အပိုင်း ၁၂၈
Viewers 29k

Chapter 128 


"Come on Challenger"၏ တရားဝင်ဝေ့ပေါ်က ရှင်းလင်းချက် ဗွီဒီယိုကို တင်လိုက်သည်က ဟယ့်ရှောင်ရှောင်၏မျက်နှာကို ဖြတ်ရိုက်သည်နှင့် တူပေသည်။


၎င်းက ပိတ်ပင်ခံထားရသည့် အလှပန်းအိုး မင်းသမီး ရှအန်းကို နောက်တစ်ကြိမ် လူသိများလာစေပြန်သည်။ 


ထို့အပြင် "Come on Challenger"က သိသိသာသာအနိုင်ရရှိသူ ဖြစ်သွားပြီး ရှိုးကို  မကြည့်ရသေးသည့် အင်တာနက်အသုံးပြုသူများစွာကို ကြည့်လာစေရန် ဆွဲဆောင်နိုင်သွားသည်။ ဤဖြစ်ရပ်က လူပေါင်းများစွာကို ရှိုး၏သစ္စာရှိ ပရိတ်သတ်များ ဖြစ်လာစေသည်။


နက်ဝက်ဘ်တွင် နာမည်အကြီးဆုံးက #Come on Challener၏ မတည်းဖြတ်ရသေးသော ဗွီဒီယိုအပြည့်အစုံ # ၊ # ရှအန်း၏ ကိုယ်ခံပညာ အရည်အချင်း # ၊ # နတ်ဘုရားမ ရှအန်း # ၊ # ဟယ့်ရှောင်ရှောင် မျက်နှာဖြတ်ရိုက်ခံရတဲ့နေ့ # ၊ # ဟယ့်ရှောင်ရှောင်ကို ဖျော်ဖြေရေးအသိုင်းအဝိုင်းကနေ ကန်ထုတ်ပစ်ကြစို့ # ဟူသော အရာများဖြစ်ပြီး လူရှာဖွေမှုအများဆုံးစာရင်းတွင် ထိပ်ဆုံးတွင် ပြေးနေကြသည်။


ရှအန်းက နောက်တစ်ခေါက် မယုံကြည်နိုင်စရာအရာ အသစ်တစ်ခုကို ဖန်တီးလိုက်ပြန်သည်။ သူမက ပိတ်ပင်ခံလိုက်ရပြီဖြစ်သော်လည်း သူမ၏ လက်ထဲတွင် လူထုအမြင်ကို အေးဆေးကိုင်ထားနိုင်နေသည်။ ၎င်းက သူမစိတ်ရှိတိုင်း လူရှာဖွေမှုအများဆုံး စာရင်းထဲ အေးဆေးဝင်နိုင်သည့်ပုံ ဖြစ်နေသည်။


၎င်းက မရေမတွက်နိုင်သော လူတိုင်း၏ စိတ်ထဲရှိ သူမ၏ပုံရိပ်ကို မြှင့်တင်လိုက်နိုင်ပြီး ဖျော်ဖြေရေးအသိုင်းအဝိုင်းထဲရှိ သူမ၏ နေရာကလည်း ပြန်လည် မြင့်တက်လာသည်။ ရှအန်းက ဖုမိသားစုနှင့် ရှမိသားစုတို့ကို စော်ကားမိထားသည်ကို သိကြသော်လည်း များပြားလှသော မီဒီယာခေါင်းစည်းပိုင်းများက ရှအန်းကဲ့သို့ ရတနာလေးကို စာချုပ်ချုပ်ချင်နေကြသည်။


အပုတ်ချခံရ၊ ပိတ်ပင်ခံရပြီး အသရေဖျက်ခံထားရပြီး ဖျော်ဖြေရေးလောကထဲတွင် ပေါ်မလာတာကြာပြီ ဖြစ်သော်လည်း သူမက လူရှာဖွေမှုအများဆုံးစာရင်းသို့ မကြာခဏရောက်နေပြီး ပရိတ်သတ်များစွာက သူမကို အမျိုးသမီးစတားတစ်ယောက် ဖြစ်စေချင်နေကြသည်။


ရှအန်းက မကောင်းသည့် သတင်းအမျိုးမျိုးထွက်နေ၍ သူမကို ဈေးပေါပေါဖြင့် ပူးပေါင်းနိုင်ရန် လုပ်၍ရပေလိမ့်မည်။


ထို့ကြောင့် လုပ်နိုင်စွမ်းရှိ၊နောက်ခံရှိပြီး အမြင်ရှိသော Big Bossကြီးများက သူမနှင့် လက်မှတ်ထိုးရန် အစီအစဉ်ဆွဲနေကြပြီ ဖြစ်သည်။


ရှအန်းတစ်ယောက် လောလောဆယ်ဘယ်ရောက်နေသလဲ ဆိုသည်ကို သူတို့မသိကြသည်မှာ သနားစဖွယ်ပင်။


ရှအန်းက လွန်ခဲ့သည့်တစ်လကတည်းက အမေရိကသို့ လေယာဉ်ဖြင့် ပျံသန်းထွက်ခွာသွားပြီဖြစ်ကြောင်း မည်သူကသိမည်နည်း။


သို့သော် ရှအန်းက အမေရိကသို့ရောက်နေသော်လည်း ရှအန်းအကြောင်း မျိုးစုံလှသော ဆွေးနွေးမှုများက အင်တာနက်ပေါ်တွင် ပလူပျံနေဆဲဖြစ်သည်။


ပြည်တွင်းသုံး နက်ဝက်ဘ်တွင် ရှအန်းက နေရာတစ်ကာတွင် ရှိနေပြီး အင်တာနက်အသုံးပြုသူတိုင်း အားလုံးနီးပါးက သူမအကြောင်း ဆွေးနွေးနေကြသည်။


ရှအန်းက ပြည်တွင်းသုံးနက်ဝက်ဘ်ပေါ်ရှိ သူမအကြောင်း ပြည်သူအများ၏ ဆွေးနွေးမှုကို သိမနေပေ။


သူမက အပျော်လှိုင်းလုံးကြီးထဲတွင် နစ်မျောနေ၍ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်.....


"သားလေး.... သားက မာမားအတိုင်းပဲကွာ... အရမ်းအံ့ဩဖို့ကောင်းတာပဲ...."


ရှအန်းက ဓာတ်ခွဲခန်းထဲတွင် စိတ်လှုပ်ရှားနေပုံပေါ်သည်။ ရှရှင်းချန်က နေရာလွတ်စမ်းချောင်းမှရေ၏ ဒြပ်ပေါင်းများ အပေါ်ဓာတ်ခွဲမှုအကြောင်းနှင့် ဒြပ်ခွဲမှုအခြေအနေ ဖြေရှင်းချက်၏ အနှစ်ချုပ်ကို ဆွဲထုတ်လိုက်သည်။


သူမရဲ့သားက ဉာဏ်ကြီးရှင်ဖြစ်နေမှန်း သူမ ဘာကြောင့်မသိခဲ့ရတာလဲ... သူက အသက်ဘယ်လောက်ရှိသေးလို့လဲ... နေရာလွတ်ကရေကိုတောင် သုတေသနလုပ်နေရပြီ....


"မာမား... ဒါက မပြည့်စုံတဲ့ ကျရှုံးမှုလေးတစ်ခုပါ... ဒါက မာမားသားကိုပေးတဲ့ ရေလောက် အကျိုးသက်ရောက်မှု မပြင်းဘူးရယ်... ဒါက သက်ရောက်မှု ဆယ်ပုံတစ်ပုံပဲရှိတယ်... သားက ဒါကိုပဲ သင်ယူခဲ့မိတာပါ.... ဓာတ်မခွဲရသေးတဲ့ အခြား ပါဝင်ပစ္စည်းတွေ အများကြီး ရှိသေးတယ်...."


ရှအန်း၏ စိတ်လှုပ်ရှားမှုကို ကြုံလိုက်ရသောအခါ အရွယ်ရောက်လူကြီးတစ်ယောက် နှင့်တူသော ကောင်ငယ်လေးက မျက်မှောင်တင်းတင်း ကြုတ်လိုက်သည်။


သူက ဤဓာတ်ခွဲခန်းတွင် ပရော်ဖက်ဆာတစ်ယောက်လို ကျွမ်းကျင်သူတစ်ယောက်လို လေ့လာနေခဲ့သော်လည်း ရေဖော်မြူလာအတွက် ပြီးပြည့်စုံသည့် အနှစ်ချုပ်ကို မပြုလုပ်နိုင်သေးပေ။


သူ၏နတ်သမီးမေမေပေးသည့် ရေအရင်းအမြစ်က လေ့လာရန် အလွန်ရှုပ်ထွေးလှသည်။


"ကိစ္စမရှိပါဘူး... ဆယ်ပုံတစ်ပုံကိုက လုံလောက်နေပါပြီ... မာမားရဲ့ သားလေးက အရမ်းတော်တာပဲ..."


သူမ၏ လိမ္မာရေးခြားရှိလှသည့် သားလေး၏ မျက်နှာရှိ စိတ်မကျေနပ်သော အမူအယာကို ကြည့်ပြီး ရှအန်းက အသေးလေးကိုဖက်လိုက်သည်။ သူမ ပြုံးနေရင်း ကောင်လေး၏နှဖူးကို နမ်းရှိုက်လိုက်သည်။


သူမက နေရာလွတ်မှရေကို အမြတ်အစွန်းရစေရန် စကင်ကဲ ကုမ္ပဏီတစ်ခုကို စတင်လုပ်ကိုင်ချင်နေခြင်းဖြစ်သည်။


အကယ်၍ သူမ၏ နေရာလွတ်မှရေကို တိုက်ရိုက်သုံးလိုက်လျှင် လူပေါင်းများစွာက သိချင်စိတ် ဖြစ်လာကြမည်မှန်း သိပေသည်။ အကယ်၍ သူမက ၎င်းတို့ကို စကင်ကဲပစ္စည်းများထဲတွင် တိတ်တဆိတ်ထည့်မည် ဆိုပါကလည်း ၎င်းတို့ကို စစ်ဆေးခံရဦးမည် ဖြစ်ပေသည်။


ထို့ကြောင့် နေရာလွတ်ထဲမှရေကို ဓာတ်ခွဲကာ ပုံစံတူ ဖော်မြူလာတစ်ခု ပြုလုပ်နိုင်မလားဟု သိချင်ခဲ့သည်။


သို့သော် သူမက ဓာတ်ခွဲခန်းကိစ္စများကို လုံးဝနားမလည်သလို နေရာလွတ်ရေကလည်း အခြားလူများ လုံးဝမသိသင့်သည့် လျှို့ဝှက်ချက်ကြီး ဖြစ်နေသည်။


စဉ်းစားကြည့်ပြီးနောက်တွင် သူမ၏ စီးပွားရေး၌စွန့်စားလုပ်ကိုင်မည့် အစီအစဉ်က နှောင့်နှေးခဲ့ရပြီး တစ်နေ့လုံး စိုးရိမ်ခဲ့ရသည်။


သူမ၏သားက သူမ၏ပူပင်မှုများကို ကြားသောအခါ ဉာဏ်ကြီးရှင်လေးက သူကူညီချင်ပါသည်ဟု ပြောခဲ့သည်။


သူမက သူ၏ တောင်းဆိုမှုကို ပေါ့ပေါ့တန်တန်ခွင့်ပြုပေးလိုက်ပြီး သူ့ဘာသာသူ စမ်းသပ်နေသည်ကို ခွင့်ပြုလိုက်သည်။


သူမက အသေးလေး၏ စကားများကို စိတ်ထဲတွင် မထားဘဲ လုပ်ချင်ရာလုပ်ခိုင်းထားလိုက်သည်။ သို့သော် သူက သူမလိုချင်သည့်အတိုင်း လုပ်ပေးနိုင်ခဲ့ပေသည်။ ၎င်းက ကျရှုံးသွားသည့် အစပျိုးရလဒ်ဖြစ်နေသော်ငြားလည်း သူမ အလွန်ပျော်နေလေသည်။


ကောင်ငယ်လေးက နှုတ်ခမ်းတင်းတင်းစေ့ပြီး ရှအန်း၏ ကိုယ်သင်းနံ့နှင့် နွေးထွေးသော ပွေ့ဖက်မှုကို ခံစားနေသည်။


သူ၏ စိတ်ထဲတွင် သူ၏နတ်သမီးမေမေပေးသော ရေအရင်းအမြစ်မှ ပါဝင်ပစ္စည်းတိုင်းကို သေချာလေ့လာပြီး ထိုရေအရင်းအမြစ်နှင့် သက်ရောက်မှု တူညီသည့် အစားထိုးပစ္စည်းကို ပြုလုပ်တော့မည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်။


သူနှုတ်ခမ်းလေးသူ ကိုက်လိုက်ပြီး အနည်းငယ် စိတ်မပါလက်မပါ ဖြစ်နေသည်။


သူ့ခေါင်းထဲသို့ အချိန်တိုင်းပေါ်လာလေ့ရှိသည့် လူကို အကူအညီတောင်းလိုက်သည်။