အပိုင်း၁၃၇
Viewers 8k

Chapter 137



ရုံရှားသည် သူ့ကိုယ်သူမှော်အတတ်ဖြင့်ပြုစားခံရသလို ခံစားမိသည်။ သူမ တစ်ကိုယ်လုံးကိုနမ်းချင်မိသော်လည်း သူမ နာကျင်သွားမည်ကို ကြောက်မိသည်။သူမ၏ နူးညံ့ပြီး အရသာရှိသော နှုတ်ခမ်းများကို တစ်ခါ ထိမိပြီးနောက် ပြန်မလွှတ်ချင်တော့ပေ။ သူသည် ကန္တာရထဲတွင် ရေငတ်နေသော ခရီးသည်ဖြစ်ပြီး သူမက သူ၏အိုအေစစ်ဖြစ်သည်။ သူ အိုအေစစ်မှာ ရေနစ်လျှင်နစ်သွားပါစေ၊ ဘယ်တော့မှ ပြန်မထချင်တော့။


ပန်းဟွာက မျက်နှာကြီးနီရဲပြီး သူ့ နှုတ်ခမ်းကို တို့ထိကာ ပြောသည်။


"မနက်စောစောကြီး ဘာလုပ်နေတာလဲ"


 "မနက်အစောကြီးမဟုတ်ပါဘူး" ရုံရှားက သူမကို သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်ပြီး 


"မနက်ရောက်နေပါပြီ"


 "ဒါပေမယ့် ကျွန်မ အိပ်ချင်နေတယ်" ပန်းဟွာသည် ရုံရှား၏ ခန္ဓာကိုယ်ပေါ်ရှိ မွှေးတေးတေးနှင့် နှစ်သက်ဖွယ်ကောင်းသော အနံ့ကို ရှူရှိုက်လိုက်သည်။ အနံ့က ဖော်ပြရခက်သော်လည်း သူမကတော့ အလွန်ကြိုက်မိနေပေပြီ။သူမသည်  ရင်ဘတ်ပေါ်တွင် မှောက်ချလျက်သူ့လည်ပင်းကို ညင်သာစွာ နမ်းဖို့ပြင်လိုက်၏။သူမ မနမ်းရသေးခင်၊ရုံရှားက မျှော်လင့်တကြီးစောင့်စားနေတာကြောင့် သူမ မရယ်ဘဲမနေနိုင်တော့။


 "ဟွာဟွာ" ရုံရှားက သူ့လက်ကို သူမ၏ ကျောပေါ်တင်လိုက်ပြီး


 "လောင်နေတဲ့မီးထဲကို လောင်စာဆီထည့်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ သိလား"


ပန်းဟွာက  ပြုံးပြီး ပြောလိုက်သည်။


 "မသိဘူး၊ ကျွန်မ အိပ်ရာ ထချင်‌နေတယ်"


 "လင်မယားအသစ်စက်စက်နှစ်ယောက်ရဲ့ မိနစ်တိုင်းဟာ ရွှေအချိန်တစ်ထောင်တန်တယ်လေ၊ ဘာလို့ထမှာလဲ၊ အခု မင်းနဲ့ ကိုယ်က အကြင်လင်မယားဖြစ်နေပြီ၊ လင်မယားတွေရဲ့ ထုံးစံအတိုင်း လုပ်သင့်တာတွေ လုပ်သင့်တယ်"


ပန်းဟွာသည် ရုံရှား၏ ရင်ဘတ်ပေါ်တွင် လက်တင်လိုက်သည်။


 " လင်မယားတွေရဲ့ အလုပ်က ဘာလဲ "


 "သိတဲ့အတိုင်းပေါ့……"


 ရေနွေးများကို ကန်ထဲသို့ အထပ်ထပ်ထည့်နေကြသည်။ ခန်းမအပြင်ဘက်က အစေခံမိန်းကလေးများသည် အသံမထွက်ရဲကြချေ။သူမတို့သည် အိမ်သာသုံးပစ္စည်းများကို ဆောလျင်စွာယူဆောင်လာကာ အတွင်းခန်းထဲသို့ဝင် ဖိနပ်ကိုချွတ်ကာ ကော်ဇောပျော့ပေါ်တွင် လျှောက်သွားကာ ရပ်လိုက်ကြသည်။


ရူရီနှင့် အခြားသော အစေခံမိန်းကလေးများ အတူတူ ဝင်လာပြီးနောက်၊ ကျွင်းကျူးသည် ကုတင်ဘေးတွင် ရပ်နေကာ ကောကုန်းက သူမ၏ခါးပတ်ကို ကြိုးချည်ပေးနေသည်။သူတို့ နှစ်ယောက်ကြားက ရင်းနှီးသော အငွေ့အသက်များကြောင့် သူမ ဆက်ကြည့်ရန် ရှက်ရွံ့သွားရသည်။


 "ကျွင်းကျူး" 


 ရူရီသည် ရှေ့သို့လှမ်းပြီး ဦးညွှတ်ကာ ဘေးဘက်သို့ ဆုတ်သွားခဲ့သည်။


ပန်းဟွာက သူမကို ခေါင်းညိတ်ပြပြီး မျက်နှာကို ရေနွေးနွေးလေးနှင့် ဆေးချလိုက်သည်။မျက်နှာသစ်ပြီးသည့်အခါ မျက်နှာပေါ်မှာ ဆေးရည်များလိမ်းလိုက်သည်။သူမ နောက်လှည့်ကြည့်ရာ ရုံရှားက သူမအား စိုက်ကြည့်နေတာကြောင့် 


 "ဘာကြည့်နေတာလဲ"


ရုံရှားသည် သူမ လက်ထဲက ကြွေပုလင်းငယ်ကို ယူလိုက်သည်။  


"လှလို့ကြည့်တာပါ၊ ဒါကဘာလဲ၊အနံ့လေးက မွှေးလို့ပဲ"


 "ဒါက အမျိုးသမီးတွေအတွက်လုပ်ထားတဲ့ ပန်းနှင်းရည်...." သူမက ရုံရှား၏ နဖူးကိုအနည်းငယ် သုတ်လိမ်းပေးလိုက်သည်။  


"ဘယ်လိုခံစားရလဲ"


ပန်းနှင်းရည်သည် အနည်းငယ်အေးပြီး စိုစွတ်နေ၏။ ရုံရှားက ပုလင်းကို ပန်းဟွာအား ပြန်ပေးလိုက်ကာ 


"ဘာပဲလုပ်လုပ် အစေခံတွေကို ခိုင်းလိုက်၊မင်း စိတ်ပူစရာ မလိုဘူး"


 “ကောင်းပါပြီ” 


ပန်းဟွာက အစေခံတစ်ဦးအား ပန်းနှင်းရည်ဘူးကို ပြန်ပေးကာ သူ့မျက်နှာနှင့် လက်များပေါ် စိမ့်ဝင်အောင် ပွတ်သပ်လိုက်သည်။ 


"ရှင် ငြီးငွေ့နေပြီလား" 


ရုံရှား ပြုံးပြီး ခေါင်းခါလိုက်သည်။  


"ဟင့်အင်း၊ မင်းကြိုက်တာလုပ်၊ မင်းပျော်ရင် ကိုယ်လည်းပျော်ပါတယ်"


ကမ္ဘာပေါ်ရှိ အမျိုးသမီးတိုင်းသည် ငယ်သည်ဖြစ်စေ၊ကြီးသည်ဖြစ်စေ ကိုယ့်ကိုယ်ကို ဂရုတစိုက်ရှိပြီး အသားအရေကိုလည်း အပြစ်အနာအဆာကင်းအောင် ပြုလုပ်တတ်ကြသည်။သို့သော်လည်း ပန်းဟွာသည် ဤအကြောင်းအရာများကို ရုံရှားအား ပြောပြရန် မရည်ရွယ်ပေ။သူမ ပြောလျှင်တောင် ရုံရှားက စိတ်ဝင်စားမှာမဟုတ်ချေ။


 အစေခံမိန်းကလေးများသည် သူမ ၏ဆံပင်ကို ဖြီးသင်ပြီးနောက်၊ ရုံရှားက သူမ၏မျက်ခုံးမွှေးကို သူကိုယ်တိုင် ဆွဲပေးခဲ့သည်။သူက စိတ်အားထက်သန်စွာ ဆွဲချင်သည်ဟု တောင်းဆိုနေတာကြောင့် သူမ နှလုံးသားက ပျော့ပျောင်းလာပြီး သူ့ကို ကြိုးစားခွင့်ပေးလိုက်ခြင်းဖြစ်သည်။


သို့သော်လည်း မည်မျှပင်ပန်းချီပညာတတ်နေစေကာမူ၊  မျက်ခုံးမွှေး ကောင်းကာင်းမဆွဲတတ်မှန်း သိလာရသည်။မကြာမီ သူမ၏ မျက်ခုံးမွှေးတန်းတန်းကလေးမှာ ကောက်‌ကွေးသွားရသည်။ သူမလည်း ပုံပန်းမကျသော မျက်ခုံးမွှေးများကို လက်ကိုင်ပုဝါဖြင့် သုတ်လိုက်ကာ ရုံရှားကို ပြောလိုက်သည်။


"ဒါ ကျွန်မမျက်နှာနော်၊ ကင်းဗတ်စ မဟုတ်ဘူး"


 "ဆောရီး၊ ဒါ ကိုယ်ပထမဆုံး အကြိမ် ‌မျက်ခုံးမွှေးဆွဲဖူးတာပဲ၊လက်တွေက ကိုယ့်စကားကို နားမထောင်ဘူး" 


သူမသည် မျက်ခုံးမွှေးကို ပုဝါဖြင့် ပြင်းပြင်းထန်ထန် သုတ်လိုက် သောကြောင့် သူမ လက်ထဲက လက်ကိုင်ပုဝါကို ယူပြီး ညင်သာစွာ သုတ်ပေးမိသည်။  


"ဒါဆို မင်းဆွဲ၊ ကိုယ် ကြည့်မယ်"


အိမ်ထောင်ကျခါစ အမျိုးသားများသည် အမျိုးသမီးများ၏ အရာရာကို စိတ်ဝင်စားတတတ်သည်။ဆံညှပ်များ၊အသားအရေ ထိန်းသိမ်းမှု ပစ္စည်းများ နှင့် အမျိုးသမီး အတွင်းခံ များကိုပင် ... သူ အနည်းငယ် ခိုးကြည့်တတ်သည်။သူ့အတွက်က ကမ္ဘာသစ်တစ်ခုလုံးအား တံခါးဖွင့်ခွင့်ရလိုက်သလိုပင်။ ဤအိမ်ထောင်ရေးကမ္ဘာပေါ်ရှိ အရာရာတိုင်းသည် သူ့အတွက် အသစ်အဆန်းများလို ထူးဆန်းစွာ ခံစားရစေသည်။


သူ ငယ်ငယ်တုန်းက အလှမပြင်တတ်ဘဲ၊ကဗျာစာပေတို့အား ရွတ်တတ်သည့် ဇနီးမယားမျိုးနှင့် လက်ထပ်လျှင် အိမ်ထောင်ပြုခြင်းက စိတ်ဝင်စားစရာ မဟုတ်ဘူးဟု တွေးမိသည်။သူ့အမေကိုကြည့်ကာ သူ မိန်းမများအား ကြောက်ရွံ့စေခဲ့ခြင်းဖြစ်နိုင်၏။ထို့ကြောင့် သူက အမျိုးသမီးတွေကို နှစ်ပေါင်းများစွာ ရှောင်ခဲ့ခြင်းဖြစ်သည်။ဤသည်ကို တခြားသူများ မသိကြပေ။ 


သို့သော်လည်း ပန်းဟွာကတော့ မတူ‌ေပ။သူမသည် မှန်ရှေ့မှာ အမြဲပျော်နေခဲ့သည်။သူမသည် မှန်ထဲတွင် မြင်နေသည့် အခြေအနေနှင့် ဘဝအလှကို နှစ်သက်သူဖြစ်သည်။


 သူမ မျက်ခုံးဆွဲပုံကိုလည်း သူ သဘောကျသည်၊ အဝတ်အစားများ တွဲဝတ်ပုံကိုလည်း သဘောကျကာ အခြားအမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် သူမကသာတောက်ပပြီး၊အခြားသူများ အရောင်ဖျော့သွားစေသည့် လှပသောအဝတ်အစားများနှင့် လက်ဝတ်ရတနာများ ၀တ်ဆင်ပုံကိုလည်း စိတ်ကူးကြည့်မိပြီး သဘောကျသည်။ သူ ခေါင်းငုံ့ပြီး သူမနားထဲကို ပြောလိုက်သည်။


 " နောက်ထပ်ရက်အနည်းငယ်ကြာရင် ကိုယ်တို့ အိမ်တော်ကိုပြန်နေကြမယ်၊ အိမ်တော်မှာ အရမ်းလှတဲ့ လက်ဝတ်ရတနာတွေ အများကြီးရှိတယ်၊ မင်းကြိုက်သလို ဝတ်လို့ရတယ်"


 "အများကြီးလား" ပန်းဟွာက ရုံရှားကို တအံ့တသြကြည့်ကာ မေးလိုက်၏။


 "ရှင့်မှာ ဘာလို့ အမျိုးသမီး လက်ဝတ်ရတနာတွေ အများကြီး ရှိတာလဲ"


 "ရုံမိသားစုရဲ့ ဘိုးဘေးတွေက ချန်ထားခဲ့တာလေ" 


ရုံရှားသည် ၎င်းတို့အနက်မှ အချို့ကို သူကိုယ်တိုင် ဝယ်ခဲ့ကြောင်း သူမအား မပြောခဲ့ပေ။ သူချစ်ရသည့်အမျိုးသမီးက လှပသောလက်ဝတ်လက်စားများအား ဝတ်စားပုံကို သူ ကြည့်ချင်ခဲ့သည်။ သို့သော် ထိုအချိန်က မည်သူ့ကို စိတ်ကူးယဉ်ကြည့်ရန်ပင် မသိခဲ့ပေ။


 "ကောင်းပါပြီ" 


ပန်းဟွာသည် မိတ်ကပ်များပြင်ပြီး အနီရောင်နန်းတော်ဝတ်စုံကို သပ်သပ်ရပ်ရပ် ၀တ်ထားသည်။ပြီးလျှင် သူမက ရုံရှား ဘက်လှည့်ပြီး 


"ဘယ်လိုလဲ ကျွန်မကြည့်ကောင်းလား"


ရုံရှား ခေါင်းညိတ်လိုက်သည်။


  "သူများတွေထက် အဆပေါင်းများစွာ ပိုလှတယ်"


 "ရှင်က ရိုးရိုးသားသားပြောတတ်လို့ အမြဲတမ်း ချစ်ဖို့ကောင်းနေတာ"  


ရုံရှားသည် ပန်းဟွာကို မျက်နှာမူကာ ခေါင်းညိမ့်လိုက်သည်။ထိုအခါ နွေးထွေးနူးညံ့သော အနမ်းတစ်ခုသည် သူ့ပါးပြင်ပေါ်တွင် ကျန်ရစ်ခဲ့ပြီး နှုတ်ခမ်းနီအရာပင်ထင်ချန်သွားရ၏။


 "ဒါက ရှင့်အတွက် ကျွန်မပေးတဲ့ ဆုလာဘ်ပဲ"


ရုံရှား မှန်ထဲမှ သူ့မျက်နှာကို ကြည့်ပြီး ရယ်မောမိသည်။ သူ့ဘေးနားရှိ အစေခံမိန်းကလေးများသည် ရှက်ရွံ့ကာ ခေါင်းငုံ့ထားကြသည်။ သူတို့ရှေ့က မြင်ကွင်းကြောင့် ပါးပြင်များပင် ပူလောင်သလို ခံစားလိုက်ရပြီး ရှက်လွန်း၍ မကြည့်ရဲတော့။


ကြင်စဦးဇနီးမောင်နှံတို့သည် နေ့လယ်စာစား၍ ဧကရာဇ်အား ကျေးဇူးတင်ဂါဝရပြုရန် နန်းတော်သို့သွားရန် မြင်းရထားပေါ်တွင် ထိုင်လိုက်ကြသည်။


သို့နှင့် မြင်းရထားသည် နန်းတော်တံခါးဝသို့ ရောက်သွားသည်။မြင်းရထားပေါ်ရှိ အဆောင်အယောင်များကို ဂိတ်စောင့်တပ်သားများက မြင်သောအခါ ဘေးဘက်သို့ တလေးတစား ပြန်ဆုတ်သွားကြသည်။ မြင်းရထားသည် တံခါးဝကိုဖြတ်၍ ရှည်လျားသော နန်းတော်စင်္ကြံကို ဖြတ်သွားခဲ့သည်။


"ကောကုန်း၊ကျွင်းကျူး.... မဟာရွှေလမင်းနန်းတော်ရှေ့ကို ရောက်နေပါပြီ"


ဤနေရာထက်ပို၍ မြင်းရထား ဖြတ်သန်းခွင့်မရှိတော့။ရုံရှားသည် ကန့်လန့်ကာကို ရုတ်လိုက်ပြီး မြင်းရထားပေါ်မှ ထွက်သွားသည်။  သူ လှည့်ပြီး နောက်က လိုက်လာသည့် ပန်းဟွာကို တွဲထားလိုက်၏။


 "သတိထားပြီးဆင်း ဟွာဟွာ"


ယခု နှင်းများကျနေသည်။ နေ့တိုင်း လူအင်အားကောင်းကောင်းနှင့် သန့်ရှင်းရေးလုပ်လျှင်ပင် နှင်းများ စုပုံလာဖို့ အချိန်သိပ်မကြာတတ်ချေ။ 


ပန်းဟွာ သူ့လက်ကိုတွဲကာ အောက်ဆင်းလာခဲ့သည်။ရုံရှားသည် သူမ၏ ခေါင်းဆောင််းကို ပြင်ဆင်ပေးပြီး မိန်းမစိုးထံမှ ထီးကို ယူလိုက်သည်။ပန်းဟွာသည် ရုံရှား၏လက်ကို ကိုင်ထားကာ နူးညံ့သော နှင်းထုများပေါ်သို့ တက်လိုက်သည်။ထိုအခါ ချက်ချင်းပင် နှင်းထဲတွင် နက်နဲသော ခြေရာတစ်ခု ကျန်ရစ်ခဲ့သည်။


 "အဲဒီဘက်နားကို မနင်းနဲ့နော်၊ နှင်းတွေ အရည်ပျော်သွားရင် မင်းခြေထောက်တွေ အေးလာလိမ့်မယ်၊ လူဆိုးမလေး" ရုံရှားက သူမ ခြေရာထဲကို တမင်နင်းပြီး  တိုးတိုးပြောလိုက်သည်။ 


 "ဘယ်သူက ဆိုးနေလို့လဲ"  


ပန်းဟွာက သူ့ခါးကို ဆွဲဆိတ်လိုက်ရာ  ထီးကိုင်ထားသော သူ့လက်က တုန်ခါသွားပြီး ထီးစောင်းသွားကာ သူမ ပါးပြင်ပေါ်၌ နှင်းပွင့်အချို့ကျန်ရစ်သွားရ၏။


ပန်းဟွာ သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏အေးစက်သောလက်ချောင်းများကို ရုံရှား၏လည်ပင်းပေါ်တင်လိုက်သည်။ အအေးဒဏ်ကြောင့် ရုံရှား လည်ပင်းကျုံ့သွားသည်ကိုမြင်သော် သူမ ရုတ်တရက် ရယ်မောလိုက်သည် ။  


"ကိုယ် အေးတာက အရေးမကြီးဘူး၊ ဟွာဟွာ အေးနေပြီလား"


ရုံရှားသည် သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး လေပူများကို မှုတ်ထုတ်လိုက်သည်။ 


 "အခုလိုလုပ်တာ သက်သာလား"


 "အင်း... ဒီလိုလုပ်ပေး"


ပြောပြောဆိုဆို ပန်းဟွာက သူမ၏ ညာလက်ကို ရုံရှား ပါးစပ်ဆီသို့တေ့လိုက်သည်။ရုံရှားသည် သူမ၏ ညာလက်ကို လေပူများမှုတ်ပေးလိုက်သည်။သူ့ကိုကြည့်ရင်း သူမ နှစ်နှစ်ခြိုက်ခြိုက်ရယ်မောမိလေ၏။ 


 "မင်္ဂလာပါ ကောကုန်းချမ်အမ်နဲ့ ပန်းဟွာကျွင်းကျူး"


ပန်းဟွာ လှည့်ကြည့်လိုက်သော် ရှစ်ကျင်းသည် တော်ဝင်အစောင့်အဖွဲ့တစ်ဖွဲ့နှင့်ရှိနေသည်ကို တွေ့လိုက်ရသည်။သူမ ရုံရှားဆီမှ လက်ကိုပြန်ရုတ်လိုက်ပြီး ရုံရှားနှင့် ဘေးချင်းကပ်ရပ်လိုက်၏။  


"သခင်လေးရှစ်"


ရှစ်ကျင်းသည် လိုက်ဖက်ညီသော စုံတွဲကို ကြည့်လိုက်သည်။ 


 "ကျွင်းကျူးတို့နှစ်​​ယောက်​က ဧကရာဇ်ကို​တွေ့ဖို့ လာတာပါလား"


ရုံရှားက ခေါင်းညိတ်ပြီး ရှစ်ကျင်းကို ပြောသည်။


"ဟုတ်ပါတယ်၊ ဒီနေ့ လေထန်ပြီး နှင်းတွေလည်းကျနေတယ်၊ သခင်လေးရှစ်က သိပ်အလုပ်ကြိုးစားတာပဲ"


 "ဒါ ကျွန်တော့်တာဝန်ပါ" ရှစ်ကျင်းက ရုံရှားကို အလေးပြုရင်း ပြောသည်။


  "ကျေးဇူးပြုပြီး ဒီကသွားပါ"


ပန်းဟွာ နှင့် ရုံရှား ထွက်ခွာသွားပြီးနောက် ရှစ်ကျင်း၏ နောက်ကွယ်မှ အစောင့်တစ်ဦးက 


"ကောကုန်းချမ်အမ် နဲ့ ပန်းဟွာကျွင်းကျူးတို့ဟာ မသင့်တော်ဘူးလို့ ကျွန်တော် ထင်ခဲ့ဖူးတယ်၊ဒါပေမယ့် ဒီနေ့တွေ့ကြည့်မှ သူတို့နှစ်ယောက်လုံး ပြီးပြည့်စုံတယ်လို့ ခံစားရတယ်၊သူတို့အနားမှာ ဘယ်သူပဲရှိရှိ သူများတွေက မှိန်ဖျော့သွားစေတယ်"

 

နောက်ထပ်အစောင့်ကလည်း ပြောသည်။


 "ဘာကိုဆိုလိုတာလဲ၊သူတို့နှစ်ယောက် တွဲရပ်တဲ့အခါ ရုပ်ရည်ချောမောပြီး ကြည်နူးဖို့ကောင်းတယ်လို့ မင်းပြောချင်တာမဟုတ်ဘူးလား"


 "ဟုတ်တယ်လေ …"


ရှစ်ကျင်းက သူတို့ ပြောနေသည်ကို နားထောင်ပြီး ရှုံ့တွနေသည့်မျက်နှာနှင့်ပြောသည်။ 


"ငါတို့ နန်းတော်ထဲမှာ လေးလေးနက်နက် အလုပ်လုပ်နေကြတာ၊တခြားသူတွေအကြောင်း လက်လွတ်စပါယ် ပြောလို့မရဘူး"


 "ဟုတ်ကဲ့"  အစောင့်နှစ်ယောက်၏ မျက်နှာ အမူအရာများ ပြောင်းလဲသွားကာ အပိုမပြောဝံ့ကြပေ။


ရုံရှား နှင့် ပန်းဟွာ တို့သည် မဟာ ရွှေလမင်းနန်းတော်သို့ ရောက်သောအခါနန်းတော်ရှိ အစေခံများနှင့် မိန်းမစိုးများ အားလုံး ပျော်ရွှင်နေကြသည်ကို တွေ့လိုက်ရသည်။ ကောင်းတာတစ်ခုခု ဖြစ်သွားကြပုံပင်။ နန်းတော် အစေခံများက ပန်းဟွာနှင့် ရုံရှားကို တွေ့သော် ပို၍ပင် တောက်ပစွာပြုံးပြကြသည်။ထိုစဉ် အမျိုးသမီး အမှုထမ်းတစ်ဦးက ရှေ့သို့ လှမ်းလာပြီး


 "ဧကရာဇ်က ကောကုန်းချမ်အမ်နဲ့ ပန်းဟွာကျွင်းကျူးတို့ နှစ်ယောက်သားကို တွေ့ရဖို့ စောင့်မျှော်နေပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ လိုက်ခဲ့ပါ" 


ပန်းဟွာ စိတ်ရှုပ်သွားရသော်လည်း သူမဟာ အတွင်းခန်းထဲကို လှမ်းကြည့်လိုက်လျှင်၊ ခြေလှမ်းအနည်းငယ်လှမ်းနိုင်နေသည့် ဧကရာဇ်ယွင်ချင်ကိုတွေ့လိုက်သည့်အခါမှ၊ နန်းတော် အစေခံများ ဘာကြောင့် ပျော်နေကြသလဲဆိုသည်ကို သူမ ချက်ချင်းနားလည်လိုက်သည်။


 "အရှင်မင်းကြီး"  


ပန်းဟွာသည် ဧကရာဇ် ယွင်ချင်ထံ ပြေးသွားပြီး အလေးပြုရန်ပင် မေ့သွားခဲ့သည်။ သူမက ပျော်ရွှင်နေဟန်ဖြင့် ဧကရာဇ်ကိုကြည့်ကာ  


"နေကောင်းသွားပြီလား"


 "ခြေလှမ်းနည်းနည်းတော့ လှမ်းနိုင်ပြီ"  


ဧကရာဇ် ယွင်ချင်သည် ပြုံပျော်၍နေသည်။သူ့ခန္ဓာကိုယ်က ပိုကောင်းလာကြောင်း သက်သေပြဖို့အတွက် သူ့ကိုတွဲထားသော မိန်းမစိုးကို ဖယ်လိုက်ပြီး ပန်းဟွာရှေ့မှာ ခြေလှမ်းအနည်းငယ် လှမ်းပြလိုက်သည်။


 "အရမ်းကောင်းတယ်၊အရှင်မင်းကြီး၊ ရက်ပိုင်းအတွင်း ပြန်ကောင်းလာတာပဲနော်"


ဤစကားများသည် ဧကရာဇ် ၏နှလုံးသားကို ဟတ်ထိသွားစေသည်။  သူက ပန်းဟွာနှင့် ရုံရှားကို ကြင်နာစွာကြည့်နေရင်း 


"မနေ့က မင်းတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့နေ့ပဲ၊ ငါကိုယ်တော် လူချင်းမလာနိုင်ပေမယ့် ငါ့သားသမီးတွေလိုပဲ မင်းတို့ကို မေတ္တာရှိပါတယ်၊ထိုင်ပြီး စကားပြောကြရအောင်"


ပန်းဟွာနှင့် ရုံရှားတို့ကိုကြည့်ရင်း ဧကရာဇ်ယွင်ချင် ကျေနပ်မိနေလေသည်။ သူတို့နှစ်ယောက်အား သာသမီးများပင် ချက်ချင်းမွေးစေချင်မိတော့၏။   သူ့ကျန်းမာရေး ပြန်ကောင်းလာလျှင် ရုံရှားတို့၏ သား၊သမီးများအား သူ ထိန်းကျောင်းခွင့်ရပေမည်။


ယနေ့မနက် အိပ်ရာက နိုးလာသော် သူ့ခန္ဓာကိုယ်က ပိုကောင်းလာသည်ဟု ခံစားရသည်။ သူ့မှာ စွမ်းအင်ပိုရှိလာရုံတင်မကဘဲ၊ သူ့ခြေထောက်များကလည်း ပိုသန်မာလာသည်။ တော်ဝင်သမားတော်က သူ့သွေးခုန်နှုန်းကို စစ်ဆေးဖို့ ရောက်လာပြီးနောက် ပြန်ကောင်းလာသည်ဟု ပြောသည်။ဤသည်က ရုံရှားနှင့်ပန်းဟွာတို့ လက်ထပ်လိုက်ခြင်းကြောင့်ဆိုသည်ကို သူ ကောင်းကောင်းသိနေပေ၏။ 


 ဒီလိုမှမဟုတ်ရင် ဒီလူငယ်နှစ်ယောက် လက်ထပ်ပြီးတာနဲ့ထ သူ့ခန္ဓာကိုယ်က ဘာကြောင့် တိုးတက်လာရမလဲ။


 ဧကရာဇ် ယွင်ချင်သည် အဖိုးတန်ရွှေရုပ်တစ်ရုပ်ကို ကြည့်နေသလို သူတို့နှစ်ယောက်ကို ကြည့်နေသည်။ထို့ကြောင့် သူတို့နှစ်ဦးအား စည်းစိမ်ဥစ္စာများစွာဖြင့် ဆုချခဲ့သည်။ ဤအရာများသည် အလွန်တန်ဖိုးရှိသည်။နင်းဝမ်မင်းသားနှင့် ကြင်ယာတော်တို့၏ မင်္ဂလာဆောင် ဒုတိယနေ့တွင် လာ‌ရောက်ဂါဝရပြုစဉ်ကပင် သူ ဤမျှ မရက်ရောခဲ့ချေ။ 


ပန်းဟွာက ရုံရှား နားကိုကပ်ကာ တိုးတိုးလေးပြောသည်။


"ဧကရာဇ်က နည်းနည်းထူးဆန်းတယ်လို့ ရှင် မထင်ဘူးလား"



xxxxx