♎️Chapter 92
Another life -5
ဘတ်စကတ်ဘောပွဲပြီးသည့်နောက်ပိုင်း ယွမ်ယဲ့နှင့်ဖုယွမ်ကျိုးတို့ပိုရင်းနှီးလာကြပြီး အချစ်ဆုံးသူငယ်ချင်းများပင်ဖြစ်လာခဲ့ကြသည်။ အားလုံးက အံ့အားသင့်နေကြသော်လည်း ဖုယွမ်ကျိုးကမူ ၎င်းတို့အမြင်ကိုဂရုမစိုက်ဘဲ အတန်းဖျက်ပြီး ယွမ်ယဲ့နှင့်အတူ အင်တာနက်ကဖေးတွင်ဂိမ်းဆော့နေခဲ့သည်။
အစပိုင်းကအထိ ယွမ်ယဲ့ကဂိမ်းကို စိတ်ဝင်စား၍ကစားနေခြင်းဖြစ်မည်ဟုထင်ခဲ့သော်လည်း ယွမ်ယဲ့ကပရိုဖက်ရှင်နယ်အဆင့်အထိကစားရန် ရည်ရွယ်ထားကြောင်း နောက်ပိုင်းမှသိလိုက်ရလေသည်။ ထိုသူအတန်းပျက်နေရခြင်းမှာလည်း အချိန်ပိုင်းဂိမ်းပြိုင်ပွဲလေးများတွင် ဝင်ပြိုင်နေသောကြောင့်ပင်။
"မဆိုးဘူး!"
ဖုယွမ်ကျိုးက ထိုသူကိုချီးကျုးခဲ့သည်။
"မင်းကအရမ်းတော်တယ်...ငါမင်းကိုကူညီမယ်..."
"တကယ်လား"
ယွမ်ယဲ့ကပြုံးလိုက်သည်။
"ငါ့စိတ်ကူးက ကလေးဆန်ပြီးရယ်စရာကောင်းတယ်လို့မထင်ဘူးလား..."
"ဘယ်သူကရယ်စရာကောင်းတယ်လို့ပြောတာလဲ...ငါသွားရိုက်ပေးမယ်..."
ယွမ်ယဲ့: "ငါ့အဖေပေါ့..."
"......"
ဖုယွမ်ကျိုးက ချက်ချင်းစကားလမ်းကြောင်းပြောင်းလိုက်သည်။
"ပြီးရင် ငါတို့ဘာစားကြမလဲ..."
ယွမ်ယဲ့က သူ့စကားကြောင့်ပျော်ရွှင်သွားခဲ့၏။
"မင်းစားချင်တာစားလေ.."
"မင်းကရယ်စရာမကောင်းပါဘူး...ကြောက်စရာပဲကောင်းတာ.."
ဖုယွမ်ကျိုးက စကားလမ်းကြောင်းကိုပြန်တည့်လိုက်လေ၏။
"ဒါကမင်းအိပ်မက်လေ...မင်းကအရမ်းလည်းကြိုးစားတယ်...အရည်အချင်းလည်းရှိတယ်..မဖြစ်နိုင်စရာမရှိဘူးလေ..."
"ငါမင်းပြောတာကိုမှတ်ထားလိုက်ပြီနော်..."
ယွမ်ယဲ့က ရယ်လေတော့သည်။
"မင်းငါ့ကိုမပြောရသေးဘူးနော်...မင်းမှာရောအိပ်မက်ရှိလား..."
"သိပ်မကြီးပါဘူး...ငါနောက်နှစ်နည်းနည်းလောက်ဆိုရင် ကမ္ဘာအနှံ့ခရီးသွားနိုင်မယ်လို့ စိတ်ကူးထားတယ်..."
ဖုယွမ်ကျိုးကပြောလိုက်လေသည်။
"ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးရင် သွားဖို့စီစဥ်ထားတယ်..."
"ငါ့ဂိမ်းပြိုင်ပွဲကိုလာကြည့်ဖို့လည်းမမေ့နဲ့ဦး.."
"ဒါပေါ့...မင်းချန်ပီယံရတာကို ငါကြည့်ချင်သေးတယ်..."
သူတို့နှစ်ယောက် အပြန်အလှန်မြှောက်ပင့်နေကြရင်း ညစာစားရန် သီးသန့်ခန်းထဲမှထွက်လာခဲ့ကြသည်။
ယွမ်ယဲ့က နောက်တမျိုးပြောလာပြန်သည်။
"မင်းနေ့လည်က အရမ်းစိတ်တိုနေသလိုပဲ..ဘာဖြစ်လို့လဲ.."
"ပြောမနေပါနဲ့တော့..."
သူ့ကိုသဘောကျသည့်လူများရှိသလို သဘောမကျသည့်လူများလည်းရှိတတ်သည်။ သို့သော် ယေဘူယျအားဖြင့် အသည်းခိုက်အောင်မုန်းတီးနေသူဟူ၍ မရှိတတ်ပေ၊၊ သိူ့ထိတိုင် အထက်တန်းကျောင်းတွင်မူ ချွင်းချက်ရှိလေသည်။ တစ်ယောက်က ရန်ရှူးထန်ဖြစ်ပြီး ကျန်တစ်ယောက်ကယွမ်ယဲ့ပင်။
ယခုတော့ သူနှင့်ယွမ်ယဲ့တို့ကပြေလည်သွားကြပြီး သူငယ်ချင်းများဖြစ်လာခဲ့ကြသည်။ ရန်ရှူးထန်နှင့်မူ ယခုအချိန်အထိ မကျေပွဲနွဲနေရဆဲ။ ထိုသူကိုမူ ယွမ်ယဲ့အားမုန်းခဲ့သည်ထက်ပင် ပိုမုန်းမိသေးသည်၊ ၎င်းကို ဂျုံအိတ်တစ်အိတ်နှင့်ရိုက်နိုင်မည့်အခွင့်အရေးရရန်ပင် ဆုတောင်းမိသေးသည်။ သူငယ်ချင်းဖြစ်ရန်မပြောနှင့်၊ ပြေလည်သွားရန်ပင် အတော်လေးအားစိုက်ရလိမ့်မည်။
နှစ်ယောက်သား တံခါးဖွင့်ကာ အင်တာနက်ကဖေးမှအပြင်ထွက်လာခဲ့ကြသည်။ ရန်ရှူးထန်အသံကိုလိုက်တုနေသည့် ဖုယွမ်ကျိုးကြောင့် ယွမ်ယဲ့မှာရယ်နေရလေသည်။ ထိုအခိုက် သူတို့နှစ်ယောက်ကြားကို တစ်ခုခုကဖြတ်ပျံသွားခဲ့သည်။ သူတို့ကိုဝင်တိုက်ပြီးမှ ရပ်သွားလေ၏။
ရန်ရှူးထန်က အနက်ရောင်ကုတ်နှင့် အိတ်တစ်လုံးကိုလွယ်ထားလေကာ သပ်သပ်ရပ်ရပ်ဝတ်ထားခဲ့၏။ ဆောင်းရာသီဖြစ်သည့်အလျောက် နှင်းကျနေသည်။ သစ်ကိုင်းထက်မှနှင်းထုသည် သူ့မျက်ခုံးနှင့်မျက်လုံးအပေါ်တွင်အရောင်ပြန်နေပြီး သူ့အတိုင်း ဖွေးစွတ်နေလေသည်။
၎င်းသည် အမြဲတစေသုန်မှုန်နေကာ နှင်းထက်ပင်အေးစက်သည့်အသွင်ရှိငည်၊ ဖုယွမ်ကျိုးသည်ကား စံပြကျောင်းသားပုံရိပ်ဆိုလျှင် မုန်းတီးတတ်ပြီး ၎င်း၏ပြောင်းလဲနေသည့်အမူအရာကလည်း ယင်းနှင့်ကွက်တိဖြစ်နေ၍ တမဟုတ်ချင်း သူ့အမူအရာမှာလည်းမည်းမှောင်သွားတော့သည်။
ရန်ရှူးထန်ကမူ အေးစက်စက်နှင့်ပင် အင်တာနက်ကဖေး၏ဆိုင်းဘုတ်ကိုကြည့်လိုက်သည်။ "မင်းအင်တာနက်ကဖေးကိုရောက်နေတာလား..."
"မင်းအပူမပါဘူး..နားလည်လား.."
ရန်ရှူးထန်က သူ့ကိုလျစ်လျူရှုထားသလို ဘာမှမပြောတော့ဘဲလှည့်ထွက်သွားတော့သည်။
ဖုယွမ်ကျိုးက အနောက်မှ လက်ခလယ်ထောင်ပြလိုက်သည်။ "ဟန်ဆောင်မနေနဲ့...မင်းကြောက်နေတာမလား!"
ယွမ်ယဲ့: "သူတကယ်ဂရုမစိုက်ဘူးထင်တယ်နော်..."
"မင်းကပါသူ့ဘက်ကလိုက်နေတာလား..." ဖုယွမ်ကျိုးက ဒေါသထွက်လာပြီ။ "မင်းဘယ်သူ့ဘက်ကလဲ..."
"မင်းဘက်ကပေါ့..."
သူယွမ်ယဲ့ကိုရိုက်ပစ်ချင်လာသည်အထိ စိတ်ဆိုးနေခဲ့သည့်တိုင် ယွမ်ယဲ့ကသူ့ကို မစတော့ဘဲ ကျေနပ်လာသည်အထိချော့မော့လိုက်ပြီး ပြုံးကာဆိုလေ၏။ "ငါမင်းကိုနေ့လည်စာဝယ်ကျွေးမယ်...မင်းကြိုက်တာစား..."
"မင်းမှာပိုက်ဆံရောပါလို့လား..." သူ ယွမ်ယဲ့ပုခုံးကိုညှစ်လိုက်သည်။
"ငွေသားတော့သိပ်မပါပေမဲ့ ဖုန်းနဲ့တော့ပေးလို့ရပါတယ်..." ယွမ်ယဲ့က သူ၏ပြောင်သလင်းခါနေသည့် အိတ်ကိုကိုင်လိုက်သည်။
"နေဦး...ဖုန်းကငါ့ဆီမှာမဟုတ်ဘူး...သီးသန့်ခန်းထဲမှာကျန်ခဲ့ပြီထင်တယ်...သွားယူလိုက်ဦးမယ်.."
"ဒါဆိုလည်း သူများတွေမယူသွားခင် မြန်မြန်သွားယူ..."
"အင်း..."
ယွမ်ယဲ့က တုံ့ပြန်လိုက်သော်လည်း စိတ်ပူနေပုံမပေါ်ချေ။ သူတို့အဝေးကြီးမရောက်သေးသော်လည်း တဖက်လှည့်လိုက်သည်နှင့် သူ့မျက်နှာပေါ်တွင်အံ့အားသင့်နေသည့်အမူအရာပေါ်လာခဲ့သည်၊ ရန်ရှူးထန်ကမသွားသေးဘဲ သူတို့ကိုအနောက်မှကြည့်နေခဲ့၏၊ အထူးသဖြင့် ဖုယွမ်ကျိုး၏နောက်ကျောကိုကြည့်နေခဲ့လေသည်။
သူလှည့်လာသည်ကိုတွေ့လိုက်သည်နှင့် ရန်ရှူးထန်ကရပ်သွားပြီး ချက်ချင်းလှည့်ထွက်သွားလေသည်။ ယွမ်ယဲ့ကအတွေးများနေပြီး အင်တာနက်ကဖေးကိုဖုန်းသွားမယူသေးသောကြောင့် ဖုယွမ်ကျိုးထံမှ နောက်တခါအဆူခံရပြန်လေသည်။
ယွမ်ယဲ့နှင့်ဂိမ်းကစားရသည်မှာပျော်စရာကောင်းပြီး တဖက်တွင်လည်း လော့ရန်စုန့်နှင့်စကားပြောနေခဲ့သေးသည်။ ဖုယွမ်ကျိုးမှာအင်မတန်ပျော်နေခဲ့သော်လည်း စာမေးပွဲရလဒ်များကြောင့် စိတ်လေးသွားခဲ့လေ၏။ သူသည်ကား နောက်ဆုံးစာမေးပွဲတွင်ဆိုးရွားစုတ်ပြတ်ခဲ့ပြီး အတန်းထဲတွင်လည်း အဆင့်ကနောက်ရောက်နေခဲ့သည်။
သူသည်ကား အထက်တန်းကျောင်းစတက်တည်းက အဆင့်များထိုးကျနေခဲ့သည်၊ နှိုင်းယှဥ်ချက်များက ပိုပြီးပင်ရက်စက်သေး၏။ အိမ်ပြန်ရောက်သည်နှင့် မိဘများကသူ့အားဆူကြပြီး ဖုယွမ်ကျိုးမှာ နွေဦးပွဲတော်တလျှောက်လုံး ရင်တမမဖြစ်နေခဲ့ရသည်။ သည့်နောက် ကျောင်းစတက်သည်နှင့်သတင်းဆိုးကရောက်လာလေတော့၏။
ကျောင်းက အတန်းတစ်တန်းစီမှကျောင်းသားအချင်းချင်းကို နှစ်ယောက်တွဲစာလေ့လာစေခဲ့ပြီး သူနှင့်အတူတွဲကာစာလေ့လာရမည့်သူက ရန်ရှူးထန်ဖြစ်နေခဲ့လေသည်။
သတင်းကြားရသည်နှင့် ဖုယွမ်ကျိုးမှာ ထခုန်လိုက်မိပြီး ရုံးခန်းကိုအမြန်ပြေးကာ တာ့ယန်ကိုပြန်စီစဥ်ပေးရန်တောင်းဆိုရတော့သည်။ ဘယ်သူမဆိုရတယ်၊ ဘာလို့ရန်ရှူးထန်ဖြစ်ရတာလဲ။
"မင်းကိုအဆင့်တစ်နဲ့တွဲပေးတာတောင် ဘာလို့မကျေမျပ်ဖြစ်နေရတာလဲ.."
တာ့ယန်က လက်မခံနိုင်ပါချေ။
"သူနဲ့စာတွဲလုပ်ချင်တဲ့လူတွေဘယ်လောက်များလဲ မင်းသိလား.."
"ဒါဆိုလည်း အဲဒီလူတွေလုပ်ပါစေဗျာ...ကျွန်တော်လူလဲပေးမယ်...!"
"လဲလို့မရဘူး...ရန်ရှူးထန်က မင်းနာမည်ကိုရွေးလိုက်တာ..မင်းသူနဲ့ပဲစာလုပ်ရမယ်...အခြားသူတွေလုပ်ပေးလို့မရဘူး..."
ခံပြင်းလိုက်တာ...တကယ်ခံပြင်းဖို့ကောင်းတယ်..ရန်ရှူးထန်က အခွင့်အရေးရှာပြီး သူ့ကိုလက်စားချေချင်နေတာပဲဖြစ်ရမယ်။
ဖုယွမ်ကျိုးမှာ ဒေါသထွက်လွန်း၍ အသည်းတဆတ်ဆတ်နာနေလေသည်။
"ဒါကဒီအတိုင်း ပရဟိတလုပ်တာပဲမလား...အပြတ်ပြောစရာမလိုဘူးလေ..."
"မင်းမှာဂျီးများနေစရာအခွင့်အရေးရှိလား..."
ဖုယွမ်ကျိုးမှာစိတ်ဓာတ်အကျလွန်ပြီးသွေးအန်မိတော့မည်။ သူသည်ကား သေတော့မလိုပြောလိုက်လေ၏။
"ယွမ်ယဲ့ဆိုရင်ရော အဆင်မပြေဘူးလား...ယွမ်ယဲ့နဲ့လည်းပြန်လှန်လေ့ကျင့်ခန်းတွေလုပ်လို့ရပါတယ်...သူကအဆင့်နှစ်ဆိုတော့ သင်ပေးလို့ရတယ်လေ..."
"မင်းသူ့ကိုကျောင်းလာအောင်လုပ်နိုင်ရင် ငါလဲပေးမယ်..."
တာ့ယန်စကားကြောင့် ဖုယွမ်ကျိုးမှာလမ်းပျောက်သွားရပြန်သည်၊၊ ယွမ်ယဲ့ကနေ့စဥ် ထရိန်နင်ဆင်းနေရ၍ ကျောင်းမလာနိုင်ပေ၊၊ သူ့ကြောင့် ယွမ်ယဲ့၏လေ့ကျင့်ရေးကို အနှောင့်အယှက်ဖြစ်သွားစေလိမ့်မည်။
"မင်းနဲ့ယွမ်ယဲ့ အရင်ကမခင်ကြဘူးမလား...အခုတော့ သူငယ်ချင်းတွေဖြစ်သွားကြပြန်ပြီလား..."
တာ့ယန်ကသူ့ပုခုံးကိုပုတ်လာသည်။
"ရန်ရှူးထန်နဲ့လည်း ခင်အောင်နေစမ်းပါ...မင်းလုပ်နိုင်ပါတယ်..."
ဖုယွမ်ကျိုး: "....."
သူမလုပ်နိုင်ဘူး!
ငြင်းဆန်ခြင်းကအလုပ်မဖြစ်ခဲ့ဘဲ စာရင်းသည်လည်း ယခင်အတိုင်းမပြောင်းမလဲဖြစ်သွားခဲ့သည်။ ဖုယွမ်ကျိုးကမူ သည်အတိုင်းလက်မခံနိုင်သေးပေ။ ကျောင်းက ဆရာကိုစီစဥ်ပေးထားသည့်တိုင် သူမသွားခဲ့ပေ။ သူရန်ရှူးထန်စာသင်သည်ကို သည်းခံပြီးနားမထောင်နိုင်ပေ။
ပထမအတန်းချိန်ပြီးသွားသည့်အခါ သူအင်တာနက်ကဖေးတွင် ပျော်ပျော်ကြီးကစားနေခဲ့သည်။ ယွမ်ယဲ့မရှိသော်လည်း သူငယ်ချင်းအသစ်များထပ်ရထားသောကြောင့် ၎င်းတို့နှင့်အတူကစားနိုင်ခဲ့သည်။
သည်တခေါက်တွင် သူတို့အတူ ဘော့စ်ကိုသတ်နိုင်ခဲ့ကြသည်။ သို့သော် ဂိမ်းပွဲပြီးသည်နှင့် နားကြပ်က ဆွဲဖြုတ်ခံလိုက်ရသည်။ သူနောက်ကိုလှည့်ကြည့်လိုက်သည့်အခါ ရန်ရှူးထန်ကသူ့ကိုမျက်နှာသေဖြင့်ကြည့်နေပြီး အေးစက်လှသည့်အသံဖြင့်ပြောလာသည်ကိုကြားလိုက်ရ၏။
"ငါနဲ့အခုလိုက်ခဲ့"
ဤပုံစံကို သူရင်းနှီးနေသည်၊၊ ဖုယွမ်ကျိုးမှာ ကြောင်တက်တက်ဖြစ်နေပြီးမှသတိရသွားသည်။ ယွမ်ယဲ့ကို ဘတ်စကတ်ဘောလေ့ကျင့်ရန် လာခေါ်ခဲ့စဥ်ကလည်း ယခုလိုပင်။ ယခုတခေါက်တွင်မူ သူ့ကိုလာခေါ်သူမှာ ရန်ရှူးထန်ဖြစ်နေလေသည်။
ထိုအချိန်က ယွမ်ယဲ့ သူ့ကိုထွက်သွားခိုင်းရသည့်အကြောင်းကို ယခုမှပင်သူနားလည်သွားခဲ့ရ၏။ သူလည်းရန်ရှူးထန်ကို ချက်ချင်းနှင်ထုတ်ပစ်ချင်စိတ်ပေါက်လာခဲ့လေ၏။
"ထွက်သွား...ငါကတော့ပြန်မလိုက်နိုင်ဘူး..."
သို့ထိတိုင် ရန်ရှူးထန်ကသူ့ထက် ဆယ်ဆခန့်ပိုဆိုးမည်ဟုမထင်ထားခဲ့ချေ။ ၎င်းက ဖုန်းထုတ်ကာ တစ်ယောက်ပြီးတစ်ယောက် ဖုန်းခေါ်လေတော့၏။
"မင်းပြန်မလိုက်ရင် အင်တာနက်ကို အသက်မပြည့်သေးတဲ့လူငယ်တွေကိုသုံးခိုင်းတယ်လို့ ငါတိုင်လိုက်တော့မယ်..."
ဖုယွမ်ကျိုး အလန့်တကြားဖြင့်ထရပ်လိုက်မိလေရာ ထိုင်ခုံများအကုန်လဲသွားလေသည်။ အင်တာနက်ကဖေးဆိုင်ပိုင်ရှင်က ယွမ်ယဲ့သူငယ်ချင်းဖြစ်သောကြောင့် လာကစားတိုင်း ပိုက်ဆံပေးစရာပင်မလိုခဲ့ပေ။
သူသည်ကား ဒေါသထွက်လာရပြီး ရန်ရှူးထန်ရှိရာကိုပြေးသွားကာ ဖုန်းကို တစစီဖြစ်သည်အထိရိုက်ခွဲပစ်လိုက်ရန် ကိုယ်ကိုကိုင်းလိုက်သည်။
ရန်ရှူးထန်က လှစ်ခနဲဆုတ်လိုက်၍ ဖုယွမ်ကျိုးမှာမမီလိုက်ပေ။ သူက ကျန်နေသည့်ခလုတ်တို့ကိုဆက်နှိပ်နေလေသည်။
"မဆက်နဲ့တော့...ငါမင်းနဲ့ပြန်လိုက်ခဲ့မယ်"
ဖုယွမ်ကျိုးမှာ ထိတ်လန့်သွားရ၍ ခြေထောက်ပင်သာခွေယိုင်ဖြစ်နေပြီး သိက္ခာကိုပင်မငဲ့နိုင်တော့ဘဲ ချက်ချင်းတောင်းပန်ရတော့သည်။
"ကျောင်းကိုပြန်လိုက်ခဲ့မယ်မလား..."
ရန်ရှူးထန်ကမေးလေသည်။
"လိုက်မယ်...လိုက်မယ်..."
ဖုယွမ်ကျိုးမှာ ခါးခါးသီးသီးငိုချင်သွားသည်။ ကျောင်းသားကောင်းတို့က စိတ်နှလုံးဖြောင့်မတ်သည်ဟုဆိုကြသည်၊၊ ရန်ရှူးထန်ကမူ ဝမ်းတွင်းမည်းကောင်ပင်။
သူ့ကိုရန်ရှူးထန်က ကျောင်းသို့ဆွဲခေါ်လာသည်၊၊ အတင်းစာကျက်ခိုင်းပြီး ရန်ရှူးထန်၏သင်ခန်းစာတို့ကိုလည်း စိတ်မပါဘဲနားထောင်လိုက်ရသည်။
ရန်ရှူးထန်မျက်နှာသည်ကား မပြောင်းလဲသွားပေ။ မျှတပြီး ကြည့်ကောင်းနေဆဲ။ သို့သော်လည်း မုန်းစရာကောင်းသည်။ ယခုတော့ ဆယ်ဆပိုပြီးမုန်းစရာကောင်းသွားလေပြီ။ ဖုယွမ်ကျိုး၏ဒေါသပြင်းအားမှာ အဆုတ်ပင်ပေါက်ထွက်လုနီးပါးပင်။ သို့သော်လည်း ရန်ရှူးထန်ကိုမူပြန်မပြောရဲတော့ပေ။ သူ့အား ရန်ရှူးထန်က ပြန်ပေးဆပ်ခိုင်းနေမည်ကိုကြောက်နေရသည်။ သူ့ကိုမဟုတ်ဘဲ အခြားသူများဘက်သို့ဦးလှည့်သွားမည်ကိုစိုးရိမ်နေရ၏။ ဥပမာ အင်တာနက်ကဖေးဆိုင်ပိုင်ရှင်။
သို့သော်လည်း ကိစ္စပြီးသည့်တစ်နေ့တွင် သူရန်ရှူးထန်ကို ချီးထွက်သည်အထိရိုက်ပစ်မည်ဟု သူတေးထားလိုက်၏။
စာသင်ချိန်ပြီးသည်နှင့် ဖုယွမ်ကျိုး အန်ထွက်မလိုဖြစ်သွားခဲ့သည်။ စာသင်နေသည့်တလျှောက်လုံး သူအာရုံမရခဲ့ပေ။ ရန်ရှူးထန်သူ့ကို ဘာသင်သွားမှန်းပင်မသိလိုက်သလို ရန်ရှူးထန်သူ့ကိုပေးလိုက်သည့်လေ့ကျင့်ခန်းစာအုပ်များကိုလည်း ဖွင့်မကြည့်လိုက်မိပေ။ ကျောင်းလွယ်အိတ်ထဲကိုသာထိုးထည့်လိုက်လေသည်။
"ပြီးရင်အိမ်ပြန်လို့ရပြီ..."
ရန်ရှူးထန်ကပြောလာခဲ့လေသည်။
"အိုး..."
ဖုယွမ်ကျိုးတုံ့ပြန်လိုက်သော်လည်း သရဲကသာလုပ်ပေးလိမ့်မည်ဟု စိတ်ထဲမှပြောနေလိုက်၏။
ရန်ရှူးထန်: "ဖုန်း..."
"ရန်ရှူးထန်...မင်းလူတွေကို ဒီလောက်အနိုင်မကျင့်သင့်ဘူးနော်!"
ဖုယွမ်ကျိုး စားပွဲကိုဗြန်းကနဲရိုက်ပြီး ထရပ်လိုက်သည်။
ရန်ရှူးထန်က သူ့ကို အေးဆေးစွာဖြင့်ကြည့်လာလေသည်။ ထိုသူ၏အကြည့်ကိုရင်ဆိုင်လိုက်ရသည့်အခါ ဖုယွမ်ကျိုးမှာ တုန်တက်သွားခဲ့သည်။ သူနောက်ဆုံးအချိန်အထိ သည်းခံထားရန်ဆုံးဖြတ်လိုက်ပြီး ပြီးမှ အနှီလူသတ်ကောင်ကို ကိုယ်တိုင်နှစ်ခြမ်းဖြဲပစ်မည်။
ညဘက်ရောက်သည့်အခါ လော့ရန်စုန့်နှင့်စကားပြောဖြစ်သည်။ ဖုယွမ်ကျိုးက စိတ်ဆိုးမာန်ဆိုးဖြင့် အားလုံးကိုပြောပြလိုက်၏။ ၎င်းကိုကြားရသည့်အခါ လော့ရန်စုန့်ကသူ့ကိုနှစ်သိမ့်ပေးပြီး နူးညံ့လှသည့်အသံဖြင့်ပြောလိုက်သည်။
"ကိုယ်ကူညီမယ်.."
"တကယ်လား..."
ဖုယွမ်ကျိုးမျက်လုံးများက အရောင်တောက်သွားသည့်တိုင် ခပ်ရွံ့ရွံ့တုံ့ပြန်လာလေသည်။
"သိပ်တော့မကောင်းဘူး..မင်းအတွက်ဒုက္ခများလိမ့်မယ်ထင်တယ်..."
"ရတယ်...ကိုယ်လက်လေးတစ်ချက် လှုပ်လိုက်ရုံပါပဲ.."
လော့ရန်စုန့်ကပြုံးကာ ဖုယွမ်ကျိုးကို မေးခွန်းလွှာများအားဓာတ်ပုံရိုက်ပြီးပို့ခိုင်းလိုက်သည်။ ခဏအကြာတွင် သူကအဖြေတို့ကိုပြန်ပို့လာ၏။ ထိုသူပြောသည့်စကားကမှန်သည်။ ထိုသူအတွက်က အတော်လေးလွယ်ကူနေလေ၏။
"ဒီလောက်ဆိုရပြီ..."
"မင်းတကယ်တော်တာပဲ...လက်ရေးလည်းလှတယ်..."
ဖုယွမ်ကျိုးကသူ့အား ချီးကျုးလိုက်သည်။
လော့ရန်စုန့်: "ဘာမှစိတ်မပူနဲ့...ပုံမှန်လေးအတိုင်းပဲသွား...ကိုယ်မနေ့ကပြောတဲ့ရုပ်ရှင်ကိုလည်းကြည့်လို့ရတယ်..."
"အိုကေ"
ဖုယွမ်ကျိုးကသဘောတူလိုက်လေ၏။
"ကိုယ်မင်းနဲ့အတူကြည့်မယ်...ဒီမှာပဲလေ..."
လော့ရန်စုန့်က အကြံပေးလေ၏။
"အသံဖွင့်ပြီး ဇာတ်ကြောင်းကိုဆွေးနွေးကြမယ်..."
လော့ရန်စုန့်က တရုတ်ပြည်တွင်းတွင်မဟုတ်သော်လည်း အဆိုပါနည်းလမ်းဖြင့်ဆိုလျှင် ဖုယွမ်ကျိုးအတွက် နီးကပ်နေသလိုခံစားရစေသည်။ သူ့အနားတွင်ရှိနေသလိုပင်။
"မင်းကိုလည်းမြင်ရပြီပေါ့..."
သူထုတ်ပြောလိုက်မိသွားသည်။
"မင်းအချိန်မရွေးလာလည်လို့ရတယ်...ကြိုက်တဲ့အချိန်သာလာခဲ့..."
"ဒါဆို ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးရင် မင်းဆီလာခဲ့မယ်..."
ဖုယွမ်ကျိုးက အတန်းပျက်လျှင်လည်း သိပ်ဂရုစိုက်မနေပါချေ။ အဆင်ပြေနေဆဲသာ။ သို့သော်လည်း လော့ရန်စုန့်က နိုင်ငံခြား အဝေးတစ်နေရာတွင်နေရသူဖြစ်ရာ တစ်ရက်နှစ်ရက်နှင့် ရောက်မလာနိုင်ပေ။ သူ့မိဘများလည်းသတိထားမိသွားနိုင်ပြီး အထက်တန်းစာမေးပွဲမပြီးမချင်း သူ့ကိုထွက်ပြေးခွင့်ပေးကြမည်မဟုတ်။
"အိုကေ...အပေးအယူအောင်မြင်တယ်..."
လော့ရန်စုန့်ကပြောလိုက်သည်။
လော့ရန်စုန့်အကူအညီဖြင့် ဖုယွမ်ကျိုး ရန်ရှူးထန်ကို အလွယ်တကူရှင်းထုတ်နိုင်လိမ့်မည်။ သူလော့ရန်စုန့်၏အဖြေအားလုံးကို မကူးချခဲ့ပေ၊၊ သူအကုန်လုံးကို မှန်အောင်ဖြေလိုက်၍မဖြစ်သောကြောင့် တစ်ခုတလေကိုသာကူးချလိုက်သည်။
စာသင်ချိန်ပြီးဆုံးသည့်အခါ ဖုယွမ်ကျိုးစိတ်ပေါ့ပါးသွားတော့သည်။ ရန်ရှူးထန်၏မျက်နှာကို နေ့တိုင်းမြင်နေရရန်မလိုတော့ကြောင်းတွေးလိုက်ရုံဖြင့် သူအင်မတန်ပျော်သွားခဲ့ရသည်။ ရန်ရှူးထန်ကို ဂျုံအိတ်ဖြင့်ဖိသတ်ချင်နေသည့်စိတ်ပင် သိပ်မပေါ်လာတော့ပေ။
"စာသင်ချိန်ပြီးသွားပြီဆိုပေမဲ့ မင်းကြိုးစားဖိုလိုသေးတယ်..."
ရန်ရှူးထန်က ဆုံးမနေပြန်သည်။
"မင်းငါ့ဖုန်းနံပါတ်ကိုယူထားလိုက်..ငါမင်းကိုကူညီပေးမယ်..."
"ဒီအတောအတွင်း ကျေးဇူးတင်ပါတယ်..ဒါပေမဲ့ ငါ့ရှေ့မှာ ကျောင်းသားကောင်းယောင်မဆောင်နဲ့...ငါကမင်းကိုအရမ်းမုန်းတယ်...ဘာလို့မင်းကိုဖုန်းဆက်ရမှာလဲ...မင်းဖုန်းနံပါတ်ကိုတွေ့တာနဲ့ ငါ့ဖုန်းကိုရိုက်ခွဲပစ်ချင်လာလိမ့်မယ်..."
ရန်ရှူးထန်၏ဖုန်းနံပါတ်ကိုမြင်လိုက်မိလျှင် ရန်ရှူးထန်ကဖုန်းဆက်ပြီးလှမ်းတိုင်ခဲ့သည့်မြင်ကွင်းကို ပြန်မြင်ယောင်ကာ သူဒေါသထွက်လာလိမ့်မည်၊၊ သူ့ကိုယ်သူဒေါသထွက်အောင် မလုပ်သင့်ပေ။
ပြောပြီးသည်နှင့် သူထွက်လာခဲ့လိုက်သည်။ ရန်ရှူးထန်က တိတ်ဆိတ်နေပြီးနောက် စားပွဲပေါ်မှ ပြန့်ကျဲနေသည့်စာရွက်တို့ကိုယူပြီး ဖိုင်ထဲကိုသပ်သပ်ရပ်ရပ်လေးပြန်ထည့်လိုက်သည်။
သူ့ကျောင်းလွယ်အိတ်ထဲတွင် မှတ်စုစာအုပ်အထူကြီးတစ်အုပ်ရှိသည်။ သူခဏမျှရပ်လိုက်ပြီးနောက် ထုတ်ပြီး စာရွက်တစ်ရွက်ကိုလှန်လိုက်၏။ အထဲတွင် သူနှင့်ဖုယွမ်ကျိုးတို့ လွန်ခဲ့သည့်နှစ်များစွာကရိုက်ထားခဲ့သော ဓာတ်ပုံလေးတစ်ပုံရှိနေသည်။ သူသေချာမှတ်မိနေသေးသည့်တိုင် ဖုယွမ်ကျိုးကမူ မမှတ်မိတော့ပေ။
မမှတ်မိတော့သည့်အပြင် သူ့ကိုပါအထင်လွဲကာ မုန်းနေသေး၏။
ရှင်းပြရန်အခွင့်အရေးလည်း မရှိတော့ပုံရသည်။
ခဏမျှထိုင်နေပြီးမှ ရန်ရှူးထန်လည်း အခန်းထဲမှထွက်သွားခဲ့လေသည်။
♎️