အပိုင်း ၁၃၄
Viewers 29k

Chapter 134


ရိုက်ကူးရေးပြီးနောက်တွင် ရှအန်းက ဗိုက်ဆာဆာနှင့် အိမ်ပြန်လိုက်သည်။


ယနေ့တွင် ရိုက်ကူး‌ရေးကြောင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ အကုန်လုံးကို အသုံးချလိုက် သည်။


သူမ အခန်းဝန်ဆောင်မှုကိုခေါ်ပြီး သူမထံသို့ အစားအသောက်များ ပို့ပေးရန် မှာယူလိုက်ပြီး ဆိုဖာပေါ် ငါးသေတစ်ကောင်လို လှဲလျောင်းနေလိုက်သည်။


ရှအန်း မျက်လုံးမှိတ်ပြီး အနားယူနေချိန်တွင် သူမ၏ ဖုန်းသံ မြည်လာသည်။


အမေရိကန်တွင် သူမ၏ ဖုန်းနံပါတ်ကို သိသူမှာ သူမ၏သားလေး၊ ဟန်ယွဲ့၊ ရှုဒေါင်၊ ဂရေ့စ်နှင့် ကုရှုမော့သာ ရှိလေသည်။


ယခုလိုအချိန်တွင် သူမကို ဖုန်းခေါ်မည့်လူမှာ ဟန်ယွဲ့မှ လွဲ၍ မရှိကြောင်း ဖုန်းစခရင်ကိုပင်မကြည့်ပဲ ပြောနိုင်သည်။


"ဟေး..."

ရှအန်း အားနည်းချိနဲ့စွာ ဖုန်းကိုင်လိုက်သည်။


အသေအချာပင် ဖုန်းခေါ်သည့်လူမှာ ဟန်ယွဲ့သာဖြစ်သည်။


"ဟေး ရှအန်း... ငါမင်းကို သတင်းကောင်းအကြီးစားကြီး ပြောစရာရှိတယ်... ငါတို့ရဲ့ "ရှအန်း၏စတားဘဝ"ရှိုးကို FX TV ကဝယ်သွားတယ်..."


ဟန်ယွဲ့၏ ကျယ်လောင်စူးရှကာ စိတ်လှုပ်ရှားနေသော အသံက ရှအန်းကို အောင်အောင်မြင်မြင်မျက်မှောင်ကြုတ်သွားစေပြီး ဖုန်းကို နားရွက်နားမှ ခွာလိုက်လေသည်။


"အိုး..."


ရှအန်း၏ စိတ်ဝင်စားမှုမရှိသည့် အသံကပင် ဟန်ယွဲ့၏ စိတ်လှုပ်ရှားမှုကို မရပ်တန့်နိုင်ပေ။


"ရှအန်း... ငါတို့ရဲ့ရှိုးကို FX TVကဝယ်သွားတယ်လို့... ငါတို့ရဲ့ နောက်ထပ်ရှိုးကိုလည်း နည်းနည်းပြောင်းရမယ်... ပြီးတော့ မင်းငါနဲ့အတူ FX TVကို လိုက်ခဲ့ရမယ်...."


"ပြောင်းလဲရမယ်... ဘာကိုပြောင်းမှာလဲ.."

ရှအန်း မေးလိုက်သည်။


"ဟားဟား.... မင်းဒီပြောင်းလဲမှုကိုတော့ သဘောကျမှာပါ... ငါတို့ ဟိုတယ်ပြောင်းရမှာ..."


"ဟိုတယ် ပြောင်းရမှာ...."


"ဟုတ်တယ်... ဟိုတယ် ပြောင်းရမှာ... စာချုပ်လည်း ချုပ်ပြီးရော FX TV က ငါတို့ရိုက်ကူးရေးလုပ်တဲ့ အချိန်တိုင်း ဟိုတယ်ပြောင်းဖို့ ဖြစ်နိုင်တယ်လို့... ခံစားမိတယ်တဲ့...."


အတော်လေးတော့ စိတ်ဝင်စားစရာပဲ...


သူမက ယခုလက်ရှိ အခြေအနေကို သက်တောင့်သက်သောင့်ရှိပြီး ဤဟိုတယ်ကို သဘောကျကာ မပြောင်းချင်သော်လည်း ရှိုးရိုက်ကူးရမည်ဖြစ်၍ အခြေအနေအတိုင်း လိုက်နာရမည်ဖြစ်သည်။


"ကောင်းပြီလေ... ကျွန်မသိပြီ..."


ရှအန်း ဖုန်းချချင်နေလေပြီ။


သို့သော် သူမ ဖုန်းချခါနီးတွင် ဟန်ယွဲ့က ထပ်ပြောလိုက်သည်။

"စကားမစပ်.. FX TVက မင်းရဲ့ ပုံစံကို အရမ်းသဘောကျနေတယ်... နောက်နည်းနည်းကြာရင် ငါတို့ FX TVနဲ့ ပူးပေါင်းပြီး အကြိုဓာတ်ပုံ ရိုက်ဖို့ရှိတယ်.... မင်း အခုလောလောဆယ် ပြင်ဆင်ထားဖို့ ကြိုးစားလိုက်ဦး.. ပြီးတော့ ကောင်းကောင်းစားပြီး အကောင်းဆုံး အခြေအနေမှာ ရှိနေအောင် လုပ်ထားလိုက်..."


ဟန်ယွဲ့ကို ပေါ့ပေါ့ပါးပါးပြန်ဖြေပြီးနောက်တွင် ရှအန်း ဖုန်းချလိုက်သည်။


ရုတ်တရက် သူမ အမေရိကန်ကိုရောက်ပြီး နောက်တွင် ပိုမိုအလုပ်ရှုပ်လာကြောင်း သတိထားမိသွားသည်။


သူမ ဤနေ့များကို သဘောကျသော်လည်း နေ့ရောညပါ အတောအလေး အလုပ်များနေပေသည်။


ရိုက်ကူးရေးက အချိန်ကုန် လူပင်ပန်းကြောင်း သိသာလှသည်။


အနာဂတ်တွင် ဇာတ်ကားလျှော့ရိုက် ရမည်ဟု ဆုံးဖြတ်လိုက်သည်။


ရှအန်းက သူမ၏ ဇာတ်ကား၊ သူမ၏ ကုမ္ပဏီနှင့် သူမ၏ ရသစုံရှိုးအတွက် ပြင်ဆင်နေသည်။


ထိုအချိန်တွင် တရုတ်ပြည်၏ အင်တာနက်က ရှအန်း၏ နောက်ထပ်သတင်းတစ်ခုကြောင့် ပေါက်ကွဲနေပြီဖြစ်သည်။


ရှအန်း၏ မတည်းဖြတ်ရသေးသော ဗွီဒီယိုများ၏ သတင်းက နာမည်မကျသေးပေ။ ထို့အပြင် နောက်ထပ် သတင်းတစ်ခု ထွက်ပေါ်လာလေပြီ။


[ငါ နင်တို့ကိုပြောချင်တာက... ရှအန်းရဲ့ နောက်ထပ် ရသစုံရှိုးက အမေရိကန်က  FX TVမှာ ပြသတော့မယ်ဆိုတာကိုပဲ... ဒီသတင်းက တကယ့်အစစ်နော်...]


ထိုသတင်းထွက်လာသည်နှင့် လူများက မယုံကြည်ကြပေ။


မည်သို့ပင်ဆိုစေ အမေရိကန်TV လိုင်းများက အာရှမှ ပရိုဂရမ်များကို တစ်ခါမှ ပြသဖူးခြင်း မရှိ၍ဖြစ်သည်။


[လေကြီးလိုက်တာ... ရှအန်းကဖြင့် ဖျော်ဖြေရေးအသိုင်းအဝိုင်းရဲ့ ထိပ်ပိုင်းထဲမှာတောင် မရှိသေးဘူး... ဘယ်လိုလုပ် နိုင်ငံခြားက TVလိုင်းမှာ ပေါ်လာမှာလဲ...]


[ငါမေးပါဦးမယ်... ရှအန်းက အင်္ဂလိပ်စကားရောပြောတတ်လို့လား... ဒါကို နင်က ရှအန်းက အမေရိကန်က TVပေါ်မှာ ပေါ်လာမယ်လို့ ပြောရဲတယ်ပေါ့လေ...]


[ငါက ရှအန်းရဲ့ ပရိတ်သတ်ဖြစ်ပြီး... ရှအန်းကို အလုပ်အသစ်တွေမှာ ပေါ်လာတာကို မြင်ချင်တာပေါ့... ဒါပေမဲ့ ရှအန်းရဲ့ ပရိုဂရမ်က နိုင်ငံခြားက TVလိုင်းမှာ ပြမယ်ဆိုတာကိုတော့ ငါမယုံဘူး...]


[ဒီပရိတ်သတ်ကတော့ တစ်နှစ်လုံးရဲ့ အရယ်ရဆုံးနဲ့ လေအကြီးဆုံးပရိတ်သတ်ပဲ...]


[ငါက ချုံးယန်မိန်ဝေ့မဟုတ်ပါဘူး... ဒါပေမဲ့ ရှအန်း အမေရိကန်က TVလိုင်းမှာ ပါမယ်ဆိုတာကိုတော့ မယုံဘူး.... FXလို အခပေး TV လိုင်းဆိုရင် ပိုဆိုးပေါ့... အဲ့ဒီ့ TVလိုင်းက ဝယ်တဲ့ပရိုဂရမ်တွေဆိုတာ အရမ်းကို စီးပွားရေးဆန်တာ... ဒါကိုတောင် တရုတ်က ဆယ့်ရှစ်လိုင်းအဆင့်မင်းသမီးတစ်ယောက်ရဲ့ ပရိုဂရမ်ကို အဲ့ဒီ့ TVလိုင်းက ဝယ်မှာတဲ့လား... ဒီလူတွေက ဒီလောက် အဓိပ္ပါယ်မရှိတဲ့ သတင်းကို အချိန်ဖြုန်းပြီး တင်နေသေးတာလား... အရမ်းကို အတုအယောင်ဆန်လွန်းတာပဲ...ပြီးတော့ အဲ့လူတွေက တရုတ်က လူတွေရဲ့ စကားကို တစ်လုံးတောင် နားလည်တာမဟုတ်ဘူးလေ...]

 

မကြာခင် သူတို့အားလုံး ရိုက်ချခံလိုက်ရပြန်သည်။


မယုံနိုင်စရာ သတင်းတစ်ခုက အိပ်မက်တစ်ခုအလား သူတို့အားလုံးရှေ့တွင် ပေါ်ထွက်လာခဲ့သည်။