♎️Chapter 91
Another life -4
ရှဲ့လင်က အာမခံလာသည့်တိုင် ဖုယွမ်ကျိုးကမူ ဤကိစ္စကိုလူသိနည်းလေ ကောင်းလေဟု မျှော်လင့်နေဆဲ။ ရှောင်ဖေးကသူ့ကိုအားနာသွားမှာထက် သူ့သိက္ခာကိုပြန်ဆယ်ချင်သေးသည်၊၊
အထူးသဖြင့် သူ့ထက်ငယ်သောရှောင်ဖေးရှေ့မှာပင်။ မိန်းကလေးတစ်ယောက်ရှေ့တွင် သူထိတ်လန့်တုန်လှုပ်မနေသင့်ပေ။
ယွိဖေးကရေချိုးခန်းမှထွက်လာသည်။ ဆူဆူညံညံအသံများကြောင့် ဖုယွမ်ကျိုးက သူမအထင်မလွဲစေရန် အမြန်ထိုင်ချလိုက်ပြီး ရှဲ့လင်ကိုအသံတိုးတိုးဖြင့်တောင်းပန်လိုက်ရ၏။
"ငါ့ကိုကူပြီးလျို့ဝှက်ပေးထား..သွားမပြောနဲ့နော်..."
"မင်းကြောက်နေတယ်လေ..."
ရှဲ့လင်ကမေးလာသည်။
"အဆင်ပြေပါတယ်...ဆယ်မိနစ်ပဲရှိတော့တာ...ငါသည်းခံနိုင်ပါတယ်..."
ဖုယွမ်ကျိုးမှာ ငိုချင်နေသည့်အသံဖြင့်တုံ့ပြန်ခဲ့သည့်တိုင် နောက်ဆုံးပိုင်းတွင် ထင်သလောက်ကြောက်စရာမကောင်းတော့ပေ။ တဖက်တွင် သရဲက ကိုယ်ထည်အစစ်ကိုထုတ်ပြလာပြီး ကြောက်စိတ်လည်းနည်းသွားခဲ့သည်။ သူ့လက်ကိုကိုင်ပေးထားသည့် ရှဲ့လင်လက်မှာလည်းနွေးထွေးနေပြီး သူ့အားစိတ်သက်သာရစေလေသည်။
သို့ထိတိုင် ဖုယွမ်ကျိုးသည် သူ သည်ညတွင်တစ်ယောက်တည်းမအိပ်နိုင်တော့မှန်းသူ့ကိုယ်သူသိနေ၍ ထိုညကရှဲ့လင်အိမ်တွင်ပင်နေခဲ့ပြီး ရှဲ့လင်၏အိပ်ရာပေါ်တွင်အတူအိပ်ခဲ့သည်၊၊ မျက်နှာပူပူဖြင့်ပင် ရှဲ့လင်နှင့်အတူစောင်တစ်ထည်တည်းကိုမျှသုံးခဲ့ရ၏။ မဟုတ်လျှင် သရဲများက သူ့အိပ်ရာပေါ်တက်လာသည်ဟု သူထင်ယောင်ထင်မှားဖြစ်နေလိမ့်မည်။
ရှဲ့လင်က သူ့စကားကိုမငြင်းဘဲ ရေချိုးရန် အိပ်ခန်းကိုပြန်သွားခဲ့သည်။ ရေချိုးခန်းထဲမှ ရေတစက်စက်ကျနေသည့်အသံပင် ဖုယွမ်ကျိုးကိုကြောက်ရွံ့လာစေပြန်၏။ သူစကားပြောရန်လူလိုနေသော်လည်း ရေချိုးခန်းတံခါးရှေ့တွင် ဆောင့်ကြောင့်ထိုင်စောင့်နေပြန်လျှင်လည်းမဟုတ်သေးပေ။
ကံကောင်း၍ သူ့သူငယ်ချင်းလော့ရန်စုန့်က လိုင်းပေါ်တက်လာပြီး ချက်ချင်းစာပြန်လာခဲ့သည်။
"မင်္ဂလာညနေခင်းလေးပါ...ရှောင်ချီး..."
"ငါကြောက်လို့သေတော့မယ်!"
"ဘာဖြစ်လို့လဲ..."
လော့ရန်စုန့်ကမေးလာလေ၏။
ဖုယွမ်ကျိုးက သရဲကားကြည့်ခဲ့ရသည့်အကြောင်းကိုပြန်ပြောပြလိုက်သည်။ သူတို့နှစ်ယောက်က လက်တွေ့ဘဝတွင်သူစိမ်းများသာဖြစ်နေသေးသောကြောင့် အချို့ကိစ္စများပြောရာတွင် ဝန်လေးစရာမလိုပေ။ သူ့ကိုရယ်လာလျှင်လည်း ကိစ္စမရှိ။ အကောင့်ပျက်သွားသည်နှင့် သူတို့လည်းတစ်ယောက်နှင့်တစ်ယောက်သိနိုင်တော့မည်မဟုတ်ပေ။
"အရမ်းကြောက်စရာကောင်းလို့လား..."
လော့ရန်စုန့်ကစာပြန်လာခဲ့သည်။
"မင်းဒီညအိမ်မှာတစ်ယောက်တည်းဖြစ်နေတာလား..."
"ခုနကအထိတော့မဟုတ်ဘူး...အခုတော့တစ်ယောက်တည်း.."
ဖုယွမ်ကျိုးကရေချိုးခန်းတံခါးကိုလှမ်းကြည့်ကာ စာပြန်ရိုက်လိုက်လေသည်။
"မင်းဖုန်းပြောချင်လား.."
လော့ရန်စုန့်: "ကိုယ်ပြောပေးလို့ရပါတယ်..."
ယင်းသည်ကား သူတို့နှစ်ယောက်အတွက် ပထမဆုံးဖုန်းပြောကြခြင်းဖြစ်သော်လည်း သူအတော်လေးပျော်နေမိလေသည်။
"ဟယ်လို...ရှောင်ချီး..."
လော့ရန်စုန့်အသံက နားကြပ်မှတဆင့်ထွက်ပေါ်လာခဲ့သည်။ လူငယ်လေး၏အသံကကြည်လင်အေးမြပြီး သာယာဖွယ်ရှိလေ၏။သူသည်ကား ဖုယွမ်ကျိုးနှင့်စကားပြောခွင့်ရသောကြောင့် အမှန်တကယ်ပျော်ရွှင်နေပုံရသည်။
ဖုယွမ်ကျိုးသည်ကား အနည်းငယ်မလုံမလဲဖြစ်နေကာ စိတ်လှုပ်ရှားနေလေသည်။ သူ့အတွက် နိုင်ငံခြားမှသူငယ်ချင်းတစ်ယောက်နှင့်စကားပြောရသည်မှာ ပထမဆုံးအကြိမ်ဖြစ်နေလေ၏။
"ဟယ်လို...လော့ရန်စုန့်.."
"ရုပ်ရှင်ကိုသူများတွေနဲ့ကြည့်တာလား..."
"အင်း...ညီမလေးနဲ့အတူကြည့်တာ..."
ဖုယွမ်ကျိုး လော့ရန်စုန့်ကို အကျိုးအကြောင်းရှင်းပြလိုက်သည်၊၊ သူယွိဖေးအကြောင်းမပြောချင်သောကြောင့် သရဲကားက အမိုက်စားဖြစ်နေသည့်အကြောင်းနှင့် ရိုက်ထားပုံကအဆင့်မြင့်ကြောင်းပြောပြလိုက်ပြီး ဖုယွမ်ကျိုး၏ခံစားချက်တို့က ပိုပြီးပင်ခါးသီးလာခဲ့လေသည်။
"ဒီတော့ အဲဒီရုပ်ရှင်လား..."
လော့ရန်စုန့်က အရယ်တဝက်ဖြင့်ပြန်ပြောလာခဲ့သည်။
"ကြောက်တာကဖြစ်သင့်ပါတယ်..မင်းတင်မဟုတ်ဘူး...လူတော်တော်များများက မကြည့်ရဲကြဘူးလေ...သရုပ်ဆောင်တွေရော...ဒါရိုက်တာတွေရောပဲ..."
ထိုသူက ဖုယွမ်ကျိုးကို ရုပ်ရှင်ရိုက်ကွင်းအကြောင်းပြောပြလာခဲ့သည်။ ဖုယွမ်ကျိုးကား နားထောင်ပြီးနောက် ရယ်မောလိုက်ကာ အတန်အသင့်စိတ်အေးလက်အေးဖြစ်သွားခဲ့သည်။
"မင်းဘယ်လိုသိတာလဲ..."
"ကိုယ် အဲဒီကားထဲက ဇာတ်ဆောင်မင်းသမီးနဲ့သိတယ်..သူကကိုယ့်သူငယ်ချင်းလေ..."
လော့ရန်စုန့်ကရယ်နေလေသည်။
"တကယ်လား..."
ဖုယွမ်ကျိုးက အံ့ဩသွားလေသည်။
"သူကနာမည်ကြီးသရုပ်ဆောင်ဆိုတာကိုပဲသိထားတာ..."
လော့ရန်စုန့်က ရုပ်ရှင်မင်းသားများအကြောင်းကိုထပ်ပြောပြလာပြန်သည်။ ထိုသူသည်ကား နှံ့နှံ့စပ်သပ်သိထားခဲ့၏။ ဖုယွမ်ကျိုးမှာ အစပိုင်းကနည်းနည်းသာစိတ်သက်သာနေသေးသည့်တိုင် စကားပြောနေရင်း လုံးဝစိတ်ပေါ့ပါးသွားရသည်၊၊ လော့ရန်စုန့်က သူနှင့်တကယ်အဆင်ပြေသည့်လူပင်။
ရှဲ့လင် ရေချိုးခန်းထဲမှထွက်လာသည်အထိ ဖုယွမ်ကျိုးမှာအတွေးစမပြတ်သေးပေ။ ရှဲ့လင်သည် ဖုယွမ်ကျိုးဖုန်းပြောနေသည်ကို ရေချိုးခန်းထဲမှ ခပ်ရေးရေးကြားခဲ့ရသောကြောင့် မေးလိုက်လေသည်။
"ဘယ်သူနဲ့စကားပြောနေတာလဲ..."
"လော့ရန်စုန့်...ငါမင်းကိုအရင်ကလည်းပြောဖူးတယ်လေ.."
ဖုယွမ်ကျိုးကရယ်မောရင်း လော့ရန်စုန့်ကိုနှုတ်ဆက်လိုက်သည်။
"ငါ့အစ်ကိုက အဖော်လာလုပ်ပေးနေတာ..သူပြောတဲ့အတိုင်းလုပ်ရဦးမယ်...အိပ်တော့မယ်...မနက်ဖြန်မှပြောကြတာပေါ့..."
"အိုကေ...ဂွတ်နိုက်..."
လော့ရန်စုန့်ကလည်း ချိုသာစွာဖြင့်ပြန်နှုတ်ဆက်လိုက်လေ၏။
ဖုယွမ်ကျိုးကဖုန်းချလိုက်ပြီးနောက် ရှဲ့လင်ရပ်နေသေးသည်ကိုမြင်သည့်အခါ စောင်ကိုလှပ်ပြီး တက်ကြွစွာဖြင့်လှမ်းခေါ်လိုက်သည်။
"လာလေ..!"
ရှဲ့လင်: "ငါကမင်းရဲ့အတန်းဖော်လို့ထင်တာ..မင်းနိုင်ငံခြားသားတစ်ယောက်နဲ့စကားပြောနေတာလား..."
"ပထမဆုံးဖုန်းပြောဖြစ်ကြတာပဲ...ငါကြောက်တတ်တာကိုသူသိသွားတော့ မင်းကိုစောင့်နေတုန်း သူကစကားပြောပေးနေတာ..."
ဖုယွမ်ကျိုးကပြောလိုက်လေသည်။
"ငါကအတန်းဖော်တွေကိုတော့လိုက်မရှာပါဘူးကွာ..."
သူသည်ကား ပြောပြီးသည်နှင့်စောင်ကိုလှန်လိုက်သည်။
"လာလေ..."
ရှဲ့လင်က အိပ်ရာပေါ်တက်လာသည်။ အိပ်ရာသည်ကား အင်မတန် သက်သောင့်သက်သာရှိ၏။ ကျယ်ဝန်းပြီး သူတို့နှစ်ယောက်အိပ်ရန်အတွက်လည်း နေရာလောက်လေသည်။
မီးအကုန်လုံးကိုမပိတ်ထားဘဲ စားပွဲတင်မီးအိမ်လေးကိုမူဖွင့်ထားလေသည်။ ဖုယွမ်ကျိုးကရှဲ့လင်လက်ကိုလှမ်းဆွဲပြီး ခါးကိုပါဖက်ထားလိုက်မှ နေသာထိုင်သာရှိသွားရလေ၏။
"ငါမင်းကိုဒီလိုမျိုးကိုကိုင်ထားပြီးအိပ်ရင်အဆင်ပြေလား..."
ဖုယွမ်ကျိုးက မေးကြည့်လိုက်သည်။
ရှဲ့လင်: "မပြေဘူး..."
"ဒီလိုဆိုရင်ရော"
ဖုယွမ်ကျိုးသည် တစ်လက်မလောက်ပေးလျှင်တစ်ထွာလိုချင်နေသလို ရှဲ့လင်အပေါ်ခြေထောက်တင်လိုက်ပြီး ရှဲ့လင်ကိုဖျတ်ကနဲလှမ်းကြည့်လိုက်သည်။ သူစကားမပြောသော်လည်း ဖုယွမ်ကျိုးကမူ ထိုသူဆိုလိုချင်သည့်အဓိပ္ပါယ်ကိုသိလိုက်ပြီး တွန့်ဆုတ်ဆုတ်ဖြင့် ခြေထောက်ကိုပြန်ရုတ်လိုက်လေသည်။
"တော်သေးလို့...မင်းကငါနဲ့အတူရှိနေပေးတယ်..."
သူသည်ကား သက်ပြင်းချကာ တဖက်ကိုမြှောက်ပင့်နေသေး၏။
"လူတိုင်းမှာ ဒီလိုလိမ္မာတဲ့ကလေးမျိုးမရှိကြဘူး..."
"အိပ်တော့..."
ရှဲ့လင်က ထိုတစ်ခွန်းတည်းသာပြောလာခဲ့သည်။
ရှဲ့လင်ကလည်းဘေးတွင်ရှိပြီး လော့ရန်စုန့်ကလည်း သူနှင့်စကားပြောပေးထားသောကြောင့် ဖုယွမ်ကျိုးကမကြောက်တော့ဘဲ ချက်ချင်းအိပ်ပျော်သွားခဲ့သည်။ သို့ရာတွင် ဘေးမှရှဲ့လင်ကမူ အိပ်မပျော်တော့ပေ။
"ဟင်း..."
အိပ်ပျော်နေသောဖုယွမ်ကျိုးက ရှဲ့လင်ကိုလွှတ်ကာ တဖက်လှည့်သွားပြီး အိပ်ရာပေါ်တွင်ပက်လက်အနေအထားဖြစ်သွားခဲ့သည်။
ရှဲ့လင်က ထထိုင်လိုက်ပြီး ထိုသူအိပ်ပျော်နေသည်ကိုကြည့်နေလိုက်သည်။ အချိန်အကြာကြီးတိတ်ဆိတ်နေပြီးမှ လက်ချောင်းထိပ်လေးဖြင့် မျက်ခုံး၊ မျက်လုံးနှင့် နှုတ်ခမ်းလေးများအထိပွတ်သပ်သွားပြီး တော်တော်နှင့်လက်ပြန်မရုတ်ခဲ့ချေ။
နှုတ်ခမ်းကိုထိတွေ့လိုက်ရခြင်းက မည်သည့်နေရာနှင့်မှမတူဘဲ အစိုဓာတ်ရှိနေသည်။ ရှဲ့လင်သည် ကြည့်နေရင်းမှ ဖြည်းဖြည်းချင်း ကိုင်းလိုက်ပြီး ဖုယွမ်ကျိုး၏နှုတ်ခမ်းတို့ကိုနမ်းမိတော့မည်အထိ နီးကပ်သွားလိုက်သည်။
သို့ထိတိုင် ကပ်လုမိခင်အချိန်တွင် သူရပ်လိုက်၏။
ဖုယွမ်ကျိုး၏နှုတ်ခမ်းတို့ကိုနမ်းမည့်အစား ပါးကိုသာနမ်းလိုက်လေ၏။
အသံမထွက်ရအောင်၊ ညင်သာစွာဖြင့် ဖွဖွလေးနမ်းနေခဲ့၏။
"Hum..."
ကော်ရစ်တာမှလေအေးတသုတ်ဝင်လာခဲ့သည်။ တံခါးကို သေချာမပိတ်ထားသောကြောင့် ဖုယွမ်ကျိုး၏ကျောဘက်ကိုလေဝင်လာခဲ့သည်။ သူအလျင်စလိုဖြင့် အိပ်ခန်းထဲဝင်လာခဲ့ပြီး တံခါးမပိတ်မိခဲ့ပုံပင်။
ရှဲ့လင်ကတံခါးထပိတ်လိုက်ပြီး ယွိဖေးကတံခါးနား၌ရပ်ကာ တံခါးနှစ်ချပ်ဟနေသည့်ကြားမှ သူတို့ကိုချောင်းကြည့်နေခဲ့သည်။
သူမသည် နွားနို့နှစ်ခွက်ကိုကိုင်ထားရင်း ရှဲ့လင်ကိုကြောင်ကြည့်နေခဲ့၏။
"အစ်ကို...နင်..."
ရှဲ့လင်၏နှလုံးသားက အေးစက်သွားခဲ့ရလေသည်။
ရှဲ့လင်သည်တံခါးပိတ်လိုက်ပြီး ယွိဖေးနှင့်အတူ ဧည့်ခန်းထဲသို့ဝင်လာခဲ့လိုက်သည်။ ထို့နောက် နှစ်ယောက်သားမျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြပြီး အချိန်အတန်ကြာသည်အထိ မည်သည့်စကားကိုမျှမပြောဖြစ်ခဲ့ကြပေ။
ယွိဖေးပုံစံက စိတ်ရှုပ်ထွေးနေပုံရသည်၊၊ သူမက နွားနို့ခွက်ကိုလက်ထဲတွင်ကိုင်ထားရင်း စိတ်နှင့်ကိုယ်မကပ်ဘဲ တဖက်လှည့်သွားခဲ့ပြီး နွားနို့အေးသွားမှသူ့ဘက်သို့လှည့်လာကာ အားတင်းကာပြုံးပြလာခဲ့လေသည်။
"ငါအခုလေးတင်အမြင်မှားသွားတာထင်တယ်...နင်တို့နှစ်ယောက်..."
"ငါသူ့ကိုသဘောကျနေတာ..."
ရှဲ့လင်ကထုတ်ပြောလာခဲ့ပြီး လေထုသည်လည်း ခဏတွင်းချင်းအေးခဲသွားခဲ့သည်။
သူမ ထင်ထားခဲ့သော်လည်း မယုံကြည်နိုင်သေးပေ။ သးမလက်ထဲမှ နွားနို့များပင်ဖိတ်ကျတော့မည်အထိ ဖြစ်သွားခဲ့သည်။ သူမသည်ကား နွားနို့ခွက်ကိုစားပွဲပေါ်တင်လိုက်ရင်း တုန်ယင်နေသည့်အသံဖြင့်စကားပြောလာလေသည်။
"ဒါပေမဲ့...နင်ရော...ယွမ်ကျိုးရောက ယောကျ်ားလေးတွေလေ.."
"သိတယ်..."
ရှဲ့လင်ကလည်းပြန်ဖြေလိုက်၏။
ယွိဖေးသည်ကား သူမနှုတ်ခမ်းကိုကိုက်လိုက်မိလေသည်။
"နင်တို့နှစ်ယောက် တွဲနေကြပြီလား..."
ရှဲ့လင်ကခေါင်းခါပြသည်။
"ငါသူ့ကိုမပြောရသေးဘူး..."
"...."
ယွိဖေးကား အသံတိတ်သွားလေတော့သည်။
ယခင်က သူမ ရှဲ့လင်ကိုမနာလိုဖြစ်ခဲ့သည်။ ထိုသူနှင့်ဖုယွမ်ကျိုးတို့နှစ်ယောက်လုံးက ယောကျ်ားလေးများဖြစ်နေ၍ အတူကစားနိုင်ကြသည်။ သူမကငယ်သေးသည့်အပြင် မိန်းကလေးလည်းဖြစ်နေသေးသည်။ သူမတို့အတူရှိနေကြလျှင်ပင် ဖုယွမ်ကျိုးက သူမ၏ဝမ်းကွဲအစ်ကိုကိုသာပိုပြီးကပ်တွယ်နေခဲ့သည်။
ထိုအချိန်က သူမလည်းယောကျ်ားလေးတစ်ယောက်ဖြစ်လျှင်ကောင်းမည်ဟုတွေးခဲ့ပြီး ဖုယွမ်ကျိုး သူမကိုပိုသဘောကျလာစေရန် အစွမ်းကုန်လုပ်ခဲ့သည်။ သို့သော်လည်း လိင်ပြောင်းသွားလျှင်လည်း သူမ ဖုယွမ်ကျိုးကိုသဘောကျတော့မည်မဟုတ်ဘဲ သူငယ်ချင်းများလိုသာ သဘောထားမိနေလိမ့်မည်။
သို့သော်လည်း သူမ၏ဝမ်းကွဲအစ်ကို၊ ဖုယွမ်ကျိုး၏လိင်တူသူငယ်ချင်းကစည်း ထိုသူကိုစိတ်ဝင်စားနေ၏။
ထိုသူကိုချစ်ခင်နှစ်သက်ပြီး အနမ်းပေးချင်နေသူက ငယ်ကျွမ်းဆွေလည်းမဟုတ်သလို သူငယ်ချင်းလည်းမဟုတ်ဘဲ သူမလေးစားရသူဖြစ်နေသည်။
ယွိဖေးလက်ဖဝါးတွင် ချွေးစေးများထွက်နေလေသည်။ သူမအတော်လေးတုန်လှုပ်နေမိသည်။
ရှဲ့လင်က သူမ၏ဝမ်းကွဲတော်စပ်သူဖြစ်သောကြောင့် သူ့ကိုစိတ်ပူပြီး သနားမိသည်။ ရှဲ့လင်၏မိသားစုက ရှေးရိုးစွဲပြီးတင်းကြပ်သောကြောင့် ယောကျ်ားတစ်ယောက်နှင့်ပတ်သက်မိလျှင် လက်ခံကြမည်မဟုတ်မှန်းသူမသိနေခဲ့သည်။ ပုံမှန်အခြေအနေပြန်မရောက်သည်နှင့် သူတို့၏ဆက်ဆံရေးက ကွာပြဲသွားနိုင်၏။
တချိန်တည်းမှာပင် သူမမှာ အတော်လေးစိတ်အနှောင့်အယှက်ဖြစ်နေရသည်။ ဖုယွမ်ကျိုးဘက်မှအတွေးကို သူမလည်းမခန့်မှန်းတတ်ပေ။ သူမဘက်မှ ဖုယွမ်ကျိုးကိုသဘောကျလာခဲ့သည်မှာ အတော်လေးကြာခဲ့ပြီဖြစ်ပြီး အခြားမိန်းကလေးများနှင့်ယှဥ်လျှင် သူမထံ၌အရှုံးမရှိပေ။
သို့သော်လည်း ဖုယွမ်ကျိုးက သူ့မပုံစံကို စိတ်မဝင်စားဘဲရှိနေလေသည်။ ထိုသူကလူတိုင်းကို ညီတူညီမျှဆက်ဆံပြီး မည်သည့်အကြောင်းပြချက်နှင့်မှ ဘက်လိုက်ခြင်းမရှိခဲ့ပေ။ သူမအနေဖြင့် သူ၏စိတ်နေစိတ်ထားကိုသဘောကျစေကာမူ စိတ်ရှုပ်နေဆဲပင်။ ထိုသို့ဖြင့် သူမတွင်အခွင့်အရေးနည်းပါးလာခဲ့သည်။ ကံကောင်း၍ ဖုယွမ်ကျိုးတွင်ရင်းနှီးသည့်မိန်းကလေးမရှိသေးသောကြောင့် သူမကသာ သူ၏အခင်ဆုံးသူငယ်ချင်းဖြစ်နေလေ၏။
သူမကဖြူစင်ပြီး လိမ္မာသည့်မိန်းကလေးတစ်ယောက်မဟုတ်ပေ။ သူမစိတ်ထဲတွင်ပင်ကိုယ်ယူဆချက်နှင့် ကိုယ်ပိုင်နည်းလမ်းများရှိသည်။ ဖုယွမ်ကျိုးက သူမကိုသဘောကျလာလိမ့်မည်ဟု ယူဆထားခဲ့၏။
တော်သေးသည်မှာ သူမအစ်ကိုကယောကျ်ားလေးဖြစ်နေသည်။ သူမတကယ်ကံကောင်းသွားခဲ့ခြင်းပင်။
ဖုယွမ်ကျိုးက သူယောကျ်ားများကိုသဘောမကျကြောင်းပြောခဲ့ဖူးသည်၊၊ သူမဝမ်းကွဲအစ်ကို၏မိသားစုသည်လည်း ယောကျ်ားတစ်ယောက်နှင့်ပတ်သတ်မှုကိုလက်ခံမည်မဟုတ်ပေ။ သို့ဖြစ်၍ သူတို့နှစ်ယောက်ကအတူနေနိုင်မည်မဟုတ်ပေ။
ဒါပေမဲ့ နောက်ထပ်အကြောင်းပြချက်ကျရော။ သူမ ဝမ်းကွဲအစ်ကိုနဲ့ပြိုင်ရဦးမည်လား။
ယွိဖေးမှာ မသိတော့သလို သိလည်းမသိချင်တော့ပါချေ။ သူမတွင် ယုံကြည်ချက်လည်းမရှိပေ။
အကယ်၍ ဆိုသည့်အရာသာမရှိတော့လျှင် အတိတ်က သူမမနာလိုဖြစ်ခဲ့ရသည့်အကြောင်းအရင်းမှာ ယခုတော့ ဖုယွမ်ကျိုးနှင့်သူမ၏ဝမ်းကွဲအစ်ကိုတို့ကြားတွင် အကြီးမားဆုံးသောအလှည့်အပြောင်းတစ်ခုဖြစ်သွားပေလိမ့်မည်။
သူတို့အတူနေလို့မဖြစ်ဘူး။
ယွိဖေးသည်ကား အတော်လေးစိတ်ညစ်နေပြီး အချိန်အတော်ကြာမှ ခပ်တိုးတိုးပြောလိုက်လေ၏။
"ငါလျှို့ဝှက်ထားပေးပါ့မယ်.."
"အိုကေ..."
ရှဲ့လင်ကလည်း ပြောလိုက်သည်။
"သွားအိပ်ရအောင်.."
သူတို့နှစ်ယောက်လုံး အပေါ်ထပ်သို့ပြန်တက်လာကြသည်။ ယွိဖေးက ရှဲ့လင်၏နောက်ကျောကိုကြည့်ရင်း ရုတ်တရက်မေးလိုက်၏။
"နင်နဲ့ယွမ်ယွမ်တို့ နောက်ပိုင်းအတူနေဖြစ်ကြရင်ရော...နင်ဘယ်လိုတွေးထားလဲ..."
ရှဲ့လင်က တုံ့ခနဲရပ်သွားသော်လည်း ပြန်မဖြေလာခဲ့ပေ။
ဖုယွမ်ကျိုးကမူ ထိုညကဖြစ်သွားခဲ့သမျှကို ဘာဆိုဘာမှမသိဘဲ အိပ်ပျော်သွားခဲ့သည်။
သူနိုးလာသည့်အခါ ဘေးတွင်လှဲနေသောရှဲ့လင်ကိုတွေ့လိုက်ရသောကြောင့် စိတ်သက်သာသွားခဲ့ရ၏။
♎️