Chapter 25
Viewers 5k

👥️Chapter 25




ယဲ့လင်းမှာ စိတ်ဖိစီးသွားရရှာတော့သည်။ 


သူတို့နှစ်ယောက်ကြားက ကွာဟချက်က ဒီလောက်ကြီးတောင် ကြီးနေပြီလား သာ့ခဲရေ ဒါက ခွဲခြားဆက်ဆံမှုပဲကွ သိရဲ့လား ...


“ဟားဟားဟား ...”


ရိုက်ကူးရေး အဖွဲ့သားအားလုံး နောက်တစ်ကြိမ် ရယ်မောသွားကြပြန်သည်။ 


“နှလုံးသား၌ ထုဆစ်လေသော” ၏ လူသတ်သမားဇာတ်ကောင် အားခန်းသည် အပေါ်ယံတွင် ရက်စက်ကာ မည်သည်ကိုမှ အလေးမထားတတ်သူဟု ထင်ရသော်ငြား စင်စစ်အားဖြင့် နူးညံ့လှသော နှလုံးသားကို ပိုင်ဆိုင်ထားသူ ဖြစ်ပေသည်၊။ သူ တစ်ယောက်တည်း နေထိုင်ရာ တိုက်ခန်းထဲတွင် corgi ခွေးတစ်ကောင်ကို မွေးမြူထားကာ ၎င်း၏ အမည်သည်လည်း သာ့ခဲပင် ဖြစ်ပေသည်။ 


တိုက်ခိုက်ရေး ဇာတ်ကွက်များ အများအပြား ရိုက်ကူးရသည့်အပြင် ယန်အန်းယုသည် အချို့သော အရေးပါသည့် စိတ်ခံစားချက်ဆိုင်ရာ ရိုက်ချက်အချို့ကိုလည်း ရိုက်ကူးရဦးမည် ဖြစ်၏။ ထိုရိုက်ချက်များအနက် တစ်ခုမှာ သူ မွေးထားသည့် corgi ခွေးလေး နေမကောင်းဖြစ်သည့် အခန်း ဖြစ်သည်။ သောကမီးများဖြင့် ပူပြင်းလောင်မြှိုက်နေစဉ်တွင် အမျိုးသားဇာတ်လိုက် ယွမ်ကျစ်မင် ပေါ်ထွက်လာခဲ့သည်။ 


ထို့နောက်တွင် ယွမ်ကျစ်မင်က သူ့ဆိုင်ကယ်ကို မောင်းလာကာ အားခန်းနှင့်အတူ သာ့ခဲကို တိရိစ္ဆာန်ဆေးရုံသို့ အတူတူ ပို့ဆောင်ပေးလိုက်သည်။ 


ပြီးခဲ့သည့် အခန်းများတွင် ယန်အန်းယုနှင့် သာ့ခဲသည် သဘာဝကျကျ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ အားခန်းသည် အိမ်ပြန်ရောက်လာချိန်တိုင်း .. ထို ချစ်စဖွယ် အကောင်ပေါက်ကလေး၏ အသံကို ကြားလိုက်မိသည်နှင့်တစ်ပြိုင်နက် သူ့မျက်နှာထက်တွင် အပြုံးဖျော့ဖျော့တစ်ပွင့် ထွက်ပေါ်လာတော့သည်။ 


အိမ်ပြန်ရောက်လေတိုင်း အားခန်းက ၎င်း၏ ခေါင်းကို ပွတ်သပ်ပေးတတ်သည်။ တစ်ဖန် ၎င်းကို ရေချိုးပေးသည့် အခါတိုင်းတွင်လည်း နှောင့်ယှက်ကျီစယ်တတ်သော သာ့ခဲသည် ရေထဲသို့ ခုန်ဆင်းကာ သူ့သခင်ကိုပါ ရေများဖြင့် စိုရွှဲသွားအောင် ပြုလုပ်တတ်သေးသည်။ သို့သော် အားခန်းကမူ မသိမသာ ပြုံးကာသာ ထိုလုပ်ရပ်ကို အသာလေး ကျော်သွားလိုက်သည်။ သူ့မျက်ဝန်းထဲတွင်လည်း နှစ်သက်မှုနှင့် အလိုလိုက် သည်းခံမှုတို့ဖြင့် ပြည့်နှက်နေပေသည်။ 


သူသည် တစ်ခါတစ်ရံတွင် သာ့ခဲကို ပွေ့ဖက်လျက်ပင် အိပ်စက်လေ့ ရှိသေးသည်။ လူတစ်ယောက်နှင့် ခွေးတစ်ကောင်၏ ဆက်ဆံရေးမှာ လွန်စွာ နွေးထွေးလွန်းလှသည်။ အားခန်း ဒဏ်ရာ ရလာသည့် အချိန်များတွင်လည်း သာ့ခဲသည် သူ့သခင်၏ သွေးနံကို ကြောက်လန့်ခြင်း၊ မနှစ်မျို့ခြင်း မရှိ။ အားခန်းကို လျှာဖြင့် လျက်ပေးကာ သူ့ဘေးနားတွင်သာ လိမ္မာစွာဖြင့် ထိုင်ပြီး လူနာစောင့် လုပ်ပေးနေခဲ့သည်။ 


ဤသည်မှာ အားခန်း၏ ဇာတ်ကောင်စရိုက်နှင့်သာ ဖီလာဆန့်ကျင်နေသည် မဟုတ်။ အရှေ့တွင် ရိုက်ကူးခဲ့သည့် တိုက်ခိုက်ရေးအခန်းများနှင့် ဇာတ်ကောင်များအကြား အမှောင်ဖုံးလွှမ်းနေသော သံသယနှင့် အကွက်ချကြံစည်မှုများနှင့်လည်း လုံးဝဥဿုံ ကွဲပြားခြားနားနေခဲ့သည်။ ထိုရိုက်ချက်များမှာ လင်းလက်တောက်ပသည့် အခြေအနေကို အပြည့်အဝ ဖော်ညွှန်းထားကာ ကြည့်ရှုသူများ၏ ရင်တမမ ဖြစ်နေရမှုများကိုပါ အနည်းငယ် ပြေလျော့သွားစေခဲ့သည်။ 


သာ့ခဲ နေမကောင်းဖြစ်သည့်အချိန် အစပိုင်းတွင် .. အိမ်သို့ ပြန်ရောက်လာသော အားခန်းက သာ့ခဲသည် ယခင်ကကဲ့သို့ သူ့ကို ကပ်တွယ်မနေကြောင်း သတိပြုမိသွားခဲ့သည်။ အခန်းထဲသို့ ဝင်လာသည်နှင့် တစ်ပြိုင်နက် ကြမ်းပြင်ထက်တွင် မျက်လုံးကို မှေးပိတ်ထားပြီး အားနည်းဖျော့တော့စွာဖြင့် ခွေခွေလေး လဲလျောင်းနေသော သာ့ခဲကို တွေ့လိုက်ရသည်။ 


“သာ့ .. သာ့ခဲ ...”


အနားသို့ ရောက်လေလေ အားခန်းမှာ ပျာယာခတ်လာမိလေပင် ဖြစ်သည်။ 


“အာဝူး ...”


သာ့ခဲ၏ မျက်ဝန်းများမှာ တစ်စစီ ကျိုးပဲ့ ပျက်စီးကာ ဝမ်းနည်းပူဆွေးနေသည့် လေလွင့်ခွေးတစ်ကောင်နှယ် မှုန်မှိုင်းကာ အသက်ဝိဉာဉ် ကင်းမဲ့နေခဲ့သည်။ 


“သာ့ခဲ ဘာဖြစ်တာလဲ ငါ့ကို မခြောက်ပါနဲ့ ...”


အားခန်းက သူ့ကို အလျင်အမြန် ပွေ့ထူကာ အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။ 


ထို့နောက်တွင်မူ အမျိုးသားဇာတ်လိုက် ယွမ်ကျစ်မင် ပေါ်ထွက်လာတော့၏။ 


ထိုအခန်း မတိုင်ခင်အထိ ယီချန်းယန်၏ ဇာတ်ကောင်ဖြစ်သော ယွမ်ကျစ်မင်သည် အားခန်း၏ သရုပ်မှန်အပေါ် သိလိုစိတ်များ တိုးပွားနေခဲ့သည်။ ထိုသူမှာ သူ၏ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားခဲ့သည့် ညီငယ်လေး ယွမ်ကျစ်ယီ ဖြစ်နိုင်လောက်သည်ဟု တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် နှလုံးသားထဲမှ အပျော်တို့ကို ထိန်းချုပ်မထားနိုင်တော့ချေ။ 


မည်မျှပင် ပြောင်းလဲသွားခဲ့ပါစေ ထိုသူသည် သူနှင့် သွေးသားတော်စပ်သည့် ညီငယ်လေး ဖြစ်နေဆဲပင်။ ယွမ်ကျစ်မင်က လိပ်စာအတိုင်း လိုက်လာပြီးနောက် အားခန်း၏ အိမ်ကို ရှာတွေ့သွားတော့သည်။ 


သူသည် အပေါက်ဝ၌ တစ်ခဏမျှ ခေါက်တုန့်ခေါက်ပြန် လျှောက်နေခဲ့မိသေးသည်။ ထို့နောက် တံခါးကို ခေါက်မည် ပြုစဉ် တံခါးဝက ရုတ်တရက် ပွင့်ဟလာ၏။ 


ကြောက်အားတကြီး ဖြစ်နေသည့် အားခန်း၏ မျက်နှာကို ပထမဆုံးအကြိမ် တွေ့လိုက်ရသည့်အတွက် ယွမ်ကျစ်မင်သည် အကြောင်သား ဖြစ်သွားတော့သည်။ ထိုအခိုက်အတန့်၌ သူ့မျက်လုံးထဲတွင် သူ့ကို အင်မတန် အားကိုးတတ်ကာ ငိုရသည်ကို အထူး နှစ်သက်သည့် ညီငယ်လေးကို ပြန်လည်ကာ မြင်ယောင်မိသွားတော့သည်။ 


ယီချန်းယန်၏ နှလုံးသားသည်လည်း နူးညံ့ပျော့ပျောင်းသွားခဲ့သည်။ 


“cut …”


ဒါရိုက်တာရှုက ထိုသို့ အော်ကာ ယီချန်းယန်နှင့် ယန်အန်းယုကို လက်ယမ်းပြလိုက်သည်။ 


“ရှောင်ယု ချန်းယန် ဒီနေ့ ဒီလောက်ပဲ ဒီမနက်ပိုင်း ရိုက်ကူးရေးက တော်တော်လေးကို ချောချောမွေ့မွေ့နဲ့ ပြီးခဲ့တာဆိုတော့ မင်းတို့လည်း ခဏလောက် အနားယူလိုက်ကြဦး နေ့ခင်းပိုင်းမှ ဆက်ရိုက်ကြတာပေါ့ ...”


သူတို့နှစ်ယောက်ကလည်း ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်တွင်မူ သရုပ်ဆောင်အားလုံးနှင့် ရိုက်ကူးရေး အဖွဲ့သားများလည်း အလုပ်ကို ခေတ္တခဏ ရပ်နားကာ နေ့လည်စာ ထမင်းဘူးများ သွားယူလိုက်ကြသည်။ 


နေ့လည်စာစားပြီးနောက် ယန်အန်းယုသည် ရိုက်ကွင်းသို့ ကုရှင်းနှင့် ဟွားချန်ကုမ္ပဏီမှ မစ္စတာချောင်ယုတို့ အလည် ရောက်လာကြောင်း သိလိုက်ရသည့်အတွက် အံ့ဩမိသွားတော့သည်။  


ကုရှင်းသည် Z မြို့တော်တွင် ကြော်ငြာရိုက်စရာတစ်ခု ရှိနေခဲ့သည်။ အလုပ်ပြီးသည့်အခါ သူမက မြို့ထဲတွင် ရက်အနည်းငယ်ခန့် လည်ပတ်ဦးမည်ဟု စီစဉ်ထားသည့်အတွက် ရိုက်ကွင်းသို့ အလည်ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ 


သူမနှင့် လုပ်ဖော်ကိုင်ဖက်ဖြစ်သော ယဲ့လင်းတို့မှာ အလွန် ခင်မင်ရင်းနှီးသည့် သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။ ထို့အပြင် သူမသည် “လက်ဝှေ့ကျော်” ရိုက်ကူးပြီးချိန်နောက်ပိုင်း ထို ချစ်စရာကောင်းကာ နူးညံ့သိမ်မွေ့သည့် ဂျူနီယာမောင်ငယ်လေး ယန်အန်းယုနှင့် မတွေ့ဖြစ်တော့သည့်အတွက် သူနှင့် ဆုံတွေ့လိုစိတ်များလည်း ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပေသည်။ 


ချောင်ယုမှာလည်း သူမနှင့် ထူးမခြားနားပင်။ သူသည် Z မြို့သို့ စီးပွားရေးကိစ္စတစ်ခုဖြင့် ရောက်နေခဲ့ခြင်း ဖြစ်သည်။ ယနေ့ “နှလုံးသား၌ ထုဆစ်လေသော” ရိုက်ကွင်းသို့ လာရောက်ခြင်းမှာ ယဲ့လင်းထံ အလည်အပတ် လာရောက်လို၍ ဖြစ်ပြီး ထိုအထဲတွင် ယန်အန်းယု၏ သရုပ်ဆောင်ချက်ကို အကဲခတ်လိုသည့် ဆန္ဒများလည်း တစ်စွန်းတစ်စ ပါဝင်နေပေသည်။ သူသည် ယန်အန်းယုကို သူ့လက်အောက်သို့ ပါလာအောင် မသိမ်းသွင်းနိုင်ခဲ့သည့်တိုင် ထိုလူသစ်လေးအပေါ် သိလိုစိတ်များ ထက်သန်နေဆဲပင် ဖြစ်သည်။ 


“ရှောင်ယု .. မတွေ့ရတာ သိပ်မကြာသေးတာကို ဘာလို့ ထပ်ပြီး ချစ်စရာကောင်းလာပြန်ရတာလဲ ... မင်းကတော့လေ .. ဖျစ်ညှစ်ပြီး အိမ်ကို တိတ်တိတ်လေး ခေါ်သွားချင်စိတ်တွေ ပေါ်လာအောင်ကို မျိုးစုံ လုပ်နေတော့တာပဲ ...”


ယန်အန်းယုကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ကုရှင်းက တားဆီး၍ မရစွာဖြင့် စနောက်လိုက်သည်။ 


ချစ်စရာ ကောင်းတယ် ဟုတ်လား??? သူက အခု ရေခဲရိုက်နှလုံးသားပိုင်ရှင် လူသတ်သမားဇာတ်ကောင်ကို သရုပ်ဆောင်နေတာပါနော် ဟုတ်ပြီလား ...


ယန်အန်းယုက ခပ်ဖျော့ဖျော့ ရယ်သွမ်းလိုက်သည်။ 


“ကုရှင်းကျဲ .. ကျဲက ကျွန်တော့်ကို သယ်မသွားနိုင်ပါဘူး ...”


“ဘယ်သူပြောလဲ မသယ်နိုင်ဘူးလို့ ငါက တအားကို သန်မာတာပါနော် ပြီးတော့ အခု မင်းပုံစံကို ကြည့်ရတာ အရမ်းကို ...”


ပြောနေရင်းတန်းလန်းဖြင့် သူမက အနားသို့ ထပ်မံတိုးကပ်လာကာ ယန်အန်းယု၏ ခန္ဓာကိုယ်ကို တိုင်းတာရင်း စိုးရိမ်တကြီး ပြောလိုက်သည်။ 


“ရှောင်ယု မင်း အများကြီးကို ပိန်ကျသွားတယ်နော် .. ရိုက်ကူးရေးထဲမှာ စိတ်ရောလူရော မြှုပ်နှံထားရတာက တကယ်ကို ခက်ခဲပါတယ် ဒါပေမယ့် မင်းရဲ့ ကျန်းမာရေးကိုလည်း ဂရုစိုက်ရဦးမယ်လေ ...”


“အင်း .. ကျေးဇူးပါ ...”


သူက ဖျော့တော့စွာဖြင့် ပြုံးပြလိုက်သည်။ 


ထိုစဉ် ယဲ့လင်းက သူတို့အနားသို့ ရောက်လာကာ မျက်လုံးထောင့်စွန်းကို ပွတ်သပ်လျက် မျက်ရည်လည်ရွှဲဖြင့် စောဒကတက်လိုက်သည်။ 


“ရှောင်ရှင်း .. ငါ .. ငါဆိုလည်း အရိုးပေါ်အရေတင်ကို ဖြစ်တော့မလို ... အမဲသားတုံးလေးဘာလေးများ ယူလာသေးလား ငါ တကယ်ကို အသားစားချင်နေပြီ ...”


“မရဘူး ...”


ကုရှင်းက အညှာအတာမဲ့စွာဖြင့် ခေါင်းယမ်းပြလိုက်သည်။ 


“ပါရင်တောင် နင့်ကို စားခွင့်ပေးမှာ မဟုတ်ဘူး နင့်ဝိတ်ကို ထိန်းထားသင့်တယ် သိရဲ့လား ယဲ့ကျီလေးရဲ့ နင်က အပြင်က သရေစာတွေကို မဟားဒရားကို စားလွန်းတယ် စားတာမှလေ ငါ့ညီမ အဝဆုံးအရွယ်က စားခဲ့တဲ့ ပမာဏအတိုင်းကို စားနေတာ နင်တို့နှစ်ယောက်ကမှ တကယ်ကို တစ်ပုံစံတည်း ...”


“ဟေးဟေး ဘာပဲဖြစ်ဖြစ် ငါက နင့်ရဲ့ စီနီယာနော် လေးလေးစားစားဆက်ဆံ ဟုတ်ပြီလား ...”


ကုရှင်းက အပေါ်ယံ ဆန်လွန်းစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


“အင်း .. စီနီယာယဲ့က တကယ်ကို ခက်ခဲခဲ့တာပဲ ...”


“နင့်စကားထဲမှာ စိတ်ရင်းလေး တစ်ခုတောင် ပါမနေဘူး ...”


“လိမ္မာစမ်းပါ ရှောင်ယဲ့ကျီလေးရဲ့ နောက်ကျမှ wechat ကနေ စာအိတ်နီတစ်လုံး ပို့လိုက်မယ် ...”


ယဲ့လင်း “...”


“ဖွီး ...”


ဘေးနားရှိ ယန်အန်းယုမှာ ဟန်မဆောင်နိုင်လောက်အောင် ရယ်မောမိသွားတော့သည်။ 


နတ်ဘုရားမက အမြဲတမ်းကို လျှာစောင်းထက်နေတော့တာပါပဲ .. သူတို့နှစ်ယောက်က တော်တော်လေး ဆက်ဆံရေး ကောင်းကြတယ် ထင်တယ် ...


“ အိုး ဟုတ်သားပဲ ရှောင်ယုလေး ဒီတစ်ခါ အေးစက်တဲ့ လူသတ်သမားဇာတ်ကောင်ကို သရုပ်ဆောင်ရတာဆို ဘယ်လိုနေလဲ ခက်လား ...”


ယဲ့လင်းကို စိတ်အနှောင့်အယှက် မပေးတော့ဘဲ ကုရှင်းသည် ယန်အန်းယုကိုသာ သိလိုစိတ်အပြည့်ဖြင့် မေးမြန်းလိုက်သည်။ 


ယန်အန်းယု၏ အကောင်းမြင်စိတ်များကာ တက်ကြွသည့် စရိုက်မှာ သူ၏ ဇာတ်ကောင်နှင့် အကြီးအကျယ် ဖီလာဆန့်ကျင်နေပေသည်။ 


ယန်အန်းယုက ခေါင်းကိုသာ ယမ်းပြလိုက်သည်။ 


“မဆိုးပါဘူး ...”


“အင်း ...”


ယဲ့လင်းကလည်း သံယောင်လိုက်ကာ ပြောလိုက်သည်။ 


“ရှောင်ရှင်း .. ရှောင်အန်းယုရဲ့ အမြဲတမ်း ပြုံးပြုံးလေး နေတတ်တဲ့ မျက်နှာကို ကြည့်ပြီး အရူးလုပ်မခံနဲ့ သရုပ်ဆောင်တဲ့အချိန်ဆိုလေ သူက အဲဒီ့ဇာတ်ကောင်နဲ့ လုံးဝကို တစ်ထပ်တည်းပဲ ...”


ယန်အန်းယုသည် အမြဲလိုလို ခပ်ပြုံးပြုံးနေရခြင်းကိုသာ နှစ်သက်သူ ဖြစ်သော်ငြား တစ်ခုခုကို အလေးအနက် အာရုံစိုက်သည့်အခါ သူ့အမူအယာသည် ထက်သန်စူးရှကာ မည်သည့်အရာကိုမှ အမှုမထားဘဲ အညှာအတာကင်းမဲ့သည့် စရိုက်ဘက်သို့ပင် တိမ်းညွတ်သွားတတ်သေးသည်။ အကြောင်းမှာ သူသည် စစ်မြေပြင်ကို ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးသူတစ်ဦး ဖြစ်ပေသည်။ ရန်သူတပ်သားများနှင့် စက္ကန့်မလပ် ရင်ဆိုင်တိုက်ခိုက်နေရကာ သူ့ဘဝမှာ ကြိုးတန်းလျှောက်နေရသည့်အလား အမြဲလိုလို ရင်တထိတ်ထိတ် ဖြစ်နေရသည့်အတွက် အသေးငယ်ဆုံးသော သတိလက်လွတ်ဖြစ်မှုမျိုးကိုပင် ခွင့်ပြုမထားချေ။ 


တိုက်ခိုက်ရေးပညာသာမက သူ၏ အတိတ်ဘဝက အလုပ်အကိုင်နှင့် အတွေ့အကြုံများသည်လည်း ဇာတ်ကောင်စရိုက်ကို သဏ္ဌာန်လုပ် သရုပ်တူကာ သဘာဝကျကျ ဖြစ်စေရန် များစွာ အထောက်အကူ ပေးခဲ့သည်။ 


“အိုး .. အဲဒီလိုလား ...”


တစ်ဖက်တွင်မူ ချောင်ယုသည် ယန်အန်းယုကို နှုတ်ဆက်အပြီးတွင် လီယဲ့နှင့် ဝင်တိုက်မိကာ တစ်ဖက်လူနှင့် အတိတ်အကြောင်းများကို ပြန်ပြောင်းပြောနေလိုက်ကြသည်။ 


သူနှင့် လီယဲ့တို့ နှစ်ဦးလုံးသည် အင်္ဂလန်တွင် ကျောင်းတက်ခဲ့ကြသူများဖြစ်ကာ တိုက်ဆိုင်သည်မှာ တက္ကသိုလ်တစ်ခုတည်း ဖြစ်ရုံသာမက ပါမောက္ခမှာလည်း အတူတူပင် ဖြစ်ကြသည်။ ဆရာတူ သူငယ်ချင်းဟုပင် သတ်မှတ်၍ ရသော်ငြား ကျောင်းပြီးသည့်အခါတွင် တစ်ဦးက ဟွားချန်ကုမ္ပဏီသို့ ဝင်ရောက်ကာ ရုပ်ရှင်ဧကရာဇ် ဖြစ်လာမည့် ရှုရှစ်ယွမ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျန်တစ်ဦးကမူ ရှန်းဟွမ်မီဒီယာတွင် ယီချန်းယန်ကို အမြဲ တာဝန်ယူ စောင့်ရှောက်နေခဲ့သည်။ 


“မစ္စတာရှု အခုတလော  ဘယ်လိုနေလဲ ...”


လီယဲ့က မေးလိုက်သည်။ အပေါ်ယံကို ကြည့်လျှင်မူ ၎င်းသည် သာမန် နှုတ်ခွန်းဆက်စကားတစ်ခွန်းမျှသာ ဖြစ်ပေသည်။ သို့သော် အမှန်တကယ်တွင်မူ ထိုထက်ပိုကာ နက်ရှိုင်းသည့် အဓိပ္ပါယ်များ ရှိနေသေး၏။ 


မင်း မိသားစုရဲ့ အရူးလို ရုပ်ရှင်ဧကရာဇ်ရော ဘယ်လိုနေလဲ သူက အမြဲလိုလို ထင်မထားတဲ့ ပြဿနာတွေကို ရှာရှာလာတတ်တာနော် ဒီနေ့ရော အပြင်မထွက်ခင် သူ့ကို ဆေးတိုက်ခဲ့သေးလား ...


“ထုံးစံအတိုင်းပါပဲ ဘဝရဲ့ အခန်းကဏ္ဍတွေက တစ်ခုမဟုတ် တစ်ခုတော့ သေချာပေါက် တိုးတက်ရမယ်လေ ဒါပေမယ့် ဒုက္ခခံရတဲ့ ရှောင်မုန့်ယာကတော့ နေ့တိုင်း ခါးနာနေလေရဲ့ ...”


ချောင်ယုက ပြုံးကာ ပြန်မေးလိုက်သည်။ 


“ရှောင်လီယဲ့ မစ္စတာယီရော  အခုတလော ဘယ်လိုနေလဲ ...”


မင်းမိသားစုရဲ့ ရုပ်ရှင်ဧကရာဇ်က အမြဲတမ်းကို အေးစက်စိမ်းကားပြီး မျက်နှာက အကြောသေနေသလိုပဲနော် ကြည့်ရတာ ဆေးကုလို့ မပြီးသေးတဲ့ပုံပဲ ...


“စိတ်ပူပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သူ အဆင်ပြေပါတယ် ...”


နေ့လည်ပိုင်းသို့ ရောက်သည့်အခါ ရိုက်ကူးရေးအဖွဲ့သားများက မြို့ထဲရှိ တိရိစ္ဆာန်ဆေးရုံသို့ သွားရောက်ကာ ရိုက်ကူးရေး လုပ်လိုက်ကြသည်။ ဆက်လက် ရိုက်ကူးရမည့် အခန်းများမှာ ယီချန်းယန်နှင့် ယန်အန်းယု၏ စကားပြောခန်းများ ဖြစ်သည်။ 


ရိုက်ကွင်းပြင်ပရှိ ကုရှင်း၏ အကြည့်တို့မှာ သိသိသာသာ ဝင်းလက်တောက်ပနေခဲ့သည်။ ပြီးခဲ့သည့်အခေါက် “လက်ဝှေ့ကျော်” ရိုက်ကွင်းတွင် ချစ်စရာကောင်းသည့် အငွေ့အသက်များကို ရရှိခဲ့ပြီးနောက်ပိုင်း ကုရှင်းသည် သူမ၏ နတ်ဘုရားနှင့် ချစ်စရာဂျူနီယာမောင်လေးတို့ နောက်တစ်ကြိမ် အတူတူ ရိုက်ကူးရေးလုပ်နိုင်မည့် အချိန်ကို တိတ်တဆိတ် စောင့်စားနေခဲ့ရသည်။ သို့သော် သူတို့နှစ်ဦး အတူတူ ရိုက်ကူးရမည့် အခန်းများမှာ ဤမျှအထိ များပြားလိမ့်မည်ဟုတော့ ထင်မထားခဲ့မိချေ။ 


ဘုရားမတာပဲ ဟားဟား ...


ရိုက်ကွင်းကြီးကြပ်သူက clapperboard ဖြင့် အသံပြုကာ ၁၆ ခန်းမြောက် ရိုက်ကူးရေးကို တရားဝင် စတင်လိုက်တော့သည်။ 


“ဒေါက်တာ ဘယ်လိုနေလဲ ...”


တိရိစ္ဆာန်ဆေးရုံတွင် ...  ဤမျှအထိ ပျာယာခတ်နေသော အားခန်း၏ ပုံစံကို မြင်တွေ့နိုင်ရန် ခဲယဉ်းလွန်းလှသည့်အတွက် ယွမ်ကျစ်မင်၏ အာရုံကြောများသည်လည်း တောင့်တင်းလာတော့သည်။ 


“သူ့ကို အချိန်မီ ခေါ်လာခဲ့နိုင်တာ ကံကောင်းတယ် ပြောရမယ် အခုတော့ အန္တရာယ် ကြီးကြီးမားမား မရှိတော့ပါဘူး ...”


ဆရာဝန်က လေပြေအေးဖြင့် ပြောလိုက်သည်။ နေမကောင်းဖြစ်နေသည့် သာ့ခဲကို ဆေးထိုးပေးပြီးနောက် သူသည် တအီအီ အော်ငိုခြင်း မရှိတော့သလို အပူချိန်လည်း ကျဆင်းလာကာ တစ်ဖြည်းဖြည်း အိပ်မောကျသွားခဲ့သည်။ 


ထိုအခါမှ အားခန်း၏ အစွမ်းကုန် စုတွန့်ထားသော မျက်ခုံးများလည်း ပြန်လည်ပြေလျော့လာကာ နှုတ်ခမ်းထောင့်စွန်းတွင် အကွေးလေးတစ်ခု ပေါ်ထွက်လာသည်အထိ ခပ်တိုးတိုး ရယ်မိသွား၏။ 


ထိုအပြုံးမှာ ဖျတ်ခနဲ ပေါ်ထွက်လာခြင်းသာ ဖြစ်သည့်တိုင် ယွမ်ကျစ်မင်၏ နှလုံးသားမှာမူ တရစပ် တုန်ခါနေလေတော့သည်။ 


ယခုလက်ရှိ အားခန်းမှာ လူသတ်သမားနှင့် လားလားမျှမတူ၊ သူ့ညီငယ်လေးသာ ထပ်တူနီးပါး တူညီနေခဲ့သည်။ 


ယွမ်ကျစ်မင်က သူ ငယ်စဉ်က လုပ်လေ့ရှိခဲ့သကဲ့သို့ ညီငယ်လေး၏ ခေါင်းကို ပွတ်သပ်ပေးလိုစိတ်များ ဆက်တိုက် ဖြစ်ပေါ်လာတော့သည်။ 


သို့သော် လက်ကို မြှောက်လိုက်ပြီးနောက် တစ်ဝက်တစ်ပျက်ဖြင့်ပင် အသာ ပြန်ချထားလိုက်သည်။


သူ့စိတ်ကို ပြန်လည်ကာ ထိန်းချုပ်ထားလိုက်၏။ 


ယီချန်းယန်ကိုယ်၌သည်လည်း ထိုဆန္ဒကို အတင်း ဖိနှိပ်ထားနေရသည်။ 


“ကောင်းလိုက်တဲ့ ရိုက်ချက် ...”


အပြင်ဘက်ရှိ ဒါရိုက်တာရှုက ဝင်းလက်တောက်ပနေသည့် အကြည့်တို့နှင့်အတူ သဘောတကျ ပြောလိုက်လေသည်။ 



👥️