အပိုင်း ၁၃၁
Viewers 29k

Chapter 131 


စိမ်းလန်းစိုပြေကာ သာယာလှသော တောကြီးမျက်မည်းထဲတွင် သစ်ပင်ပေါင်းပင်တို့က အဆမတန်ကြီးထွားနေကြကာ ငှက်များကလည်း ပျော်ရွှင်စွာ တေးသီကျူးနေကြပြီး ခြင်များ၏ အသံတဝီဝီကိုလည်း ကြားနေရသည်။


သို့သော် သိသာ မြင်သာလှသောအရာမှာ ငှက်များ အင်းဆက်များ၏ အော်သံမဟုတ်ပေ။


တောထဲတွင် ရိုက်ကူးရေး လုပ်နေကြသော သရုပ်ဆောင်များသာဖြစ်သည်။


ထိုနေရာတွင် သရုပ်ဆောင်များ သုံးလေး အုပ်စုခန့်ရှိပြီး တစ်ယောက်ချင်းစီတိုင်းက လှပကာ နည်းပညာမြင့် အကာအကွယ်ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ အချို့က ဆံပင်အဝါ၊ အချို့က ဆံပင်အနီနှင့် အချို့က မျက်လုံးအစိမ်းလေးများရှိကြပြီး ကိုယ်ပိုင် သွင်ပြင်လက္ခဏာများ ရှိကြသည်။ အကုန်လုံးက ချောမောသည့် ယောက်ျားလေးများဖြစ်ကြသည်။


သို့သော် အကုန်လုံးထဲတွင် သတိထားမိရန် အလွယ်ဆုံးမှာ အဖြူရောင်အသားအရေ၊ အနက်ရောင်မျက်လုံးများနှင့် အနက်ရောင်ဆံပင်များရှိပြီး အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ရှအန်းဖြစ်ပေသည်။


ယခုအချိန်တွင် သူမက "Retura to Earth" ဇာတ်ကားကို ရိုက်ကူးနေခြင်းဖြစ်၍ သူမကိုဂျုန်းဟု ခေါ် ပေမည်။


"မင်းဘယ်သူလဲ... ဘာလို့ သူတို့ကို မြေကြီးထဲ မြှုပ်ထားတာလဲ..."


"ကျွန်မက...."


အမျိုးသမီးက အနည်းငယ်တွေဝေသွားသည်။ သို့သော် မကြာမီ သူမမျက်လုံးထဲမှ အလင်းတန်းတစ်ခု တောက်ပလာသည်။


လေညင်းတိုက်ခတ်သွားပြီး သူမ၏ အနက်ရောင်ဆံနွယ်များကို ရှုပ်ပွသွားစေ၍ လက်မြှောက်ကာ နားရွက်နောက်သို့ ပြန်ပို့လိုက်သည်။


"ဂျုန်း..."


...


"Cut..."


ဂရေ့စ်က ဂျုန်း၏ပထမဆုံး ရိုက်ကွင်းကိုကြည့်ပြီး စိတ်ကျေနပ်စွာဖြင့် ရိုက်ကူးရေးကို ရပ်လိုက်သည်။


"ဒါရိုက်တာ... ကျွန်မသရုပ်ဆောင်တာ အဆင်ပြေရဲ့လား..."


ဂရေ့စ်ထံမှ 'Cut'ဟု အသံကြားသည်နှင့် ရှအန်းက သူ့ဆီလျှောက်သွားလိုက်သည်။


ယနေ့က သူမ၏ပထမဆုံး ရိုက်ကူးရေးအစစ်အမှန်ဖြစ်ပေသည်။ သူမ ကျွမ်းကျင် သရုပ်ဆောင်သင်တန်းများ တက်ပြီး နေ့တိုင်း စတူဒီယိုကိုသွား၍ အခြားလူများ သရုပ်ဆောင်သည်ကို ကြည့်နေခဲ့သော်လည်း ယနေ့က သူမ၏ အစစ်အမှန်ရိုက်ကွင်းဖြစ်သည်။ သူမ ကင်မရာရှေ့တွင် ပထမဆုံးသရုပ်ဆောင်ပြီး အခြားကျွမ်းကျင် သရုပ်ဆောင်များနှင့်အတူ ရိုက်ကူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။


ဤခံစားချက်က သူမ ကမ္ဘာပျက်ကပ် အစောပိုင်းနေ့များတွင် ခံစားရသည့် ခံစားချက်နှင့်တူသည်။ သူမ ဇွန်ဘီများနှင့် ပထမဆုံးရင်ဆိုင်ရချိန်တွင် ယခုလို စိတ်လှုပ်ရှားခဲ့ရသည်။


"အန်း.... မင်းသရုပ်ဆောင်တာ အတော်လေးကောင်းတယ်... တစ်ချို့နေရာတွေမှာ ကွက်တိမကျသေးပေမဲ့လည်း ကိုယ်လိုချင်တဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တယ်..."


ဂရေ့စ်က ရှအန်း၏ စိုးရိမ်နေမှုကို ခံစားမိ၍ ပခုံးပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။


ရှအန်းက သူ၏ချီးမွမ်းမှုကြောင့် အနည်းငယ် ရှက်ရွံ့သွားသည်။ သူမကိုယ်သူမ သရုပ်ဆောင်တော်မည်ဟု မထင်ခဲ့ပေ။


သူမနှင့်အတူ သရုပ်ဆောင်နေရသည့် လူများမှာ ဟောလီးဝုဒ်တွင် ကျော်ကြားသော သရုပ်ဆောင်များ ဖြစ်ကြသည်။


ဥပမာအားဖြင့် လီယိုနယ်ဆိုလျှင် အမေရိကန်တွင် နာမည်အကြီးဆုံး မင်းသားဟု ပြော၍ရပေသည်။


သူက ချောမောရုံတင်မက သရုပ်ဆောင်လည်း ကောင်းပေသည်။


လွန်ခဲ့သည့် သုံးနှစ်က အသက်အငယ်ဆုံး အော်စကာရသည့် မင်းသားတစ်လက်ဖြစ်ပေသည်။


၎င်းက သူ၏တန်ဖိုးကို ခုန်တက်သွားစေသည်။  ပိရမစ်၏ထိပ်ဆုံးတွင် ရပ်တည်နေပြီး  သူကကမ္ဘာအချမ်းသာဆုံး မင်းသားသုံးယောက်ထဲတွင် ပါလာခဲ့သည်။ 


သို့သော် ရှအန်းက သူ့ထံမှ ဖိအားတစ်ခုမှ မခံစားရပေ။


ကျွမ်းကျင်သရုပ်ဆောင်များနှင့်အတူ သရုပ်ဆောင်ရ၍ သူမအနည်းငယ် စိတ်ဖိစီးနေသည်။သို့သော် တစ်ချိန်တည်းတွင် သူတို့ကြောင့် စိတ်လှုပ်ရှားခြင်း မရှိပေ။


အမှန်အတိုင်းပြောရလျှင် သူမနှင့်အတူ ရိုက်ကူးနေသည့် သရုပ်ဆောင်များက သူမထက်တော်ကြပေသည်။ ထို့ကြောင့် ဤကဲ့သို့ ကျွမ်းကျင်သူ အုပ်စုနှင့်အတူ သရုပ်ဆောင်ရခြင်းကြောင့် ကိုယ့်ကိုကိုယ် သိပ်မတော်လှဟု ခံစားနေရသည်။


သို့သော် ဒါရိုက်တာဂရေ့စ်က သူမက သူလိုချင်သည့် ခံစားချက်ကို သရုပ်ဆောင်နိုင်သည်ဟု ပြောခဲ့သည်။ အဆုံးတွင် သူမက ကိုယ့်ကိုကိုယ် နှိမ်ချနေမိခြင်းသာဖြစ်နေသည်။


"အန်း... အဆင်ပြေပါတယ် အချိန်ယူလို့ရတယ်... ငါ ဟန်ဆီကနေ မင်းအရင်ကတစ်ခါမှ သရုပ်မဆောင်ခဲ့ဖူးဘူးလို့ ကြားထားတယ်... ငါတို့ရဲ့ ဇာတ်ကားက အချိန်အတော်ကြာ ရိုက်ရမှာမလို့ သရုပ်ဆောင်တိုးတက်ဖို့ အချိန်တွေ ရှိပါသေးတယ်..."

ဂရေ့စ်က ရှအန်းသူမကိုယ်သူမ ယုံကြည်ချက်ရှိမနေကြောင်းသိ၍ အားပေးလိုက်သည်။


ထိုစကားက ရှအန်းကို စိတ်သက်သာရာ ရသွားစေသည်။


ဒါရိုက်တာ ဂရေ့စ်ကြောင့်သာ မဟုတ်လျှင် သူမက အနာဂတ်တွင် သရုပ်ဆောင်မလုပ်တော့သလို ရှိုးလည်း မရိုက်တော့ရန် စီစဉ်ပြီးသားဖြစ်သည်။


"ဟုတ်ကဲ့ပါ... ကျွန်မသိပါပြီ... စိတ်ချပါ... ကျွန်မ တကယ်အလုပ်ကြိုးစားပါ့မယ်..."

ရှအန်း လေးလေးနက်နက်ပြောလိုက်သည်။


ဒါရိုက်တာဂရေ့စ်၏ အားပေးစကားကြောင့်လေလား သူမနှင့်အတူ  ရိုက်ကူးရမည့် သရုပ်ဆောင်က ရိုက်ကူးပြီး၍လားမသိ ရှအန်း၏ သရုပ်ဆောင်ချက်များက ပိုမိုကောင်းမွန်လာခဲ့သည်။


သူမက လင်းလက်တောက်ပနေကာ ယခုလက်ရှိ ဝန်ထမ်းများအားလုံး၏ အာရုံစိုက်မှုကို ခံနေရသည်။


"ဒါရိုက်တာဂရေ့စ်မှာ တကယ်အမြင်ရှိတာပဲ... ဒီအာရှသူကောင်မလေးက ဇာတ်ညွှန်းထဲက ဂျုန်းက ခုန်ထွက်လာတဲ့အတိုင်း တစ်ပုံစံတည်းကို တူနေတာ..."


"ဟုတ်ပါ့... ငါဇာတ်ညွှန်းဖတ်တုန်းက ဂျုန်းက ငါ့စိတ်ထဲမှာ အခုလိုဆန်းကျယ်ပြီး တောက်ပနေတဲ့ ကောင်မလေးနဲ့ တစ်ပုံစံတည်းပဲ..."


"သူမက အရမ်းလှပြီး အယ်လီစင်ထက်တောင် လှသေးတယ်..."


"အဲ့ဒီ့အပြင် သူမရဲ့ သရုပ်ဆောင်အရည်အချင်းကလည်း ကောင်းမွန်ပြီးတော့ အရမ်းကြည့်ကောင်းသေးတယ်..."