အပိုင်း ၁၃၀
Viewers 29k

Chapter 130 


ရှအန်းက သရုပ်ဆောင်ခြင်းနှင့် ကုမ္ပဏီတစ်ခု စတင်တည်ထောင်ခြင်းတို့နှင့် ပတ်သတ်၍ လေ့လာနေချိန်တွင် တရုတ်ပြည်တွင် သူမ၏ ကျော်ကြားမှုက ပိုမိုမြင့်မားလာနေသည်။


"Come on Challenger"၏ ratingနှင့် ကျော်ကြားမှုကလည်း မြင့်တက်လာသည်။


ရှိုးက လုံးဝပြီးဆုံးသွားပြီဖြစ်သော်ငြားလည်း ရှိုးကိုထောက်ခံပေးနေကြသည့် ပရိတ်သတ်များစွာရှိနေ၍ ဂန္ထဝင် နတ်ဘုရားအဆင့်ရှိုးတစ်ခု ဖြစ်လုနီးနီးပင်။


၎င်းက ဟန်ယွဲ့ကို ဖျော်ဖြေရေးနယ်ပယ်ကို ပြောင်းလဲလိုက်သူနှင့် "ရှောင်ချစ်စရာလူအိုကြီး" ရသစုံရှိုး ကံကောင်းသူကြီးဖြစ်သွားစေသည်။


[ဟားဟား...,ရှအန်းနဲ့ ဟန်ယွဲ့က ပြီးပြည့်စုံတဲ့ အတွဲလို့မထင်ကြဘူးလား... ငါတော့ ဒီနှစ်ယောက် ဘယ်တော့အတူထပ်တွေ့ရမလဲ သိချင်နေပြီ...]


['Come on Challenger'ရဲ့ ဗွီဒီယိုကို ကြည့်ပြီးတဲ့နောက်မှာတော့ ငါ ရှအန်းကို တကယ်ကြိုက်သွားတယ်... အစက ရှအန်းက အရမ်းအေးစက်နေတော့ စင်ကြယ်ပြီးအေးစက်တဲ့ နတ်ဘုရားပုံစံလို့ ခံစားနေရတာ... ဒီဗွီဒီယိုတွေ ကြည့်ပြီးတော့မှ ရှအန်းက တကယ်ချစ်ဖို့ကောင်းတာပဲလို့ တွေးမိလာတယ်... သူက အစားလည်းကြီးတယ်... ကံကောင်းမှုအသေးစားလေးတွေရဲ့ ပရိတ်သတ်လည်း ဟုတ်သေးတယ်....]


[တကယ်ချစ်သွားပြီ... 'Come on Challenger'ရဲ့ ရှအန်းက တကယ့်ကို ကမ္ဘာမြေပေါ်သက်ဆင်းလာတဲ့ နတ်ဘုရားမလေးပဲ... မထင်မှတ်ထားလောက်အောင် ချစ်ဖို့ကောင်းနေတယ်...]


[နတ်ဘုရားမရှအန်း 'Come on Chllenger'မှာရိုက်ကူးရေး ဆက်လုပ်ဖို့ မျှော်လင့်နေမိတယ်... ငါဒီရှိုးကို အစအဆုံး ဆယ်ခေါက်တောင် ပြန်ကြည့်ထားတာ... ငါ ဟန်ယွဲ့နဲ့ ရှုလင်းကို ဒီပရိုဂရမ်ဆက်ရိုက်စေချင်သေးတယ်...] 


[ရှအန်းက အင်တာနက်ပေါ်မှာ ဘယ်လောက်ပဲ အပုတ်ချခံနေရပါစေ... ရှအန်းရဲ့ စရိုက်က ဘယ်လောက်ပဲဆိုးနေပါစေ... 'Come on Challenger'ကို ကြည့်ပြီးနောက်မှာတော့ ရှအန်းက စရိုက်မကောင်းတဲ့လူ မဟုတ်ဘူးလို့ လုံးဝယုံကြည်သွားတယ်...]


...


ရှကျင်းက အင်တာနက်ပေါ်တွင် ရှအန်းကို မြှောက်ပင့်နေသည့် စကားလုံးများကိုကြည့်ရင်း ဒေါသထွက်ကာ ကူကယ်ရာမဲ့နေမိသည်။


သူမ ရှအန်းကိုမုန်းသည်။ ရှအန်းပါဝင်ပတ်သတ်နေသည့် ကိစ္စတိုင်းတွင် သူမဘယ်သောအခါမှ အကျိုးအမြတ်မရပေ။


သူမ ပြန်ပေးဆွဲခံရသောအခါက သူမကို တောရွာဘက်တွင် ရောင်းစားခံရသော်လည်း ရှအန်းကို သူမ၏မိသားစုက မွေးစားထားပြီး ပျော်ရွှင်ချမ်းသာသော ဘဝကို ပိုင်ဆိုင်နေရသည်။


ယနေ့ ရှအန်းကို နောက်ခံမရှိသည့် စတားတစ်ယောက်ကို သူမ၏ကိုယ်ပိုင်အရည်အချင်းနှင့် နောက်ခံကိုသုံးပြီး ဖိနှိပ်သော်လည်း ရလဒ်ကောင်းရ မလာပေ။


ရှအန်းကို တားမြစ်ရန် အရင်းအမြစ်များ သုံးစွဲခဲ့သော်လည်း မည်သို့ဖြစ်လာသနည်း။ သူမအတွက် အကျိုးအမြတ်လုံးဝရမလာခဲ့ပေ။


သူမတစ်ဘဝလုံးကို ရရှိနိုင်ရန်ကြိုးစားနေသမျှကို ရှအန်းက အေးဆေးရနေသည်။


၎င်းက အတော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလှသည်။


မုန်းလွန်း၍ သူမ၏သွေးများ ဆူပွက်နေလေပြီ။


တစ်ခါတစ်ရံ ရှအန်းကို သူမလို ကောင်းကောင်းမနေနေရသ၍ အရာရာအဆင်ပြေမည်ဟု တွေးမိခဲ့သည်။သို့သော် သူမဖြစ်စေချင်သလို ဖြစ်မလာပေ။


သူမ နှစ်ပေါင်းများစွာ ခံစားခဲ့ရသည့် ဝေဒနာများကို လက်မခံချင်ပေ။ ထို့ကြောင့် ရှအန်းက သူမ၏တစ်ခုတည်းသော စိတ်ထွက်ပေါက်ဖြစ်လာပြီး ရှအန်းကိုလက်စားချေရန်သာ စိတ်ထဲရှိနေတော့သည်။


"မေမေ သမီးတို့ ရွာကိုသွားမှာလားဟင်..."

သူမ၏ သမီးငယ်လေး၏ အသံချိုချိုလေးကို ကြားလိုက်ရသည်။


ရှကျင်း လက်တွေ့လောကထဲသို့ စိတ်ပြန်လည်လာပြီး မျက်မှောင်ကြုတ်သွားရသည်။


သူမရှိုးကို ဆက်ရိုက်ရမည်လား မသိတော့ပေ။ ဤကဲ့သို့ရှိုးမျိုးကို သဘောကျနှစ်သက်သည့် ပရိတ်သတ်မျာကိုလည်း အရူးများဟုခံစားနေမိသည်။


လူတွေခံစားနေရတာကို ကြည့်ရတာ ဘာကောင်းလို့လဲ....


သူမ အပိုင်းသုံးပိုင်း အပြည့်ရိုက်ကူးပြီးဖြစ်သော်လည်း သူမ ရွာမှဘဝကို နေသားမကျသေးပေ။


သူမ ပစ္စည်းများစွာဝယ်ယူပြီး နေထိုင်မှုအရည်အသွေးကို မြှင့်တင်သော်လည်း ရွာဆိုသည်မှာ ရွာသာဖြစ်ပေသည်။


သန့်စင်ပြီးသားရေမရှိ၊ အဆင့်မြင့်စားဖိုမှူးများ ချက်ပြုတ်ထားသည့် ဟင်းလျာများ မရှိပေ။


အလှပအရေးရာ spaများကဲ့သို့ ဇိမ်ခံပစ္စည်းများလည်းမရှိပေ။


ကြောက်စရာအကောင်းဆုံးအရာသည်ကား နယ်ဘက်များတွင် ခြင်များပေါများလွန်း၍ဖြစ်သည်။


သူမတွင် အလက်ဂျစ်များထသလို သူမ၏သမီးလေးကလည်း ခြင်ကိုက်ခံနေရသည်။


"ဘေဘီလေးရယ်... မာမား အဖြေရှာပေးဖို့ ကြိုးစားနေပါတယ်နော်... မေမေတို့ အဲ့ဒီ့ကို ဆက်သွားစရာ မလိုတဲ့အချိန်အထိ တောင့်ခံပေးပါဦးနော်...."


ရှကျင်း စိတ်ဓာတ်ကျကာ ဖြူဖျော့သွားသော သူမ၏သမီးလေးကို ခေါင်းပုတ်ပေးလိုက်သည်။


ရှိုး၏ ဆယ့်နှစ်ပိုင်းလုံး ရိုက်ပြီးနောက်တွင်လည်း သူမနှင့် သူမ၏သမီးလေးတို့၏ မျက်နှာတန်ဖိုးက ကျမသွားဟု အာမခံနိုင်တော့ပေ။


ထို့ကြောင့် သူမ "Mom is Back"ဟူသော ရှိုးမှ နှုတ်ထွက်ရပေလိမ့်မည်။


ထားလိုက်တော့... နှုတ်ထွက်သင့်တယ်....


ထို့ကြောင့် ရှကျင်းက ကိုယ့်ပြဿနာနှင့်ကိုယ် အလုပ်ရှုပ်နေပြီး အခြားအတွေးများပင် မတွေးတော့ပေ။ သူမ ဟယ့်ရှောင်ရှောင်ကဲ့သို့ တုံးအသည့်မိန်းမကို ထိန်းချုပ်ရန် အချိန်မရှိတော့ပေ။


သူမ ဟယ့်ရှောင်ရှောင်ကို ဘယ်သောအခါမှ ကို ယ်တိုင် မဆက်သွယ်ဖူးပေ။


ထို့ကြောင့် ဟယ့်ရှောင်ရှောင်က သူမကို ရှာချင်သော်လည်း မရှာနိုင်ဖြစ်နေရသည်။


...


"ရှအန်း... ရှအန်း... မင်းအတွင် သတင်းကောင်းပါလာတယ်...."


မနက်ခင်းတွင် ရှအန်းမနိုးသေးမီတွင် ဖိတ်ခေါ်မထားသော ဧည့်သည် ဟန်ယွဲ့၏ နှောက်ယှက်ခြင်းကို ခံလိုက်ရသည်။


သူမ မျက်နှာမသစ်ရသေးသလို သွားလည်း မတိုက်ရသေးပေ။ ဧည့်ခန်း၏ဆိုဖာပေါ်တွင် အိပ်ချင်မူးတူးထိုင်နေလိုက်သည်။


ဟန်ယွဲ့က သူမရှေ့တွင် ပျော်ရွှင်စွာရပ်နေပြီး သူ့မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတို့ မွှန်းထုံနေသည်။


"ဝှား...."


ရှအန်း သန်းဝေလိုက်ကာ မျက်လုံးများကို ပွတ်သပ်ရင်း အက်ရှရှအသံဖြင့် ပြောလိုက်သည်။

"ဟန်ယွဲ့... ဘာကိစ္စလဲ... အခုမှမနက်စောစောပဲရှိသေးတာလေ... ကျွန်မနိုးတဲ့အထိ စောင့်လို့မရဘူးလား...."


"ငါမင်းကို ပြောပြဖို့မစောင့်နိုင်တော့လို့ပေါ့...နောက်ဆုံးအခေါက်တုန်းက ဂရေ့စ်ကငါ့ကို TVလိုင်းဘက်မှာ အလုပ်လုပ်တဲ့ သူ့သူငယ်ချင်းနဲ့ ငါ့ကိုမိတ်ဆက်ပေးတယ်လို့ ငါမင်းကိုပြောသေးတယ်နော်..."


"ဟုတ်တယ်လေ... ဘာများထူးဆန်းလို့လဲ.... ရှိုးက အရွေးခံလိုက်ရလို့လား...."


ဟန်ယွဲ့က သူအရမ်းစိတ်လှုပ်ရှားနေ၍ ရှအန်း၏ မထူးခြားသလို ပြန်လည်တုန့်ပြန်မှုကို မမျော်လင့်ခဲ့မိပေ။


"ဟုတ်တယ်... ငါတို့ရဲ့ "ရှအန်းရဲ့စတားဘဝ"က ကနဦး ပြန်လည်စမ်းစစ်ချက်ကို အောင်သွားပြီ...အမေရိကန်က TV လိုင်းတစ်ခုကလည်း ငါတို့ရဲ့ပရိုဂရမ်ကို ကော်ပီရိုက်ဝယ်ယူဖို့ လုပ်နေတယ်...."


"ဘာပဲဖြစ်ဖြစ် ၁၀၀%မပြီးသေးဘူးဆိုပေမဲ့... ငါတို့ ရိုက်ကူးရေးကို ပြောင်းရမယ်... ပရိုဂရမ်ကို အင်္ဂလိပ်အသံထွက်နဲ့ ပြန်ပြီးအသံသွင်းရမယ်.. ပြီးရင် TV လိုင်းကို ဒုတိယမြောက်စမ်းစစ်ချက်လုပ်ရမယ်... အကယ်ဤဒီတစ်ကြိမ်ပါ အောင်သွားရင် ငါတို့ရဲ့ ပရိုဂရမ်က အမေရိကန်မှာ ထုတ်လွှင့်ပြသခံရတော့မှာ..."


ဟန်ယွဲ့ အရမ်းစိတ်လှုပ်ရှားပြီး ပြောနေမိသည်။ သူ"ရှအန်း၏ဘဝ"ကို ရိုက်ကူးနေချိန်တွင် သူ၏ဒုတိယမြောက် ရသစုံရှိုးက နိုင်ငံရပ်ခြားတွင် ထုတ်လွှင့်ပြသခံရမည်ဟု တစ်ခါမှမတွေးမိခဲ့ဖူးပေ။


ထို့ကြောင့် ပြည်တွင်းမှ စံချိန်များနှင့်အညီသာ ရိုက်ကူးခဲ့သည်။


မမျှော်လင့်ထားစွာဖြင့် ရှအန်းအမေရိကန်ကို ရောက်လာသောအခါ သူ့ကံများပါကောင်းသွားခဲ့သည်။ တရုတ်မှ ရသစုံရှိုးက နိုင်ငံခြားတွင်ပင် ထုတ်လွှင့်ပြသရန် ဖြစ်နိုင်သွားခဲသည်။


သူနှင့် ရှအန်းပါ နိုင်ငံခြားတွင် ကျော်ကြားသွားနိုင်သည်။


"ဒီတော့ ရှအန်းရေ... အခုကစပြီး မင်းမှာ နောက်ထပ် တာဝန် ရှိလာပြီ...."


"ဘာတာဝန်လဲ..."


"နေ့တိုင်း ငါတို့  ရှိုးရဲ့အပိုင်းတွေကို အင်္ဂလိပ်လို အသံသွင်းရမယ်...."