အပိုင်း ၁၂၇
Viewers 29k

Chapter 127 


ညနေအထိ စောင့်စရာပင်မလိုလိုက်ချေ။ ဟယ့်ရှောင်ရှောင်၏ တုန့်ပြန်မှုကြောင့် ရှအန်း၏လူစားထိုးကိစ္စမှာ ဝေ့ပေါ်တွင် လူရှာဖွေမှုအများဆုံး စာရင်း၏ထိပ်ဆုံးသို့ ရောက်သွားရသည်။


ထို့အပြင် အခြားသောနာမည်ကြီး ဆွေးနွေးမှုများအားလုံးကလည်း ဟယ့်ရှောင်ရှောင်နှင့် ရှအန်းတို့ဖြင့် ဆက်နွယ်နေကြသည်။


# ဟယ့်ရှောင်ရှောင်က ဗွီဒီယိုအတုဟုတင်လိုက်ခြင်း #


# ရှအန်း၏ လူစားထိုးဆိုသည်မှာ အတုသာဖြစ်ကြောင်း #


# ရှအန်း၏ လူစားထိုးဆိုသည်မှာ အစစ်သာဖြစ်ကြောင်း #


ရှကျင်းက ရှအန်း သွားပုတ်လေလွင့် အပြောခံနေရသည်ကို သဘောခွေ့နေပေသည်။


သို့သော် သူမ ယခုအကြိမ်တွင်တော့ တစ်ခုခုမှားနေသည်ဟု ခံစားနေရသည်။


ရှအန်းကို ဖြေရှင်းပေးသော လူတင်ထားသော ဗွီဒီယိုကိုကြည့်ပြီး သူမ မရှင်းပြတတ်သော ခံစားချက်တစ်ခုကို ခံစားနေရသည်။

သူက သူမကို ဘာကြောင့် ဖြေရှင်းပေးရတာလဲ.... ပြီးတော့ လူပြောများနေတဲ့ ညဘက်ကြမှမတင်ဘဲ လူနည်းတဲ့ မနက်ဘက်ကြမှ တင်ရတာလဲ..


တစ်ယောက်ယောက်ကများ တမင်တကာ အစီအစဉ်ဆွဲထားတာလား.... 


ထိုသည်ကို တွေးမိပြီးနောက် ရှကျင်းက အနည်းငယ် မလွယ်ကူသလို ခံစားနေရသည်။


ရှအန်းက သူမထင်သလို စက်ဆုပ်ဖို့ကောင်းသည့် လူမဟုတ်လောက်ဟု ခံစားနေမိသည်။


ရှကျင်းမျက်နှာပေါ်ရှိ အမူအယာက ပိုမိုအကျည်းတန်လာသည်။


သူမ ဖုန်းကို ဆွဲယူကာ ရင်းနှီးနေသော ဖုန်းနံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။


"ဟေး... ငါ့ကို အခုရှအန်း ဘယ်ရောက်နေလဲဆိုတာနဲ့ သူ့လက်ရှိအခြေအနေကို စုံစမ်းပေးဦး..."


....


အခြေခံကျကျပြောရလျှင် ရှကျင်း၏အတွေးများက မှန်ပေသည်။ ၎င်းက လှည့်စားမှု တစ်ရပ်သာဖြစ်သည်။


လူစားထိုးက အမှန်ဖြစ်သည် အမှားဖြစ်သည်ဟူသော ဆွေးနွေးမှုကတစ်နေကုန် ပွက်လောရိုက်နေလေသည်။ ညရှစ်နာရီတွင် ၎င်းက အင်တာနက်တွင် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။ လူတိုင်း ဖရဲသီးစားပြီး ဤအကြောင်းကို ဆွေးနွေးနေကြချိန်တွင် နောက်ထပ် ဗုံးတစ်ခုပေါက်ကွဲသွားပြန်သည်။


ဤအချိန်တွင် ထိုဗုံးက နျူကလီးယားအဆင့် ဗုံးဖြစ်ပေသည်။ ၎င်းက အင်တာနက်တစ်ခွင် ပြဲပြဲစင်အောင် ပေါက်ကွဲထွက်သွား၍ဖြစ်သည်။


[Come on Challenger! V : လူတိုင်းလည်း ကျွန်တော်တို့ရဲ့ Come on Challengerရဲ့ တည်းဖြတ်ထားခြင်းမရှိတဲ့ နှစ်ဆယ့်လေးနာရီကြာ ဗွီဒီယိုကို ကြည့်သင့်တယ်လို့ ထင်မိပါတယ်... မျက်လုံးရှိတဲ့ လူဘယ်သူမဆို ရှအန်းမှာ အစားထိုးမရှိဘူးဆိုတာ မြင်နိုင်မှာပါ...

စာကြွင်း : @ရှအန်း ကျွန်တော်တို့ရဲ့ ရှိုးအဖွဲ့က ဒီဗွီဒီယိုတွေကို မဖျက်မိတာ အရမ်းဝမ်းသာတာပဲ... အခုတော့ မင်းရဲ့နာမည်ကို ရှင်းပေးခွင့်ရသွားခဲ့ပြီ....]


ထိုပို့စိ ဝေ့ပေါ်ကို ရောက်လာသည်နှင့် ဟယ့်ရှောင်ရှောင်နှင့် ရှကျင်းအပါအဝင် လူတိုင်း ကြောင်တက်တက်ဖြစ်သွားကြသည်။


မည်သူကမှ 'Come on Challenger'၏ နှစ်ဆယ့်လေးနာရီကြာ တည်းဖြတ်ထားခြင်းမရှိသည့် ဗွီဒီယိုကို တင်ပေးလာမည်ဟု မထင်ထားခဲ့ပေ။


၎င်းက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။


ထို့အပြင် သူတို့ ဗွီဒီယိုကို နှိပ်ကြည့်လိုက်သည်နှင့် နောက်တစ်ကြိမ် အံ့ဩသွားကြရပြန်သည်။


ဗွီဒီယိုထဲတွင် ရှအန်းက အလွန်ပင် မိမိုက်လှပေသည်။


ထုတ်လွှတ်ပြသခဲ့ပြီးသော အပိုင်းထဲတွင် ရှအန်း ပစ်ပင်တွေပေါ် ခုန်တက်ပြီး နံရံတွေပေါ်က ခုန်ချသည်ကို ရိုက်ကွက်အနည်းငယ်မျှသာ ထည့်ပြထားပေသည်။ ရိုက်ကူးရေးအဖွဲ့သားအားလုံး သူမကို လိုက်ရှာရသည့်အပိုင်းကို ဖြတ်တောက်ထားသည်။ သို့သော် ဤတည်းမဖြတ်ရသေးသော ဗွီဒီယိုက ထိုမနက်၏ အခြေအနေကို ပြနေသည်။


၎င်းက ပရိတ်သတ်များကို ပျော်ရွှင်စေပြီး ရှအန်းအပေါ် နှစ်သက်မှုများ ပိုမိုတိုးလာကြလေသည်။


[ငါတော့ ရှအန်းကြောင့် ရယ်ရလွန်းလို့ သေတော့မယ်... ရှိုးအဖွဲ့က ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ အပိုင်းကို ဖြတ်တောက်ထားတယ်တဲ့... ဒါကို ရှိုးမှာ ထည့်တောင် မပြဘူးတဲ့လေ...]


[ဟားဟား... ရှအန်းက အရမ်းချစ်ဖို့ကောင်းတာပဲ...]


[ဒါကလည်း လူစားထိုးပဲလားပြော... ရှိုးအဖွဲ့ပြောတာ တကယ်မှန်တာပဲ... မျက်လုံးကန်းမနေသေးသ၍ ရှအန်းမှာ လူစားထိုးမရှိဘူးဆိုတာ မြင်နိုင်နေတာပဲလေ..]


[ပရိုဂရမ်အဖွဲ့က ပါဝင်ယှဉ်ပြိုင်သူတွေကို ထိန်းချုပ်ဖို့ ရှိသမျှနည်းလမ်းအကုန် သုံးခဲ့ပေမဲ့ ရှအန်းက တစ်ချက်မှ ထိန်းချုပ်မခံရဘူး... ပရိုဂရမ်အဖွဲ့ခင်ဗျာ ခါးခါးသီးသီးလက်ခံကြရရှာတယ်... ရိုက်ကူးရေးအဖွဲ့က အတော်လေး စိတ်ဖိစီးခဲ့ရမှာပဲ..]


[ပထမအပိုင်းနဲ့ ဒုတိယအပိုင်းကြားထဲမှာ အချိန်အတော်ကြာနေတာကို မင်းတို့လည်း မြင်တယ်မလား... ငါတော့ အဲ့တာက ရိုက်ကူးရေးအဖွဲ့က ရှအန်းကို မရှုံးချင်တာနဲ့ ဒုတိယအပိုင်းမှာ ဉာဏ်စွမ်းပိုင်း ယှဉ်ပြိုင်ဖို့ လုပ်ခဲ့တာလို့ ထင်တာပဲ...]


[ငါတော့ ရှအန်း ရိုက်ကူးရေးအဖွဲ့နဲ့ ဖိုက်တင်ပလေးနေတာကို အရမ်းသဘောကျတာပဲ... သောက်ရမ်းလှတဲ့ အကွက်လေးတွေကွာ XD ]


[ပရိုဂရမ်အဖွဲ့ကို နောက်ထပ် အပိုင်းတွေကိုလည်း အပြည့်အစုံတင်ပေးဖို့ ကျေးဇူးပြုပြီးတော့ တောင်းဆိုပါရစေ... ဗွီဒီယိုက ရှည်တယ်ဆိုပေမဲ့ အကောင်းဆုံးပဲ.. အရမ်းကြည့်ကောင်းတယ်...]


[တည်းမဖြတ်ထားတဲ့ ဗွီဒီယိုကိုကြည့်ပြီး ငါတော့ ရှအန်းက မီးတောက်လိုပဲ လို့တောင် ခံစားလိုက်ရတယ်....]


[ဟားဟားဟား... တည်းမဖြတ်ထားတဲ့ ဗွီဒီယိုတစ်ခုလုံးက အရမ်းကောင်းပြီး လှတယ်ဆိုပေမဲ့ ဟယ့်ရှောင်ရှောင်ကတော့ လုံးဝအသုံးမကျဘူးနော်... သူမက ရှိုးအထဲမှာရော အပြင်မှာရော ရွံစရာလေး...]


[ဟယ့်ရှောင်ရှောင်ကမှ ဖျော်ဖြေရေးနယ်ပယ်ထဲက ပိတ်ပင်ခံရတဲ့လူဖြစ်ရမှာ....]


[ရွံစရာကောင်းတဲ့ ဟယ့်ရှောင်ရှောင် +1... ရှအန်းပိတ်ပင်ခံလိုက်ရတာနဲ့ သူမက ရှအန်းကို အသရေဖျက်တာနဲ့တင် သိသာနေပြီ..]


[ဟယ့်ရှောင်ရှောင်က တကယ့်ကိုအသုံးမကျတဲ့အပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ပါဝင်ယှဉ်ပြိုင်သူပဲ... ရှအန်းကဖြင့် လူစားထိုးသုံးဖို့ မဖြစ်နိုင်တာကြီးကို... သူမက ဝေ့ပေါ်မှာအဲ့လိုတွေတောင် တင်တယ်... ပရိုဂရမ်အဖွဲ့က တည်းမဖြတ်ရသေးတဲ့ ဗွီဒီယိုသာ တင်မပေးခဲ့ရင် လူတိုင်းက ဟယ့်ရှောင်ရှောင်ပြောတာကို ယုံနေကြဦးမှာပဲ...]


[ဟယ့်ရှောင်ရှောင်ကို ဖျော်ဖြေရေးအသိုင်းအဝိုင်းကနေ ကန်ထုတ်လိုက်ပါဗျို့...]