♎️Chapter 93
Another life-6
အထက်တန်းသုံးနှစ်က အမြန်ပြီးဆုံးသွားခဲ့သည်။ နောက်ဆုံး၌ ဖုယွမ်ကျိုးမှာ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်ကိုစောင့်ကြည့်နေရပြီး သူ့မိဘများကလည်း လော့ရန်စုန့်နှင့်ကစားခွင့်မပေးကြပေ။
နိုင်ငံခြားမသွားခင် လော့ရန်စုန့်၏အမည်ရင်းက ရှန်းရှီကောဖြစ်ကြောင်း သိလိုက်ရပြီး ဓာတ်ပုံကိုလည်းမြင်တွေ့ခဲ့ရသည်။ သူက မျက်လုံးပြာနှင့်ကပြားကောင်လေးတစ်ယောက်ပြီး သန့်ပြန့်ရည်မွန်သည့်ရုပ်ရည်နှင့် အတော်လေးကြည့်ကောင်းသူလည်းဖြစ်သည်။ သူသည်ကား လော့ရန်စုန့် ဓာတ်ပုံမတင်ရသည့်အကြောင်းအရင်းကိုသိချင်နေ၍ မေးကြည့်လိုက်သည်။ သူ့အနေဖြင့် လော့ရန်စုန့်၏ရုပ်ရည်က သာမန်မျှသာဖြစ်လိမ့်မည်ဟုထင်ခဲ့ပြီး ယင်းသို့ချောလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက သူငယ်ချင်းများနှင့်ပေါင်းသင်းရာတွင် ရုပ်ရည်ကိုမကြည့်ဘဲ အပြန်အလှန်စကားပြောပုံနှင့်သာ အဆင်ပြေမပြေအကဲဖြတ်ခဲ့သူဖြစ်သည်။ သူလေယာဥ်ပေါ်မှဆင်းသည့်အခါ ဂိတ်မှအထွက်တွင်ပင် သူ့ကိုစောင့်နေခဲ့သည့်လော့ရန်စုန့်ကို လှမ်းမြင်လိုက်ရသည်။ သူ့ကိုသတိထားမိရန်မခက်ပေ။
"ရှောင်ချီး..."
ရှန်းရှီကောကလည်း သူ့ကိုတခေါက်တည်းဖြင့်မြင်သွားပြီး မျက်လုံးထဲတွင် နက်ရှိုင်းသည့်အပြုံးဖြင့်လက်ဝှေ့ယမ်းပြလိုက်၏။
ဖုယွမ်ကျိုးကား အင်မတန်ပျော်နေသောကြောင့် ရှေ့ကိုအမြန်ချီတက်သွားပြီး ရှန်းရှီကောကိုပွေ့ဖက်လိုက်သည်။
"နောက်ဆုံးတော့ ငါမင်းကိုတွေ့ရပြီ..."
"ကိုယ်လည်းမင်းလိုပါပဲ..."
ရှန်းရှီကောကလည်း သူ့အားပြန်ဖက်ပြီး မျက်နှာကိုနမ်းလိုက်၏။
"ကိုယ်မင်းကိုတွေ့ချင်နေခဲ့တာကြာပြီ..."
ဖုယွမ်ကျိုးသည်ကား အနမ်းခံလိုက်ရသည်နှင့် ချက်ချင်းနောက်ဆုတ်လိုက်မိသော်လည်း မကြာမီမှာပင် စိတ်လျှော့လိုက်နိုင်ခဲ့၏။ ရှန်းရှီကောက အနောက်နိုင်ငံတွင်ပညာသင်ခဲ့ရသောကြောင့် ပထမဆုံးတွေ့ချိန်မှာပင် နမ်းရှုံ့ပြီး စိတ်အားထက်သန်မှုကိုပြသခဲ့ခြင်းဖြစ်ပေမည်။
"သွားရအောင်..မင်းအိတ်ကိုယူ... ကိုယ်ညစာကျွေးမယ်..."
ရှန်းရှီကောက သူ့လက်ကိုဆွဲပြီး အရှေ့မှဦးဆောင်သွားခဲ့သည်။ ထို့နောက် တဖန်လှည့်လာပြီး ထပ်ပြောပြန်၏။
"ကိုယ်မင်းကိုတွေ့ရလို့ဝမ်းသာပါတယ်..."
"ငါရောပဲ..."
ဖုယွမ်ကျိုးကလည်း ရှက်ပြုံးလေးဖြင့်ပြန်ပြုံးပြလိုက်လေသည်။
ရှန်းရှီကော: "မင်းက ကိုယ်စိတ်ကူးထားခဲ့တာထက် ပိုကြည့်ကောင်းတယ်..."
ဖုယွမ်ကျိုးမှာ ရှန်းရှီကောနှင့်တွေ့ခွင့်ရရန် အကြာကြီးစောင့်ခဲ့ရပြီး သူမျှော်လင့်ထားခဲ့ရသလောက် စိတ်မပျက်မခဲ့ရချေ။ သူရှန်းရှီကောနှင်အတူရှိနေရ၍ အမှန်တကယ်ပျော်ရွှင်မိပါသည်။
သူတို့နှစ်ယောက်ကြားတွင် စကားနှင့်ပြောစရာမလိုသည့်နားလည်မှုမျိုးရှိသည်။ မကြာခဏဆိုသလို အတွေးတူတတ်ပြီး စကားပြောဆိုရာတွင်လည်းအတိုင်အဖောက်ညီသည်။ တစ်နေရာရာကို သွားမည်ဆိုလျှင်လည်း အမြန်ဆုံးဖြတ်နိုင်ကြသည်၊၊ ပြောသည့်အတိုင်း ကွက်တိလုပ်တတ်ကြပြီး အငြင်းပွားစရာလည်းမရှိခဲ့ကြပေ ။ အကြိုက်မတူသည်မှာ အစားအသောက်တစ်ခုသာရှိလေသည်။
ရှန်းရှီကောတွင် မိတ်ဆွေအများအပြားရှိပြီး အမြဲပို့စ်တင်တတ်ကာ ဖုယွမ်ကျိုး၏ ဆိုရှယ်မီဒီယာတွင် အဦးစွာပေါ်လာတတ်လေသည်။ ပို့စ်ကို မြင်ကြသည့်အခါ ထိုနေရာရောက်နေသည့်လူများက ရှန်းရှီကောအား ဖိတ်ခေါ်ကြပြီး သူတို့အားလုံးပျော်ပါးတတ်ကြသည်။
ဖုယွမ်ကျိုးက မနာလိုဖြစ်သည့်မျက်နှာကိုပြမိလျှင် ရှန်းရှီကောပြုံးပြီး ချော့မော့တတ်လေသည်။
"ဆက်ဆံရေးကကောင်းတဲ့အထဲမှာတော့မပါဘူး...ဒါပေမဲ့ အိမ်ခေါ်ပြီးစကားပြောလို့တော့ရတယ်လေ..."
သူကစကားကိုခဏရပ်လိုက်သေးသည်။
"ကိုယ်တကယ် သူငယ်ချင်းဖြစ်ချင်တာက မင်းနဲ့ပါ..."
ထိုသို့သောစကားမျိုးကို ကြားရသူတိုင်း ပျော်သွားကြမည်ဖြစ်ပြီး ဖုယွမ်ကျိုးလည်းထပ်တူပင်။ သူဆက်မေးလိုက်သည်။
"မင်းမှာကောင်မလေးမရှိဘူးလား...မင်းကိုစိတ်ဝင်စားနေတဲ့သူမရှိဘူးလို့တော့ငါမထင်ဘူးနော်..."
သူတို့မတွေ့ခင်အချိန်က အဆိုပါအကြောင်းကို အမြဲပြောဖြစ်ခဲ့ကြသည်။ သုံးနှစ်ကြာသည်အထိ ရှန်းရှီကောကရည်းစားမရှိသေးသည့်အပြင် တခါမှလည်းမပြောခဲ့ဖူးပေ။ ဖုယွမ်ကျိုးမှာ ရှန်းရှီကောဓာတ်ပုံကိုမမြင်ခင်အထိ သိပ်မတွေးမိခဲ့ဘဲ အံ့ဩသွားခဲ့ရသည်။ ရှန်းရှီကောကအချစ်အကြောင်း တခါပင်မပြောဘဲနေနိုင်ခဲ့မည်ဟု သူလုံးဝစိတ်မကူးခဲ့မိပေ။
ရှန်းရှီကောကို မိန်းကလေးတွေကစိတ်မဝင်စားကြလို့များလား။
သူလာခဲ့သည့်လမ်းတလျှောက်လုံး စဥ်းစားလာခဲ့သော်လည်း ရောက်လာသည့်နောက် သူ့အတွေးအတိုင်းမဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ ရှန်းရှီကောကို စိတ်မဝင်စားသည့်မိန်းကလေးဟူ၍ မည်သို့ရှိနိုင်ပါမည်နည်း။ သူ့အနားကိုချဥ်းကပ်လာသည့်မိန်းကလေးအများအပြားရှိနိုင်ပြီး အလှလေးများလည်းပါနိုင်သည်။ သူတို့က ရှန်းရှီကောနှင့် တစ်ညအတူနေရန်ပင် ထုတ်ပြောခဲ့ကြသေးသော်လည်း ဘာအကြောင်းပြချက်မရှိဘဲ ရှန်းရှီကောကငြင်းပစ်ခဲ့သည်။
"ကိုယ်စိတ်မဝင်စားလို့ပါ..."
ရှန်းရှီကောကဖြေလာခဲ့သည်။
ဖုယွမ်ကျိုးမှာ စကားပင်ဖြောင့်ဖြောင့်မပြောနိုင်တော့ပေ။
"မင်း...."
အချစ်နှင့်တွေ့သွားကြသည့် သူ့သူငယ်ချင်းများဆိုလျှင် အချစ်အကြောင်းသာအမြဲပြောတတ်ကြသည်။ သို့သော် ယွိဖေး၊ ရှဲ့လင်၊ ယွမ်ယဲ့နှင့် ရှန်းရှီကောတို့ကမူ အချစ်ရေးနှင့်ပတ်သတ်လာလျှင် အတွေ့အကြုံက သုညပင်။
ရှဲ့လင်ကမူ မိသားစု၏တင်းကြပ်မှုကြောင့်ဖြစ်ပြီး ယွမ်ယဲ့သည်လည်း ဂိမ်းကိုသာအာရုံရောက်နေသောကြောင့် အချစ်ကိုဘာမှန်းပင်သိသူမဟုတ်ပေ။ သို့သော်လည်း ရှန်းရှီကောကမူ ဖုယွမ်ကျိုး၏ပတ်ဝန်းကျင်က အဆင်ပြေသည်ဟုသာ ယူဆခဲ့သည်။ ပွင့်လင်းမြင်သာမှုရှိပြီး ရိုးသားသည့်တိုင် စည်းကမ်းတကျမရှိပေ။ သူ့သူငယ်ချင်းတစ်ဝက်လောက်က ယခုကဲ့သို့ အပျော်အပါးလိုက်စားသည့်ဘဝတွင်ကျင်လည်နေကြသည်။ ရှန်းရှီကောကလည်း ယခုလိုဘဝနေထိုင်မှုမျိုးတွင် အသားကျနေပုံရသော်လည်း သူ့ကိုယ်သူထိန်းသိမ်းထားလေသည်။
ဒါမျိုးကို အေးစက်တဲ့သဘာဝလို့ပြောရမလား။
ဖုယွမ်ကျိုးတွေးမိသည့်အဖြေက ထိုတစ်ခုသာရှိသည်။ သူ သတိလက်လွတ်ဖြင့်မျက်လွှာချလိုက်မိချေ၏။ ရှန်းရှီကောက သတိထားမိသွားသည့်အခါ သူ့ခေါင်းကိုဆွဲဖွလိုက်လေသည်။
"အဲဒီအကြောင်းကိုမစဥ်းစားနဲ့တော့...ကိုယ်ဘာမှမဖြစ်ပါဘူး..."
အနှီသူဘက်မှထိုအတိုင်းပြောလာသောကြောင့် ဖုယွမ်ကျိုးလည်းအားနာမနေတော့ဘဲ ပြီတီတီလုပ်ပြလိုက်လေသည်။
"ငါကမင်းခန္ဓာကိုယ်ကိုစိုးရိမ်လို့ပါ..."
"တကယ်လား..."
ရှန်းရှီကောကမေးလိုက်သည်။
"နောက်တနည်းနဲ့စိုးရိမ်ပေးပါလား.."
"ဘယ်လိုလုပ်ပေးရမလဲ..."
ဖုယွမ်ကျိုးကလည်းပြန်မေးလိုက်သည်။
ရှန်းရှီကောက သူ့အား တဒင်္ဂမျှ နင့်နဲစွာဖြင့်ကြည့်နေပြီး နောက်ဆုံး၌ခေါင်းယမ်းပြလိုက်လေသည်။
"ထားလိုက်ပါတော့..မင်းကငယ်ပါသေးတယ်..."
"ငါက ကလေးမဟုတ်တော့ဘူး..."
သူကရှန်းရှီကောထက် ပိုငယ်သည်မှာ မှန်သော်ငြား ဖုယွမ်ကျိုးမှာ အတော်လေးခံရခက်သွားခဲ့သည်။ ငါးနှစ်ခန့်သာ ကွာသော်လည်း သူက အရွယ်ရောက်နေပြီဖြစ်ကာ အနှီသူက အဘိုးကြီးတစ်ယောက်နှယ်ပြောဆိုနေလေသည်။ ထို့အပြင် ရှန်းရှီကောက သူ့ထက်ငါးနှစ်ငယ်သည့် သူ့လိုလူငယ်လေးတစ်ယောက်နှင့် ကောင်းကောင်းကစားနေခဲ့သည်။ အနှီသူကိုယ်တိုင်လည်း ကလေးဆန်သည်ပင်။
"မင်းငါ့ကို အဲဒီလိုပြောစရာအကြောင်းကို မရှိတာ..."
သူရန်ထောင်လိုက်သည်။
"ငါ့မှာရည်းစားရှိတယ်...မင်းမှာတစ်ယောက်တောင်ရှိလား..."
သူရှန်းရှီကောနှင့်စကားပြောချိန်တိုင်း ယွိဖေးအကြောင်းပါတတ်သည်။ ယွိဖေးအကြောင်းတွေးလိုက်သည့်အခါ သူသည် တက်ကြွလာပြီး ရှန်းရှီကောက သူ့အားငယ်သေးသည်ဟုပြောသည့်စကားကိုပင် ဗွေမယူတော့ဘဲ ဖုန်းထဲမှယွိဖေးဓာတ်ပုံကိုပြလိုက်သည်။
"ဒီမှာ ငါ့ကောင်မလေး...ငါမင်းကိုအရင်ကပြောဖူးတယ်လေ...လှတယ်မလား..."
ယွိဖေးနှင့်မတွဲမှီက ဖုယွမ်ကျိုးက သူမကို အလှကြောင့်ဆိုပြီးတသီးတသန့်မဆက်ဆံခဲ့ပေ၊၊ ထိုအချိန်က သူမအနေဖြင့် မကြိုက်လောက်ဟုထင်ခဲ့ပြီး တွဲခဲ့ကြသည့်အချိန်တွင်မူ မဆင်ခြင်တော့ဘဲ ရှန်းရှီကောကိုလေသံအေးအေးဖြင့်ရှင်းပြလိုက်သည်။
"လှပါတယ်..."
ရှန်းရှီကောအဖြေက ဟက်ဟက်ပက်ပက်မရှိပေ။
ထိုသူသာ ယွိဖေးကိုသဘောကျသည့်ပုံပြလျှင် ဖုယွမ်ကျိုးလည်း ပျော်ရွှင်သွားခဲ့နိုင်သည်။ သို့သော်လည်း ထိုသူက ယွိဖေးကို ပုံမှန်အတိုင်းသာချီးကျုးလိုက်သောကြောင့် ဖုယွမ်ကျိုးမှာမကျေနပ်သေးပေ။ သူသည်ကား ဖုယွမ်ကျိုး၏နားဘက်သို့ တိုးကပ်ပြီး တိုးတိမ်လှသည့်အသံဖြင့်ထပ်ပြောလိုက်ပြန်သည်။
"မင်းသူငယ်ချင်းတွေက သူ့လောက်လှတဲ့မော်ဒယ်တွေကို ခေါ်မလာပြဖူးဘူးမလား..."
ရှန်းရှီကော သူ့ဘက်ကိုခေါင်းငုံ့ပြီးကြည့်လာခဲ့သည်။ ဆံနွယ်တို့သည် လေအရှိန်ကြောင့် သူ့မျက်နှာကိုပွတ်သပ်သွားခဲ့သည်။ နောက်ဆုံး၌ ၎င်းသည် ဖွဖွလေးပြုံးလာရင်း ယွိဖေးကိုစိတ်မပါ့တပါဖြင့် ချီးမွမ်းလာလေသည်။
"အင်း..."
"ဟုတ်ပါတယ်...သူကကိုယ်မြင်ဖူးသမျှထဲမှာ အလှဆုံးမိန်းကလေးပါပဲ..."
ဖုယွမ်ကျိုးက ဖုန်းကိုအိတ်ကပ်ထဲပြန်ထည့်လိုက်သည်။ သူငယ်ချင်းထံမှ အသိအမှတ်ပြုခံလိုက်ရသည့်ပုံစံဖြင့် မျက်လုံးထဲတွင် အရောင်များပင်ထွက်နေသေးသည်။
ရှန်းရှီကောက ပြုံးပြီး သူ့ဆံပင်ကိုထိုးဖွလိုက်သည်။
ဖုယွမ်ကျိုးမှာ အဆင့်များမကောင်းသောကြောင့် နိုင်ငံခြားသို့နှစ်အတန်ကြာသွားကာ စာသင်ခဲ့ရသည်။ တက္ကသိုလ်ကို ရှန်းရှီကောတက်ခဲ့သည့်ကျောင်းမှာပင် လျှောက်လွှာတင်ခဲ့၏။ လျှောက်လွှာပြန်ကျလာချိန်မှာ အတော်လေးကြာပြီး ကျောင်းကိုအိမ်နှင့် နီးစေချင်သည်ဟု ရှန်းရှီကောကိုကြိုပြောထားလိုသည်။ ထို့ကြောင့် အတန်းပြီးလျှင် ရှန်းရှီကောနှင့်အတူနေနိုင်ပြီး အားလပ်ချိန်တွင် အတူအပြင်ထွက်ကာ ကစားနိုင်ကြပေမည်။
ရှန်းရှီကောက ကြင်နာတတ်သည့်တိုင် အိပ်ရာမှ တော်တော်နှင့်မထတတ်ဘဲ အိပ်ရာထဲတွင်နေရသည်ကိုလည်းသဘောကျသေးသည်။ ဖုယွမ်ကျိုးကမူ အိမ်တွင်ရှိနေလျှင် အိပ်ရာမှမထတတ်သော်လည်း ရှန်းရှီကောနှင့်အတူနေသည့်နောက်ပိုင်း ဆင်ခြင်လာခဲ့သည်။ သူတို့အပြင်ထွက်ရမည့်နေ့မှ အိပ်ချိန်လွန်သွားခဲ့လျှင် မညိသို့လုပ်ကြမည်နည်း။
ရှန်းရှီကောက အိပ်နေချိန်တွင် စကားပြောရခြင်းကိုမနှစ်သက်သော်လည်း ဖုယွမ်ကျိုး၏ကိုယ်ငွေ့လေးကိုမူ အင်မတန်စွဲလန်းနေလေသည်။ သို့ဖြစ်၍ သူ့လည်ပင်းတွင်ခေါင်းမြုပ်ထားပြီး ခါးကိုမလွှတ်တမ်းဖက်ထားတတ်လေသည်။
ဖုယွမ်ကျိုးက သူ၏ညအိပ်အင်္ကျီကော်လာကို နောက်မှဆွဲပြီးခေါင်းမော့ခိုင်းသည့်တိုင် ရှန်းရှီကော၏အိပ်ပျော်နေသည့်မျက်နှာက အေးချမ်းလွန်းနေသည်။ ထိုသူနှင့် အချိန်အကြာကြီးရှိလာခဲ့၍လည်းဖြစ်နိုင်သည်၊၊ ဖုယွမ်ကျိုးသည် ထိုသူ၏အိပ်ပျော်နေသည့်မျက်နှာလေးကိုမြင်သည့်အခါတိုင်း မဟုတ်တရုတ်အတွေးများကပေါ်လာတတွသည် ။ ဥပမာ နတ်သားလေး၊ ဘုရားသခင်၏တမန်တော် စသဖြင့်။ ရှန်းရှီကောက အင်မတန်လှပလွန်းနေခဲ့သည်ကိုး။
မူလက ထိုသူကိုနှိုးရန်စဥ်းစားထားခဲ့သော်လည်း ဖုယွမ်ကျိုးမှာ အဆိုပါမျက်နှာလေးကို မထိရက်မကိုင်ရက်ဖြစ်နေသောကြောင့် အသံတိုးတိုးဖြင့်နှိုးလိုက်ရသည်။
"ရှီကော...ထတော့..."
သူ အကြိမ်အရေအတွက်မနည်းခေါ်လိုက်မှ ရှန်းရှီကောက တုံ့ပြန်လာလေသည်။ သူ၏ လှပသောမျက်လုံးပြာလေးများကိုဖွင့်လာသော်လည်း အပြည့်အဝနိုးလာပုံမရသေးဘဲ မျက်လုံးတို့မှာရီဝေနေရင်းဆုံချက်ပျောက်နေကာ သူ့အား ကြောင်တောင်တောင်ဖြင့်ကြည့်နေလေသည်။
"ရှောင်ချီး..."
သူတို့နှစ်ယောက်သည် အင်မတန်နီးကပ်နေခဲ့ပြီး ညဝတ်အင်္ကျီတို့မှာလည်းပါးလွှာနေလေသည်။ ထိုအချိန်မှာပင် ရှက်ရွံ့စရာကိစ္စတစ်ခုဖြစ်ပွားသွားခဲ့သည်။ ဖုယွမ်ကျိုးသည် ရှန်းရှီကောစိတ်ပြောင်းလဲသွား၍ ခန္ဓာကိုယ်ပိုင်းတွင်လည်း အပြောင်းအလဲဖြစ်သွားသည်ဟုထင်သွားခဲ့လေ၏။
ကြိုးစားထား....
ဖုယွမ်ကျိုးက ရှန်းရှီကော၏ လက်မောင်းကိုတွန်းဖယ်ကာ ကုတင်အောက်ကိုခုန်ဆင်းသွားခဲ့သည်၊၊ ရှန်းရှီကောက သူ့အားတစ်ခုခုပြောနေသော်လည်း ဘာပြောလိုက်မှန်း သေချာမကြားလိုက်ရပေ။ ရှန်းရှီကောက သူ့ကိုအပြင်တွင်စောင့်နေရန်ပြောလိုက်ခြင်းဖြစ်နိုင်သည်။
ယောကျ်ားတိုင်းတွင် ယခုလိုအခြေအနေက ပုံမှန်ပင်ဖြစ်ပြီး ဖုယွမ်ကျိုးလည်းနားလည်ပေးနိုင်ပါသည်။ ရှန်းရှီကောက အိပ်တဝက်နိုးတဝက်အခြေအနေတွင်ရောက်နေပြီး ဘာကိုအိပ်မက်မက်နေသလဲတော့မသိပေ။ သူ့ကြောင့်တော့မဟုတ်ဘူးမလား။
ထိုနေ့က ကမ်းခြေသွားရန်စီစဥ်ထားကြသော်လည်း အဆိုပါမတော်တဆမှုအသေးစားလေးကြောင့် ရှန်းရှီကောမှာ တစ်နာရီလောက်ကြာအောင်နေခဲ့ရပြီး တော်တော်နှင့်ပြန်မထွက်နိုင်ခဲ့ပေ။
နောက်ပိုင်း၌ ရှန်းရှီကောကသူ့အား ပြန်တောင်းပန်လာခဲ့သည်။ ဖုယွမ်ကျိုးက စိတ်ထဲမထားသည့်အပြင် ရှန်းရှီကောအနေမခက်ရအောင် ဥပမာပေးကာပြောခဲ့သေးသည်။
"ရပါတယ်...ငါနဲ့ရှဲ့လင်လည်း ဒီလိုပဲဖြစ်နေကျပါ...ငါတို့ဆို ပုံမှန်လိုတောင်ဖြစ်နေပြီ.."
"......"
ရှန်းရှီကောသည်ကား လုံးဝမပျော်တော့ပါချေ။
ခရစ္စမတ်အားလပ်ရက်တွင် ကျောင်းများလည်းပိတ်ထားသောသောကြောင့် ဖုယွမ်ကျိုး တရုတ်ပြည်သို့ပြန်လာချိန်၌ ရှန်းရှီကောကိုပါ အပါခေါ်လာခဲ့သည်။ သူ့မိသားစုနှင့်တွေ့ခဲ့ပြီး ရှဲ့လင်နှင့်ယွိဖေးတို့ကိုလည်း တွေ့ခဲ့ကြရသည်။
လေထုက အတော်လေးထူးဆန်းနေခဲ့သည်။
ဖုယွမ်ကျိုးကိုယ်တိုင်ခံစားမိသည်။ ရှောင်ဖေး၊ ရှဲ့လင်နှင့်ရှီကောတို့က သူနှင့်တစ်ယောက်ချင်းစီအတူရှိနေလျှင် ပြဿနာမဟုတ်သော်လည်း အတူစုလိုက်သည်နှင့် လေထုသည်ကား တမဟုတ်ချင်းအေးစက်သွားတော့သည်။
သူရှောင်ဖေးနှင့်စကားပြောနေလျှင် အခြားနှစ်ယောက်က အသံမထွက်ဘဲကြည့်နေကြသည်၊၊ သူရှဲ့လင်နှင့် ပွတ်သီးပွတ်သပ်လုပ်နေလျှင် ရှောင်ဖေးမျက်နှာကထူးဆန်းနေပြန်သည်။ ရှီကောနှင့်စကားပြောမိသည့်အခါ ရှဲ့လင်က ထွက်သွားပြီး ရှောင်ဖေးကသူ့အားဆွဲလားရမ်းလားလုပ်သည်။ မျက်လွှာလေးချကာ သူမကသူ့ချစ်သူဖြစ်သောကြောင့် အချိန်ပိုပေးသင့်သည်ဟု ဆိုလာပြန်သည်။
ဖုယွမ်ကျိုးကတွေးကြည့်လိုက်တော့လည်း သူမစကားကမှန်သည်ဟု ခံစားမိလေသည်။ ယွိဖေးက ယခုတော့ နာမည်ကြီးရုပ်ရှင်စတားဖြစ်နေ၍ အင်မတန်အလုပ်များရှာသည်။ သူမအားနေသည့်ရက်များတွင်လည်း သူသည်ကား ပျော်ပွဲစားထွက်နေရပြန်သည်။ သူတာဝန်ကိုပျက်ကွက်နေမိသည်မှာ အတော်လေးများနေမိပြီ။
ထို့ကြောင့် သူမ၏အားလပ်ရက်လေးကိုအသုံးချပြီး နှစ်ယောက်တည်းအတူ အချိန်ကုန်ဆုံးရန် စီစဥ်လိုက်လေ၏။ ယခုတစ်ခေါက် ပိုပြီးပင်ကောင်းသွားသေးသည်။ ရှဲ့လင်ကကျောင်းကို တိုက်ရိုက်ပြန်သွားခဲ့ပြီး ဖုယွမ်ကျိုးသည်လည်း သူနေရခက်နေသည်ကို ခံစားမိလိုက်၏။
ရှန်းရှီကောကမူ ဘာမှမပြောဘဲ တယောက်တည်းကစားနေလေသည်။ ဖုယွမ်ကျိုးသည်ကား သူမရှိနေပါက ရှန်းရှီကောတယောက် အားလပ်ရက်များတွင် အိပ်နေရလိမ့်မည်ဟုတွေးပူနေမိသော်လည်း ရှန်းရှီကောက သူ့အိမ်ရောက်သည်နှင့် အိပ်ချိန်မှန်သွားခဲ့သည်။ မြေခံရေခံကောင်းသွား၍ ဖြစ်နိုင်၏။
ယွိဖေး၏အားလပ်ရက်မှာမကြာလိုက်ပေ။ ရိုက်ကူးရေးအသစ်စရန်ဖြစ်လာပြီး သူမ၏မိဘများကလည်းအလုပ်များနေကြသည်။ ရှဲ့လင်က ကျောင်းကိုပြန်သွားကာ ယွမ်ယဲ့က တရုတ်ပြည်တွင်မရှိချေ၊ ဖုယွမ်ကျိုးကပျင်းလာ၍ ကျောင်းပြန်သွားရန်ဆုံးဖြတ်လိုက်သည်၊၊ နှစ်သစ်ကူးတွင်ပင် ရှန်းရှီကောနှင့်နေရန် စိတ်ပိုင်းဖြတ်ထားလိုက်၏။
အချိန်ကွာဟချက်အရ တရုတ်နှစ်သစ်ကူးပြီး အတန်ကြာမှ နှစ်သစ်ကူးရာသီကိုရောက်လာခဲ့သည်။ ဖုယွမ်ကျိုးက နှစ်သစ်ဆုတောင်းစာတို့ကို ပို့ပေးလိုက်ပြီးဖြစ်၍ အေးဆေးဖြစ်နေပြီး တိတ်ဆိတ်ခြောက်ကပ်နေလေသည်။ ရှန်းရှီကောရှိနေ၍သာမဟုတ်ပါက သူနိုင်ငံခြားတွင် တစ်ယောက်တည်းအထီးကျန်နေရလိမ့်မည်။
"ချီးယားစ်..."
ရှန်းရှီကော ဘီယာခွက်ကိုမြှောက်ပြီး ရှန်းရှီကော၏ဝိုင်ခွက်ဖြင့်တိုက်လိုက်သည်။ နှစ်ယောက်သား တီဗွီရှေ့တွင်ထိုင်ကာ မီးပန်းဖောက်နေသည့်မြင်ကွင်းကို တိုက်ရိုက်ကြည့်နေကြလေ၏။ သောက်စားကာ တီဗွီကြည့်ရင်း စကားပြောနေကြလေသည်။
"နှစ်သစ်မှာဘာဆုတောင်းထားလဲ..."
ရှန်းရှီကောကမေးလာခဲ့လေသည်။
ဖုယွမ်ကျိုး: "ထူးခြားတာမရှိပါဘူး...အရင်နှစ်တွေကလိုပဲပေါ့...မင်းရော?"
ရှန်းရှီကောသည်ကား ဝိုင်သောက်ထား၍ ရီဝေဝေဖြစ်နေလေသည်။
"မင်းနဲ့အတူရှိဖို့ပေါ့..."
ဖုယွမ်ကျိုးကပြုံးလာခဲ့သည်။
"ငါနောက်နှစ်အထိမပြန်သေးပါဘူး...ငါတို့အတူနေလို့ရတယ်...မဟုတ်ရင် ကပ်နေကြလို့ရတယ်..."
ရှန်းရှီကောကပြုံးရုံသာပြုံးပြီး ဘာမှပြောမလာခဲ့ဘဲ ခဏအကြာမှဆက်ပြောလာခဲ့သည်။
"ကိုယ့်မှာနောက်ထပ်ဆုတောင်းတစ်ခုရှိသေးတယ်..."
"ဘာလဲ..."
"မင်းသတိထားမိလာပါစေလို့..."
"ဘာလဲ...လျိုမနေနဲ့..."
ဖုယွမ်ကျိုးက ထိုသူကိုစိတ်မရှည်တော့၍ ခပ်ဖွဖွပုတ်လိုက်သည်။
"ပြောမှာဖြင့်ပြောစမ်းကွာ..."
"မပြောပြဘူး...မင်းဟာမင်းစဥ်းစား..."
ရှန်းရှီကော: "တစ်နေ့နေ့တော့ မင်းသိလာမှာပါ..."
♎️