Chapter 95
Viewers 4k

♎️Chapter 95

ရန်ရှူးထန် -2



ဖုယွမ်ကျိုးသည်ကား ချက်ချင်းပင် တံခါးကိုပိတ်ပစ်ရန်ကြိုးစားကာ ရန်ရှူးထန်အား ပထုတ်ရန်လုပ်လိုက်လေသည်။ သို့ရာတွင် တံခါးမပိတ်လိုက်နိုင်ဘဲ မူးဝေကာ ရန်ရှူးထန်၏ရင်ခွင်ထဲသို့ ယိုင်ကျသွားလေသည်။


"မင်းကငါ့ရဲ့သနားစရာကောင်းတဲ့ပုံစံကိုလာကြည့်တာလား...ထွက်သွားစမ်းကွာ" 


ဖုယွမ်ကျိုးမှာ တကယ်ကိုဒေါသဖြစ်နေပြီး သူ့အိမ်လိပ်စာကိုရန်ရှူးထန်အား ပြောပြလိုက်သူအား ကျိတ်ဆဲလိုက်မိပြန်၏။ ဤလူကတံခါးဝကို ချက်ချင်းရောက်လာခဲ့သည်လေ။


"ငါအဲဒီသဘောနဲ့လာခဲ့တာမဟုတ်ဘူး.." 

ရန်ရှူးထန်သည်ကား သူ၏သွားဖြဲပြီးအစွယ်ထုတ်ပြနေသည့်ပုံစံကို လျစ်လျူရှုကာ လက်ထဲမှအိတ်များနှင့်အတူ သူ့အား ဆိုဖာအထိကူတွဲပြီးခေါ်သွားပေးလိုက်သည်။ 

"ဘယ်လိုနေသေးလဲ..."


ဖုယွမ်ကျိုးက စိတ်တိုတိုဖြင့်ပြန်ငေါက်လိုက်သည်။ "မင်းအလုပ်မဟုတ်ဘူး..."


"ဘယ်လိုလုပ်ပြီးဒဏ်ရာရသွားရတာလဲ..." 

ရန်ရှူးထန်က ဒဏ်ရာရထားသည့်သူ့ခြေချင်းဝတ်ကိုငုံ့ကြည့်လာသည်။


"မင်းမေးရဲသေးတယ်နော်" 

ဖုယွမ်ကျိုးမှာ အသည်းနာလွန်းသည်အထိ စိတ်နာနေလေ၏။

"မင်းပဲလုပ်တာလေ!"


သူ့ဒေါသများက တဖက်လူအပေါ်မသက်ရောက်ပေ။ ဖုယွမ်ကျိုးသည် အားနာမနေတော့ဘဲ သွေးဆာနေသည့်ခွေးရူးကြီးပမာ တစ်ဖက်လူကိုခေါင်းမှခြေအထိဆဲရေးလေတော့၏။


မူလက သူရန်ရှူးထန်ကို မောင်းထုတ်ရန်စဥ်းစားခဲ့ခြင်းပေ။


ထိုသို့ပြုလုပ်ခြင်းက သူ့အတွက် ကောင်းကျိုးမရှိသည့်တိုင် ရန်ရှူးထန်က ထွက်မသွားဘဲ အေးအေးဆေးဆေးပင်နားထောင်နေသည်။ ထို့နောက်သူကဆိုလာသည်။ 


"ငါ့အပြစ်ဆိုတော့ မင်းကိုဂရုစိုက်ပေးမယ်..."


ဖုယွမ်ကျိုး အသက်မရှင်ချင်တော့လောက်အောင်ဖြစ်သွားခဲ့သည်။ အဲဒါကဘာစကားလဲ။ သူ့ကိုလွှတ်ပေးထားပါတော့။


ထိုအချိန်မှာပင် အတန်းဖော်နှစ်ယောက်ကပြန်ရောက်လာသည်။ ပြောထားသည့်အတိုင်း ဖုယွမ်ကျိုးအတွက် ညစာလာပို့ပေးကြခြင်းဖြစ်လေ၏။ တံခါးမပိတ်ရသေးလေရာ သူတို့နှစ်ယောက်က အထဲကိုတန်းဝင်လာပြီး ရန်ရှူးထန်ကိုတွေ့သည့်အခါ စပ်စုလိုက်ကြသည်။ 


"မင်းကဘယ်သူလဲ"


ရန်ရှူးထန်: "အထက်တန်းကျောင်းတုန်းကအတန်းဖော်.."


"ဟေ့...မင်း ကျောင်းကရန်ရှူးထန်မလား..."


နောက်တစ်ယောက်က အူကြောင်ကြောင်ဖြစ်နေပြီး ကျန်တစ်ယောက်မူ ဇဝေဇဝါလုပ်နေသောကြောင့် ထိုတစ်ယောက်ကပြောပြလာသည်။ 


"မေ့သွားပြီလား...ဓာတုဗေဒဆောင်ကဆရာကြီးလေ..."


"အိုး ... အိုး... " 

ပထမတစ်ယောက်က သဘောပေါက်သွားသည်။ အနှီသူမှာ ဆရာကြီးရန်ရှူးထန်အကြောင်းကို အနည်းအကျဥ်းသာကြားဖူးသော်လည်း ဖုယွမ်ကျိုးကို အားတက်သရောရှင်းပြလိုက်သေးသည်။ 


"မင်းကအရမ်းလျှိုထားတာပဲ...မင်းတို့ကသူငယ်ချင်းဖြစ်နေတာတောင်မပြောဘူး..."


"အစကတော့မဟုတ်သေးပါဘူး..." သူ

တို့အရှေ့တွင်ဖြစ်နေ၍ ဖုယွမ်ကျိုးမှာ မကျေမချမ်းဖြင့်မျက်လုံးလှန်ပြလိုက်သည်။


"တော်စမ်းပါ...ညစာတောင်ယူလာပေးတာကို သူငယ်ချင်းတွေမဟုတ်ဘူးတဲ့လား..."


ကျန်နှစ်ယောက်က ရယ်လိုက်ကြသည်။ စားပွဲပေါ်မှအစားအသောက်များကိုမြင်သည့်အခါ သူတို့ကပြောလိုက်ကြသည်။ 

"ဒါဆိုလည်း ငါတို့ယူလာပေးတာကိုစားဖို့မလိုတော့ဘူးပေါ့...ပြန်ယူသွားလိုက်တော့မယ်...နောက်နေ့မှထပ်ယူလာခဲ့မယ်..."


ရန်ရှူးထန်: "ငါကနောက်ရက်တွေလည်း သူ့ဆီလာနေဦးမှာ..."


"Oh...ဒါဆိုငါတို့လာပို့ပေးဖို့မလိုတော့ဘူးပေါ့...ကောင်းသားပဲ...သွားမယ်...ယွမ်ကျိုးရေ...နောက်မှပဲလာခဲ့တော့မယ်..."


"နေကြဦးလေ..."


ဖုယွမ်ကျိုးမှာ တားချိန်လေးပင်မရလိုက်ပဲ သူတို့နှစ်ယောက်ထွက်သွားသည်ကိုသာကြည့်နေလိုက်ရသည်။ ရန်ရှူးထန်ကသူ့ကိုလှည့်ကြည့်လာပြီး စကားပြောသံမှာလည်း အေးဆေးတည်ငြိမ်နေ၏။ 


"ထမင်းတွေအေးသွားပြီ...ငါပြန်နွှေးပေးမယ်..."


"မစားဘူး" 

ဖုယွမ်ကျိုးကား စိတ်ဆိုးနေလေ၏။


သို့သော်လည်း သူတို့က နှစ်အကြာကြီးအတန်းဖော်များဖြစ်ခဲ့ကြပြီး ရန်ရှူးထန်ကလည်း သူ့စကားကိုနားမထောင်တတ်သည်မှာ အကျင့်ဖြစ်နေပြီ။ ထိုသူက ထမင်းကိုနွှေးပေးပြီး အိတ်ထဲမှလိမ်းဆေးဘူးလေးကိုထုတ်လိုက်သည်။ 


"အဝတ်တွေချွတ်လိုက်...ငါကြည့်ပေးမယ်..."


ထိုနေ့က အလွန်ကိုနာကျင်ခဲ့ရသည်။ ဖုယွမ်ကျိုးမှာ တနေ့လုံးခါးနာခဲ့ရပြီး တစ်ကိုယ်လုံးတွင်လည်း ကိုက်ရာများဖြင့်ပြည့်နေခဲ့ကာ ယခုအချိန်အထိမသက်သာသေးပေ။ ရန်ရှူးထန်က တကယ်ကို သူ့အားဆေးလိမ်းပေးချင်ရုံသာဖြစ်သော်လည်း ဖုယွမ်ကျိုးကမူ ရန်ရှူးထန်ကိုမပြချင်၍ ကူရှင်ကိုလှမ်းဆွဲပြီးပစ်ပေါက်လိုက်သည်။ 


"ထွက်သွားကွာ!"


ရန်ရှူးထန်က ကူရှင်ကိုလှမ်းယူပြီး ဆေးဘူးကိုစားပွဲပေါ်တင်ပေးလိုက်သည်။ 


"မင်းဟာမင်းပဲလိမ်းလိုက်တော့..." 

ထို့နောက် ထိုသူကသူ့ထံဖျတ်ကနဲကြည့်လိုက်သေးသည်။ 

"မင်းဆေးပေးခန်းအထိသွားပြီး ဆေးမယူခဲ့ဘူးလို့တော့ ထင်တာပဲ..."


မှန်သည်။ ဖုယွမ်ကျိုးမှာ သွားရမည်ကိုရှက်နေခဲ့ပြီး ရန်ရှူးထန်ကိုမြင်သည့်အခါ ဒေါသပိုထွက်လာခဲ့သည်။ သူသည်ကား ကူရှင်နှင့်မျက်နှာကိုအပ်ထားလိုက်ပြီး ရန်ရှူးထန် ညစာနွှေးပြီးယူလာပေးမှ ကူရှင်ကိုဖယ်လိုက်သည်။


ဖုယွမ်ကျိုးမှာ စားစရာအနံ့၏ဆွဲဆောင်မှုကို တောင့်မခံနိုင်သောကြောင့် ထစားလေတော့၏။ အဆိုပါအစားအသောက်များက ကဖေးဆိုင်ကယူလာခြင်းမဟုတ်​ဘဲ အပြင်မှယူလာခြင်းဖြစ်ပြီး အနံ့ခံကြည့်ရုံဖြင့် အရသာရှိမှန်းသိနိုင်၏။


"မင်းအိမ်ထဲမှာမီးဖိုချောင်ရှိတာပဲ..." 

ရန်ရှူးထန်ကမေးလာလေသည်။ 

"ငါသုံးလို့ရလား..."


"မရဘူး..." 

ဖုယွမ်ကျိုး စွပ်ပြုတ်တစ်ဇွန်းကိုခပ်သောက်ပြီး သူ့အားဆတ်ကနဲလှမ်းကြည့်လိုက်သည်။

 "ဘာလုပ်မလို့လဲ..ငါ့ကိုအဆိပ်ခတ်သတ်မလို့လား..."


ရန်ရှူးထန်: "မင်းအတွက်ချက်ပေးဖို့...မင်းနေပြန်ကောင်းလာအောင်လေ..."


"ဖူး...အဟွတ်..." 

ဖုယွမ်ကျိုး စွပ်ပြုတ်သောက်ရင်း သီးသွားရလေသည်။


ရန်ရှူးထန်က သူ့ကိုဟင်းချက်ကျွေးမလို့။ သူချက်တတ်လို့လား။ သေချာပေါက်ကို သူ့ကိုအဆိပ်ခတ်သတ်မလို့မလား။


ရန်ရှူးထန်က ဟင်းချက်လက်ရာ တကယ်ကိုကောင်းသည် ။ ထိုအချက်ကြောင့်ပင် ဖုယွမ်ကျိုးက နောက်တနေ့နေ့လည်တွင်လည်း အနှီသူကိုလာခွင့်ပေးလိုက်လေ၏။


မီးဖိုချောင်ထဲတွင် ဖုယွမ်ကျိုးအတွက် လိုအပ်သမျှပစ္စည်းအစုံရှိသည်။ သူသည်ကား မိုက်ခရိုဝေ့ဖ်သုံးနည်းကိုသာသိသော်လည်း ရန်ရှူးထန်ကမတူပေ။ ခဏအကြာတွင် မွှေးပျံ့သည့်အနံက အပြင်ဘက်အထိပျံ့ကားထွက်လာခဲ့သည်။ ဟင်းပွဲသုံးပွဲနှင့် စွပ်ပြုတ်တစ်ပွဲသာချက်ထားသည့်တိုင် ဖုယွမ်ကျိုးအကြိုက်ချည်းသာဖြစ်ပြီး သုံးမိနစ်အကြာမှာပင် သူ့ကိုယ်သူမေ့သွားခဲ့သည်၊၊ ပုံမှန်ထက် ထမင်းတစ်ပန်းကန်ပင်ပိုစားလိုက်သေးသည်။


စားသောက်ပြီးသွားသည့်အခါ ဖုယွမ်ကျိုးက ထုံးစံအတိုင်း ဂိမ်းဆော့နေပြီး ရန်ရှူးထန်ကမူ မီးဖိုချောင်ထဲတွင် သန့်ရှင်းနေသည်။ ရေကျနေသည့်အသံကိုနားထောင်ရင်း ဖုယွမ်ကျိုး၏အတွေးတို့က လမ်းချော်လာခဲ့သည်။ ရန်ရှူးထန်က သူ့ကိုတကယ်ဂရုစိုက်ပေးနေသလိုပင်။


အိမ်အကူတစ်ယောက်လိုပင် သူ့ကိုပြုစုပေးနေခဲ့သည်။ သူ့အနေဖြင့် ရန်ရှူးထန်ကိုအရှက်ခွဲရင်း အနိုင်ကျင့်ကာ သူ၏သည်းခံနိုင်စွမ်းကို စမ်းသပ်ကြည့်၍ရသည်။


ဖုယွမ်ကျိုး စိတ်ဆုံးဖြတ်ကာ မီးဖိုချောင်ထဲသို့ဝင်သွားရင်း ရန်ရှူးထန်ကို ခိုင်းစားရန်ကြိုးစားလိုက်သည်။ သို့သော်လည်း သူဝင်သွားသည်နှင့် သန့်ရှင်းနေပြီးသားပန်းကန်တို့ကိုကောက်ကိုင်ကာ အကြာကြီးစိုက်ကြည့်နေမိသည်။ ၎င်းတို့က အစက်အပြောက် တစ်စက်လေးပင်မရှိဘဲ အသစ်ကျပ်ချွတ်အတိုင်း သန့်ရှင်းနေလေ၏။


ပန်းကန်ဆေးပြီးဖြစ်သောကြောင့် ဖုယွမ်ကျိုးက ရန်ရှူးထန်ကိုအိမ်သန့်ရှင်းခိုင်းလိုက်သည်။ သူတက္ကသိုလ်တတ်ပြီးနောက်ပိုင်း သူ့ထံတွင် အတန်းဖော်အများအပြားရှိလာခဲ့သည်။ သို့ဖြစ်၍ ဖုယွမ်ကျိုးမှာ အိမ်သန့်ရှင်းရေးအတွက် အိမ်အကူကိုငှားရန် ရှက်သဖြင့် သူကိုယ်တိုင် သန့်ရှင်းရေးလုပ်လေ့ရှိ၏။ ယခုမူ ခြေထောက်ဒဏ်ရာရနေ၍  ဤရက်ပိုင်းအတွင်း သူကိုယ်တိုင်သန့်ရှင်းရေးလုပ်နိုင်မည်မဟုတ်ပေ။ ယင်းကရန်ရှူးထန်ကိုနှိပ်စက်ရန် အကောင်းဆုံးနည်းလမ်းဖြစ်လာခဲ့သည်။ 


မူလကမူ ရန်ရှူးထန်ဘက်မှ စောဒကတက်လိမ့်မည်ဟု သူထင်ခဲ့သည်။ သို့ထိတိုင် သူက စကားမပြောဘဲ ကြိုးစားပမ်းစားသန့်ရှင်းပေးသွားပြီး ဖုယွမ်ကျိုးထက်ပင်ပိုပြီး စနစ်ကျနေသေးသည်။ နေရာတိုင်းကိုဖြူဖွေးနေအောင်တိုက်ချွတ်သွားသည့်အပြင် စောင်နှင့်အိပ်ရာခင်းတို့ကိုပင်လျှော်သွားလိုက်သေးသည်။


အိမ်အလုပ်တွင်လည်း အပြစ်ပြောစရာမရှိသည့်အခါ ဖုယွမ်ကျိုးက ရန်ရှူးထန်ကို နောက်တစ်မျိုးဒုက္ခပေးပြန်သည်။ သူရန်ရှူးထန်ကိုရေခပ်ခိုင်းပြန်၏။ ပထမတစ်ခွက်ကိုအေးလွန်းသည်ဟုပြောသည ဒုတိယတစ်ခွက်ကိုမူ ပူလွန်းသည်ဟုပြောပြန်ပြီး တတိယတစ်ခွက်ကမူ လက်ထဲမှလွတ်ကျပြီး ခွက်ပါကွဲသွားသေးသည်။ ရန်ရှူးထန်က မည်သည့်စကားကိုမှမပြောဘဲ ကြမ်းပြင်ပေါ်မှဖန်ကွဲအစတို့ကိုရှင်းလင်းပြီး ဖုယွမ်ကျိုးကိုသတိပေးလိုက်သေးသည်။ 


"သတိထားပြီးနင်းနော်..."


"......"


ဖုယွမ်ကျိုးမှာ ပြောစရာစကားမကျန်တော့ချေ။ သူစိတ်ဓာတ်ကျသွားခဲ့သည်။ သူရန်ရှူးထန်ကို ရန်စနေခဲ့သော်လည်း သူဘာလုပ်လုပ် အရာမထင်ပေ။ ဝါဂွမ်းကိုလက်သီးဖြင့်ထိုးနေရသလိုပင်။ တစ်နေ့လုံး သူတစ်ယောက်တည်းကသာ ပြဿနာရှာသလိုဖြစ်နေသည်။


ရန်ရှူးထန်နှင့်ရန်ဖြစ်ရန် အခွင့်အရေးမရှိခဲ့ဘဲ နောက်ရက်တွင်လည်း ထိုနည်းလည်းကောင်းပင်။ ဖုယွမ်ကျိုးလည်း စိတ်ဆိုးပြေလာခဲ့သည်။ ရန်ရှူးထန်ကသူ့ကိုတကယ်တောင်းပန်ချင်နေခြင်းဖြစ်ကြောင်းသိလိုက်ရပြီး သူ့စိတ်ထဲတွင် မလိုအပ်တော့သလိုခံစားလိုက်ရသည်။


ယင်းက တစ်ညတာ အတူပျော်ခဲ့ခြင်းသက်သက်သာဖြစ်ပြီး ထို့အတွက် အချင်းချင်း တောင်းပန်စရာအကြောင်းမရှိပေ။ သူနှင့်အိပ်မိသူက အခြားလူမဟုတ်ဘဲ ရန်ရှူးထန်ဖြစ်နေသည့်တိုင် သူလည်း ထိုနေ့က ရန်ရှူးထန်ကို အိပ်ရာထဲတွင် ရိုက်နှက်ခဲ့ခြင်းမရှိပေ။ 


သူတို့ကြားမှ အခြေအနေသာပြောင်းသွားခဲ့လျှင်....ဖုယွမ်ကျိုးက နှိမ့်ချ၍နေသည့်ရန်ရှူးထန်ကိုကြည့်ကာတွေးလိုက်ရင်း ရင်တုန်သွားမိသည်။ သူကအောက်ပုဂ္ဂိုလ်ဖြစ်သွားရ၍လည်း ထူးထူးဆန်းဆန်းဝမ်းသာနေမိ၏။ သူရန်ရှူးထန်အတွက် ယခုလိုမျိုးလုပ်ပေးနိုင်မည်မဟုတ်ပေ။


ရန်ရှူးထန်ကသူ့ကို အတော်လေးဂရုစိုက်ပေးခဲ့ဖူး၍ဖြစ်လိမ့်မည်။ ရက်အနည်းငယ်ကြာသည့်အခါ ဖုယွမ်ကျိုးမှာ ရန်ရှူးထန်ကိုစိတ်ရှုပ်စရာကောင်းသည်ဟုမတွေးမိတော့ဘဲ နည်းနည်းလေး ချစ်စရာကောင်းသလိုပင်ခံစားလာရသေးသည်။


ထိုအချိန်မှာပင် ရန်ရှူးထန်ကလက်ဆေးပြီး အိပ်ရာဘေးတွင်ဝင်ထိုင်လာသည်။ ဒဏ်ရာထားသည့်သူ့ခြေထောက်ကိုပေါင်ပေါ်တင်ကာ သွေးကြောနေရာကိုဖွဖွလေးဖိပေးလာသည်။ 


"ငါနှိပ်ပေးမယ်..မင်းမြန်မြန်သက်သာအောင်.."


"မနှိပ်နဲ့!"


သူ၏လက်ချောင်းလေးများက သူ့ခြေချင်းဝတ်တလျှောက်ကိုပွတ်သပ်နေခဲ့သည်။ ဖုယွမ်ကျိုးမှာ ရှက်လွန်းသောကြောင့်မျက်နှာပင်ပူလာရ၏။ သူငြင်းနေသော်လည်း အချည်းနှီးပင်။ ရန်ရှူးထန်ကသူ့ခြေထောက်ကိုချုပ်ထားပြီး သူ၏နှိပ်ပေးနေခြင်းကလည်း အင်မတန်သက်သောင့်သက်သာရှိသည်။ ဖုယွမ်ကျိုးမှာ မူလကနာနေသေးသော်လည်း တဖြည်းဖြည်း ပိုပြီးနေရသက်သာလာကာ ထပ်မနာတော့ပေ။


ထို့ကြောင့် ဖုယွမ်ကျိုးက ရုန်းကန်နေခြင်းကိုရပ်လိုက်ပြီး အိပ်ရာခေါင်းရင်းကိုမှီကာ ရန်ရှူးထန်နှိပ်ပေးနေသည့်ပုံစံကိုကြည့်နေလေသည်။ ရန်ရှူးထန်၏လက်ချောင်းလေးများက ဖြူပြီးသွယ်လျသည်။ စမ်းသပ်ခန်းထဲမှပြွန်ချောင်းများကိုကိုင်တွယ်နေရသောအဆိုပါလက်လှလှလေးများက ယခုတော့ သူ့ခြေချင်းဝတ်ကိုနှိပ်နယ်ပေးနေသည်။ ဖုယွမ်ကျိုးမှာ သူ့အတွေးထဲတွင် စိတ်ကျေနပ်မှုလေးများ တစွန်းတစပါနေမှန်း ရှက်ရွံ့စွာဖြင့်နားလည်လိုက်ရချေသည်။


"အားထည့်ထားတာအနေတော်ပဲလား..." 

ရန်ရှူးထန်ကမေးလာခဲ့သည်။


"မဆိုးပါဘူး..." 

ဖုယွမ်ကျိုးသည်ကား အတော်လေးကျေနပ်နေလေသည်။ 

"နောက်ကျရင် မင်းအနှိပ်ခန်းဖွင့်စားချေ...ငါလာအားပေးမယ်..."


ရန်ရှူးထန်က သူ၏အပြောင်အပျက်စကားကို မတုံ့ပြန်ဘဲ ဆေးအရက်ဖြင့် ဆက်နှိပ်ပေးနေသည်။ ဖုယွမ်ကျိုးက ဖုန်းကစားနေပြီးနောက် ရုတ်တရက်ပျင်းလာသလိုခံစားရ၏။ ရက်အနည်းငယ်ကြာသည်အထိ သူအတွက်ပျော်စရာမရှိခဲ့ဘဲ ဖုန်းနှင့်သာကစားနေခဲ့ရသည်။ ယခုတော့ သူဖုန်းကိုဘေးဖယ်ထားပြီး တစ်ခုခုလုပ်ချင်စိတ်ရှိနေလေသည်။


"မင်းဂိမ်းဆော့တတ်လား..." 

သူရန်ရှူးထန်ကိုမေးကြည့်လိုက်သည်။


သူသည် အိမ်မှ နှစ်ယောက်ကစားနိုင်သည့် ဂိမ်းစက်တစ်လုံးကိုယူလာခဲ့သည်။ ပုံမှန်တွင် ယွမ်ယဲ့အိမ်လာမှထုတ်ကစားတတ်၏။ ယခုတော့ သူ့မှာ ပျင်းလွန်း၍ အရည်ပင်ထွက်တော့မလိုဖြစ်နေလေရာ ရန်ရှူးထန်နှင့် ကစားချင်နေလေသည်။ လွန်ခဲ့သောနှစ်များစွာက သူ့ကိုလူတစ်ယောက်ကပြောခဲ့ဖူးသည်။ သူသာရန်ရှူးထန်နှင့်ဂိမ်းကစားခဲ့လျှင် သေသည်အထိအရိုက်ခံရမည်ဟူ၍။ ယခုတွင်မူ မဖြစ်နိုင်သည့်အရာမရှိဟု ပြောရတော့မလိုဖြစ်နေလေသည်။


ထို့အပြင် သူတို့နှစ်ယောက်က အိပ်ရာတစ်ခုတည်းတွင်အိပ်ခဲ့ကြပြီးဖြစ်သောကြောင့် အတူဂိမ်းကစားခြင်းကအရေးမကြီးတော့ချေ။ဖုယွမ်ကျိုးသည်ကား တစ်ယောက်တည်း ကျိတ်တွေးရင်းရယ်နေမိပြီး ရန်ရှူးထန်ကခေါင်းယမ်းပြလာသည့်အခါ အစီအစဥ်မှာ မစသေးခင်ပင်ပျက်စီးသွားခဲ့ရလေသည်။ ရန်ရှူးထန်ကဲ့သို့ကျောင်းသားကောင်းတစ်ယောက်က ဂိမ်းမဆော့တတ်သည်မှာ အဆန်းမဟုတ်တော့ပေ။


"ဒါဆို မင်းစစ်တုရင်ရောကစားတတ်လား..."


ဖုယွမ်ကျိုးက နောက်တစ်မျိုးပြောင်းမေးကြည့်လိုက်ပြန်သည်။ သူ့ထံတွင် စစ်တုရင်ကစားသည့်ဘုတ်ပြားရှိပြီး အားသည့်အချိန်တွင် ရှဲ့လင်နှင့်အတူကစားတတ်သည်။ သူမဆော့တော့သည်မှာကြာခဲ့ပြီဆိုသော်လည်း ရှဲ့လင်က အစဥ်အလာမပျက်ကစားခဲ့၍ သူ့ထက်ပိုသာနေခဲ့သည်။ သူသည်ကား ထပ်ခါတလဲလဲရှုံးနေခဲ့ပြီး ဆယ်ပွဲတွင် တစ်ပွဲသာအနိုင်ရတတ်သည့်တိုင် သူပျော်ရွှင်နေမိဆဲပင်။


ရန်ရှူးထန်ကို ဘယ်လောက်သင်ပေးပါစေ။ ထိုသူက စစ်တုရင်ကို မကစားတတ်လောက်ဟုသူထင်ခဲ့သည်။ သင်ပေးပြီးလျှင် သူ့အနေဖြင့်ရန်ရှူးထန်ကိုအနိုင်ကျင့်နိုင်သော်ငြား စစ်တုရင်ကစားရုံသာဖြစ်လျှင်ပင် ပြိုင်ဘက်ကပွဲတိုင်းရှုံးနေသည်ကို ကြည့်ချင်သူလည်းရှိမည်မဟုတ်ပေ။


သူမေးလိုက်သော်လည်း ရန်ရှူးထန်ကမဖြေဘဲ သူ့ကိုသာအချိန်အကြာကြီးငေးကြည့်နေခဲ့သည်။ သူအမြင်မှားနေခြင်းလည်းဖြစ်နိုင်သည်။ သူ၏မျက်လုံးတို့က အတော်လေးထူးဆန်းနေခဲ့၏။ ဖုယွမ်ကျိုးမှာ အနှီသူကစိတ်ဆိုးသွားလေသလားဟုပင် တွေးလိုက်မိသေးသည်။


မဖြစ်နိုင်တာ...စိတ်ဆိုးစရာအကြောင်းလည်းမရှိပါဘူး..


ဖုယွမ်ကျိုးမှာ စိတ်မသက်မသာဖြစ်လာ၍ မေးလိုက်ရလေ၏။


 "ဘာလို့လဲ...တတ်ရင်လည်းတတ်တယ်...မတတ်ရင်လည်းမတတ်ဘူးလို့ပြော...အဲဒီလောက်တောင်ခက်ခဲနေလို့လား.."


"စစ်တုရင်ကစားတဲ့ဘုတ်ကဘယ်မှာလဲ..."


ထိုမေးခွန်းမေးပြီးနောက် ရန်ရှူးထန်တစ်ယောက်တိတ်ဆိတ်သွားလေသည်။


အိုး...ကစားတတ်တာပဲ..ဒါဆို ဘာလို့ဖြေတာကြာနေရတာလဲ။ ဖုယွမ်ကျိုးသည် စိတ်ထဲတွင်သာရေရွတ်လိုက်ရင်း စာအုပ်စင်ကိုလက်ညိုးထိုးပြလိုက်သည်။ 


"အဲဒီထဲမှာ..."


ရန်ရှူးထန်က စစ်တုရင်ဘုတ်ကိုသွားယူပြီး ဖွင့်လိုက်သည်။ စစ်တုရင်ရုပ်လေးများကိုအပြင်ထုတ်ပြီး ဘုတ်ပြားကိုဖြန့်လိုက်သည်။ အရုပ်များကိုနေရာချလိုက်ပြီးသည့်နောက် နှစ်ဖက်လုံးစကားမပြောဖြစ်ကြတော့ပေ။


ဖုယွမ်ကျိုးသည် စည်းမျဥ်းများနှင့်ရင်းနှီးနေပြီဖြစ်သောကြောင့် စကားများမနေတော့ဘဲ တန်းပြီးကစားလိုက်သည်။ စကစားသည်နှင့်ဖုယွမ်ကျိုးမှာ ရန်ရှူးထန်၏အရည်အချင်းကိုအထင်သေးမိပြီဖြစ်ကြောင်းနားလည်သွားရလေ၏။ ရန်ရှူးထန်သည်လည်း ရှဲ့လင်လိုပင် ကစားရာတွင်တော်လေသည်။ ရန်ရှူးထန်၏မတူညီသောစရိုက်နှစ်ဖက်ကိုအာရုံစိုက်မိရင်း သူသည် အနှီသူဆင်ထားသည့်ထောင်ချောက်ထဲကျသွားပြီး အဖက်ဆယ်မရအောင်ရှုံးသွားလေတော့သည်။


ဤတကြိမ်တွင်မူ ဖုယွမ်ကျိုး အာရုံလွင့်မသွားတော့ပေ။ မတိုင်ခင်က ပုံမှန်သာကစားနေခဲ့သော်လည်း ယခုတော့ အာရုံစိုက်လာမိသည်။ စကားတစ်လုံးမှမပြောဘဲ စစ်တုရင်ရုပ်လေးများကိုစီနေပြီး ရန်ရှူးထန်ကိုစိန်ခေါ်လိုက်လေသည်။ 

"နောက်တစ်ပွဲ!"


ရန်ရှူးထန်က ချက်ချင်းမစသေးဘဲ ဖုယွမ်ကျိုးကိုငေးကြည့်နေပြီးနောက် တုံ့ပြန်လာလေသည်။

 "မင်းဒီတစ်ပွဲရှုံးရင် ငါ့ကိုကတိတစ်ခုပေးရမယ်..."


"ဘာလဲ.." 


"မင်းရှုံးရင်..."

 ရန်ရှူးထန်က တောင်းဆိုလာလေသည်။

 "ငါနဲ့ဒိတ်ပေးရမယ်..."


♎️