♎️Chapter 94
ရန်ရှူးထန် -1
မနက်ခင်းတွင် ဖုယွမ်ကျိုးတစ်ယောက် ဟိုတယ်လ်၌ တစ်ကိုယ်လုံး နာကျင်လျက် နိုးလာသည်။ မျက်လုံးဖွင့်လိုက်သည့်အခါ ဘေးတွင်အိပ်နေသည့်ရန်ရှူးထန်ကိုမြင်လိုက်ရသည်။ မြင်တွေ့နေရသမျှအရာတိုင်းက မနေ့ညကဖြစ်ပျက်သွားခဲ့သမျှကို ပြောပြ၍နေသည်။
အရက်ဒဏ်ကြောင့် ဖုယွမ်ကျိုး၏မှတ်ဉာဏ်မှာ ကမောက်ကမဖြစ်နေလင့်ကစား အားလုံးကို အလွယ်တကူချိတ်ဆက်ကြည့်နိုင်လိုက်သည်။ မနေ့ညက ကျောင်းသားဟောင်းများတွေ့ဆုံပွဲတွင် သူနှင့်ရန်ရှူးထန်တို့နှစ်ယောက်လုံး အမူးသောက်ခဲ့ကြသည်။ ထို့နောက် အကြောင်းပြချက်မရှိဘဲ အိပ်ရာပေါ်တွင်အတူလှိမ့်မိခဲ့ကြပြီး မျက်နှာပျက်စရာအဖြစ်အပျက်တစ်ခုကိုဖန်တီးလိုက်မိ၏။
မနေ့ညကကိစ္စကို ယောင်ဝါးဝါးမှတ်မိသွားပြီးနောက် ဖုယွမ်ကျိုးမှာ သူ့ကိုယ်သူသတ်မသေမိမှီ ရန်ရှူးထန်အား သတ်မိလုနီးပါးဖြစ်သွားခဲ့လေသည်။ သို့သော်လည်း ရန်ရှူးထန်ကနိုးလာတော့မည့်အရိပ်အယောင်ပြလာ၍ သူနှင့်မျက်နှာချင်းမဆိုင်နိုင်တော့ပေ။ မျက်နှာပင်မသစ်ရဲတော့ဘဲ အဝတ်အစားများကိုကောက်ဝတ်ပြီး ချက်ချင်းပြေးထွက်လာခဲ့သည်။ နံရံကိုအားပြုကာ တရွေ့ရွေ့ထွက်လာပြီးမှ "လွတ်မြောက်ပြီ"ဟူ၍ ယူဆလိုက်လေ၏။
သေစမ်း...နာလိုက်တာ....
တကိုယ်လုံးမှကြွက်သားများမှာ နာကျင်နေပြီး ဖုယွမ်ကျိုးအား အော်ငိုချင်လာအောင် လုပ်၍နေသည်။ သူ့အား ရန်ရှူးထန်မည်မျှမုန်းတီးနေသည်ကို ခံစား၍ရ၏။ သူအဝတ်ဝတ်စဥ်က သူ့ခန္ဓာကိုယ်ထက်တွင် အကောင်းအတိုင်းရှိနေသည့်နေရာဟူ၍ မရှိပေ။ ရန်ရှူးထန်သည်ကား သူ့အသက်ကိုလိုချင်နေသကဲ့သို့ သူ့အားသေလုနီးပါး နှိပ်စက်ခဲ့သည်။
ကျောင်းသားအဆောင်သို့ရောက်မှ ဖုယွမ်ကျိုးမှာ ဆိုဖာပေါ်သို့ ခြေပစ်လက်ပစ်လှဲချလိုက်မိသည်။ စိတ်ဆိုးမာန်ဆိုးဖြင့်ထွက်လာခဲ့ပြီးမှ သူနောင်တရလာမိလေ၏။ မနေ့ညက ကျောင်းသားဟောင်းများတွေ့ဆုံပွဲကိုသွားလိုက်မိ၍ နောင်တရမိသည်။ သောက်လိုက်မိ၍လည်းနောင်တရမိသည်၊၊ ဤမြို့တွင် တက္ကသိုလ်လာတက်မိ၍လည်း နောင်တရမိသည်။ သူ့အနေဖြင့် မိဘစကားနားထောင်ပြီး နိုင်ငံခြားတွင်သာ စာသွားသင်ခဲ့သင့်သည်။
သူ ဤမြို့မှတက္ကသိုလ်တွင် စာလာသင်ရခြင်းမှာ ရှဲ့လင်နှင့်ယွမ်ယဲ့တို့က ထိုတက္ကသိုလ်တွင်တက်နေကြသောကြောင့်ဖြစ်ပြီး ယွိဖေးသည်လည်း မကြာခဏရုပ်ရှင်လာရိုက်တတ်၍ပင်။ထိုအကြောင်းအရင်းများကြောင့် သူသည်လည်း အပျော်သဘောဖြင့်လာတတ်မိခြင်းသာ။ ရန်ရှူးထန်ပါ ရှိနေမှန်းသိခဲ့လျှင် တွေ့ဆုံပွဲလာရန် ဘယ်တော့မှစဥ်းစားခဲ့မည်မဟုတ်ပေ။ ယနေ့မီးက သူကိုယ်တိုင်မွှေးခဲ့ခြင်းသာဖြစ်လေသည်။
အထက်တန်းတက်လာခဲ့ကြသည့်သုံးနှစ်လုံးကို သူနှင့်ရန်ရှူးထန်တို့က ပါးရိုက်နားကိုက်ဖြင့်ဖြတ်ကျော်လာခဲ့ကြခြင်းပင်။ ယခုတော့ သူရောရန်ရှူးထန်ပါ တက္ကသိုလ်ကျောင်းသားများဖြစ်နေကြပြီဖြစ်ကာ အထက်တန်းမှ အငြိုးအတေးများလည်း တဖြည်းဖြည်းလျော့ပါးသွားခဲ့ပြီး ရန်ရှူးထန်ကိုပင် မေ့လုနီးပါးဖြစ်နေခဲ့သည်။ မနေ့ညက တန်းခွဲ ၁ မှအတန်းဖော်ဟောင်းများပြန်ဆုံကြမှ ခိုသူကိုနောက်တစ်ကြိမ်ထပ်တွေ့လိုက်ရလေသည်။
ပြန်တွေ့ကြတာကိုထားပါတော့..။ဘာလို့အိပ်ရာပေါ်မှာတွေ့ကြရတာလဲ။
ဖုယွမ်ကျိုးက အတတ်နိုင်ဆုံးပြန်စဥ်းစားကြည့်သည့်တိုင် သူနှင့်ရန်ရှူးထန်တို့ ဟိုတယ်ရောက်လာကြပုံကိုမမှတ်မိတော့ပေ။ ထိုအချိန်ကသူအတော်လေးမူးနေခဲ့ပြီး သူ့ကိုအိမ်ပြန်ပို့ပေးရန် လူတစ်ယောက်ကိုလိုက်ရှာနေခဲ့ခြင်းကိုသာ မရေမရာမှတ်မိတော့သည်။ ဖုယွမ်ကျိုးမှာ ထိုမှတ်ဥာဏ်တို့အား မေ့ဖျောက်လိုက်ချင်သော်လည်း မဖြစ်နိုင်ပေ။ ကံကောင်းစွာဖြင့် ပုံစံအတော်လေးရှက်စရာကောင်းနေသည့်တိုင် နာကျင်မှုနှင့်ဒဏ်ရာမရခဲ့ပေ။ သူရန်ရှူးထန်နှင့်လည်း ထိုကိစ္စကို မဖြေရှင်းချင်တော့သဖြင့် ဆေးရုံလည်း မသွားဖို့ရာ ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ သူကသာ ရန်ရှူးထန်အား စတင်၍ ရေလာမြောင်းပေးလုပ်ခဲ့သူဖြစ်ခဲ့ဟန်ပေါ်နေ၍ပင်။
ဘယ်လိုလုပ် ဒီလောက်အထိ စျေးပေါသွားရတာလဲ။
သူ၏ မူးလာလျှင် ဖြစ်တတ်သည့်အကျင့်ကြောင့်ဖြစ်ပြီး အမူးလွန်ကာစိတ်လွတ်သွားခဲ့ပုံရ၏။ လုပ်ခဲ့မိသမျှကိုပြန်တွေးကြည့်ပြီးနောက် ဖုယွမ်ကျိုးမှာ သေချင်စိတ်ပေါက်လာရလေသည်။ ရန်ရှူးထန်သာ ထိုအကြောင်းကိုဖော်လိုက်ပါက သူတိုက်ပေါ်မှ တကယ်ခုန်ချပစ်လိုက်မည်။ တကယ်တမ်းတွင် ရန်ရှူးထန်ကစိတ်ရှုပ်စရာကောင်းသည့်တိုင် စာရိတ္တကောင်းသူဖြစ်ပြီး သူ့မျက်နှာသူအပျက်ခံကာ အခြားသူများကိုပြန်မပြောလောက်ပေ။
ဖုယွမ်ကျိုးက ရန်ရှူးထန်က သူနှင့်အတွေးတူပြီး ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်နေလိမ့်မည်ဟု တွေးလိုက်၏။ ပြီးလျှင် သူတို့ဘယ်တော့မှ ထပ်မတွေ့ဘဲနေလိုက်ကြမည်။
သူတွေးနေဆဲမှာပင် ဖုယွမ်ကျိုးဖုန်းကတုန်ခါလာလေသည်။ WeChat မှမက်ဆေ့ချ်ဝင်လာခြင်းပင်။ ဖုန်းကိုယူကြည့်လိုက်သည့်အခါ စာပို့လိုက်သူမှာ ရန်ရှူးထန်ဖြစ်နေသည်ကိုမြင်လိုက်ရပြီး သူ့လက်တို့က တရစပ်တုန်လာလေတော့သည်။
ရန်ရှူးထန်:.. (မနေ့ညကဖြစ်သွားခဲ့တာအတွက်တောင်းပန်ပါတယ်၊ မင်းဘယ်မှာလဲ၊ ငါမင်းနဲ့စကားပြောချင်တယ်)
မနေ့ညက ကျောင်းသားဟောင်းတွေ့ဆုံပွဲတွင် မမူးသေးခင် သူနှင့်ရန်ရှူးထန်တို့ WeChat အကောင့်တို့ကိုဖလှယ်ထားခဲ့ကြသည့်တိုင် သူကမူ သူနှင့်စကားပြောရန်စိတ်မဝင်စားခဲ့ပေ။ ဖုယွမ်ကျိုးလက်တို့က စက္ကန့်အနည်းငယ်ကြာသည်အထိ တုန်ယင်နေခဲ့သည်။ ထို့နောက် စိတ်တည်ငြိမ်သွားစေရန်အသက်ပြင်းပြင်းရှူသွင်းကာ စာပြန်ရိုက်လိုက်လေသည်။
"မင်းနဲ့ငါ့မှာဘာပြောစရာမှမရှိတော့ဘူး...မနေ့ညက ဘာမှမဖြစ်ခဲ့သလိုပဲနေလိုက်ကြရအောင်...ဒီလောက်ပဲ..."
စာပြန်ပြီးသည်နှင့် ချက်ချင်းပင် ရန်ရှူးထန်၏ WeChat အကောင့်ကိုဖျက်ပစ်လိုက်ပြီး ထိုသူနှင့်အဆက်အသွယ်ဖြတ်ပစ်လိုက်သည်။ မနေ့က ဖုန်းနံပါတ်မပေးထားခဲ့မိ၍တော်ပါသေး၏။ မဟုတ်ပါက ရန်ရှူးထန်မှ တိုက်ရိုက်ဖုန်းခေါ်လာနိုင်ပြီး ပို၍ပင်ချောက်ခြားဖွယ်ရာဖြစ်ရပ်များပေါ်လာပေလိမ့်မည်။
သို့သော်လည်း အဆိုပါအတွေးမျိုးကိုမတွေးလိုက်သင့်ပေ။ ဘယ်သူက သူ့ဖုန်းနံပါတ်ကိုပေးလိုက်သည်မသိ။ ခဏအကြာတွင် အမည်မသိဖုန်းနံပါတ်တစ်ခုကခေါ်လာခဲ့ပြီးဖုယွမ်ကျိုးကလည်းပုံမှန်အတိုင်းကိုင်လိုက်မိသည်။ ရန်ရှူးထန်အသံကိုကြားလိုက်ရသည့်အခါ ဖုန်းပင်လက်ထဲမှလွတ်ကျတော့မည်အထိ ထိတ်လန့်သွားခဲ့မိသည်။
နောက်ဆုံး၌ သူသည် ရန်ရှူးထန်၏ဖုန်းနံပါတ်ကို ဘလော့ခ်ပစ်လိုက်လေသည်။
စကားပြောမယ်။ ဘာပြောမှာလဲ။ သူဘာလို့ အဲဒီမဖွယ်မရာကိစ္စကြီးကိုပြောချင်နေရသေးတာလဲ။ ရန်ရှူးထန်ကသူ့ကိုအားနာသွားလို့ လျော်ကြေးပေးချင်နေတာများလား။
ဒေါသစိတ်ဖြင့် ဖုယွမ်ကျိုး၏အတွေးတို့မှာ မကောင်းသည့်ဘက်ကိုရောက်သွားခဲ့သည်။ သို့သော်လည်း စိတ်လျှော့လိုက်ပြီး ရန်ရှူးထန်က ထိုသို့သောလူစားမျိုးမဖြစ်နိုင်ဘဲ ဖြေရှင်းချင်ရုံသာဖြစ်လိမ့်မည်ဟု ဖြည့်တွေးပေးလိုက်သည်။
သို့ထိတိုင် သူတို့ကြားတွင် ပြောစရာစကားမရှိတော့ပေ။ သူကမိန်းကလေးလည်းမဟုတ်သောကြောင့် တာဝန်ယူစရာလည်းမလို။ ရန်ရှူးထန်က သူ့ကိုအဓမ္မပြုကျင့်သွားခြင်းလည်း မဟုတ်သောကြောင့် ရဲစခန်းကိုသွားတိုင်စရာလည်းမလိုပေ။ ယင်းမှာအတော်လေး စိတ်အေးစရာဖြစ်နေသော်လည်း ရန်ရှူးထန်က ထိုအတိုင်းမထားလိုက်ချင်ပုံရလေသည်။
ထိုည၌ပင် ဖုယွမ်ကျိုးတစ်ယောက် ကော်ဖီဆိုင်အဝင်ဝတွင် ရန်ရှူးထန်၏ပိတ်ရပ်ခြင်းကိုခံလိုက်ရလေ၏။ ရန်ရှူးထန်က သူ့ရှေ့ကို အနှေးနှင့်အမြန်ရောက်လာတော့မည်ဖြစ်ကြောင်း သူကိုယ်တိုင်လည်း သိနေခဲ့လေသည်။
"ငါတကယ်မင်းနဲ့ဘာမှပြောစရာမရှိဘူး..."
ဖုယွမ်ကျိုးက မျက်နှာမကောင်းတော့ပေ။ အခြားသူများသတိထားမိသွားမည်စိုးရိမ်၍ သူ့အသံကိုလျှော့ထားလိုက်ရသည်။
"မင်းဘာမှမဖြစ်ခဲ့သလို နေပေးလို့မရဘူးလား..."
ရန်ရှူးထန်ကခေါင်းယမ်းပြီး သူ့ကိုငုံ့ကြည့်လာသည်။ ထိုအခါမှ ဖုယွမ်ကျိုးမှာ အထက်တန်းတုန်းက သူ့ထက်အရပ်ပုခဲ့သည့်ရန်ရှူးထန်က ယခုတော့သူ့ထက်အရပ်မြင့်နေသည်ကို သတိပြုမိလိုက်သည်၊၊ အနှီသူက သူ့ထက်နှစ်နှယ်ငယ်သည်မှာ အသေအချာပင်။
"ဒါဆိုမင်းကဘာဖြစ်ချင်တာလဲ..."
ဖုယွမ်ကျိုး မကြည်မသာဖြင့်မေးခွန်းထုတ်လိုက်မိ၏။
"ဒီနေရာမှာပြောလို့အဆင်မပြေဘူး..."
ရန်ရှူးထန်ကပြောလာခဲ့သည်။
"အခြားတစ်နေရာသွားပြောရအောင်..."
အနှီသူက တည်ငြိမ်သည့်အသံဖြင့်ပြောလာလေရာ ဖုယွမ်ကျိုးမှာပို၍ပင် ဂဏာမငြိမ်ဖြစ်လာရလေ၏။ သူမေ့ဖျောက်ထားချင်သော်လည်း လုံးဝမရပေ။ ရန်ရှူးထန်မှာ အရာအားလုံးကိုထိန်းချုပ်ထားသလိုမျိုး တည်ငြိမ်နေခဲ့သည်။ သူက ယခုလိုဖြစ်လာစေရန်ဖန်တီးထားသလိုပင်။
"ငါပြောစရာမရှိဘူးလို့ မင်းကိုပြောပြီးပြီ.."
ဖုယွမ်ကျိုး ခပ်ပြတ်ပြတ်ပင် ပြောလိုက်လေ၏။
"ငါဘာမှမမှတ်မိတော့ဘူး..မင်းလည်းမေ့လိုက်တာပိုကောင်းမယ်..."
ရန်ရှူးထန်: "ငါကတော့မမေ့ဘူး..."
အဲဒါကဘာစကားလဲဟ။
ဖုယွမ်ကျိုး စိတ်တိုလာပြီး အနှီသူကိုတွန်းထုတ်လိုက်မိလေသည်။ ရန်ရှူးထန်ကမရှောင်လိုက်သောကြောင့် နှုတ်ခမ်းထောင့်ကိုထိမိသွားခဲ့သည်။ လမ်းသွားလမ်းလာတစ်ယောက်ကမြင်လိုက်သည့်အခါ ဖုယွမ်ကျိုးကိုချက်ချင်းဆွဲပြီး နှစ်ယောက်ကိုလူချင်းခွဲလိုက်ကြသည်။
လူကြားထဲတွင်ဖြစ်နေ၍ ဖုယွမ်ကျိုး စိတ်လျှော့လိုက်ရသည်။ ရန်ရှူးထန်နှင့်တွက်ကပ်ကာ ငြင်းမနေတော့ဘဲ လှည့်ထွက်လာလိုက်သည်။ ရန်ရှူးထန်က သူ့နောက်လိုက်ချင်သော်လည်း အခြားသူများကရန်ဖြစ်ကြမည်ကိုစိုးရိမ်ပြီး သူ့ကိုဆွဲထားကြလေသည်။
ရင်းနှီးသည့်အတန်းဖော်အချို့က ဖုယွမ်ကျိုး လူတစ်ယောက်ဖြင့် စကားများခဲ့ကြသည့်အကြောင်းကိုသိသွားခဲ့ကြပြီး မေးမြန်းလာခဲ့ကြသော်လည်း ဖုယွမ်ကျိုးက ခပ်မဆိတ်သာနေခဲ့၏။ သူ့စိတ်ထဲတွင် ရန်ရှူးထန်ကိုသေလူဟုသဘောထားလိုက်ပြီး သေလူတစ်ယောက်ကိုဂရုစိုက်မနေတော့ပေ။
ရက်အနည်းငယ်ကြာသည်အထိ ရန်ရှူးထန်ရောက်မလာတော့သည်ဖြစ်ရာ ဖုယွမ်ကျိုးလည်းစိတ်ချမ်းသာနေခဲ့သည်။ သူ့ခန္ဓာကိုယ်ကနာကျင်နေဆဲဆိုသော်လည်း ဘတ်စကတ်ဘောကစားရန်အခေါ်ခံရသည့်အခါ လိုက်သွားမိပြန်သည်။ နောက်ဆုံး၌ ထိုနေ့ညကအကျိုးဆက်ကြောင့် သူ့ထံတွင်အားတစ်ဝက်သာကျန်တော့ပြီး ဘောလုံးကိုခုန်ပစ်ရာတွင်လည်း ခြေထောက်တွင်အားမထည့်နိုင်တော့ဘဲ ခြေချင်းဝတ်လည်သွားခဲ့လေသည်။
"ယွမ်ကျိုး...မင်းအဆင်ပြေရဲ့လား..."
အတန်းဖော်နှစ်ယောက်က ကျောင်းဆေးပေးခန်းအထိ သူ့ကိုတွဲခေါ်သွားပေးခဲ့ကြပြီး တိုက်ခန်းကိုလည်းပြန်ပို့ပေးခဲ့ကြသည်။
တိုက်ခန်းက အဆောင်နှင့်မတူချေ။ ဖုယွမ်ကျိုးက တစ်ယောက်တည်းနေရန်ရည်ရွယ်ချက်ဖြင့် သပ်သပ်ငှားထားခဲ့ခြင်းဖြစ်သည်။ အတန်းဖော်နှစ်ယောက်က သူကိုယ်တိုင်မချက်ပြုတ်တတ်မည်ကိုစိုးရိမ်နေပြီး တိုက်ခန်းကလည်း အပြင်စာများကိုယူခွင့်မပေးချေ။ ထို့ကြောင့် တစ်ယောက်ကအကြံပေးလာခဲ့သည်။
"ငါညမှ ချက်ပြီးယူလာခဲ့မယ်..."
"ကျေးဇူးပါပဲ...ငါနေကောင်းသွားမှပြန်ဝယ်ကျွေးပါ့မယ်.."
ဖုယွမ်ကျိုးက သူတို့ကိုပြုံးပြကာ ပြန်လွှတ်လိုက်သည်။ သူတစ်ယောက်တည်းကျန်ခဲ့မှ ချက်ချင်းမျက်နှာတည်လိုက်ပြီးဒေါသထွက်လာရသည်။ သူသည်ကား စိတ်ထဲမှကျိတ်ကာ ရန်ရှူးထန်ကိုဆဲဆိုလိုက်မိသည်။ ထိုနေ့ကသာ သူမူးရူးမနေခဲ့ပါက ယခုလိုနာကျင်နေမည်မဟုတ်ပေ။
မူလက သူ့ကိုအပြင်ထွက်ကစားရန်လာခေါ်သူ များစွာရှိခဲ့ပြီး ယခုတော့ အားလုံးမှာ သဲထဲရေသွန်ဖြစ်သွားခဲ့လေပြီ။ ဖုယွမ်ကျိုးကအိပ်ရာပေါ်တွင်လှဲရင်း တစ်ယောက်ချင်းစီကိုမရှင်းပြချင်တော့သောကြောင့် သူ့ခြေချင်းဝတ်လည်သွား၍ လတ်တလောအပြင်မထွက်နိုင်ကြောင်း Friend circle တွင် ပို့စ်တင်လိုက်ရတော့သည်။
Friend circle တွင် ပို့စ်တင်ပြီး တစ်နာရီအကြာမှာပင် တံခါးဘဲလ်သံမြည်လာခဲ့သည်။ ဖုယွမ်ကျိုးက သူ၏သူငယ်ချင်းများမှ ညစာကို စောစောလာပို့ကြသည်ဟုထင်ပြီး တံခါးဖွင့်ပေးလိုက်သော်လည်း တံခါးဝတွင်ပေါ်လာသည်က ရန်ရှူးထန်၏မျက်နှာဖြစ်နေလေသည်။
ပြဿဒါးနေ့ပါလားကွာ။
♎️