အပိုင်း၁၃၈
Viewers 8k

Chapter 138



ယခင်ကတည်းက ဧကရာဇ်သည် သူမအပေါ် ကောင်းခဲ့သော်လည်း အကန့်အသတ်ရှိသည်။ အနည်းဆုံးတော့ စည်းမျဥ်းအရပင်ဆက်ဆံ၏။ မကြာသေးမီက ဧကရာဇ် ယွင်ချင်၏ လုပ်ရပ်များသည် အလွန်ထူးဆန်းနေခဲ့သည်။နန်းတော်အား သူမကို ပေးအပ်ခဲ့ရုံသာမက မင်္ဂလာလက်ဆောင်များစွာကိုလည်း ပေးအပ်ခဲ့သည်။ ဤလက်ဆောင်များ အကြောင်းသာအပြင်သို့ပေါက်ကြားလျှင် ရုံရှားက ဧကရာဇ်ယွင်ချင်၏ တရားမဝင်သားဟု အပြင်လူများက ပြောကြပေဦးမည်။ရုံရှားကလည်း သူမနားကိုကပ်ကာ တိုးတိုးလေးပြောပြန်၏။


 "ရှူး၊ ဒါက ကိုယ်တို့နဲ့ဘာမှမဆိုင်ဘူး"


"အင်း ရှင့်ကို ကျွန်မ ယုံတယ်" 


ရုံရှားက ဘာမှမဆိုင်ဘူးဟုပြောသည်အတွက် သူမ ဆက်မမေးတော့ဖို့တွေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်ကိုယ်တိုင်က သူမတို့ကို စေတနာနှင့်ပေးကမ်းခြင်းပင်။သူမတို့ ခိုးယူခြင်းမဟုတ်ပေ။ထိုအခါ ရုံရှားက သူမ လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်သညါ။


 "ဧကရီ၊ ကောကုန်းချမ်အမ် နဲ့ ပန်းဟွာကျွင်းကျူးတို့က တွေ့ခွင့်တောင်းဆိုပါတယ်"


ပန်းဟွာနှင့် ရုံရှားတို့ ရောက်ရှိလာကြောင်း ဧကရီ ကြားသောအခါ နန်းတော်မှ အစေခံများကို ကြိုဆိုရန် အလျင်အမြန် ပြောခဲ့သည်။ အောက်ထိုင်ခုံတွင် ထိုင်နေသော ခန်းနင်ကျွင်းကျူးသည် ဧကရီအား မဝံ့မရဲ ကြည့်နေလေသည်။ သူမ ဆက်နေရမည်လား၊ ထွက်သွားရမည်လား မသိတော့။


မင်းသားဟွေ့၏ အရှုပ်တော်ပုံ အဖြစ်အပျက်ကတည်းက သူမကို ဧကရီက ကျွေးမွေးလာခဲ့သည်။သူမသည် ကျွင်းကျူးဘွဲ့ကို ကိုင်ဆောင်ထားဆဲဖြစ်သော်လည်း အခြားသူတစ်ယောက်၏ အမိုးအောက်တွင် နေထိုင်ခဲ့ရခြင်းဖြစ်သည်။နန်းတွင်းအစေခံများနှင့် မိန်းမစိုးများပင်လျှင် သူမအား လေးလေးစားစား မဆက်ဆံခဲ့ပေ။သို့သော် သူမဖခင်၏ လုပ်ရပ်များကြောင့် ဘယ်သူ့ကိုမှ မတိုင်ကြားရဲပေ။ 


ပန်းဟွာ နှင့် ကောကုန်းချမ်အမ် ရောက်ရှိလာကြောင်းကို သူမကြားလိုက်ရသော်၊ အလွန်ရှက်သွားပြီး ဒေါသဖြစ်ခဲ့ရသည်။ သူမ၏အဆင်မပြေသည့် အခြေအနေကို သူတို့ မမြင်စေချင်ပေ။


 "ဧကရီ…"


 "ဧကရီကို သိပ်သတိရနေတာပါ"


 အနီရောင်နန်းတော်ဝတ်စုံကို ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် လျင်မြန်စွာ ဝင်လာခဲ့သည်။ သူမ၏ဆံပင်ကို ဂုဏ်သရေရှိ သခင်မ တစ်ယောက်၏ ထုံးဖွဲ့မှုဟန်ပန်မျိုး ထုံးဖွဲ့ထားသော်လည်း သူမ၏ လှုပ်ရှားမှုများသည် ကလေးဆန်ပြီး ပရမ်းပတာဖြစ်နေဆဲပင်။ 


ခန်းနင်ကျွင်းကျူးသည် ပန်းဟွာကိုကြည့်ကာ သူမ ဧကရီကို နှုတ်ဆက်မည့်စကားတို့အား မျိုချလိုက်သည်။  သူမသည် ခန်းမအပြင်ဘက်သို့ ငုံ့ကြည့်လိုက်လျှင်၊ နူးညံ့သော အပြုံးဖြင့်ကြည့်နေသော လူတသ်ယောက်ကို တွေ့လိုက်ရသည်။ သူမ ထိတ်လန့်တကြားဖြင့် အဝေးကို လှမ်းကြည့်ကာ ခေါင်းကို အမြန်ငုံ့လိုက်သည်။


"ဧကရီကို နှုတ်ဆက်ပါတယ်"


ရုံရှားသည် ခန်းမထဲသို့ ဝင်လာရာ ပန်းဟွာက ဧကရီဘေးတွင် ထိုင်နေပြီး စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူက ပြုံးပြီး ပန်းဟွာကို ငုံ့ကြည့်ပြီးနောက် ဧကရီအား ဦးညွှတ်ဖို့ လျှောက်သွား၏။


 "ရပါတယ်၊ ယဉ်ကျေးနေဖို့ မလိုပါဘူး" 


ဧကရီက ငယ်ရွယ်သေးသည့် အကြင်လင်မယားအသစ်စက်စက် နှစ်ယောက်ကို ချစ်စဖွယ် ကြည့်လိုက်သည်။ နှစ်ယောက်သား အကြည့်ချင်းဖလှယ်နေတာကြောင့် အတော်လေး ချစ်ကြမည်ဆိုသည်ကို အတပ်သိလိုက်ရ၏။ 


 "ပိုင်ရုံဥယျာဉ်မှာ နေထိုင်ရတာအဆင်‌ေပြရဲ့လား"


 "စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဧကရီ၊ကျွန်တော်တို့ အားလုံးအဆင်ပြေပါတယ်"


 "ဒီကလေးကလေ၊ မင်းက ငယ်ငယ်ကတည်းက ဒီလိုမျိုး အမြဲ အဆင်ပြေတယ်လို့ပဲ ပြောတတ်တ ၊ ငါ ဟွာဟွာကို မေးကြည့်ဦးမယ်"


ပန်းဟွာက ခဏလောက်စဉ်းစားပြီး ပြန်ဖြေသည်။


 "အားလုံးအဆင်ပြေပါတယ်၊ ဒါပေမယ့် ပန်းခြံက အရမ်းကြီးတော့ ဥယျာဉ်ကို တစ်ပတ်ပတ်ဖို့တောင်  အချိန်မရှိပါဘူး"


ပန်းဟွာ၏စကားကြောင့် ဧကရီသည် ကြည်နူးသွားသည်။ ထိုစဉ် မိန်းမစိုးငယ်တစ်ယောက်ဝင်လာပြီး 


 "ဧကရီ၊ မကောင်းတော့ဘူး၊ နင်းဝမ်မင်းသားနဲ့ ကြင်ယာတော်မင်းသမီးတို့  ရန်ဖြစ်နေပါတယ်။"


 "ဘာပြောလိုက်တယ်"  ဧကရီသည် ကုလားထိုင်မှ ရုတ်တရက် ထရပ်လိုက်သည်။ သူမ အမြန်ထရပ်လိုက်သောကြောင့် ကုလားထိုင်ပေါ်သို့ ပြန်လဲကျသွားလုနီးပါးပင်။  ကံကောင်းစွာနှင့် ပန်းဟွာ သူမကို အမြန် ထိန်းထားပေးသည်။


 ဧကရီက "နင်းဝမ်မင်းသားကို တံခါးပိတ်ထားပြီး သူ့အမှားတွေကို ပြန်တွေးဖို့ ခိုင်းထားတာ မဟုတ်လား၊သူက ဘာလို့ ကြင်ယာတော်မင်းသမီးနဲ့ ငြင်းခုံနေတာလဲ"


ရှဲ့မိသားစုမှ အကြီးဆုံးသခင်လေးနှင့် သူမ၏ ဒုတိယသားတော်တို့ ရန်ဖြစ်သည်ဟုကြားကြားချင်း သူမ အမျက်ထွက်ကာ၊ အခန်းထဲမှာသာနေပြီး အမှားကိုသုံးသပ်ဖို့ အမိန့်ပေးထားတာပင်။ယခု လင်မယားချင်း ရန်ဖြစ်သည်ဆိုသော သတင်းကြား၍ ရင်ထဲမှာ ပင်ပန်းသလို ခံစားရလေသည်။


ဧကရီက ကမန်းကတန်း ထွက်သွားတာကြောင့် ပန်းဟွာလည်း နောက်ကလိုက်သွားမိသည်။ သူမ ခေါင်းကို လှည့်ကြည့်လိုက်လျှင် ခန်းနင်ကျွင်းကျူးသည် ထောင့်မှာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။သူမ ခန်းနင်ကျွင်းကျူးကို ခေါင်းညိတ်ပြပြီးနောက် အမြန်ထွက်လာခဲ့သည်။


ခန်းနင်ကျွင်းကျူး တစ်ခုခုပြောဖို့ပြင်သော်လည်း ပန်းဟွာ၏ ၀တ်ရုံထောင့်က လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။


 "နှုတ်ဆက်ပါတယ် ကျွင်းကျူး"  


ရုံရှားကလည်း သူမကို အလေးပြုပြီး ပန်းဟွာနောက်ကို လိုက်သွားခဲ့သည်။


ခန်းနင်သည် ခန်းမလွတ်ထဲတွငမှင်သေသေနှင့် ထိုင်နေမိသည်။  လွန်ခဲ့သည့်တစ်နှစ်ခန့်ကပင် သူမသည် ဤယောက်ျားအတွက် ခံစားချက်များ ရှိနေခဲ့ကြောင်း သူမ ရုတ်တရက် သတိရမိသည်။သို့သော်လည်း သူမ နန်းတော်ထဲဝင်ပြီး သိပ်မကြာခင်မှာပင် သူမ နှလုံးသားက ရေပြင်လို ငြိမ်သက်နေခဲ့၏။


 သူမသည် နန်းတော်၌ ကြီးပြင်းလာရမည် ဖြစ်၍ အနာဂတ်တွင် သူမလျှောက်လှမ်းနိုင်သော လမ်းနှစ်လမ်းသာရှိသည်။ တစ်လမ်းမှာ ဧကရာဇ်မိသားစုအတွက် ဆုတောင်းရန်ဖြစ်သည်။ သူမဘယ်တော့မှလက်မထပ်ဘဲ တာအိုဘုရားကျောင်းသို့သွားကာ ဆုတောင်းပေးရမည်။


 နောက်တစ်ခုမှာ ကျွင်းကျူးဘွဲ့ကို ပြန်လည်ပေးအပ်ပြီး ငြိမ်းချမ်းရေးအတွက် တိုင်းတစ်ပါးမိသားစုနှင့် လက်ထပ်ဖို့ ဖြစ်သည်။


 ရလဒ်က မည်သို့ပင်ဖြစ်နေပါစေ၊ ဘယ်လမ်းကိုမှ သူမမှာ ရွေးချယ်ခွင့်မရှိပေ။ထို့ကြောင့် အတိတ်က အရာအားလုံးမှာ အိပ်မက်တစ်ခုလိုပင်။အဖေဝမ်နှင့်  အမေဝမ် အသက်ရှင်နေချိန်တွင် သူမသည် ဘာမဆို စိတ်တိုက်းမကျဘဲ မကျေမနပ်ဖြစ်နေခဲသည်။ ယခု အဖေဝမ် မရှိတော့၍ နန်းတော်ထဲမှာ ကြီးပြင်းလာရင်း နောက်ဆုံးတော့ လူ့သဘာဝ၏ယုတ်ညံ့မှုကို နားလည်လာခဲ့သည်။  သူမ၏လက်ရှိဘဝနှင့် ယှဉ်လျှင် ယခင်က အဖြသ်အပျက်များသည် အိပ်မက်တစ်ခုလိုပင်။


နင်းဝမ်မင်းသားသည် သူ့လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားပြီး ဒုတိယကြင်ယာတော်မင်းသမီးသည်လည်း  ဓားတစ်လက်ကို ကိုင်ထားသည်။သူတို့နှစ်ဦးမှာ ကန့်လန်ကားခြားထားကာ ဆန့်ကျင်ဘက်တွင် ရပ်နေကြ၏။  ရန်ဖြစ်ခြင်း မရှိသော်လည်း ပါးစပ်မှ ထွက်လာသော စကားများသည် နှစ်သက်ဖွယ်မရှိပေ။


 "မင်းရဲ့ရှဲ့မိသားစုက ဘာမလို့လဲ၊ ကြင်ယာတော်မင်းသမီး ရာထူးကို မက်မောတဲ့ မင်းမိသားစုအတွက်သာ မဟုတ်ရင် မင်းငါ့ကို ဘယ်လိုလုပ် လက်ထပ်မှာလဲ"


 "ကျန်းလော၊ရှင် လူမဟုတ်ဘူး" ရှဲ့ဝမ်ယွီ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။


"ရှင်သာ မင်းသားမဟုတ်ရင် ရှင့်ကို ဘယ်သူမှ အဖက်လုပ်မှညတေညင် မဟုတ်ဘူး၊ ရှင့်ကိုယ်ရှင် ဘာထင်နေသလဲ"


 “အရူးမ" နင်းဝမ်မင်းသားသည် သူ့ဓားကို မြှောက်လိုက်ပြီး ရှေ့သို့ထိုးရန်ပြင်သော်လည်း နန်းတော်မှ အစေခံများစွာက သူ့ခြေထောက်ကို လှမ်းဆွဲလိုက်သည်။


 အပြာရောင်ဝတ်ရုံနှင့် မိန်းမစိုးတစ်ယောက်က


 "အရှင့်သား မလုပ်ပါနဲ့၊သူမက ဒုတိယကြင်ယာတော်မင်းသမီးလေ၊စိတ်ထိန်းပါ"


ကျန်းလောက သူတို့၏တောင်းပန်စကားကို နားမထောင်ဘဲ 


"မင်းဆက်တစ်ခုလုံးမှာ ငါ့လို ဘုရင့်သားတော်ကို ဓားနဲ့ရွယ်တာဆိုလို့ သူမပဲ ရှိတယ်၊ ငါလည်း သိက္ခာကျတယ်၊   ဒီမိန်းမကို ငါ ခွင့်မလွှတ်ဘူး၊ငါ ဒီမိန်းမျိုးကို ဘာလို့လက်ထပ်မိတာလဲ",


 "ရှင်လက်ထပ်ချင်တဲ့သူက ကျွန်မမဟုတ်ပါဘူး၊ ရှင် လက်ထပ်ချင်တဲ့အမျိုးသမီးက ရှီကျိုးမှာရှိနေတာ၊ သနားစရာပဲ၊ရှင့်မှာအရည်အချင်းရှိတယ်ဆိုရင် ရှီကျိုးအထိ သွားပြီး သူမရဲ့အခက်အခဲတွေကို ဝေမျှလိုက်ပါလား"


"ပါးစပ်ပိတ်ထား"


 "ရှင့်မှာ အရည်အချင်းရှိရင် ကျွန်မကို သတ်လိုက်ပါ၊ မဟုတ်ရင် ကျွန်မကို ပါးစပ်ပိတ်ဖို့ မမျှော်လင့်နဲ့။" 


ရှဲ့ဝမ်ယွီ သည်ကျန်းလော ကို တစ်ချက်တည်းဖြင့် သတ်ပစ်ချင်ခဲ့သည်။ သူ့ကြောင့်သာမဟုတ်လျှင် သူမ အစ်ကိုကြီးလည်း အသည်းအသန်ဖြသ်မှာမဟုတ်။ယခုဆို ဆေးကုသဖို့ပင် အနိုင်နိုင်ဖြသ်နေလေသည်။


ကျန်းလောသည် တိရစ္ဆာန်၊ နှလုံးသားမရှိသော တိရစ္ဆာန်ဖြစ်သည်။ သူသည် သားကောင်များကို အစုလိုက်အပြုံလိုက် သတ်ဖြတ်သလို၊ သူမ၏အစ်ကိုကြီးအား ဓားဖြင့် ထိုးဝံ့သူဖြစ်သည်။ အနာဂတ်တွင်၊ သူသည် ရှဲ့မိသားစုဝင်များကိုလည်း ယခုလို နိုင်ထက်စီးနင်းလုပ်လာနိုင်၏။


သူမ အတော် ဝမ်းနည်းသွားသည်။သူမသာ အချိန်ကိုနောက်ပြန်ဆုတ်၍ရလျှင် ကျန်းလောကို လက်မထပ်မှာသေချာသည်။  ဘယ်သူနှင့်မှ လက်မထပ်တာကောင်းသည်။ အနည်းဆုံးတော့ သူမ၏ အိမ်ထောင်ဖက်က အစ်ကိုကြီးကို ဒုက္ခမပေးနိုင်သလို၊ သတ်လည်းသတ်ချင်နေမည်မဟုတ်။


 "ဧကရီ ရောက်လာပါပြီ"


မိန်းမစိုး၏ အော်သံကြောင့် ကျန်းလော  ကြည့်လိုက်ရာ၊ ဧကရီသည် နောက်လိုက်များဖြင့် လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။


 "မင်းတို့ ဘာလို့လက်နက်တွေ မချတာလဲ"


 ဧကရီသည် သူတို့နှစ်ဦးကို မြင်သောအခါ ဒေါသအမျက်ထွက်ပြီး အသံပါတုန်လှုပ်သွား၏။


"ဒါက ဧကရာဇ်နန်းတော်၊ ဇာတ်ခုံမဟုတ်ဘူး၊ မင်းတို့ ဘာလို့ လက်နက်မချတာလဲ"


ကျန်းလောက ဓားကို သူ့နောက်မှ အစောင့်အား အေးအေးဆေးဆေး ပစ်ပေးလိုက်ပြီး ဧကရီကို ဦးညွှတ်လိုက်သည်။


ရှဲ့ဝမ်ယွီသည် မျက်လုံးများ နီရဲကာ ဓားကို မြှောက်လိုက်ပြီး ဧကရီကိုကြည့်နေ၏။


"ဧကရီ၊ အရင်တုန်းက ရှဲ့မိသားစုကို ဧကရာဇ်မိသားစုထဲကို ဝင်စေချင်တာက ဧကရီနဲ့ ဧကရာဇ်ပါပဲ၊ ကျွန်မတို့ ရှဲ့မိသားစုက ကျန်းလော ဘာမှမစော်ကားပါဘူး၊ သူကသာ ကျွန်မအစ်ကိုကြီး၊ သူ့ယောက်ဖကို သတ်ဖို့ကြိုးစားတာပါ၊သူ လုပ်ကြံတာ ကျွန်မရဲ့ အစ်ကိုအရင်းပါ"


ရှဲ့ဝမ်ယွီသည် ဤစကားများကို အော်ပြောလိုက်သည်။သူမ၏ အသံက တုန်ရီကာ နာကြည်းဝမ်းနည်းမှုအပြည့်ရှိနေသည်။


 ဧကရီ နှလုံးတုန်သွားရသော်လည်း၊ဘာခံစားချက်မျိုးမှ ထုတ်မပြပေ။ 


 "ဒုတိယကြင်ယာတော်မင်းသမီး၊ ငါတို့ ရှဲ့မိသားစုရဲ့အမှုကို စုံစမ်းမယ်၊ ဒါပေမယ့် အခု သမီးရဲ့ဓားကို အရင်ချလိုက်ပါ"


"ဒီနေ့လိုမျိုး ရောက်လာမယ်ဆိုတာ သိရင် ကျွန်မ ဧကရာဇ်မိသားစုနဲ့ လက်ထပ်မှာ မဟုတ်ဘူး" 


ရှဲ့ဝမ်ယွီ လက်ကို ဖြေလျော့လိုက်လျှင် ဓားသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။သူမမျက်နှာမှာ မျက်ရည်များ ဖုံးလွှမ်းနေလျက်က 


"ကျန်းလောကို ကျွန်မ လက်စားချေရလိမ့်မယ်!"


ကျန်းလောသည် သူမကို စိတ်မရှည်စွာကြည့်ကာ ဘာမှပြန်မပြောပေ။


ရှဲ့ဝမ်ယွီသည် မြေပြင်ပေါ်ရှိ ဓားကိုကြည့်ကာ ပါးပြင်ပေါ်ရှိ မျက်ရည်များကို သုတ်လိုက်သည်။ ထို့နောက် သူမသည် ရုတ်တရက် ဓားကို ကောက်ကိုင်ကာ လည်ပင်းကို လှီးဖြတ်ရန် ပြင်လိုက်၏။


 'ချွင်'


 ထိုခဏဝယ် ဓားသည် မြေပြင်ပေါ်သို့ ကျသွားသည်။ရှဲ့ဝမ်ယွီ ခေါင်းကို လှည့်လိုက်ရာ ပန်းဟွာက သူမနှင့် ခြေနှစ်လှမ်းအကွာတွင် ရှိနေသည်ကို မြင်လိုက်ရသည်။သူမ ထုံကျင်နေသော တံတောင်ဆစ်ကို မှင်တက်စွာ ထိလိုက်မိ၏။သူမ လက်ထဲက ဓားမှာ မြေပြင်ပေါ် ဘယ်လိုကျသွားမှန်း သူမပင် မသိလိုက်ပေ။


 "ငါသာ နင့်နေရာမှာဆိုရင် ငါ့လည်ပင်းကို ဒီဓားနဲ့ ဖြတ်မှာမဟုတ်ဘူး"


ပန်းဟွာ ဓားကို ကိုင်ကြည့်လိုက်ရာာဓားက ထက်မြက်လွန်းသည်ကို တွေ့လိုက်ရ၏။သူမ ဓားကို အနီးနားက မိန်းမစိုးဆီ ပေးလိုက်သည်။


"မသေဘဲ လည်ပင်းမှာ အမာရွတ်ကျန်ခဲ့ရင် ရုပ်ဆိုးလိမ့်မယ်" 


 "နင် ငါ့ကိစ္စကို ဂရုစိုက်နေစရာမလိုဘူး" 


 ရှဲ့ဝမ်ယွီ နှုတ်ခမ်းကိုကိုက်ပြီး ပန်းဟွာကို ပြန်ပြောသည် ။


 "နင့်ကို ဘယ်သူက ဂရုစိုက်လို့လဲ၊ နင် သွေးတွေထွက်ပြီး ဧကရီနဲ့ တခြားလူတွေ ကြောက်လန့်သွားမှာကို ငါကြောက်တာ၊ ဘာပဲဖြစ်ဖြစ် နင်သေရင် ကျန်းလောမှာ အစွန်းအထင်းဖြစ်သွားလိမ့်မယ်၊ ပြီးတော့ နင့်ရဲ့မိသားစုလည်း အပြောအဆိုခံရမှာမလွဲဘူး"


 "ပန်းဟွာ၊ မင်း ဘာဖြစ်နေတာလဲ"

 

ထိုစဉ် ကျန်းလောသည် ပန်းဟွာ၏ စကားကို နားထောင်ချင်စိတ်မရှိတော့၍ အော်ပြောပစ်လိုက်သည်။ထို့အပြင် ပန်းဟွာသည် သခင်မတစ်ယောက်လိုမျိုး ဆံထုံးထုံးထားသည်ကိုမြင်လိုက်ရ၍ သူ ပို၍ပင် အမြင်ကတ်သွား၏။ 


ပန်းဟွာက လှောင်ပြောင်ပြီး


 "ကျွန်မနဲ့ ငြင်းခုံမယ့်အစား ဧကရီကို ဘယ်လိုတောင်းပန်ရမလဲဆိုတာကိုပဲ ရှင် ဘာလို့ မစဉ်းစားတာလဲ"


 "မင်း…" ကျန်းလောက ကျိန်ဆဲချင်သော်လည်း၊ စကားမပြောရသေးခင်မှာ သူ့နောက်ကျောက အေးစက်သွားသလို ခံစားလိုက်ရသည်။သူ လှည့်ကြည့်လိုက်လျှင် ရုံရှားသည် သူနှင့် ခြေလှမ်းအနည်းငယ်အကွာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ရုံရှား ပုံစံက သိုဝှက်လွန်းကာ သူ ပျော်နေလား ဒေါသထွက်နေလားပင် မသိနိုင်ပေ။


 "နင်းဝမ်မင်းသား" ရုံရှားက သူ့ဘက်သို့ ခြေလှမ်းနှစ်လှမ်း လှမ်းလာပြီး


 "နန်းတော်မှာ လက်နက်တွေ သုံးတာမသင့်တော်ပါဘူး၊ အရှင့်သားက နင်းဝမ်ရာထူးယူထားတာမို့ တရားရုံးရဲ့ စည်းမျဉ်းတွေကို နားလည်သင့်တယ်"


 "ပါးစပ်ပိတ်ထား၊ ရုံရှား၊ ငါ့ကိစ္စကို ဂရုစိုက်ဖို့ အချိန်ရရင် မင်း အိမ်ပြန်ပြီး မင်းမိန်းမနဲ့ နွေးနွေးထွေးထွေးရှိတဲ့ အိပ်ရာမှာ သွားအိပ်နေလိုက်၊ ပြီးတော့ မင်းကျန်းမာရေးကလည်း ကောင်းသေးတာမဟုတ်ဘူး၊ အေးဆေးနေစမ်းပါ"


 "နင်းဝမ်မင်းသား!"  


နောက်ဆုံးတွင် ဧကရီသည် ယုတ်မာသောသားတော်ကို သည်းမခံနိုင်တော့ပေ။ သူမလက်ကို မြှောက်လိုက်ပြီး ကျန်းလော မျက်နှာကိုရိုက်လိုက်၏။ 


"မင်းဆက်ပြောနေရင် ငါမင်းကို မကယ်နိုင်တော့ဘူး"


 ဧကရာဇ်၏ ဒေါသသည် ယခုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းလှသည်။အကယ်၍ ဤကိစ္စသည် ဧကရာဇ်၏ နားထဲသို့ ရောက်သွားပါက၊ သူမ၏ ဒုတိယသားတော် မသေလျှင်ပင် အရေပြားအလွှာတစ်ဝက် လှီးခံရမှာသေချာသည်။ ဧကရာဇ် ရုံရှားအား မည်မျှတန်ဖိုးထားသည်ကိုမည်သူမျှ၊ သူမထက် ကောင်းစွာမသိပေ။ထို့ကြောင့် ကျန်းလောအား ရုံရှားကို ဆက်ပြီးနှုတ်လှန်မထိုးစေချင်တော့ပေ။


 "ကျွန်မ ခင်ပွန်းရဲ့ ကျန်းမာရေးအတွက် စိတ်ပူပေးခဲ့တဲ့ နင်းဝမ်မင်းသား ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်"


 ပန်းဟွာက ရုံရှားအနားကို လျှောက်သွားပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။


"ဒါဆို ရုံရှားရေ၊ကျွန်မတို့ အိမ်ပြန်ပြီး နွေးနွေးထွေးထွေး အိပ်ရအောင်" ပြီးလျှင် သူမက ဧကရီဆီ လှည့်ပြီး 


"ဧကရီ၊ ကျွန်မ သွားပါတော့မယ်"


 ဧကရီက သက်ပြင်းချကာ “သွားလို့ရပါပြီ”


ရုံရှားသည် ဧကရီအား ဦးညွှတ်ကာ ပန်းဟွာ၏လက်ကို ကိုင်ရင်း တဖြည်းဖြည်း ထွက်ခွာသွားခဲ့သည်။


 "ခွေးကောင်...." ကျန်းလောသည် ရုံရှား၏ နောက်ကျောကို ကြည့်ပြီး အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်သည်။


ဖြန်း....


ချက်ချင်းဆိုသလို နောက်ထပ် ပြင်းထန်သော ရိုက်ချက်တစ်ခု သူ့မျက်နှာပေါ်သို့ ကျရောက်လာပြန်သည်။



xxxxxx