♎️Chapter 96
ရန်ရှူးထန် -3
'ဂလောက်'
ဖုယွမ်ကျိုးဘုတ်လက်ထဲရှိ စစ်တုရင်အရုပ်လေးမှာ စစ်တုရင်ပြားပေါ်ကိုပြုတ်ကျသွားလေသည်။
အစပိုင်းတွင် သူကြောင်နေသေးသည်။ သူနားကြားလွဲသွားသည်ဟုထင်လိုက်သော်လည်း နောက်ဆုံးတွင်မူ သူကြားလိုက်သည်မှာအမှန်ပင်ဖြစ်ကြောင်း နားလည်သဘောပေါက်လိုက်၏။
ရန်ရှူးထန်က တကယ်ကြီးသူနဲ့ဒိတ်ချင်နေတယ်။
ထို့နောက်တွင် သူ တုန်လှုပ်သွားရလေ၏။
"မင်းရူးသွားပြီလား..."
ရန်ရှူးထန်: "တကယ်ပြောနေတာ.."
"သေစမ်း ငါ့ကိုမနောက်စမ်းနဲ့..."
ဖုယွမ်ကျိုးမှာ ကျောမွှေးများပင်ထောင်သွားလေသည်။ သူရန်ရှူးထန်ကို တကယ်လေးစားသွားခဲ့ရသည်။ ဤလူ၏ဦးနှောက်က အမှန်တကယ်ချောင်နေပုံရ၏။ သူတို့နှစ်ယောက်အချင်းချင်းမုန်းနေကြသည်မှာ သေချာသော်လည်း ပြန်အဆင်ပြေသွားရန်အတွက်နှင့် ထိုသူကယခုလို အဓိပ္ပါယ်မရှိသည့်စကားမျိုးပြောရဲလေသည်။
"ငါမင်းကိုအရင်ကလည်းပြောဖူးတယ်လေ..."
သူ အလျှော့မပေးဘဲဆက်ပြောလိုက်၏။
"ငါတို့ကနှစ်ယောက်က ယောကျ်ားတွေ...မင်းလည်းငါ့ကိုတာဝန်ယူပေးစရာမလိုဘူး...ငါလည်းမင်းအမှားလို့မတွေးဘူး...ငါတို့အားလုံးကအမှားလုပ်တတ်ကြတာပဲ..ငါဆိုပိုပြီးတောင်နစ်နာသေးတယ်...ဒါပေမဲ့ ဒီအတောအတွင်း မင်းငါ့ကိုဂရုစိုက်ပေးတာနဲ့တင် ငါမင်းကိုခွင့်လွှတ်တယ်...မင်းဒီလိုမျိုးကြီး ငါ့ကိုအနိုင်မကျင့်ပါနဲ့ကွာ..."
ရန်ရှူးထန်၏မျက်နှာကမပြောင်းသွားပေ။ သူဆက်ပြောချင်နေသော်လည်း ရန်ရှူးထန်ပြောလာသည့်စကားကြောင့် ဘာဆက်ပြောရမှန်းမသိဖြစ်သွားလေသည်။
"ငါတာဝန်ယူနေတာမဟုတ်ဘူး...တောင်းပန်နေတာလည်းမဟုတ်ဘူး..."
ရန်ရှူးထန်ကဆက်ပြောလာခဲ့သည်။
"ငါကမင်းကိုသဘောကျနေတာ..."
"....."
ဖုယွမ်ကျိုး တောင့်တင်းသွားလေသည်။
ရန်ရှူးထန်မှာ တာဝန်ယူချင်စိတ်ဖြင့်ရူးသွားပြီး ယခုလို ပေါက်ပန်းလေးဆယ်စကားမျိုးကိုပင် ပြောထွက်ရဲသည်လေ။
သူသည်ကား အသံတိတ်နေခဲ့သော်လည်း ရန်ရှူးထန်ကမူ ဇွဲမလျှော့ပဲဆက်ပြောနေဆဲ။
"ငါမင်းကိုသဘောကျနေခဲ့တာကြာပြီ..ငါမင်းကိုမုန်းနေတယ်လို့ထင်ခဲ့ပေမဲ့ တကယ်တော့ ငါမင်းကိုသဘောကျနေခဲ့တာ..ဒီနှစ်တွေထဲမှာငါမင်းကိုသဘောကျနေခဲ့တာ..အမှတ် ၁ အလယ်တန်းကျောင်းကိုဝင်တယ်..အတန်းကိုလည်းကျော်တက်ခဲ့တယ်...ဒီမြို့ကကောလိပ်ကိုလာတက်ခဲ့တာလည်းမင်းကြောင့်ပဲ...မင်းနဲ့ပိုပြီးနီးစပ်အောင်လို့ပဲ..."
"တော်တော့...တော်ပါတော့ကွာ..."
ဖုယွမ်ကျိုးမှာ မူးဝေလာရပြီး ရန်ရှူးထန်ဆက်မပြောရအောင် လက်ကိုအကြိမ်ကြိမ်ခါယမ်းနေခဲ့သည်။ ထိုသူသာဆက်ပြောနေပါက သူလေသာဆောင်အထိထွက်ပြီး အသက်ရှူရတော့မည်။
ထို စကားကပြင်းထန်လွန်းသည်။ သူအိပ်မက်မက်နေခြင်းဖြစ်မည်ဟုထင်ခဲ့သော်လည်း ခြေထောက်ကနာကျင်နေဆဲဖြစ်ပြီး ၎င်းခံစားချက်အရ သူသည်လက်တွေ့ကမ္ဘာတွင်ရှိနေဆဲဖြစ်ကြောင်းသိနိုင်သည်။ ထိုသို့ဆိုပါက ရန်ရှူးထန်က အိပ်မက်ယောင်ပြီးလမ်းလျှောက်နေခြင်းဖြစ်နိုင်သလို သူတို့ကိုနောက်ပြောင်ရန် ခိုးဝှက်ပြီးရိုက်ကူးနေသည့်ကင်မရာများရှိနေခြင်းလည်းဖြစ်နိုင်သည်။
အထက်ပါအတိုင်းတွေးလိုက်သည့်အခါ ဖုယွမ်ကျိုးစိတ်သက်သာသွားခဲ့သည်။ ရန်ရှူးထန်က သူ့ထက်နှာတဖျားသာနေသည်ကိုလက်မခံနိုင်တော့ဘဲ လျှပ်တပြက်ကောက်မေးလိုက်လေ၏။
"တကယ်ကြီးလား..."
ထိုစကားကိုပြောချိန်တွင် သူ့လျှာကိုပင်ကိုက်ပစ်ချင်စိတ်ဖြစ်နေခဲ့၏။
"ငါ့ကိုသဘောကျတယ်ဆိုတာ..."
ရန်ရှူးထန်က အသာခေါင်းညိတ်ပြသည်။ ထိုသူမှာ နားရွက်လေးများနှင့်မျက်နှာတပြင်လုံးကပါ ခပ်ရဲရဲလေးဖြစ်နေ၏။ တွေ့နေကျ အေးစက်စက်နှင့်မထီမဲ့မြင်ဟန်မျက်နှာဖြင့်ယှဥ်ကြည့်လိုက်လျှင် မတူညီသည့်လူနှစ်ယောက်လိုပင်။
"......"
ဖုယွမ်ကျိုး ကြက်သေသေသွားခဲ့သည်။
ယင်းက အပျော်အပျက်ရှိုးမဟုတ်ဘဲ ရန်ရှူးထန်ကစိတ်ရင်းဖြင့်ပြောလာခဲ့ခြင်းသာ။
စိတ်ကူးထဲပင်မထည့်ခဲ့ဖူးသည့်ကိစ္စက ယခုလိုဖြစ်လာခဲ့သည်။ အတိတ်မှပြိုင်ဖက်ဟောင်းကြီးက အတိတ်မှဖြစ်ရပ်အားလုံးသည် အထင်လွဲမှုတစ်ရပ်ပင်ဖြစ်ကြောင်းရုတ်တရက်ရှင်းပြလာခဲ့၏။ ထိုသူက သူ့အား လွန်ခဲ့ပြီးသောနှစ်များတည်းကသဘောကျနေခဲ့သည်။ သူနှင့်တစ်ညတာအိပ်စက်လိုက်ရပြီးနောက် ခံစားချက်တို့ကိုမမြိုသိပ်ထားနိုင်တော့ဘဲ သူနှင့်ဒိတ်ချင်သည်ဟုဖွင့်ပြောလာခဲ့သည်။
"မင်း...မင်းအရင်အိမ်ပြန်လိုက်ချေ...ငါစဥ်းစားကြည့်လိုက်ဦးမယ်...."
ဖုယွမ်ကျိုးသည်ကား သွေးဆောင့်တိုးသွားသလိုခံစားနေရပြီး ခေါင်းထဲတွင်လည်းမူးဝေနေလေသည်။ သူသည် နဖူးကိုအုပ်ကိုင်ထားရင်း မျက်လုံးမှိတ်ကာ ရန်ရှူးထန်ကိုမကြည့်ဘဲလက်ယမ်းပြလိုက်သည်။
"ငါတစ်ယောက်တည်းနေချင်လို့ပါ..."
ယခုလိုစကားမျိုးကို မည်သူကမှချက်ချင်းလက်မခံနိုင်ပေ။ ရန်ရှူးထန်သည်လည်း သူ့အားနားလည်ပုံရပြီး ခေါင်းတစ်ခုလုံးပေါက်ထွက်မတတ်စဥ်းစားနေဆဲဖုယွမ်ကျိုးကို နှုတ်ဆက်ကာ ထွက်သွားလေတော့သည်။
ရန်ရှူးထန်ဖွင့်ပြောလာသည်ကို ပထမဆုံးအကြိမ်ကြားလိုက်ရသည့်အခါ ဖုယွမ်ကျိုးမှာစိတ်ရှုပ်ထွေးသွားရသည်။ အံ့အားသင့်သွားခဲ့ရသည့်အပြင် အနေကျပ်သွားခဲ့ပြီး စဥ်းစားရခက်သွားခဲ့သည် ။ သူရန်ရှူးထန်ကိုမုန်းရသည့်အကြောင်းရင်းမှာ ရန်ရှူးထန်ကသူ့ကိုမုန်းနေခဲ့သောကြောင့်ပင်။ သို့သော် ယခုအချိန်မှာ ၎င်းကအထင်လွဲမှားနေမှုတစ်ရပ်သာဖြစ်ကြောင်းသိလိုက်ရသည်။ အလေးချိန်ညီမျှသွားစေရန် အလေးတုံးများကိုထပ်ဖြည့်နေရသလိုပင်။ မူလကဟန်ချက်ညီမှုလေးပျက်ယွင်းသွားရသည့်အခါ သူ့နှလုံးသားကလည်း
အစွန်းတဖက်တွင် ကျလုကျခင်အခြေအနေနှင့်ကြုံတွေ့လိုက်ရတော့သည်။
မှန်သည်။ ရန်ရှူးထန်ကသူ့အားမုန်းနေ၍သာ သူကလည်းရန်ရှူးထန်ကိုပြန်မုန်းနေမိရုံပင်။ အခုအချိန်မှ ရန်ရှူးထန်က ဘာလို့သူ့ကိုမမုန်းတော့ပြန်တာလဲ။
ဖုယွမ်ကျိုးမှာ ထိုအချက်ကိုလုံးဝစဥ်းစားမရခဲ့ပေ။ သူသေချာမမှတ်မိတော့သည့်တိုင် အစပိုင်း၌ အခြေအနေမကောင်းခဲ့ကြသည်မှာသေချာသည်။ ထို့အပြင် သူက အကြောင်းမရှိဘဲလူတစ်ယောက်ကိုမုန်းတတ်လေ့မရှိချေ။ အချိန်ယူပြီးစဥ်းစားကြည့်လိုက်မှ နောက်ဆုံးတွင်သူမှတ်မိသွားခဲ့သည်။ ကျောင်းဖွင့်ပွဲနေ့မှစတင်ခဲ့ခြင်းပင်။
ကျောင်းစဖွင့်သည့်နေ့တွင် အထက်တန်းပထမနှစ်ကျောင်းသားအားလုံးသည် ဟောခန်းမထဲသို့သွားပြီး ကျောင်းအုပ်၏မိန့်ခွန်းကို သွားနားထောင်ခဲ့ကြ၏။ ထိုအချိန်တွင် ကျောင်းသားများအချင်းချင်းမရင်းနှီးကြသေးပေ။ ဖြစ်ချင်သည့်အခါ ဖုယွမ်ကျိုးနှင့်ရန်ရှူးထန်တို့နှစ်ယောက်က ဘေးချင်းယှဥ်ရပ်ခဲ့ရသည်။
သူ့ဘက်မှအရင် ရန်ရှူးထန်ကိုစကားစခဲ့သော်လည်း ရန်ရှူးထန်ကသူ့အားအဖက်မလုပ်ခဲ့ပေ။ အေးတိအေးစက်မျက်နှာဖြင့် သူ့ကိုပင်လှည့်မကြည့်ဘဲနေခဲ့သည်။ ကျောင်းအုပ်စကားပြောပြီးသည့်အခါ ရန်ရှူးထန်စကားပြောရမည့်အလှည့်ရောက်လာခဲ့သည်။ ထိုအခါမှပင် ထိုသူက ကျောင်း၏ကိုယ်စားပြုဖြစ်နေမှန်း သူသိလိုက်ရ၏။
ဖုယွမ်ကျိုးသည် ရန်ရှူးထန်က ဟန်ဆောင်ကောင်းပြီး ကိုယ်စားပြုကျောင်းသားတစ်ယောက်ဖြစ်နေ၍ သူ့ကိုယ်သူနားထင်သွေးရောက်ကာ သူ့အားစကားမပြောချင်ဖြစ်နေသည်ဟုတွေးပြီး ဒေါသထွက်ခဲ့ရသည်။
အခမ်းအနားပြီးသွား၍ လူတိုင်းအတန်းပြန်ကြသည့်အချိန်တွင် ဖုယွမ်ကျိုးသည် ရန်ရှူးထန်ကအခြားသူများနှင့် ပုံမှန်အတိုင်းစကားပြောနေသည်ကို တွေ့လိုက်ရ၏။ သို့သော်လည်း သူ့ကိုမူ မျက်လုံးချင်းပင်ဆုံအောင်မကြည့်ခဲ့ပေ။ ရန်ရှူးထန်ကသူ့ကိုမကျေနပ်စိတ်ရှိနေခြင်းမဟုတ်ဘဲ တမင်လျစ်လျူရှုထားမှန်းသိလိုက်ရသည့်အခါ သူ့အဆုတ်များပင် ပေါက်ကွဲတော့မည်အထိ စိတ်တိုသွားခဲ့ရလေသည်။
နောက်ပိုင်း ရန်ရှူးထန်က သူ့အားစကားပြောချင်၍လာခဲ့လျှင်ပင် သူ့ဘက်က မသိသလိုနေပြီး အနှီသူကိုမောင်းထုတ်ပစ်ခဲ့သည်။ ထိုနောက်ပိုင်း သူနှင့်ရန်ရှူးထန်တို့နှစ်ယောက်ကြားမှဆက်ဆံရေးမှာ အမုန်းတရားကိုဦးတည်လာခဲ့သည်။ မျက်နှာချင်းဆိုင်မိသည်နှင့် ရန်စကြပြီး နှစ်ယောက်ကြားမှ အငြိုးအတေးမှာပိုမိုနက်ရှိုင်းလာခဲ့ကြသည်။
ရန်ရှူးထန်နှင့်ရှဲ့လင်သည် အတော်လေးတူညီကြ၏။ နှစ်ယောက်လုံးက တည်ငြိမ်သည့် ထိပ်တန်းအဆင့်ဝင်ကျောင်းသားများဖြစ်ပြီး မိသားစု၏မျက်ရှုကြေးမုံလေးများလည်းဖြစ်သေးသည်။ သို့သော်လည်း ဖုယွမ်ကျိုး၏အမြင်တွင် ရှဲ့လင်သည်တည်ငြိမ်ပြီး စဥ်းစားတွေးခေါ်တတ်သည့် ကြီးမြတ်သူဖြစ်သည်။ ရန်ရှူးထန်ကမူ ဘဝင်ရူးနေသူတစ်ယောက်သာ။ သူသာ လူတစ်ယောက်ကိုတကယ်မုန်းတီးပြီဆိုလျှင် အသေးအမွှားကိစ္စလေးပင်ဖြစ်ပါစေ၊ ထိုသူအမှားလုပ်မိသည်နှင့် မုန်းလိုက်မည်သာဖြစ်သည်။
ဖုယွမ်ကျိုးအတွက် အံကြိတ်ပြီးဒေါသထွက်ရလောက်သည်အထိ ရန်ရှူးထန်လုပ်ခဲ့ဖူးသည့် ကိစ္စမှာ မရှိသလောက်ပင်ဖြစ်ပြီး အထက်တန်းတတိယနှစ်တွင်ဖြစ်ခဲ့ဖူးသည့် အကြောင်းအရာနှစ်ခုသာရှိခဲ့သည်။ ပထမတစ်ခုမှာ ကျောင်းဖွင့်ပွဲအခမ်းအနား၌ဖြစ်ပြီး နောက်တစ်ခုမှာ မိန်းကလေးတစ်ယောက် မူးလဲသွားချိန်ကဖြစ်သည်။ သူကထိုမိန်းကလေးကိုပွေ့ချီပြီး ကျောင်းဆေးပေးခန်းအထိ ခေါ်သွားပေးချင်ခဲ့သော်လည်း ရန်ရှူးထန်က သူ့ကိုတားပြီး မိန်းကလေးကိုခေါ်သွားခဲ့သည်။
ဖုယွမ်ကျိုးအတွက်မူ ကျောင်းဆေးပေးခန်းကိုမည်သူကပင်ခေါ်သွားခဲ့ပါစေ၊၊ မိန်းကလေးသာအဆင်ပြေသွားခဲ့လျှင် ရပြီဟုတွေးထားခဲ့သည့်တိုင် ရန်ရှူးထန်က လမ်းခုလတ်တွင်ပင်ပေါ်လာခဲ့သည်။ ထို့အပြင် သူ့အချိန်ကောင်းလေးကိုပါခိုးသွားခဲ့သေးသည်။
ထိုကိစ္စကြောင့် သူအလွန်ဒေါသထွက်ခဲ့ရသော်လည်း ယခုအချိန်မှပြန်တွေးကြည့်လိုက်သည့်အခါ ရန်ရှူးထန်က မိန်းကလေးကိုသူသယ်သွားမည့်အဖြစ်အားသဘောမကျ၍ သဝန်တိုသွားပြီး သူ့ကိုတားခဲ့ခြင်းဖြစ်နိုင်သည်။
အထက်တန်းပထမနှစ်မှာ ဒါတွေအကုန်လုံးဖြစ်ခဲ့တာဆိုရင် ရန်ရှူးထန်က ဘယ်အချိန်တည်းက သူ့ကိုသဘောကျခဲ့တာလဲ။
ဖုယွမ်ကျိုးသည် စိတ်ထဲတွင်ပင်တွေးနေရင်းမှ ရုတ်တရက်သတိရသွားခဲ့သည်။ ယခုလေးတင် ရန်ရှူးထန်ကသူ့ကြောင့် အတန်းကျော်လာခဲ့သည်ဟုပြောခဲ့သည်။ သူ့ကိုအထက်တန်းတည်းကသဘောကျလာခဲ့တာများလား။ ဒီလောက်တောင်ကြာနေပြီလား။
ဖုယွမ်ကျိုးတွင် မေးခွန်းအများကြီးရှိနေသည်။ သူသိချင်စိတ်ပြင်းပြနေသော်လည်း ရန်ရှူးထန်ကိုတိုက်ရိုက်သွားမေးလိုက်ပါက ထူးဆန်းသွားလိမ့်မည်။ ယခုကိစ္စကို အတတ်နိုင်ဆုံးဖုံးဖိထားပြီး ထပ်မပြောတော့လျှင်အကောင်းဆုံးပင်။
ရန်ရှူးထန်ကသူ့အား WeChat မှတဆင့်မက်ဆေ့ချ်ပို့ခဲ့သည်။
"ငါဒီညမင်းအိမ်ကိုလာပြီး ညစာချက်ပေးရမလား.."
"မလိုဘူး..."
ဖုယွမ်ကျိုးက တွေဝေမနေဘဲငြင်းလိုက်သည်။ မတိုင်ခင်က ရန်ရှူးထန်သည်သူ့အားတောင်းပန်ချင်နေသည်ဟုယူဆလိုက်၍သာ သူလက်ခံခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင်မူ သူငြင်းဆန်လိုက်လေသည်။
"ငါအပြင်ကနေမှာထားတယ်..လှေကားအောက်တောင်ရောက်နေပြီ.."
"အိုကေ..."
ရန်ရှူးထန်သည် စာပြန်လာပြီးခဏအကြာ၌ ထပ်ပို့လာပြန်၏။
"ငါတောင်းပန်ပါတယ်..."
"....."
သူက သူ့အားတောင်းပန်လာပြန်သောကြောင့် ဖုယွမ်ကျိုးမှာ ခေါင်းရှုပ်သွားရလေသည်။ သူရန်ရှူးထန်၏စိတ်ဓာတ်ကိုမယုံကြည်ခဲ့လျှင် ထိုနေ့ညက သူတို့နှစ်ယောက်အတူအိပ်ခဲ့မိခြင်းကြောင့်သာ ရန်ရှူးထန်ကသူ့အပေါ်အားနာနေသည်ဟုတွေးမိနိုင်သည် ။ တီဗွီတွင်လွှင့်နေသည့်ဒရမ်မာဇာတ်လမ်းများကအတိုင်း သူနှစ်များစွာသဘောကျလာခဲ့ရသူက အရက်မူးနေပြီး ၎င်းကိုအခွင့်အရေးအဖြစ်အသုံးချကာ သူ့အားအိပ်ရာပေါ်ခေါ်တင်သွားခဲ့ခြင်းဖြစ်နိုင်သည်။
သို့သော် သူရန်ရှူးထန်အကြောင်းကိုမသိလျှင်ပင် အဆိုပါယူဆချက်က အလုံးစုံမမှန်နိုင်ပေ။ သူအရက်သောက်ပြီးသည့်နောက် မူးနေသည့်တိုင် အသိစိတ်နည်းနည်းရှိနေသေးသည်။ ထို့နောက် ဟိုတယ်ခန်းထဲတွင်နိုးလာခဲ့လေရာ ဖြစ်ခဲ့သမျှကို မမှတ်မိဘဲမနေပေ။
ရန်ရှူးထန်ကသူ့ကိုကူညီပေးခဲ့၍ သူအံ့ဩသွားခဲ့သေးသော်လည်း ယခုတော့ သဘောကျနေသူကမူးနေပြီး အခြားသူများကသူ့အားခေါ်သွားကြမည်ကိုလည်း စိုးရိမ်နေခဲ့ခြင်းဖြစ်မည်ဟု နားလည်သွားခဲ့လေသည်။
ပြန်မှတ်မိသွားသည်နှင့် ဖုယွမ်ကျိုးမှာ ခေါင်းမီးတောက်သွားလေတော့သည်။ သူမူးနေသည့်အချိန်မှာလုပ်ခဲ့သမျှကိုမှတ်မိနေပြီး သူ့ကိုယ်သူလည်းမထိန်းချုပ်နိုင်ခဲ့ဘဲ...သူ့ဒုက္ခသူရှာခဲ့မိသည်။
ဖုယွမ်ကျိုးသည် နာကျင်နေဆဲခါးကိုပွတ်သပ်ပြီး စက္ကန့်အနည်းငယ်ကြာသည်အထိ အကြီးအကျယ်နောင်တရနေခဲ့သည်။ ထို့နောက် သူရုတ်တရက်တွေးမိသွားပြန်သည်။
မတော်တဆသာမဖြစ်ခဲ့လျှင် ရန်ရှူးထန်ကသူ့ကို ဘယ်တော့မှဖွင့်မပြောဖို့ရာ စီစဥ်ထားတာလား။
သေစမ်း...သူကဒီလိုလုပ်ချင်ခဲ့တာလား။
ဖုယွမ်ကျိုး ရှော့ခ်ရသွားခဲ့သည်။ ထိုသူကသူ့ကြောင့်နှင့် အတန်းကိုပင်ကျော်တက်လာခဲ့ပြီး အမှတ် ၁ အလယ်တန်းကျောင်းကိုရောက်လာခဲ့သည်။
ဒါတွေအကုန်လုပ်ထားပေမယ့် ဖွင့်တော့မပြောပြောရဲဘူးပေါ့။
ဘာလို့အခုကျတော့ တောင်းပန်ပါတယ်လို့ပြောရတာလဲ။
ရှော့ခ်ရသွားခဲ့သည်မှာမှန်သော်လည်း ဖွင့်ပြောခံရခြင်းက ပြဿနာမဟုတ်သေးပေ။တောင်းပန်ခြင်းကမည်သည့်အတွက်ကြောင့်ပါနည်း။ ရန်ရှူးထန်ကသူ့ကိုမုန်းခဲ့မိပြီး ဖွင့်ပြောလိုက်ခြင်းက သူ့ကို မသက်မသာဖြစ်စေခဲ့သောကြောင့် တောင်းပန်ခြင်းလား။
ရုတ်တရက် ဖုယွမ်ကျိုးမှာ အပြစ်ရှိလာသလိုပင်။ သူသည် အစပိုင်းက ရွံစရာကောင်းသည်ဟုပြောခဲ့သော်လည်း စိတ်ရင်းဖြင့်ပြောခဲ့ခြင်းမဟုတ်ပေ။ သူတို့အချင်းချင်းမုန်းတီးနေကြသည့်တိုင် ရန်ရှူးထန်ကသူ့အပေါ် တာဝန်ယူပေးချင်နေသည်ဟုထင်ခဲ့မိပြီး သူ့ကိုယ်သူရွံရှာခဲ့ခြင်းသာဖြစ်လေသည်။ သူက အခြားလူတို့၏ဘဝကို ဖျက်ဆီးတတ်သူမဟုတ်ချေ။ ရန်ရှူးထန်၏ဖွင့်ပြောခြင်းအတွက်မူ ...သူက သူ့အတွက် ယောကျ်ားတစ်ယောက်ဖြစ်ရုံမျှမက ပြိုင်ဖက်ဟောင်းကလည်းဖြစ်နေသေးသည်။
သူရန်ရှုးထန်ကို အရင်ကလည်းမုန်းခဲ့သလို အခုလည်းမုန်းနေသေးသည်။ ရန်ရှူးထန်ကသူ့အား နှစ်ပေါင်းများစွာကြာအောင် တဖက်သတ်ချစ်လာခဲ့ရရှာသည်လေ။သနားစရာကောင်းသည် မဟုတ်ပါလား။ဖုယွမ်ကျိုးမှာ များများတွေးလေ စိတ်ကျဥ်းကျပ်ရလေဖြစ်လာပြီး ရန်ရှူးထန်ကိုစာပြန်လိုက်သည်။
"မင်းဘယ်တည်းကငါ့ကိုသဘောကျနေတာလဲ..."
စိတ်လိုက်မာန်ပါမေးလိုက်ပြီးမှ သူနောင်တရသွားခဲ့သည်။ မေးနေစရာပင်မလိုသောကြောင့် စာပြန်ဖျက်ရန်ကြိုးစားသော်လည်း ရန်ရှူးထန်ကမြင်သွားခဲ့လေ၏။
"လွန်ခဲ့တဲ့ဆယ်နှစ်ကတည်းက...."
ဆယ်နှစ်တောင်ရှိပြီ။ ဖုယွမ်ကျိုးသည်ကား ထပ်ပြီးရှော့ခ်ရသွားပြန်၏။ လွန်ခဲ့သောဆယ်နှစ်....သူတို့သည် မူလတန်းသာရှိသေးပြီး ရန်ရှူးထန်ကလည်း သူ့ကို ထိုအချိန်တည်းကမှသိနေခဲ့သည်။ သူတို့ဘယ်အချိန်က စကားပြောခဲ့ကြသည်လဲ။ ကသူနှင့်ကျောင်းအတူတူပဲလား...သူ့ဂျုနီယာများလား။
ရန်ရှူးထန်က စာထပ်ပို့လာသည်။
"မမှတ်မိတော့ဘူးလား..လွန်ခဲ့တဲ့ဆယ်နှစ်က စစ်တုရင်ပြိုင်ပွဲမှာလေ...အဲဒီတုန်းက ငါတို့ပြိုင်ဖက်တွေဖြစ်ခဲ့တာ..."
ထိုသူပြောလာမှ ဖုယွမ်ကျိုးလည်း ခပ်ရေးရေးမှတ်မိလာခဲ့သည်။ သူငယ်စဥ်အခါက စစ်တုရင်ပြိုင်ပွဲကိုဝင်ပြိုင်ခဲ့ဖူးသည်။ ထိုစဥ်က ရှဲ့လင်နှင့်ပြိုင်ရန်စီစဥ်ထားခဲ့သော်လည်း မထင်မှတ်ဘဲ အဖွဲ့နှစ်ခုကွဲသွားခဲ့သည်။ နောက်ပိုင်း၌ အဖျားရောဂါကြောင့် ပြိုင်ပွဲမှထွက်ခဲ့ရလေ၏။
ထိုအချိန်က သူ့ထက်ငယ်သည့်ကောင်လေးတစ်ယောက်နှင့်စကားပြောခဲ့ဖူးသည်။အဲဒီကောင်လေးကရန်ရှူးထန်များလား။
မကြာသေးခင်က သူ ရန်ရှူးထန်ကို စစ်တုရင်ကစားရန်ခေါ်ခဲ့ချိန်တွင် ရန်ရှူးထန်၏အမူအရာ ထူးဆန်းနေရသည့်အကြောင်းအရင်းကို သူသဘောပေါက်သွားခဲ့သည်။
ရန်ရှူးထန်: "အဲဒီတုန်းကငါတို့ချိန်းထားခဲ့တာလေ..ငါမင်းကိုတစ်နေ့လုံးစောင့်နေတာတောင် မင်းကရောက်မလာခဲ့ဘူး.."
ဖုယွမ်ကျိုးသည်ကား ပို၍ပင်စိတ်မကောင်းဖြစ်သွားပြီး ချက်ချင်းတောင်းပန်လိုက်လေသည်။
"ဆောရီးကွာ..ငါအဖျားဝင်သွားပြီးအိပ်ရာထဲလဲနေခဲ့ရတာ...ဘာမှမမှတ်မိတော့ဘူး...တောင်းပန်ပါတယ်ကွာ..."
အချိန်အတော်ကြာသည်အထိ ပြန်စာမလာတော့ပေ။ ခဏအကြာမှ ရန်ရှူးထန်ကစာပြန်ပို့လာခဲ့သည်။
"ငါလာပြီးမင်းနဲ့စကားပြောလို့ရလား..."
"နောက်တစ်နာရီဆိုရောက်ပြီ..."
ဤသည်မှာ ရန်ရှူးထန်၏ပြန်စာပင်။ ထိုသူသည် အချိန်မီရောက်လာခဲ့ပြီး ဟင်းချက်စရာများကိုပါဝယ်လာခဲ့သည်။ လာရင်းကိစ္စကိုချက်ချင်းမပြောသေးဘဲ လုပ်နေကျအတိုင်း ဖုယွမ်ကျိုးအတွက်ညစာချက်ပေးပြီး စားပွဲပေါ်တွင် ဟင်းပွဲများကိုအစီအရီတင်သည်။ အစီအစဥ်ချနေစဥ် ဖုယွမ်ကျိုးမှာ မအောင့်အည်းနိုင်တော့ဘဲ မေးလိုက်မိလေ၏။
"ငါကြိုက်တတ်တဲ့ဟင်းတွေကို မင်းဘယ်လိုသိတာလဲ..."
ယနေ့က ပထမဆုံးမဟုတ်တော့ပေ။ သည်ရက်များအတွင်း ရန်ရှူးထန်က သူ့အကြိုက်ဟင်းများကိုသာချက်ကျွေးခဲ့သည်။ သူသတိထားမိနေခဲ့သော်လည်း ရန်ရှူးထန်ရှေ့တွင် အထူးအဆန်းလုပ်ပြီးမမေးခဲ့ပေ။
ရန်ရှူးထန်: "မင်းသူများတွေနဲ့စကားပြောနေတဲ့အချိန် ငါလေ့လာထားတာ..."
ဖုယွမ်ကျိုးမှာ ပါးစပ်ထဲတွင်တူကိုကိုက်ထားရင်း မြိုချလိုက်သည့်စားစရာပင် အရသာမရှိတော့သလိုခံစားလိုက်ရသည်။ ရန်ရှူးထန်ပြန်ဖြေလာသည့်အသံက ခြောက်ကပ်ကပ်ဖြစ်နေပြီး ဝမ်းနည်းမှုတို့လည်းရောပါနေသေးသည်။ ထိုသူကသူ့အား စိတ်ရင်းဖြင့်သဘောကျခဲ့ပြီး နှစ်များကြာခဲ့သည့်တိုင် မပြောင်းလဲသွားခဲ့ပေ။ အခြားသူများနှင့်ပြောထားသည့်စကားကိုပင် မှတ်မိနေသေးသည်။
"မင်းဘာလို့ငါ့ကိုမပြောပြခဲ့တာလဲ..."
သူတိုးတိုးလေးမေးလိုက်သည်။
"ငါငယ်ငယ်တုန်းကဖြစ်ခဲ့တာတွေ...မင်းသဘောကျခဲ့တာတွေ...အထက်တန်းသုံးနှစ်လုံး...မင်းတစ်လုံးလေးတောင်ထုတ်မပြောခဲ့ဘူး...တစ်ခါမှ..."
ရန်ရှူးထန်က နှုတ်ခမ်းနှစ်လွှာကိုဖိပိတ်လိုက်သည်။
"မင်းကငါ့ကိုအရမ်းမုန်းနေခဲ့တာလေ...ငါကဘယ်လိုပြောရမလဲ..."
"မင်းဘက်ကအရင် ငါ့ကိုမုန်းတာလေ..."
ဖုယွမ်ကျိုးက လက်ခံရန်ငြင်းဆန်နေပြီး ကျောင်းဖွင့်ပွဲကအကြောင်းကို တကျော့ပြန်ပြောပြလိုက်သည်။ သူ့မှာ ကြာကြာပြောလေ စိတ်ဓာတ်ကျလေဖြစ်လာရကာ နောက်ဆုံးတော့အဆုံးသတ်လိုက်နိုင်၏။
"မင်းဘက်ကအရင် ငါ့ကိုရန်စတာ..."
"ငါမင်းကိုရန်စတာမဟုတ်ဘူး...ငါ...ငါစိတ်လှုပ်ရှားနေလို့..မင်းနဲ့ပြန်တွေ့လိုက်ရတော့...ပြောသမျှစကားတိုင်းက အစဥ်မကျဖြစ်နေတာ...နောက်ပိုင်း ငါမင်းကိုပြန်တောင်းပန်ချင်ပေမဲ့ မင်းငါ့ကိုဂရုမစိုက်တော့ဘူးလေ..ငါမင်းကိုမုန်းလို့မဟုတ်ပါဘူး..."
ကြုံတောင့်ကြုံခဲ ရန်ရှူးထန်ကစိတ်လှုပ်ရှားစွာဖြင့် ဖုယွမ်ကျိုးကိုရှင်းပြနေရှာသည်။ တဝက်မျှအရောက်တွင် သူ့မျက်နှာကနီရဲလာပြီး ခေါင်းငုံ့သွားကာ အရှက်သည်းမှုကိုထုတ်ဖော်ပြသလာလေသည်။
ဖုယွမ်ကျိုး မျက်လုံးပြူးသွားလေသည်။ အထင်လွဲမှုကကြီးမားလွန်းသည်။ သူသည်ကား စုံထောက်မဟုတ်သောကြောင့် ယခုလိုအလှည့်အပြောင်းမျိုးကိုမမျှော်လင့်ထားမိပေ။
"ငါကမင်းငါ့ကိုအထင်သေးနေတယ်လို့ထင်လိုက်တာ..."
"အဲဒီလိုမဟုတ်ပါဘူး..."
ရန်ရှူးထန်က ပြတ်သားလှသည့်မျက်လုံးများဖြင့်မော့ကြည့်လာခဲ့သည်။
"လွန်ခဲ့တဲ့ဆယ်နှစ်က ငါမင်းနောက်ကိုလိုက်ချင်ခဲ့တာ..အခုထိမပြောင်းလဲသေးပါဘူး..."
"အဟွတ်...စားစမ်းပါ..."
ဖုယွမ်ကျိုးမျက်နှာက ပုံမှန်မဟုတ်တော့ပေ။ ရှက်ရမ်းရမ်းကာ ပန်းကန်ထဲမှထမင်းတို့ကို ခေါင်းစိုက်စားနေလိုက်သည်။
စားသောက်ပြီးသည့်နောက် သူတို့ထပ်ပြီးစကားပြောဖြစ်ခဲ့ကြသည်။ ဖုယွမ်ကျိုးက ထိုသူနှင့် အနာဂတ်တွင် ရန်သူမှမိတ်ဆွေအဖြစ်သို့ပြောင်းရန်ကမ်းလှမ်းခဲ့သော်လည်း ဒိတ်လုပ်ရန်ကိုမူ ငြင်းဆန်ခဲ့သည်။ သူယောကျ်ားတစ်ယောက်နှင့် ချစ်မိသွားရန် ဘယ်သောအခါမှမတွေးထားခဲ့လင့်ကစား ထိုနေ့ညက ရန်ရှူးထန်ကိုမတွန်းလှန်နိုင်ခဲ့ပေ၊၊ နောက်ဆုံးတွင် သူ့ထံတွင် အကြောင်းပြချက်ရှိနေဆဲပင်။ ညဥ့်နက်လာသည့်အခါ ရန်ရှူးထန်ကအိမ်ပြန်သွားခဲ့သော်လည်း နောက်ဆုံးအချိန်အထိ အဖြေမပေါ်ခဲ့ပေ။
♎️