အပိုင်း ၁၃၃
Viewers 29k

Chapter 133


"အဆင်ပြေပါတယ်.. ဒါရိုက်တာ ကျွန်မဒီထက်ပိုကောင်းအောင် လုပ်နိုင်သေးတယ်... ခုဏက ဂျုန်းရဲ့ ပုံစံက အရမ်းကြမ်းတမ်းတော့ အလှတရားတွေတောင် လျော့သွားပြီး သိပ်မကောင်းဘူးလို့ ထင်မိတယ်..."


ရှအန်း ထိုသို့ ပြောလိုက်ရခြင်းမှာ ဇာတ်ညွှန်းအတိုင်းဆိုလျှင် "ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိခြင်း" ထဲတွင် ဂျုန်း၏ဇာတ်ကောင်မှာ သူမနှင့်တူသော်လည်း ကွာခြားနေသည့်အရာ တစ်ခုရှိနေသည်။


၎င်းက...


"ဟုတ်တယ်... ဟုတ်တယ်... ဂျုန်းကဆေးထိုးမခံရသေးခင်က အကမယ်တစ်ယောက်ဖြစ်ခဲ့တာ.... ဒီတော့ တိုက်ခိုက်နေရင်တောင်မှ သူမရဲ့ လှုပ်ရှားမှုတွေက လှပပြီး မိန်းကလေးဆန်နေရမယ်..."


ဂရေ့စ်ပင် ရှအန်း၏ တရုတ်ကွန်ဖူးကြောင့် လွှမ်းမိုးခံလိုက်ရ၍ ဂျုန်း၏ဝိသေသလက္ခဏာများကို ခဏမျှမေ့သွားခဲ့သည်။


ရှအန်းပြောလိုက်မှပဲ ဂျုန်း၏ လှုပ်ရှားမှုများက ကြမ်းတမ်းမနေသင့်ကြောင်း သတိရသွားခဲ့ခြင်း ဖြစ်သည်။


သူ သူရဲကောင်းမဂျုန်းအတွက် လူရှာစဉ်က ကတတ်သည့် လူတစ်ယောက်ကို ရှာခဲ့ပေသည်။


ကျော်ကြားလှသည့် အကမယ်များစွာကို တွေ့ပြီးနောက်တွင်ပင် သူတစ်ယောက်ကိုမှ မရွေးနိုင်ခဲ့ပေ။ သို့သော် ကံကောင်းစွာဖြင့် သူ၏သူငယ်ချင်းက ရှအန်းကို ထောက်ခံပေးခဲ့သည်။


"အန်း... မင်းလုပ်နိုင်သေးလား..."


အမှန်အတိုင်းပြောရလျှင် သူမကနိုင်သည်ဖြစ်စေ မကနိုင်သည်ဖြစ်စေ အရေးမကြီးပေ။ ဤသည်က သူ၏ဇာတ်ညွှန်းသာဖြစ်၍ သူလိုသလို ပြောင်း၍ရပေသည်။


သို့သော် ရှအန်းက သူမပိုမို၍ လှပအောင်တိုက်ခိုက်နိုင်သည်ဟု ပြောခဲ့၍ သူမအပေါ် မျှော်လင့်နေမိသည်။


"ကိစ္စမရှိဘူး..."

ရှအန်း ပြုံးလိုက်ပြီး ယုံကြည်မှုရှိရှိခေါင်းငြိမ့်ပြလိုက်သည်။


ဂျုန်း၏ နေရာတွင် သရုပ်ဆောင်ချိန်၌ သူမနှင့် ဂျုန်း၏ အကြီးမားဆုံးကွာခြားမှုမှာ ဂျုန်းက အကမယ်တစ်ယောက်ဖြစ်နေကြောင်း သိလိုက်ရသည်။


သူရဲကောင်းမဂျုန်းက ကမ္ဘာမြေကပ်မစိုက်ခင်က ဘာကိုမှဂရုမထားသော ပျော်ရွှင်သည့် အကမယ်လေးတစ်ယောက်ဖြစ်ခဲ့သည်။


ကမ္ဘာပျက်ကပ်ကျချိန်တွင် သူမက စွမ်းရည်တစ်ရာ ပရိုဂရမ်သို့ ဝင်ရောက်ခဲ့သည်။ သူမကို ပိုးမွှား သန့်စင်ဆေးထိုးသွင်းပေးလိုက်ပြီး ဓာတ်ခွဲခန်းထဲတွင် အေးခဲစေ၍ ကမ္ဘာမြေပေါ်ရှိ ဓာတုဇီဝဗိုင်းရပ်စ် သုတ်သင်ရှင်းလင်းပြီးအချိန်အထိ စောင့်နေခဲ့ရသည်။


ရှအန်းက အကမယ်မဟုတ်သလို အကနှင့်ပတ်သတ်၍ ဘာမှမသိသော်လည်း သူမ၏ ခန္ဓာကိုယ်က ပျော့ပြောင်းလှသည်။ ထို့အပြင် သူမရရှိထားသည့် အလှတရားကလည်း သူမကို သင်ယူခြင်းစွမ်းရည်ကို အလွန်သန်မာ အားကောင်းစေသည်။


'ဝက်သားမစားဖူးပေမဲ့ ဝက်ပြေးတာမြင်ဖူးတယ်'ဟူသော စကားပုံအတိုင်း ဖြစ်လေသည်။


ကမ္ဘာပျက်ကပ်တွင် အကသမားတစ်ယောက်မှမမြင်ဖူးသော်လည်း လှချင်ယောင်ဆောင်သည့် လူများကို မြင်ဖူးခဲ့သည်။


ထို့ကြောင့် ၎င်းကို အတူခိုးလိုက်ပါက ဘယ်လောက်မှ ခက်ခဲမည် မဟုတ်ပေ။


"အိုကေလေ... ဒါဆို ထပ်ရိုက်ကြတာပေါ့..."


ဂရေ့စ်က လက်ခုပ်တီးလိုက်ကာ လူတိုင်းကို ပြန်လည်ရိုက်ကူးရန် ပြင်ဆင်ခိုင်းလိုက်သည်။ ရှအန်းက သူမ၏ဂါဝန်အဖြူကို လဲလိုက်ပြီးနောက်တွင် လက်ရမ်းပြလိုက်သည်။


"Action..."


ဂရေ့စ်၏အသံထွက်လာသည်နှင့် သရုပ်ဆောင်များအားလုံး ထပ်မံ၍ သရုပ်ဆောင်လိုက်ကြသည်။


လှုပ်ရှားရမည့်ပုံနှင့် စာသားတိုင်းက တစ်ပုံစံတည်းဖြစ်သည်။


သို့သော် ရှအန်းစတင် သရုပ်ဆောင်သည်နှင့် သူမက အရင်တစ်ခေါက်နှင့် လုံးဝမတူတော့ပေ။


အရင်တစ်ခေါက်၏ တိုက်ခိုက်ပုံက အလွန်သေသပ်ကာ ကြမ်းတမ်းလှသော်လည်း ယခုတစ်ခေါက် လှုပ်ရှားမှုများက အလွန်လှပပေသည်။


သူမ၏လှုပ်ရှားမှုတိုင်းက သိမ်မွေ့သလို လှပပြီး သန်မာလှပေသည်။ 


ထိုက်ချိကို သိသည့် မည်သည့် နိုင်ငံခြားသားမဆို ရှအန်း၏ လှုပ်ရှားမှုများက သိမ်မွေ့ကာလှပသော်လည်း ထိုက်ချိလှုပ်ရှားမှုများ  ဖြစ်ကြောင်း သိကြပေလိမ့်မည်။


ရှအန်းကတော့ ဤတိုက်ခိုက်ပုံကို မကြိုက်ပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းက အလွန်စိတ်ကူးယဉ်ဆန်ကာ သန်မာမှုကို လျော့ကျစေ၍ဖြစ်သည်။


ကမ္ဘာပျက်ကပ်တွင်ဆိုလျှင် ထိုတိုက်ခိုက်ပုံကို သင်ယူသည့်သူ အနည်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပျက်ကပ်တွင် တိုက်ခိုက်ပုံက လှပနေရန်မလိုပဲ တစ်ချက်ရိုက်လျှင် ဇွန်ဘီတစ်ကောင် သေရန်သာ လိုအပ်ပေသည်။


လူတိုင်း ရှအန်း၏ ကခုန်နေသလို လှုပ်ရှားမှုကိုကြည့်ပြီး နောက်တစ်ကြိမ် ငေးမောမိသွားသည်။


ဤတစ်ကြိမ်တွင် ဂရေ့စ်ပင်လျှင် ငလျှင်မိသလို ကြောင်တောင်တောင်ဖြစ်သွားရသည်။


လူတိုင်း သူမ၏လှပသော လှုပ်ရှားမှုများကြောင့် အလွန်အံ့ဩနေကြသည်။


ထို့ကြောင့် ရှအန်း၏ တိုက်ခိုက်ခန်းပြီးသည်နှင့် နောက်ထပ် NGဖြစ်သွားရပြန်သည်။


"အန်း ငါတကယ်တောင်းပန်ပါတယ်...."


ဂရေ့စ် သတိပြန်ဝင်လာသောအခါ စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။


ယခု ရှအန်း၏ တိုက်ခိုက်ခန်းကို ပြီးပြည်စုံသည်ဟု ခေါ်နိုင်ပေသည်။


သူ ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့သော်လည်း သူ့ကိုယ်သူ အက်ရှင်ဇာတ်ကား ဒါရိုက်တာဟု မပြောရဲသေးပေ။


သို့သော် သူကြည့်ဖူးသည့် အက်ရှင်သရုပ်ဆောင်များ၏ သရုပ်ဆောင်မှုက ရှအန်းလောက် မကောင်းကြောင်း သိပေသည်။


ရိုးရှင်းကာ ကြမ်းတမ်းခက်ထန်သည့် တိုက်ခိုက်ခန်းဖြစ်စေ လှပကာ အမှားကင်းသည့် တိုက်ခိုက်ခန်းဖြစ်စေ နှစ်ခုစလုံးကို ရှအန်းက သရုပ်ဆောင်နိုင်ပေသည်။


ရှအန်းက နောက်ထပ် NG ထပ်ဖြစ်သွား၍ အနည်းငယ် ပင်ပန်းသွားရပေသည်။ သူ ဒါရိုက်တာ၏ စိတ်အနှောင့်အယှက်ဖြစ်သွားပုံကို ကြည့်ပြီး ပြောလိုက်သည်။

"ရပါတယ်.. ထပ်ရိုက်ကြတာပေါ့... ဒါရိုက်တာ...ကျွန်မ ဒီတစ်ခေါက်တော့ ပိုကောင်းအောင် လုပ်နိုင်မယ့်နည်းကို သိသွားပြီ..."


ရှအန်းက ညာနေခြင်းမဟုတ်ပေ။ မည်သို့ပင်ဆိုစေ ဤသည်က သူမလည်း စိတ်ကူးယဉ်ဆန်ဆန် လှပသည့် တိုက်ခိုက်သည့်ပုံစံများကို ပထမဆုံး ပြုလုပ်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် ဒုတိယအကြိမ် ထပ်လုပ်လိုက်ပါက ပိုမို ပြည့်စုံသွားမည်ဖြစ်သည်။


ရှအန်း၏ စကားများကိုကြားသည်နှင့် ဂရေ့စ်၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး သူ၏ စိတ်ရှုပ်နေသော အမူအယာက စိတ်လှုပ်ရှားသည့် အမူအယာသို့ ပြောင်းလဲသွားသည်။


"အိုး...တကယ်လား... ကောင်းတာပေါ့..."


ရှအန်း၏ စကားကိုကြားသည်နှင့် လူတိုင်း သိချင်စိတ်တို့ မြင့်တက်သွာသည်။ သူတို့၏ အမြင်တွင် ယခု ရှအန်း၏ လှုပ်ရှားမှုများက အလှဆုံးနှင့် ပြီးပြည့်စုံနေပြီဖြစ်သည်။


ဒါပေမဲ့ ရှအန်းက သူပိုကောင်းအောင် လုပ်နိုင်တယ်တဲ့....


"ဘာပဲဖြစ်ဖြစ်... ဒီတစ်ခေါက်တော့ ရှင်လည်း ကြောင်တောင်တောင် မဖြစ်သွားနဲ့တော့နော်... ကျွန်မ စတုတ္ထအကြိမ် ပြန်မရိုက်ချင်တော့ဘူး..."

ရှအန်း သရုပ်ဆောင်တိုင်းကိုကြည့်ပြီး လေးလေးနက်နက်ပြောလိုက်သည်။


အခြားလူများအားလုံး ရှက်ရွံ့စွာ ခေါင်းငြိမ့်လိုက်ကြသည်။


"ကြားကြလား... NG ထပ်မဖြစ်စေနဲ့တော့နော်..."

ဂရေ့စ်လည်း လေးနက်နေသော အမူအယာဖြင့် ထပ်ပြောလိုက်သည်။


သူ၏ အမူအယာမှာ နောက်တစ်ကြိမ် ထပ်ရိုက်ရရင် အကုန်လုံးကို အစိမ်းလိုက်ဝါးစားဖြစ်မယ်ဟူသော ပုံပေါက်နေသည်။


"ဟုတ်ကဲ့ပါ... ဒီတစ်ခေါက် လုံးဝ လုံးဝ NG မဖြစ်စေရတော့ဘူး...."


"ငါလည်း ထပ်မငေးတော့ဘူး..."


...


လူတိုင်းဆီမှ အာမခံချက်ရသွားသည်နှင့် ဂရေ့စ်က သက်ပြင်းချလိုက်ကာ ဒါရိုက်တာ ထိုင်ခုံပေါ် ပြန်ထိုင်လိုက်သည်။


"Action...."


T/N -

NG = not good