အပိုင်း ၁၃၅
Viewers 29k

Chapter 135 


ရှအန်း၏ ရသစုံရှိုးက အမေရိကန်ရှိ FX TVလိုင်းတွင် ထုတ်လွှင့်ပြသတော့မည်ဟူသော သတင်းက နာမည်ကြီးလာပြီး တရုတ်ပြည်ရှိ လူများကို ရယ်မောသွားစေသည်။


ရှအန်းက ကလေးနှစ်ယောက်ဖြင့် ရှိုးအတွက် ဓာတ်ပုံရိုက်နေသည်။


"ကုရှုမော့.. မင်းကို ငါ့မာမားနား အရမ်းမကပ်နဲ့လို့ ပြောတယ်လေ..."


"မရဘူး... ကပ်မှာပဲ... ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ မမနတ်သမီးက ငါ့ကိုလည်း သဘောကျတာပဲလေ..."


"မင်း...."


"မရဘူး ကပ်မှာပဲ...."


...


မိတ်ကပ်ဖျက် အဝတ်အစားလဲပြီးနောက် အဝတ်အစားလဲခန်းမှ ထွက်လာသည်နှင့် ရှအန်းက ကလေးနှစ်ယောက် ရပ်ထပ်ဖြစ်နေကြကြောင်း တွေ့လိုက်ရသည်။


သူမ မနေနိုင်တော့ဘဲ ရယ်မိလိုက်သည်။ သူတို့နှစ်ယောက်က အချိန်အတော်ကြာ တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။ သူတို့နှစ်ယောက်က အချင်းချင်းမုန်းနေကြသည့် ပုံမျိုးတော့မဟုတ်ပေ။ သို့သော် ဗီလိန်က ဟီးရိုးကို အမြဲတမ်း တိုက်ခိုက်နေသည့်ပုံမျိုးဖြစ်နေသည်။


ကံကောင်းစွာဖြင့် သူတို့နှစ်ယောက်ကြားတွင် ရန်ပွဲအသေးစားလေးများသာ ရှိကြပြီး သူမနောက်တွင်လည်း ရန်မဖြစ်ကြပေ။


ကုရှုမော့က သူမ၏သားကို မမုန်းသော်လည်း သူမ၏ဗီလိန်သားလေးက ထိုကောင်လေးကိုအတော်လေး သဘောမကျကြောင်း ရှအန်းမြင်နေရသည်။


သူတို့နှစ်ယောက်လုံး၏ ဒေါသကမတူညီကြဟု ပြောနိုင်သည်။


သို့သော် သူမကို အံ့ဩစေဆုံး အရာမှာ စာအုပ်ထဲတွင် လွှမ်းမိုးချယ်လှယ်တတ်သည့် ဥက္ကဋ္ဌပုံစံ အဓိကဇာတ်လိုက်က အလွန်လိမ္မာရေးခြားရှိနေ၍ဖြစ်သည်။


မည်သို့ပင်ဆိုစေ လူတိုင်းက ငယ်ရွယ်စဉ်တွင် လိမ္မာကြသည် ချည်းသာဖြစ်သည်။


သို့သော် ဤကောင်လေးက သာမန်လိမ္မာရေးခြား ရှိသည်မျိုးမဟုတ်ပေ။ သူက သူမ၏သားလေး ဒေါသထွက်စေမည့် အချိန်မျိုးတွင် ချစ်ဖို့ကောင်းအောင် ပြုမူခြင်းဖြစ်သည်။


ယခုအချိန်တွင်လည်း သူမ၏သားလေးက ပါးများနီနီရဲအောင် ဒေါသထွက်နေလေပြီ။


ရှအန်း အပြုံးလေးဖြင့် လမ်းလျှောက်ထွက်လာလိုက်သည်။


"ရှောင်ချန်... သား ရှောင်ရှင်းကို နောက်တစ်ခါ အနိုင်ကျင့်ပြန်ပြီလား..."

ရှအန်းက ရှရှင်းကို သူမ၏လက်မောင်းထဲတွင် ပွေ့၍ ငြင်ငြင်သာသာမေးလိုက်သည်။


သူမက ကုရှုမော့ကို ရှောင်ချန်ဟု ခေါ်နေဆဲဖြစ်သလို ကုရှုမော့ကလည်း ထိုနာမည်ကို ကြိုက်ပေသည်။


ထို့ကြောင့် ကုရှုမိုသူမတို့နှင့်အတူ လာနေကတည်းက ရှအန်းက သူ့ကို ထိုနာမည်သာ ခေါ်တော့သည်။


"သားမလုပ်ပါဘူးနော်... ရှောင်ရှင်းကသာ သားကိုအနိုင်ကျင့်နေတာ... မမနတ်သမီးအရူးလုပ်မခံနဲ့နော်... ရှောင်ရှင်းက အဲ့လောက် အားမနည်းဘူး...."

ကုရှုမို ဒေါသထွက်ထွက်ဖြင့် နှုတ်ခမ်း တင်းတင်းစေ့လိုက်သည်။


"မာမား..."


ကုရှုမော့က သူ၏နတ်သမီးမေမေကို ဖက်ရန် ကြိုးစားနေသည်ကိုမြင်သောအခါ ရရှင်းချန်က ရှအန်းကိုမလွှတ်တမ်း တင်းတင်းဖက်လိုက်သည်။


"ကောင်းပါပြီ... အန်တီသားတို့ နှစ်ယောက်ကို ထပ်မစတော့ဘူးနော်... အခု အန်တီတို့က ဓာတ်ပုံရိုက်လို့ပြီးသွားပြီ... နေ့လည်စာစားကြရမယ်လေ... သားတို့ ဘာစားချင်ကြလဲ..."


ရှအန်း၏စကားဆုံးသည်နှင့် ကောင်လေးနှစ်ယောက်က အချင်းချင်းကြည့်လိုက်ပြီး နားလည်မှုရှိရှိပြောလိုက်သည်။


"မာမားစားချင်တာ သားတို့လိုက်စားမယ်..."


"မမနတ်သမီးစားချင်တာ သားတို့လိုက်စားမယ်...."


ကောင်လေးနှစ်ယောက်က တပြိုင်တည်းပြောလိုက်၍ ရှအန်းရယ်မောလိုက်မိသည်။ ဤကလေးနှစ်ယောက်က အမှန်တကယ်ကို သက်ရှိရတနာလေးများပင်။


သူတို့နှစ်ယောက်က မကြာခဏအချင်းများတတ်သော်လည်း သူမပြောသည်ကိုတော့နားထောင် ကြပေသည်။


"အိုကေလေ... ဒါဆိုလည်း... ဟော့ပေါ့သွားစားကြတာပေါ့.... ဟော့ပေါ့မစားရတာ ကြာပြီဆိုတော့ တကယ်စားချင်နေတာ... ဒီနေ့ အန်တီတို့ တရုတ်တန်းသွားပြီး ဟော့ပေါ့ သွားစားကြမယ်..."


ရှအန်းက အများကြီး စဉ်းစားမနေတော့ဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။


အမေရိကန်ကို ရောက်ပြီးနောက်တွင် အရာအားလုံးအဆင်ပြေကာ အစားအသောက်များနှင့် အရာအားလုံးနီးပါးတွင် ငွေကြေးမကုန်ကျသော်လည်း နိုင်ငံခြားရောက်ပြီးမှ သူမတွင်တရုတ်လူမျိုး အစာအိမ်ရှိကြောင်း သိလိုက်ရသည်။


သူမက အစားအသောက်တိုင်းကို သဘောကျသည့် အစားတစ်လိုင်းလေး ဖြစ်သည်။


သို့သော် သူမတရုတ်အစားအစာများကို ကြိုက်ဆဲဖြစ်ကာ အထူးသဖြင့်အစပ်အရသာကို ပိုကြိုက်ပေသည်။


"ကောင်းပြီလေ... ဒါဆိုလည်း ဟော့ပေါ့ သွားစားကြတာပေါ့..."


ရှအန်းက ကလေးနှစ်ယောက်နှင့် ဓာတ်ပုံဆရာမောင်ငယ်လေးများ တစ်အုပ်ကို တရုတ်ဆန်းဆီ ခေါ်ခဲ့လိုက်သည်။


ထိုလူတစ်အုပ်ရောက်လာခြင်းက လူများစွာကို ဆွဲဆောင်မိစေသည်။


ကံကောင်းစွာဖြင့် သူတို့နိုင်ငံခြားတွင် ရောက်နေပြီး တရုတ်တန်းမှ လူအများစုက တရုတ်လူမျိုးများ ဖြစ်သော်လည်း တရုတ်ပြည်တွင်းရှိ ဖျော်ဖြေရေးနယ်ပယ်ကို သိပ်အာရုံမစိုက်ကြပေ။


ထို့ကြောင့် လူအများစုက ရှအန်းကိုတရုတ်ပြည်အင်တာနက်တွင် မီးတောက်သဖွယ် နာမည်ကြီးနေသည့် 'ကောလဟာလဘုရင်မ'မှန်း မသိကြပေ။


သူတို့က ခဏမျှရပ်တန့်သွားသော်လည်း ရှအန်း၏အလှတရားကြောင့် ဆွဲဆောင်ခံလိုက်ရ၍သာဖြစ်သည်။


သို့သော် နိုင်ငံခြားရောက်နေသော်လည်း ရှအန်းကို မှတ်မိခြင်းမှ မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း။


လူငယ်အများစုက ဖုန်းထုတ်၍ ရှအန်းကို တိတ်တိတ်လေးဓာတ်ပုံရိုက်ကြသည်။


ရှအန်းကိုမှတ်မိသော တရုတ်ခရီးသွားများက ဖုန်းထုတ်၍ ဗွီဒီယိုပင် ရိုက်ကြသည်။


"ဝတုတ်လေး မင်းပြောချင်တာက... ဒီဟော့ပေါ့ဆိုတာက အရသာရှိတယ်လို့လား..."


ရိုက်ကူးရေးအဖွဲ့က ဟန်ယွဲ့က ရှအန်း၏စတားဘဝရှိုးရိုက်ကူးရန် တရုတ်ပြည်မှ ခေါ်လာသည့် လူများဖြစ်ကြသည်။ ထိုသူများက "Come on Challenher"ကို ရိုက်ကူးခဲ့ကြသည့် လူများသာဖြစ်သည်။ထို့ကြောင့် ရှအန်းက သူတို့အပေါ် လွှမ်းမိုးမှုရှိသည်။


"ကျွန်တော့်သူငယ်ချင်းတွေဆီက ကြားတာတော့ အရသာရှိတယ်တဲ့..."


ထိုသည်ကို ကြားပြီးနောက်တွင် ဝတုတ်လေးက ပတ်ဝန်းကျင်မှ စားသောက်ဆိုင်များကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သညခ။


ဤစားသောက်ဆိုင်၏အပြင်ပန်းက အတော်ဟောင်းနွမ်းကာ စုတ်ပြတ်နေသည်။ စီးပွားရေးမကောင်းတော့၍ မည်သည့်အချိန်မဆို ပိတ်ချတော့မည့်ပုံ ပေါ်နေသည်။


"ရှအန်း... ကျွန်တော်တို့... နောက်တစ်နေရာပြောင်းရအောင်လား...."

ဝတုတ်လေးက ငြင်ငြင်သာသာလေးပြောလိုက်သည်။


ဤနေ့များတွင် သူက ရှအန်းနောက်ကိုလိုက်၍ ရိုက်ကူးရင်း ရှအန်း၏ အထက်တန်းကျကျနေထိုင်မှု ပုံစံကို သိပြီးဖြစ်သည်။


သူတို့၏ ရိုက်ကူးရေးအဖွဲ့ထဲတွင် သူမက အကောင်းဆုံးအစားအသောက်များနှင့် အကောင်းဆုံးနေရာထိုင်ခင်းကို ရလေသည်။


ထို့ကြောင့် ထိုကဲ့သို့နတ်သမီးလေးကို ဤဟောင်းနွမ်းနေသည့် စားသောက်ဆိုင်တွင် စားခိုင်းနိုင်ရန် နှလုံးသားမရှိခြင်းဖြစ်သည်။


ရှအန်းက ဤပတ်ဝန်းကျင်လိုအရာမျိုးကို လက်ခံနိုင်သည်ဖြစ်စေ လက်မခံနိုင်သည်ဖြစ်စေ ဤနေရာကတော့ သူမအတွက် မထိုက်တန်ပေ။


သူဘာလို့ ဒီလိုနေရာကို အကြံပေးလိုက်မိပါလိမ့်...


အမေရိကန်မှာ တရုတ်စားသောက်ဆိုင်တေ အပုံလိုက်ပဲဟာကို.. သူရှအန်းကို သူမဘာသာ ရွေးခိုင်းခဲ့သင့်တာ...


ဒါပေမဲ့... အခုတော့...


ရှအန်းက ဝတုတ်လေး၏ စိတ်ထဲရှိ အတွေးများကိုမသိပေ။


သူမက စားသောက်ဆိုင်၏ အပြင်ပိုင်းပုံစံကို လုံးဝဂရုမစိုက်ပေ။ သူမဂရိုစိုက်သည့် အရာမှာ အရသာကိုသာဖြစ်သည်။


ရှအန်း အသက်ပြင်းပြင်းရှူကာ စားသောက်ဆိုင်ရှေ့တွင် ချိတ်ထားသော မီးအိမ်နီနီကြီးများကို ကြည့်လိုက်သည်။


"ဝိုး... မွှေးနေတာပဲ..."


ဟော့ပေါ့၏ အစပ်ရနံ့က သူမကို ဝန်းရံလာသည်။ ရှအန်း တုံ့ဆိုင်းမနေတော့ဘဲ ဆုံးဖြတ်ချက်ချလိုက်သည်။

"ရောက်နေပြီပဲ.. ဝင်ကြရအောင်ပါ..."


ရှအန်းက ကလေးနှစ်ယောက် လက်ကိုကိုင်ရင်း ဆိုင်ထဲဝင်လိုက်သည်။


'ကလင်...'


တရုတ်ရိုးရာဆန်လှသော သစ်သားတံခါးကို ဖွင့်လိုက်သည်နှင့် တံခါးတွင် ချိတ်ထားသည့် လေခေါင်းလောင်လေးက အသံမြည်သွားပြီး ဆိုင်ရှင်ကို ဧည်သည့်ရောက်လာမှန်း သိသွားစေသည်။


"ကြိုဆိုပါတယ်...."

သူက ကြွပ်ဆတ်ကာ ချုံချင်းလေသံစစ်စစ်ဖြင့် ပြောလာသည်။ ရှအန်းက သူမ နေရာမှန်ကို ရောက်လာကြောင်း သိသွားပေသည်။


သူမ ဆိုင်ထဲဝင်လိုက်သည်နှင့် ဆိုင်အပြင်ဘက် ပုံစံက သိပ်မကောင်းသော်လည်း အတွင်းပိုင်းပြင်ဆင်ထားပုံ အလွန်ကောင်းကြောင်း သိလိုက်သည်။


ဤဆိုင်တွင် ငွေသိပ်မရှိကြောင်း ခန့်မှန်းနိုင်ပေသည်။ ဆိုင်ကို အများကြီးမပြင်ဆင်ထားသော်လည်း သန့်ရှင်းသပ်ရပ်ကာ နွေးထွေးသည့်ပုံပေါ်လေသည်။


ဆိုင်တစ်ဆိုင်လုံးကို အနီရောင်ကိုအဓိကထား၍ ချယ်သထားပြီး နံရံများနှင့် ပန်ကာများတွင်ပင် တရုတ်ရိုးရာပုံစံများရှိနေပြီး ဟော့ပေါ့တစ်ဆိုင်လုံးကို တရုတ်ပြည်ရောက်နေသည့်ပုံစံ အကျအနပြင်ဆင်ထားသည်။


ရိုးရိုးသားသားပြောရလျှင် ရှအန်းက ရိုးရှင်းသည့် တရုတ်ရိုးရာ အပြင်အဆင်ကို သဘောကျသည်။


၎င်းက အနည်းငယ် နှိမ့်ချသည့် ပုံပေါ်သည်။


ကလေးနှစ်ယောက်ကို ထိုင်ခိုင်းပြီးနောက်တွင် ရှအန်းက menuစာအုပ်ကို လှန်လိုက်သည်။ 


သူမ menuကို ကြည့်နေချိန်တွင် အနီရောင် ချုံဆမ်လေးဝတ်ထားသည့် စားပွဲထိုးမလေးက ရှအန်းကို စိုက်ကြည့်နေသည်။


ရှအန်းက စားပွဲထိုးမလေးကို ကြည့်လိုက်သည်။


"ဘာဖြစ်လို့လဲ... ကိစ္စတစ်ခုခုရှိလို့လားဟင်..."


"အာ... ကျွန်မ... ဘာပြော..."


ကောင်မလေးက ရှက်ရွံ့ကာ အထစ်ထစ်အငေါ့ငေါ့ဖြစ်နေသည်။


ရှအန်း သူမ၏ခေါင်းလေးကို စောင်း၍ ပြောလိုက်သည်။

"ပြောသာပြောပါ..."


ကောင်မလေးက သတ္တိအကုန်သုံး၍ ကျယ်လောင်စွာပြောလိုက်သည်။


"အစ်မက နာမည်ကြီးမလားဟင်.. ဒီလူတွေကလည်း အစ်မကို ရိုက်ကူးဖို့လာတာမလား... ဖြစ်နိုင်ရင် ညီမတို့ ဟယ့်ကျီဟော့ပေါ့ဆိုင်ကို ကြော်ငြာပေးပါလား... ညီမတို့က ငွေကြေးမတတ်နိုင်ပေမဲ့ အစ်မနဲ့ အစ်မသူငယ်ချင်းတွေ လာစားတိုင်း အလကားကျွေးပါ့မယ်..."


ရှအန်း မျက်တောင်ခတ်ကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

"အိုကေ.... အစ်မသိပြီ..."


ကောင်မလေးက အနည်ငယ် စိတ်ရှုပ်ထွေးသွားသည်။


သူမရှေ့ရှိ စတားက သဘောတူသည်လား သဘောမတူသည်လား နားမလည်ပေ။


"အစ်မ.... ဘာကိုဆိုလိုတာလဲဟင်..."


ကောင်မလေးက ရှအန်းကို ကြောင်တောင်တောင်လေး ကြည့်နေသည်။


"အရူး...မမနတ်သမီးက ဒီကအစားအသောက်တွေက အရသာရှိရင် ကြော်ငြာပေးမယ်... အရသာမရှိရင်မကြောငြာပေးဘူးလို့ ပြောတာ..."

ရှအန်းဘေးရှိ ကုရှုမော့က ရေရွတ်လိုက်သည်။


"တကယ်... တကယ်လားဟင်..."


စားပွဲထိုးမလေးက စိတ်လှုပ်ရှားသွားသည်။


"ညီမတို့ရဲ့ ဟော့ပေါ့က တကယ်အရသာရှိပါတယ်... အစ်မ တကယ်သဘောကျသွားစေရမယ်..."


"ဒါဆို အစ်မ သက်သက်မမှာတော့ဘူး... ဒီဆိုင်က အကောင်းဆုံးဟင်းပွဲကို ချပေး..."


ရှအန်း menuကိုချကာ စားပွဲထိုးမလေးကို ပြောလိုက်သည်။


သူမက ကြော်ငြာခြင်းနှင့် ပတ်သတ်၍ ဘာမှမသိပေ။ သို့သော် ဟန်ယွဲ့က လက်ရှိအခြေအနေတွင် ပရိုဂရမ်၏ ဦးတည်ချက်က အစားအသောက်နှင့် ခရီးသွားများနှင့် ပတ်သတ်သည့် ကျော်ကြားသည့်အရာများကို ကြော်ငြာပေးရန်ဟု ပြောခဲ့သည်။


မည်သို့ပင်ဆိုစေ အမှန်တကယ်အရသာရှိပါက သူမ၏ ရှိုးတွင်ပါလာမည် ဖြစ်သည်။


ဟယ့်ကျိဟော့ပေါ့ဆိုင်မှ ကောင်မလေးက သူမကိုယ်သူမ  ဤမျှကြီးမားသည့် အခွင့်အလမ်းကြီးကို ကမ်းလှမ်းမိလိုက်မှန်း မသိပေ။


သူမ၏တောင်းဆိုချက် မပါလျှင်တောင် ရှအန်းဝင်လာပြီး စားကောင်းသည်ဟု ပြောပါက ဟော့ပေါ့ဆိုင်ကို ကြော်ငြာပြီးသားပင်ဖြစ်သည်။


ဟီးဟီး.... ယခု ရှအန်းတွင် အစားအသောက်အလကားစရမည့် နေရာရသွားပြီဖြစ်သည်။ ဤဆိုင်ရှိ ဟော့ပေါ့က အရသာရှိပါစေဟုသာ သူမမျှော်လင့်နေမိသည်။


"ဟော့ပေါ့ရပါပြီ...."


...


ရှအန်း တရုတ်တန်းထဲဝင်သွားသည်နှင့် သူမတရုတ်တန်းတွင် ပေါ်လာခဲ့သည့် ဓာတ်ပုံများ ဗွီဒီယိုများက အမေရိကန်ရှိ အကြီးဆုံးဆိုရှယ်ပလက်ဖောင်းတွင် အတင်ခံလိုက်ရသည်။