည့်အခါ ယန်အန်းယု၏ နှလုံးခုန်သံများ တရစပ် မြန်ဆန်လာတော့သည်။ 


ဤသည်မှာ ရှေးခေတ်ဘဝ၌ပင်လျှင် သူ မကြုံတွေ့ခဲ့ဖူးသည့် အတွေ့အကြုံမျိုး ဖြစ်ပေသည်။ 


ဤသည်မှာ သူနှင့် ယီချန်းယန် နီးနီးကပ်ကပ် ရှိနေဖူးသည့် ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။ 


“ယန်အန်းယု မင်းရဲ့ ရုပ်ရည်က ငါ့အကြိုက်နဲ့ တော်တော်လေးကို ကိုက်ညီတယ် ...”


ယီချန်းယန်က ခပ်ဖျော့ဖျော့ ပြောလိုက်ကာ လက်ချောင်းထိပ်များက တစ်ဖက်လူ၏ မျက်နှာပြင် တစ်ခုလုံးအနှံ့ကို လူးလာခေါက်ပြန် ထိတွေ့ကိုင်တွယ်နေသည်၊။ ယန်အန်းယု၏ မျက်နှာနုနုကို လက်ဖြင့် ထိကိုင်ထားရင်း စပါးစေ့ တစ်ထောက်စာမျှသာ ကွာတော့သည့် အနေအထားမှတစ်ဆင့် စေ့စေ့ငှငှ အကဲခတ်နေရခြင်းမှာ .. ထိုအိပ်မက်ထဲသို့ နောက်တစ်ကြိမ် ပြန်ရောက်သွားရသည့်အလားပင်။ 


ယီချန်းယန်သည် အိပ်မက်တစ်ခုကို မကြာခဏ မြင်မက်လေ့ရှိကာ ကလေးဘဝမှ ယခုအရွယ်သို့ ရောက်လာသည့်အထိ ထိုအိပ်မက်များမှာ အကြောင်းအရာ အတူတူနီးပါး ဖြစ်နေတတ်သည်။ 


မီးခိုးငွေ့များ တလူလူ ထနေကာ စစ်မြင်းဟီသံတို့ သောသောညံနေ၏။ တစ်စုံတစ်ယောက်က သူ့နာမည်အား လှမ်းခေါ်နေသည့် အသံကို ကြားနေရသော်လည်း အလွန် ကွာဝေးလှသော အကွာအဝေးကြောင့် ပြတ်ပြတ်သားသား မကြားရ။ ထို့နောက်တွင်မူ အလွန် နုနယ်လှပပါသည့် မျက်နှာပိုင်ရှင်တစ်ဦးက လက်မောင်းတို့ကို ဆန့်တန်းလျက် သူ့ထံ ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။ 


သို့သော် ထိုလူအနီးသို့ ရောက်တော့မည် ပြုလေတိုင်း သွေးနီနီတို့ စွန်းထင်းနေသည့် ဓားတစ်လက်က ပုံရိပ်ယောင်တစ်ခုလုံးကို စုတ်ဖြဲပစ်ကာ သွေးစက်များဖြင့် ရောထွေးနေသည့် ဝမ်းနည်းပက်လက် မျက်ရည်စက်တို့က သူ့မြင်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ 


အိပ်ယာမှ နိုးလာသည့်အခါတွင်မူ ယီချန်းယန်သည် ထိုလူ၏ မျက်နှာကို မမှတ်မိနိုင်တော့ချေ။ ထို့ကြောင့် သူသည်လည်း ၎င်းကို သာမန် အိပ်မက်တစ်ခုဟုသာ မှတ်ယူလိုက်ကာ ရှည်ရှည်ဝေးဝေး စဉ်းစားစုံစမ်းခြင်း မပြုတော့ဘဲ အလုပ်များပြားလှသည့် နေ့စဉ်ဘဝထဲသို့သာ စိတ်ရောကိုယ်ပါ နစ်မြှုပ်ထားလိုက်တော့သည်။ 


ထိုသို့ နစ်မြှုပ်ထားခဲ့မှုမှာလည်း ယန်အန်းယုနှင့် မတွေ့ရခင်အထိသာ ဖြစ်ပေသည်။ 


ရုတ်ချည်းဆိုသလို သူ့အိပ်မက်ထဲရှိ မျက်နှာကို ပြတ်ပြတ်သားသား မှတ်မိသွားကာ ထိုမျက်နှာမှာ .. ယန်အန်းယုနှင့် တစ်ထပ်တည်း တူညီနေခဲ့သည်။ 


ကံဆိုးသည့်အချက်မှာ မျက်နှာသွင်ပြင်အရ တူညီပါသည့်တိုင် ထိုလူမှာ သူ ရှာနေသည့်လူ မဟုတ်ပေ။ သူသည် ယန်အန်းယု၏ စရိုက်ကို အနည်းငယ်မျှပင် မနှစ်သက်မိချေ။ သူတို့နှစ်ဦးအကြား ဆက်ဆံရေးမှာ ဤအတိုင်း မအေးစက်သော်လည်း မနွေးထွေး၊ မနီးကပ်သော်လည်း မဝေးကွာသည့် အနေအထားတွင်သာ ဆက်လက် တည်တံ့နေကာ မည်သည့်အရာမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ဟု တစ်ထစ်ချ တွေးထားလိုက်သည်။ 


သို့သော် ယန်အန်းယုက ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။


ရလဒ်အနေဖြင့် .. သူ့နှလုံးသားထဲရှိ တစ်စုံတစ်ရာမှာလည်း စတင်ကာ ဖူးပွင့်စ ပြုလာတော့၏။ 


ထို့နောက် မကြာမီတွင် ယီချန်းယန်သည် စကားတစ်ခွန်းမျှ မဆိုဘဲ အခန်းထဲမှ ထွက်သွားတော့သည်။ 


သူ ထွက်သွားသည်အထိ ယန်အန်းယုမှာ ကြောင်အကာ သတိလက်လွတ် ဖြစ်နေဆဲပင်။ ယီချန်းယန်၏ သရုပ်ဆောင်စွမ်းရည်မှာ အလွန် ကောင်းမွန်လှကာ သူ၏ စကားများတွင် အမှန်တရား ၇၀ ရာခိုင်နှုန်းနှင့် အမှား ၃၀ ရာခိုင်နှုန်းကို အမြဲ ရောနှောထားတတ်သည့်အတွက် သူ့စကားများကို အမှန်တကယ် ဝေဖန်ပိုင်းခြားနိုင်သူဟူ၍ မည်သူမှ မရှိသေးချေ။ 


သို့သော် ယခု ဖြစ်ရပ်တွင်မူ ပိုမို နက်ရှိုင်းသည့် အကြောင်းအရင်းများ ရှိနေသေးဟန်ပင်။ သူက ရှင်းရှင်းလင်းလင်း ထုတ်မပြောသွားသကဲ့သို့ ထိုသို့ ထုတ်ပြောလိုသည့် ဆန္ဒလည်း ရှိမနေခဲ့ချေ။


ထိုညတွင်ပင် အိပ်မပျော်မီ ယန်အန်းယုသည် ယန်ကျွယ့်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံလိုက်ရပြန်သည်။ 


“ဘယ်လိုနေလဲ အပြင်မှာ နေရတာ အဆင်မပြေ ဖြစ်တယ် မဟုတ်လား ...”


ယန်အန်းယုအတွက် နေရာထိုင်ခင်းနှင့် ပို့ဆောင်ဆက်သွယ်ရေးများကို သူ့အစ်ကိုကြီးက မျက်ခြည်မပြတ် စောင့်ကြည့်အကဲခတ်နေသည့်အတွက် ကုမ္ပဏီဘက်မှ သူ့ကို အလွန် ကောင်းမွန်စွာ ဆက်ဆံပေးကာ ကိစ္စအားလုံးကိုလည်း အဆင်ပြေအောင် ကိုင်တွယ်ဖြေရှင်းပေးခဲ့သည်။ ထို့အပြင် သူ နေနေသည့် ကြယ်ငါးပွင့် ဟော်တယ်၌ တစ်ထပ်လုံးကိုပင် ငှားရမ်းပေးခဲ့သေးသည်။ 


“အင်း .. ကျေးဇူးတင်ပါတယ် ကော ...”


သူက ပြုံးကာ ပြောလိုက်သည်။ 


“ရိုက်ကူးရေးကရော ဘယ်လိုနေလဲ ...”


“အဆင်ပြေပါတယ် ...”


ယန်အန်းယုက အနည်းငယ် တုန့်ဆိုင်းစွာဖြင့် ပြန်ဖြေလိုက်သည်။ သူ၏ ယနေ့ လုပ်ဆောင်ချက်များမှာ အကောင်းဆုံး အနေအထားတွင် ရှိမနေချေ။ 


လေသံကို ခန့်မှန်းမိနေသည့် ယန်ကျွယ့်က ချက်ခြင်း ပြန်မေးလိုက်သည်။ 


“ဟန်ဆောင်မနေနဲ့ မင်း လှိုင်းမူးခဲ့မှန်း ငါ သိပြီးသား ...”


ယန်အန်းယုက အရှက်ပြေ ရယ်မောလိုက်သည်။ 


“နေရတာ မသက်မသာဖြစ်ရင် ထုတ်ပြော ကိုယ့်ကိုယ်ကိုယ် အတင်း ဖိအားပေးမနေနဲ့ ...”


ထိုသို့ ချောမော့ကာ ပြောလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ယန်ကျွယ့်၏ လေသံမှာ ချက်ခြင်းဆိုသလို အေးစက်သွားတော့သည်။ 


“ဟို ယီချန်းယန်ဆိုတဲ့တစ်ယောက်က မင်းကို အနှောင့်အယှက် မပေးဘူး မဟုတ်လား ...”


ယန်အန်းယုက ကြောင်အသွားကာ သူ့အနားသို့ ဆတ်ခနဲ တိုးလာပြီး သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်သည့် ယီချန်းယန်၏ လုပ်ရပ်ကို ချက်ခြင်း တွေးမိသွားတော့သည်။ 


“မပေးပါဘူး ကျွန်တော်ကမှ သူ့ကို အမြဲတမ်း ဒုက္ခပေးနေမိတဲ့လူပါ  ...”


“မင်း သူ့ဘက်က ကူပြောပေးမယ်ဆိုတာ သိနေပြီးသား ...”


ယန်ကျွယ့်က အနည်းငယ် အခက်တွေ့သွားသည့်ဟန်ပင်။ 


“ရှောင်ယု မင်း သူနဲ့ သရုပ်ဆောင်တဲ့အခါ ပိုပြီး ဂရုစိုက်ရမယ်နော် လုပ်စရာ မရှိတဲ့အချိန်ဆို သူနဲ့ သိပ်ပြီး အဆက်အဆံ မလုပ်နဲ့ ...”


“ကောင်းပါပြီ ...”


စိတ်မပါလက်မပါ တုန့်ပြန်သံကို ကြားလိုက်သည့်အခါ ယန်ကျွယ့်က အေးစက်စွာဖြင့် သရော်လိုက်သည်။ 


“ဟမ့် .. ဒါပေမယ့် မင်း ငါ့စကားကို နားထောင်မယ်လို့လည်း မယုံပါဘူး ..."


ယန်အန်းယု “...”


သူက ဒီလောက်တောင် ဆိုးနေတာလား ...


“အဲဒါကြောင့် မင်းတို့နှစ်ယောက် နေတဲ့ ဟော်တယ်တွေကို အဝေးကြီး ဖြစ်နေအောင် ကြိုစီစဉ်ထားတာ အဲဒါကြောင့် အလုပ်မများရင်တောင် လျှောက်ပတ်ပြေးနေဖို့ မကြိုးစားနဲ့ ...”


ယန်ကျွယ့်က သူ့ကိုယ်သူ တိတ်တခိုး ဂုဏ်ယူမိသွား၏။ ထို့အပြင် သူက ထိုကိစ္စအား အာရုံစိုက်ကာ စောင့်ကြည့်ရန်ပင် ထန်းကော်ကို မှာထားခဲ့သေးသည်။ 


ဟို အမှိုက်လိုကောင် ယီချန်းယန်က ငါ့ညီလေးကို စားချင်စိတ်တွေ လုံးဝ ကုန်ခမ်းနေတာ မဟုတ်ဘူးဆိုတော့ ညီလေးကို ချစ်ပေး ကာကွယ်စောင့်ရှောက်ပေးတတ်တဲ့ ဒီအစ်ကိုကြီးကပဲ ယန်အန်းယုရဲ့ လူပျိုဘဝလေးကို ကာကွယ်ပေးရမှာပေါ့ ...


“ဟမ် ...”


ယန်အန်းယုက ကြောင်အသွားရှာသည်။ 


“ကော သူက ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်က ဟော်တယ်မှာ နေနေတာနော် စောစောကတောင် ကျွန်တော်တို့ တွေ့ခဲ့ကြသေးတယ် ...”


“ဘာ ...”


ဥက္ကဌယန်က ဒေါသပုန်ထသွား၏။ ထိုစကားမှာ သူ ကြားထားသည့် သတင်းများနှင့် လုံးဝဥဿုံ ကွဲလွဲနေပေသည်။ 


ယီချန်းယန်သည် ရုပ်ရှင်ဧကရာဇ်တစ်ဦး ဖြစ်ရုံမက ရှန်းဟွမ်၏ ရှယ်ယာရှင်တစ်ဦးလည်း ဖြစ်နေသေးပေသည်။ 


ဒီကောင်က ငါ့လို ဥက္ကဌနဲ့ ကုမ္ပဏီက ဝန်ထမ်းတွေကိုပါ ခေါင်းမာမာနဲ့ လိမ်ရဲတဲ့အထိကို သူ့ရာထူးကို အသုံးချတတ်နေပြီပေါ့ ...


“ထားပါ .. ဘာပဲဖြစ်ဖြစ် မင်းရဲ့ ဂန္ဓမာပန်းကို ကာကွယ်တာ အကောင်းဆုံးပဲ ...”


ယန်အန်းယု “...”


အချိန်အကြာကြီး ထိတွေ့ဆက်ဆံပြီးမှ .. ယန်ကျွယ့်ကလည်း တစ်ဖြည်းဖြည်း ပုံမှန် မဟုတ်တော့သလိုပဲနော် ...


***

အခြားအစီအစဉ်များဖြင့် အလုပ်များနေသောကြောင့် ယဲ့လင်းနှင့် အမျိုးသမီးဇာတ်လိုက် ခန်းကျင်းတို့သည် နှစ်ရက်အကြာတွင်မှ ရိုက်ကူးရေးအဖွဲ့သို့ ရောက်ရှိလာခဲ့ကြသည်။ 


“ရှောင်အန်းယု မတွေ့ရတာ ကြာပြီနော် မင်း ဒီနှစ်ရက်အတွင်း လှိုင်းမူးတဲ့ဒဏ်ကို တော်တော်လေး ခံခဲ့ရတယ်ဆို အခုတော့ အဆင်ပြေသွားပြီ မဟုတ်လား ...”


ယဲ့လင်းက သူ့အနားသို့ ရောက်လာကာ ပြောလိုက်သည်။ သူသည် ဤ ချစ်စရာ လူသစ်လေးအပေါ် ဟိုးယခင်ကတည်းက အကောင်းမြင်စိတ်များ ရှိနေခဲ့ပေသည်။


ယခုလက်ရှိ ယန်အန်းယု၏ မျက်နှာမှာ နှင်းဆီရောင် လွှမ်းနေကာ ပင်လယ်ထဲတွင် ရိုက်ကူးရေး လုပ်ရန်လည်း မလိုအပ်သည့်အတွက် အလွန်အမင်း လန်းဆန်းတက်ကြွနေခဲ့သည်။ 


“အင်း .. အဲဒါ ကျွန်တော့်ကို အမြဲတမ်း ဝိတ်ချခိုင်းနေတဲ့ ဒါရိုက်တာရှုကြောင့်ပဲ သူ ပြောလို့ အသားတွေ ရှောင်လိုက်လို့ ဖြစ်သွားတာ ..."


ထိုအကြောင်းကို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် ယဲ့လင်းက ဝမ်းနည်းသွားကာ သူ့လက်ကို ဆုပ်ကိုင်ထားလျက် ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 


“အိုက်ယား ငါတို့နှစ်ယောက်လုံး တကယ်ကို အဖြစ်အတူတူပဲ ငါလည်း နေ့တိုင်း အသီးအရွက်တွေပဲ အတင်း စားနေရတာ ဒီကမ္ဘာကြီးကို ချစ်တဲ့စိတ်တွေတောင် ကုန်ခမ်းနေပြီ ...”


“ဟေး မင်းတို့နှစ်ယောက် ...”


ဘေးနားရှိ ဒါရိုက်တာရှုက လှမ်းခေါ်လိုက်သည်။ 


“မင်းတို့တွေ ကွယ်ရာမှာ ငါ့အတင်း ပြောနေကြတာ မဟုတ်လား ...”


ထိုစကားပင် မဆုံးသေး၊ ယန်အန်းယုနှင့် ယဲ့လင်းတို့ နှစ်ဦးလုံးက သူ့ထက်ငါ အပြိုင်အဆိုင် ခေါင်းကို ယမ်းပြလိုက်ကြသည်။ အချင်းချင်း တိုင်ပင်နေရန်ပင် မလိုအပ်ချေ။ 


ထို့နောက် ယဲ့လင်းက ဒါရိုက်တာရှု၏ အနားသို့ ခပ်ပြုံးပြုံးဖြင့် ပြေးသွားကာ သူ့ကို ထိုင်ခုံတွင် ထိုင်ရန် ကူညီပေးရင်း ပုခုံးနှင့် ဇက်ကြောများကို ခပ်ဖွဖွ နှိပ်ပေးလိုက်သည်။ 


“ဒါရိုက်တာရှုရဲ့ ကျွန်တော်တို့က ဆရာ့ကို ချီးကျူးနေကြတာပါနော် ကြည့်ပါလား ကျွန်တော်ဆို အခု ဝိတ်တွေ အများကြီး ကျသွားပြီလေ အဲဒါကြောင့် ဒီည စားကောင်းတာလေး လိုက်ကျွေးပါလားဟင် ...”


ဒါရိုက်တာရှုက လက်ကိုသာ ယမ်းပြလိုက်သည်။ 


“ရတယ် ဒါပေမယ့် မင်းရဲ့ အခန်းတွေကိုတော့ အကောင်းဆုံး ရိုက်ရမယ်နော် ...”


ယဲ့လင်း “ဟုတ်ကဲ့ပါ ...”


“ဝုတ် .. ဝုတ် .. ဝုတ် ...”


ထိုစဉ် ဟောင်သံတစ်ချို့နှင့်အတူ ရိုက်ကူးရေးအဖွဲ့၏ “အထူးစပါယ်ရှယ် သရုပ်ဆောင်ငယ်လေး” တစ်ဦး ရိုက်ကွင်းတည်နေရာသို့ တင့်တယ်လှပစွာဖြင့် ရောက်ရှိလာတော့သည်။ 


“ဝုတ် .. ဝုတ် ...”


ဝမ်ကောက အားလုံး၏ ရှေ့မှောက်သို့ corgi အမျိုးအစား ခွေးတစ်ကောင်ကို ခေါ်ပြီး ရောက်ရှိလာကာ အပြုံးဖျော့ဖျော့ တစ်ပွင့်နှင့်အတူ ဦးညွတ်ပြလိုက်သည်။ 


“ဒါက သာ့ခဲပါ ...”


ဒါရိုက်တာရှုက တောက်ပနေသည့် အကြည့်များဖြင့် မတ်တပ်ထရပ်လိုက်သည်။ ရုပ်ရှင်ထဲတွင် အားခန်းဇာတ်ကောင်သည်လည်း corgi အမျိုးအစား တစ်ကောင်ကို အဖော်အဖြစ် ပိုင်ဆိုင်ထားသည်။ 


“ဒါရိုက်တာရှု သာ့ခဲကလည်း ရုပ်ရှင်ထဲမှာ ပါဝင်ခွင့် ရတဲ့အတွက် အရမ်းကို ဝမ်းသာမိပါတယ်တဲ့ ...”


သင်တန်းမှူး ဝမ်ကောက သူ့ရင်ခွင်ထဲရှိ corgi ခွေးလေးကို ကျီစယ်ရင်း ပြောလိုက်သည်။ 


ချစ်စဖွယ် corgi ခွေးလေးတစ်ကောင် ပေါ်ထွက်လာမှုကြောင့် ယန်အန်းယု၊ ယဲ့လင်းနှင့် အခြား အဓိကသရုပ်ဆောင်များ အပါအဝင် အားလုံး၏ အာရုံစိုက်မှုများသည် ၎င်းထံသို့သာ စုပြုံကျရောက်သွားကာ အနားသို့ ဝိုင်းအုံလာကြတော့သည်။ သို့သော် ခွေးပေါက်စလေးများအား နှစ်သက်သူ ယီချန်းယန်ကမူ ရှေ့မတိုးဘဲ စူးရှသည့် အကြည့်တို့ဖြင့်သာ စိုက်ကြည့်နေခဲ့၏။ 


လေ့ကျင့်ရေးမှူး ဝမ်ကောက သာ့ခဲကို အောက်သို့ ချလိုက်သည့်အခါ ၎င်းက ကြမ်းပေါ်တွင် လှည့်ပတ်ပြေးလွှားလိုက်တော့သည်။ ခြေတံတိုတိုလေးများဖြင့် ပြေးသွားလေတိုင်း အဆီတစ်ရစ်၊ အသားတစ်ရစ် တင်ပါးအိအိတုန်တုန်များ ခါယမ်းသွားကာ ကြီးမားရှည်လျားလှသည့် နားရွက်ကြီးများကလည်း အထက်အောက် လှုပ်ခါသွားတော့သည်။ အနောက်ကနေ ကြည့်ပါလျှင် ဝတုတ်တုတ် ယုန်တစ်ကောင် တင်ပါးကို ခါယမ်းနေသည့် အလားပင်။ 


ခန္ဓာကိုယ် ကြီးမားကာ ခြေတံတိုတိုများကို ပိုင်ဆိုင်ထားသည့် corgi ခွေးအား တွေ့လိုက်ရသည့်အခါ ယန်အန်းယုသည် စိတ်ကို ထိန်းချုပ်၍ မရဘဲ ရယ်မောမိသွားတော့သည်။ သူက ငုတ်တုတ်ထိုင်ချကာပင် လက်ကို ဝှေ့ယမ်းလျက် လှမ်းခေါ်လိုက်သေး၏။ 


“လာ .. လာ .. သာ့ခဲ လာ ...”


သာ့ခဲ၏ မျက်ဝန်းများထဲတွင် တုန့်ဆိုင်းသည့် အရိပ်အယောင်တို့ တစ်ခဏမျှ ဖြတ်ပြေးသွား၏။ ထို့နောက်တွင်မူ ခြေတံတိုလေးများဖြင့် တစ်ရှိန်ထိုး ပြေးလာကာ ယန်အန်းယု၏ ရင်ခွင်ထဲသို့ တိုးဝင်လျက် သူ့မျက်နှာနှင့် လည်ပင်းများကို အားရပါးရ လျာဖြင့် လျက်လိုက်လေသည်။ 


နူးညံ့အိစက်လှသော အမွေးဖွားဖွားများကြောင့် ယားကျိကျိ ဖြစ်လာသည့် ယန်အန်းယုသည်လည်း ဟန်မဆောင်နိုင်အောင် ပြုံးမိသွားတော့သည်။ အလွန်အမင်း ချစ်စရာ ကောင်းလှသည့် ပန်းနုရောင် လျာနုနုလေးအား တွဲလောင်းချထားသည့် အားခဲမှာနတ်သားပေါက်စလေးနှင့်ပင် တူနေသေးသည်။ 


၎င်းကို မြင်လိုက်သည့် ယဲ့လင်းကလည်း သူနှင့်အတူ ကစားရန် အနားသို့ ခပ်ပြုံးပြုံးဖြင့် ရောက်လာ၏။ ၎င်း၏ ခြေတံတိုတိုလေးနှစ်ဖက်ကို လှမ်းကိုင်မိတော့မည့် အချိန်မှာပင် .. သာ့ခဲက ခေါင်းကို တစ်ဖက်လှည့်ကာ သူ့ကို လုံးဝဥဿုံ လျစ်လျူရှုထားလိုက်သည်။ 


ယဲ့လင်းမှာ ကြောင်အသွားကာ ချက်ခြင်းဆိုသလို နာကျင်သွားရတော့သည်။ ထိုမြင်ကွင်းကို မြင်လိုက်သည့် အားလုံးကလည်း ဝါးလုံးကွဲ ရယ်မောမိသွားကြတော့၏။ 


“ဒီလိုပဲ ရုပ်ရှင်ထဲမှာလည်း အားခန်းနဲ့ သာ့ခဲရဲ့ ဆက်ဆံပုံက ဒီအတိုင်း ဖြစ်ရမှာ စောစော မင်း ပြုံးလိုက်တဲ့ အပြုံးက တကယ်ကို ပြီးပြည့်စုံတယ် ...”


ဒါရိုက်တာရှု၏ မျက်နှာထက်တွင် တောက်ပလှသည့် အပြုံးတစ်ရပ် ထွက်ရှိလာခဲ့သည်။ ယခုမူ သူသည် မှန်ကန်သည့် သရုပ်ဆောင် ရွေးချယ်ခဲ့မိသည်ဟု အသေအချာ ပြောနိုင်နေပြီ ဖြစ်ပေသည်။ 


“ဝုတ် .. ဝုတ် ...”


ထိုစဉ် သာ့ခဲက နေရာတစ်ခုသို့ ရုတ်တရက် ထိုးဟောင်လိုက်သည်။ သူ့ကို ပွေ့ချီထားသည့် ယန်အန်းယုသည်လည်း ကြောင်အသွားကာ မော့ကြည့်လိုက်သည့်အခါ ... ယီချန်းယန်နှင့် မျက်ဝန်းချင်း ဆုံမိသွားခဲ့သည်။ 


အကြည့်ချင်း ဆုံမိသွားသည်နှင့်တစ်ပြိုင်နက် နှစ်ဦးလုံး နေရခက်သွားကြတော့၏။ ချက်ခြင်း အကြည့်တို့ကို လွှဲဖယ်လိုက်ကြသည်။ ယန်အန်းယုက ခေါင်းကို ငုံ့ချလိုက်ကာ သူ့လက်ထဲတွင် ရှိနေသည့် သာ့ခဲကို ပြန်စိုက်ကြည့်လိုက်ပြီး သာ့ခဲကမူ ထိုနေရာသို့ သွားလိုသည့်ဟန် လျှာတစ်လစ်ထုတ်လျက် အရူးတစ်ကောင်လို ငေးကြည့်နေခဲ့သည်။ 


ထို့ကြောင့် ယန်အန်းယုလည်း သူ့ကို အောက်သို့ ချပေးလိုက်ရတော့သည်။ 


အမြီးကို ခါယမ်းလျက် သာ့ခဲသည် ယီချန်းယန် ရှိရာဘက်သို့ လှစ်ခနဲ ပြေးသွားကာ တစ်ဖက်လူ၏ ခြေထောက်ကို ခေါင်းဖြင့် တိုးဝှေ့ပွတ်သပ်လိုက်သည်။ ယီချန်းယန်ကလည်း နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လျက် ငုတ်တုတ်ထိုင်ချကာ ချစ်စဖွယ် အကောင်ပေါက်ကလေးကို ပွတ်သပ်ပေးလိုက်၏။ 


တစ်ဖက်လူက သူ့ကို ပြန်လည်တုန့်ပြန်လာသည့်အခါ သာ့ခဲသည် ပွတ်သပ်မှုကို ပို၍ပင် အားရပျော်ရွှင်စွာဖြင့် လုပ်ဆောင်လိုက်တော့သည်။ ထိုမျှသာမက အမြီးကိုလည်း စိတ်လှုပ်ရှားမှု အပြည့်ဖြင့် တရစပ် ခါယမ်းလိုက်သေး၏။ 


လေ့ကျင့်သူ ဝမ်ကောပင်လျှင် ပြုံးမိသွားခဲ့သည်။ 


“ဟားဟား ကြည့်ရတာ သာ့ခဲက မစ္စတာချန်းကို တကယ် သဘောကျနေတာ ထင်တယ် ..”


“သာ့ခဲဘက်ကနေ စဉ်းစားကြည့်ရင် ချန်းယန်က တော်တော်လေးကို ချောနေလို့ နေမှာပေါ့ ...”


အမျိုးသမီးဇာတ်လိုက် ခန်းကျင်းက မျက်နှာထက်တွင် မနာလို အားကျသည့် အရိပ်အယောင်များ ပြည့်နှက်နေသော ယဲ့လင်း၏ ပုခုံးကို ပုတ်ကာ စနောက်လိုက်သည်။ 


“ကျွန်တော့်ရုပ်ရည်ကလည်း အဲဒီ့လောက်ကြီးတော့ မဆိုးသေးပါဘူးနော် ...”



👥️