အပိုင်း၁၃၉
Viewers 8k

Chapter 139


"ဧကရီ” 


ဧကရီအနားက နန်းတော် အစေခံသည် ဧကရီ မျက်နှာအမူအရာ ပျက်နေသည်ကို မြင်ပြီး ကူတွဲလိုက်သည်။


“ကျန်းမာရေးကို ဂရုစိုက်ရမယ်လေ၊ဧကရီ သတိထားပါ"


ဧကရီက ကျန်းလောကို ကြည့်‌နေပြီး  ခဏအကြာတွင် သူမက ခါးခါးသီးသီး ပြောလိုက်၏။


"လောအာ၊ မင်းက မယ်တော်ကို စိတ်အနှောက်အယှက်သိပ်ဖြစ်စေတယ်"


နှစ်ကြိမ် အရိုက်ခံရသော ကျန်းလော ယခုမှ အသိစိတ်ဝင်လာပုံရသည်။ သူက ဧကရီရှေ့တွင် ဒူးထောက်လျက် 


"မယ်တော်၊ ကျွန်တော်လေ ကျွန်တော်..."


"မင်းရဲ့ ပင်ကိုယ်စရိုက်က ငယ်ငယ်ကတည်းက မိုက်မဲခဲ့တာ၊ မင်း ငယ်ငယ်တုန်းကတော့ သိပ်နားမလည်ခဲ့ဘူးလို့ပဲ ထင်ခဲ့တာ၊ တစ်ခုခုဖြစ်ခဲ့ရင်တောင် အိမ်ရှေ့စံက မင်းအတွက် စောင့်ရှောက်ပေးလိမ့်မယ်လို့ တွေးမိတာပေါ့၊ အခု အိမ်ရှေ့စံက အကျယ်ချုပ်ကျနေတယ်၊  ဧကရာဇ်အတွက် အရှေ့ဘက်နန်းတော်မှာ တာဝန်ထမ်းဆောင်နေတဲ့ မင်းအလုပ်က မတည်ငြိမ်သေးဘူး မဟုတ်လား"


ယခုကာလတွင် ဧကရာဇ်သည် သူမအတွက် အနွေးဓာတ်မပေးတော့၊ သူမတို့သည် ဆယ်စုနှစ်များစွာ လင်နှင့်မယားအဖြစ် လက်တွဲခဲ့ကြသော်လည်း ယခုအချိန်တွင် တစ်မျိုးပြောင်းလဲခဲ့ကြသည်။ ဧကရီက နာကျင်မှုကို ခံစားမိသော်လည်း သားနှစ်ယောက်ရှေ့မှာတော့ထုတ်မပြခဲ့ပေ။


ဧကရာဇ်သည် တရားမ၀င်သားတော်များကို ဂရုမစိုက်သော်လည်း၊ သူမ၏ သားတော်နှစ်ပါးမှာ သူတို့အလိုရှိသမျှကို ပြုနိုင်သည်အထိ အာဏာမရရှိသေးပေ။


ဧကရီက မျက်ရည်လည်ရွဲနှင့်‌ ဆက်ပြောလေသည်။


"ဒါ ငါ့အပြစ်ပဲ၊ဒါ အားလုံး ငါ့အမှားပဲ"


သူမ၏ သားနှစ်ယောက် အာဏာရလာမှာကို မစိုးရိမ်ခဲ့ဘဲ၊သားငယ်ကိုပါ ထီးနန်းတိုက်ပွဲတွင် ပါဝင်ခွင့်မရှိအောင် လုပ်ထားခဲ့မည်ဆိုလျှင် ယခုလိုဖြစ်လာမှာမဟုတ်ပေ။ သူမ ရှေ့တွင် ဒူးထောက်‌နေသည့် ဒုတိယသားဖြစ်သူကို ကြည့်ပြီး ဘေးတွင်ရပ်နေသော ရှဲ့ဝမ်ယွီအား ပြောလိုက်သည်။


"ကြင်ယာတော်မင်းသမီး၊ မယ်တော့်အနားကို လာပါဦး"


ရှဲ့ဝမ်ယွီသည် နင်းဝမ်မင်းသားကို ဖြတ်လျှောက်သွားကာ ဧကရီအနားသို့ လိုက်သွားသော်လည်း သူမကို ကူညီဟန်ပင် မပြပေ။ဧကရီ နှလုံးသားထဲတွင် ခါးသီးစွာ ပြုံးနေမိ၏။ကြင်ယာတော်မင်းသမီး ၏ ဒေါသသည် အလွန်ကြီးမားသည်။ ယခင်က သူမသည်လည်း အိမ်ရှေ့စံမင်းသမီးဖြစ်ခဲ့သော်ငြား မင်းသားဟွေ့၏ ကြင်ယာတော်ထံမှ အနိုင်ကျင့်ခြင်းကို ခံခဲ့ရသည်။သူမ နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိခဲ့ရသည်။ ယခင်ဧကရာဇ် ကွယ်လွန်ချိန်မှသာ  သူမ သက်ပြင်းချမိခဲ့ရတာပင်။ထိုအချိန်က သူမသည် ဒုတိယကြင်ယာတော်မင်းသမီး ထက်ပင် ခံနိုင်ရည်ရှိခဲ့သည်။သို့သော် နောက်ဆုံးမှာတော့ ဤကိစ္စက သားဖြစ်သူ၏ အမှားဖြစ်၍ ကဲ့ရဲ့ရှုတ်ချသောစကား တစ်ခွန်းမှမဆိုနိုင်ချေ။


ဧကရီ၏အနားမှ အမျိုးသမီးအရာရှိက ဝင်ပြော၏။


"ဧကရီ၊ ပန်းဟွာကျွင်းကျူးက သိပ်ကိုမာနကြီးလွန်းတယ်၊ နင်းဝမ်မင်းသား မင်းသားတစ်ပါးပါ၊ ဧကရာဇ်နဲ့ ဧကရီကပဲ ဘယ်သူမှားတယ်၊မှန်တယ်ဆိုတာကို ဆုံးဖြတ်မှာလေ၊သူမက အဲဒီလိုပြောစရာလိုလို့လား"


"ဟွာဟွာနဲ့ လောအာက ငယ်ငယ်ကတည်းက ရန်ဖြစ်တတ်တာ၊ လောအာက အသက်ပိုကြီးသူမို့ ဟွာဟွာကို မကြာခဏ အနိုင်ကျင့်တယ်၊ဒါကြောင့် အခုချိန်ထိ သူတို့ နှစ်ယောက် မတည့်ကြသေးဘူး"  


ထိုအကြောင်းကိုတွေးရင်း ဧကရီ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ပန်းမိသားစုမှ ဤမိန်းကလေးကို သူမ နှစ်သက်ခဲ့သော်လည်း ထိုမိန်းကလေး၏ အပြောအဆိုတို့က ခွင့်မလွှတ်နိုင်စရာ ကောင်းပေသည်။သူမလို မိန်းကလေးမျိုးက မျိုးဆက်သစ်အဖြစ်နှစ်လိုဖွယ်ကောင်းသော်လည်း ချွေးမအဖြစ် လက်ခံပေး၍မရချေ။


"တော်ဝင်မင်းသမီးတို့ မိသားစုက ဧကရာဇ်ကို အကြွေးတင်နေတယ်ဆိုတဲ့အချက်ကို အခွင့်ကောင်းယူနေတာလို့ ကျွန်မထင်ပါတယ်"


"ပါးစပ်ပိတ်ထားစမ်း"  ဧကရီ၏ မျက်နှာသည် တမဟုတ်ချင်း မည်းမှောင်သွားသည်။  


"မင်းမှာ ပြောခွင့်ရှိလို့လား"


"ကျွန်မ မှားသွားပါတယ်"


အနောက်မှလိုက်နေသော ရှဲ့ဝမ်ယွီ ဧကရီကို မော့ကြည့်လိုက်သည်။  ဧကရီ၏ မျက်နှာအမူအရာက သိပ်မကောင်းချေ။ အမျိုးသမီးအရာရှိ၏ စကားကို အမျက်သင့်သွားဟန်တူ‌သော်လည်း အပြစ်မပေးပါချေ။


သူမ မထိန်းနိုင်ဘဲ ပြုံးနေလိုက်သည်။  နန်းတော်ကလူများက ဤအတိုင်းပင်။စိတ်ထားကလည်း အတုအယောင်များဖြစ်၍ ရွံရှာဖွယ်ကောင်းလှသည်။  ဧကရီက ပန်းဟွာကို သူမ ဘယ်လောက်ချစ်ကြောင်း ဆက်ပြောနေပါ‌စေ၊ ဘယ်လောက်အထိ ချစ်‌နိုင်မှာလဲ...ဧကရီ၏ သဘောကျနှစ်ခြိုက်မှုက ဧကရာဇ်နှင့် ယှဉ်လို့မရပါပေ။


ပန်းဟွာက သူမအား ပြောခဲ့သည်များကို တွေးရင်း ရှဲ့ဝမ်ယွီ၏ ခံစားချက်များ ရှုပ်ထွေးသွားသည်။ပန်းဟွာလို မိန်းကလေးက ကျန်းလော နှင့် ဧကရီရှေ့တွင် ယခုလို ပွင့်ပွင့်လင်းလင်း ပြောလာလိမ့်မည်ဟု  သူမ မတွေးဖူး။


ဧကရီက သူမကို တသက်လုံး ချစ်နေမယ်လို့ သူ တွေးနေတာလား၊ ဒါမှမဟုတ် … ဧကရီက သူ့အပေါ် ဘယ်လို တွေးမလဲဆိုတာ  ဂရုမစိုက်တာလား၊


ပန်းဟွာ နှင့် ရုံရှား တို့သည် နန်းတော်နံရံဆီသို့ လျှောက်သွားကြသည်။တစ်နေရာအရောက် ပန်းဟွာက ပန်းခြံတစ်ခုကို ညွှန်ပြပြီး "ကျွန်မ ငယ်ငယ်တုန်းက ဒီမှာ ကစားခဲ့ဝာာ၊တနေ့တော့ ကျန်းလော က ကျွန်မကို အနောက်ကနေ တွန်းလိုက်တာ ကျွန်မ မြက်ခင်းပြင်ထဲကို ပြုတ်ကျခဲ့တယ်"


"ပြီးတော့ရော"


"ပြီးတော့ ကျွန်မ ကျန်းလောကို ပြင်းပြင်းထန်ထန် ကန်ပစ်လိုက်တယ်၊ ကန်ပြီးတာနဲ့ ငိုပြီး ကျွန်မ မြက်ခင်းတွေနဲ့ ပွတ်တိုက်လူးလှိမ့်လိုက်တယ်၊ဘုရင်မင်းမြတ်နဲ့ ဧကရီ သိသွားတဲ့အခါ ကျန်းလောကို နှစ်နာရီကြာ ဒူးထောက်ခိုင်းပြီး အပြစ်ပေးကြတယ်၊ ပြီးတော့ သူတို့က ကျွန်မကို အများကြီး ဆုပေးတယ်"


ပန်းဟွာ အဝေးကို လှမ်းကြည့်လိုက်သည်။သူမ၏ မျက်လုံးတွေက အနည်းငယ် ဂရုမစိုက်ဟန်များဖြစ်နေသဘ်။ထိုစဉ်ကတည်းက ငိုယိုခြင်းက အသုံးဝင်မှန်း ပထမဆုံး နားလည်လိုက်ခြင်းပင်။


"အဲဒီအချိန်ကစပြီး ကျန်းလောက ကျွန်မကို ဒုက္ခပေးလာတယ်၊ သူကျွန်မကို ထိရင် ကျွန်မက ငိုတယ်၊ ငိုရုံတင်မကဘူး၊ သူ ကျွန်မကို အနိုင်ကျင့်တာကိုလည်း လူတိုင်းသိအောင် ပြောပြတယ်၊ တစ်ခါတုန်းက ဧကရာဇ်က ကျွန်မကိုမေးတယ်၊ ကျန်းလောက အိမ်ရှေ့စံထက် ဘာတွေများသာသလဲဆိုပြီးတော့ပေါ့"


ရုံရှားသည် လွန်ခဲ့သော ကိုးနှစ်ခန့်က ဧကရာဇ်က သူ့အား ယခုလို မေးမြန်းခဲ့သည်ကို ရုတ်တရက် သတိရလိုက်မိသည်။ထိုအချိန်တွင် သူအသက် ၁၅ နှစ်သာ ရှိသေးသည်။ အိမ်ရှေ့စံကို ပိုနှစ်သက်ကြောင်း၊ ဒုတိယမင်းသားအကြောင်း သိပ်မသိဘူးဟု ပြောခဲ့၏။


"ကျွန်မက ဒုတိယမင်းသားကို ကြည့်မရဘူးလေ၊အိမ်ရှေ့စံနဲ့ ကစားရတာကိုပဲကြိုက်လို့ အဲ့ဒီလိုဖြေခဲ့တာ၊ ကျွန်မမျက်လုံးထဲမှာတော့ ဒုတိယမင်းသားက အိမ်ရှေ့စံနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး" 


ပန်းဟွာသည် ရုံရှား၏လက်ကို ဆုပ်ကိုင်ထားသည်။ ခြေလှမ်းတိုင်းက နှေးကွေးပြီး ပေါ့ပေါ့ပါးပါးရှိလှသည်။သူမ လက်ကို ကိုင်ထားသူတစ်ယောက်ရှိတာကြောင့် ပြုတ်ကျမှာကို စိုးရိမ်နေစရာမလိုချေ။ 


"ဧကရာဇ်က အဲဒီစကားကိုကြားပြီးနောက် ကျွန်မကို စိတ်မဆိုးရုံသာမကဘူး၊ရိုးသားလို့ဆိုပြီး ဆုတွေတောင် ချီးကျူးဂုဏ်ပြု‌သေးတယ်"


ဧကရာဇ်သည် ငယ်စဉ်အခါက အိမ်ရှေ့စံကသာ အားကိုးရပြီး ဒုတိယမင်းသားက သိပ်အသုံးမကျကြောင်း၊သူ့ကို တစ်ယောက်ယောက်က ပြောလာဖို့ မျှော်လင့်ခဲ့သည်။သို့ရာတွင် ထိုစဉ်က ဘယ်သူမှ ပွင့်ပွင့်လင်းလင်း မပြောခဲ့ကြသဖြင့် ပန်းဟွာ၏ စကားက သူ့ကို ကျေနပ်သွားစေခြင်းသာဖြစ်သည်။


ရုံရှား ပြုံးလိုက်သည်။

"တိုက်ဆိုင်လိုက်တာ၊အရင်က ဧကရာဇ်ကလည်း ကိုယ့်ကို အဲဒီလိုမေးဖူးတယ်"


"ရှင်က ဘာပြောလိုက်တာလဲ"


"ကိုယ်ကတော့ ဒုတိယမင်းသားကို ကောင်းကောင်းမသိဘူးလို့ ပြောလိုက်တာ"


"ဟီးဟီး...."  ပန်းဟွာက ပါးစပ်ကို အုပ်ပြီး ရယ်သည်။  "အဖြေကောင်းသားပဲ"


နှစ်ယောက်သား နန်းတော်မှ ထွက်လာပြီးနောက် လမ်းများပေါ်တွင် မီးပုံးနီများဖြင့် ပြည့်နေပြီး လူများဖြင့် စည်ကားနေသည်ကို တွေ့လိုက်ရသည်။  ပန်းဟွာက "မနက်ဖြန် နှစ်သစ်ကူး အကြိုနေ့ပဲနော်"


ပန်းဟွာ၏ မျက်နှာအမူအရာမှာ အနည်းငယ် အထီးကျန်နေမှန်း ရုံရှား မြင်လိုက်၍ မြင်းရထားကို ရပ်ခိုင်းပြီး အမြန်ခုန်ဆင်လိုက်သည်။


"ဒီဟာက မင်းအတွက်"  ရုံရှားသည် လက်ထဲတွင် အနီရောင်မီးပုံးလှလှလေးကိုင်ကာ မြင်းရထားပေါ်သို့ ပြန်သွားခဲ့သည်။  မီးပုံးတွင် ကြီးမားသော "ဖူ" ဆိုသည့် အက္ခရာကရေးထား၏။


"ဒါက ကလေးတွေအတွက်ပဲ မဟုတ်လား" ပန်းဟွာက မီးပုံးကို ယူလိုက်သည်။ မကြိုက်ဘူးဟု မပြောသလို၊ မီးပုံပေါ်က အရုပ်ကလေးများကိုလည်း လက်နှင့်တို့ထိ ဆော့ကစားနေသည်။ 


ရုံရှားက သူမပါးကို ညင်သာစွာနမ်းလိုက်ပြီး "ကိုယ့်နှလုံးသားထဲမှာ မင်းက ကိုယ့်ရဲ့အဖိုးတန်ဆုံး သမီးလေးတစ်ယောက်ပါ၊ မင်းကို သားသမီးကို မိဘက ချစ်တဲ့အချစ်မျိုးနဲ့လည်း ချစ်တယ်၊ မင်းမှာ ဘယ်လိုဒုက္ခမျိုးမှ မဖြစ်စေချင်ဘူး"


ပန်းဟွာက တိုးတိုးလေးပြောလိုက်သည်။ "မယုံပါဘူး...." သို့သော်လည်း သူမ လေသံက မကြိုက်၍ငြူစူနေသည့်လေသံမျိုးမဟုတ်ပေ။


ဂီတ၊ စစ်တုရင်၊ လက်ရေးလှ၊ ပန်းချီတို့ကို ကျွမ်းကျင်သော လူချောသည် နူးညံ့သိမ်မွေ့သော မျက်နှာဖြင့် စကားလုံးများကို ပြောနေသည်။ သူမ ဘယ်လိုမှ မလှုပ်နိုင်တော့ဘဲ သူ့စကားလုံးများအောက်မှာ ကျော့ကွင်းမိနေတော့သည်။


ရုံရှားက သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး တိုးတိုးလေးပြောသည်။ "မင်းယုံပါလိမ့်မယ်"


မြင်းရထားသည် ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့သွားသဖြင့် ဘီးရာများက နှင်းများပေါ်တွင် ကျန်ရစ်ခဲ့သည်။ဆူညံနေသော ဤကမ္ဘာကြီးတွင် မြင်းရထားပေါ်ရှိ နွေးထွေးမှုသည် နှင်းများကျနေသော နွေဦးပေါက်ရာသီကဲ့သို့ပင်။အစစ်အမှန် မဟုတ်သော်လည်း။ရင်သပ်ရှုမောဖွယ်ရာ ကောင်းသည်အထိ လှပပေသည်။


ဆယ့်နှစ်လမြောက်၏ သုံးဆယ်ရက်၊ ပန်းဟွာ လက်ထပ်ပြီး သုံးရက်မြောက်သောနေ့၊


ယနေ့က အိမ်ထောင်ကျပြီးနောက် ဇနီးအသစ်စက်စက်လေးများ အိမ်ပြန်ခွင့်ရသည့်နေ့ပင်။သို့ရာတွင် ထုံးစံအတိုင်း  နှစ်သစ်ကူး အကြိုနေ့ဖြစ်၍ မိဘများ၏အိမ်သို့ပြန်ခွင့်မရနိုင်ပေ။


ပန်းဟွာ နိုးလာသောအခါ အပြင်ဘက်တွင် နှင်းများ ရပ်တန့်သွားပြီဖြစ်သည်။  သူမ အင်္ကျီများလဲကာ ရေမိုးချိုးသည်။‌ ရေခွက်ကြီးကိုကိုင်ထားသည့် အစေခံမိန်းကလေးအား သူမ မေးလိုက်သည်။


“ကောကုန်း ဘယ်မှာလဲ”


"သခင်မ၊ကောကုန်း အခုပဲ ထွက်သွားပါပြီ"


ပန်းဟွာက လက်ကိုင်ပုဝါကို ဇလုံထဲသို့ ပြန်ချလိုက်ကာ ထပြီး မှန်ဆီသို့ လျှောက်သွားလိုက်၏။အရမ်းအေးနေတာကို၊ ရုံရှားက ဘာလို့ မနက်အစောကြီး ထွက်သွားတာလဲ။


"ကျွင်းကျူး ဒီနေ့ ဘယ်လိုဆံပင်ပုံစံ ပြင်ချင်ပါသလဲ"


ယွီကျူး နှင့် ရူရီသည် ပန်းဟွာ ၏နောက်သို့ လိုက်သွားခဲ့သည်။ နှစ်ယောက်သား ကျွင်းကျူး၏မျက်နှာအမူအရာသည် အနည်းငယ် အထီးကျန်နေပုံရသည်ကို မြင်လိုက်ရသောကြောင့် သတိထား၍‌ မေးလိုက်ကြသည်။


ပန်းဟွာက စိတ်မဝင်စားဟန်ဖြင့် "ကြိုက်သလိုလုပ်၊ဘာဖြစ်ဖြစ်ရပါတယ်"


"မရဘူးလေ....." ရုံရှားက သူ့ဝတ်ရုံမှာ နှင်းများပေကျံလျက် ဝင်လာသည်။


 "ဒီနေ့ အိမ်ပြန်ဖို့ ကောင်းတဲ့နေ့လေးပဲ၊ ကိုယ်က မင်းကို ကောင်းကောင်း မဆက်ဆံဘူးလို့ ယောက္ခမတွေ မထင်စေချင်ဘူး" သူက ယူလာသော သစ်သားသေတ္တာကို မှန်တင်ခုံပေါ်တင်လိုက်ပြီး "အထဲက ပစ္စည်းတွေကို ကြည့်၊ မင်းကြိုက်တာ ရှိမရှိ ကြည့်ပါဦး"


ပန်းဟွာသည် သစ်သားသေတ္တာကို မကြည့်ဘဲ ရုံရှားကို တအံ့တသြကြည့်ကာ " ဒီနေ့ ကျွန်မတို့ အိမ်ကို ပြန်ပို့မယ်လို့ ပြောနေတာလား"


ရုံရှားသည် "ကျွန်မတို့ အိမ်" ဟူသော စကားကိုကြားသောအခါ ပန်းဟွာ၏ နှလုံးသားထဲတွင် ကျင့်ထင်အိမ်တော်ကသာ သူမ၏ အိမ်ဟု သတ်မှတ်ထားကြောင်း သူသိလိုက်သည်။  သူက ပြုံးပြီး "ဟုတ်တယ် ဒီနေ့ အိမ်ပြန်သင့်တယ်လေ၊ နန်းတော်က အရမ်းကြီးတယ်ဆိုတော့ ကိုယ်တို့နှစ်ယောက်တည်း ဒီမှာ နေရတာ သိပ်မကောင်းဘူးလားလို့ပါ၊ မင်း အိမ်ကို ပြန်ရင်တော့ ဟိုမှာသိပ်စည်ကားတယ်မလား၊မင်းလည်းပျော်မှာပါ"


ပန်းဟွာက ရုံရှား၏ ခါးကို ပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။ 


"ရှင်က အရမ်းတော်တယ်၊ နည်းနည်းချစ်သွားပြီ"


"နည်းနည်းပဲလား"


"ဒါဆို...နည်းနည်းထပ်ပိုလိုက်မယ်"


ဝမ်ချွီသည် စာကြည့်ခန်းမှ ထွက်လာပြီး အပြင်ဘက်တွင် ရပ်နေသော အစောင့်တပ်သားအား ပြောလိုက်သည်။


"ကျွန်တော် ကောကုန်း နဲ့ ဆွေးနွေးစရာ ရှိပါတယ်၊ သွားပြောပေးပါ"


"သခင်ဝမ်...." ဝန်ထမ်းက ဝမ်ချွီကို အံ့အားသင့်စွာကြည့်ကာ "ကောကုန်း က ကျွင်းကျူးကို သူ့မိဘအိမ်သို့ ပြန်ပို့သွားပါတယ်၊မသိခဲ့ဘူးလား"


ဝမ်ချွီက မျက်မှောင်ကြုတ်ကာ


"မင်း ဘာပြောလိုက်တာလဲ၊ဒီနေ့ နှစ်သစ်ကူး အကြိုနေ့လေ"


အစေခံက ခေါင်းညိတ်သည် - "ဒီနေ့သခင်မက သူမရဲ့ မိဘတွေအိမ်ပြန်မယ့်နေ့ပါပဲ၊ ကောကုန်းက သူမ စိတ်ကြိုက် လက်ဝတ်ရတနာတွေမရှိမှာစိုးလို့ မနက်စောစောကတည်းက ကိုယ်ရံတော်တု ကို အိမ်တော်ဆီ ပြန်ပို့လိုက်တယ်၊ပြီးတော့ သခင်မကြိုက်တာဝတ်ဖို့  လက်ဝတ်ရတနာသေတ္တာကြီးတစ်ဘူးကို ပြန်သယ်လာတယ်လေ၊ကျွန်တော်ထင်တာ သခင်ဝမ် သိပြီးသားလားလို့"


ဝမ်ချွီ၏ နှလုံးခုန်သံရပ်သွားမတတ်ပင်။သူ့စိတ်ထင်လားမသိ၊ယခုတလော ကောကုန်က သူ့ကို တွေ့ချင်ပုံမပေါ်ပေ။ သူနှင့် စာကြောင်းပေကြောင်းများလည်း ဆွေးနွေးချင်ဟန်မတူ။


သူ ကောကုန်း မကြိုက်တာတစ်ခုခုလုပ်မိခဲ့လို့လား။ ဒါကြောင့် သူ့ကို အတွေ့မခံတာလား။


ဝမ်ချွီ ခန်းမအနီးမှ ထွက်သွားလျှင် ပင်မဝင်းထဲက အစေခံများသည် သေတ္တာများအား ရွှေ့နေသည်ကို သူမြင်လိုက်ရ၏။ ဤသေတ္တာများတွင် ပန်းမိသားစု၏ အဆောင်အယောင်တံဆိပ်များပင် ပါရှိသည်။ ပန်းဟွာကျွင်းကျူးသည် သူမ၏ မိဘအိမ်မှ ဤပစ္စည်းများကို ယူဆောင်လာကြောင်း ထင်ရှားသည်။


"ဒါတွေကို ဘယ်ကိုရွှေ့နေတာလဲ"


"သခင်ဝမ်" သေတ္တာများကို ရွှေ့နေသော အစေခံက ဝမ်ချွီအား ဦးညွှတ်ကာ "သခင်မက ဒီနန်းတော်မှာ မနေချင်ဘူးလို့ ပြောပါတယ်၊ဒါကြောင့် ကောကုန်းက ဒီဟာတွေကို အိမ်တော်ကို ရက်ပိုင်းအတွင်း ပြန်ရွှေ့ဖို့ ခိုင်းထားတာပါ" 


 ဝမ်ချွီ မျက်မှောင်ကြုတ်မိသည်။ရုံရှား အတွက်၊ ဧကရာဇ် အပ်နှင်းထားသော နန်းတော်အတွင်း၌ နေထိုင်ခြင်းသည် အိမ်တော်တွင် နေထိုင်ခြင်းထက် ပိုကောင်းသည်။ သို့သော် ပန်းဟွာကျွင်းကျူးသည် နန်းတော်မှာ မနေချင်၍ ဤနေရာမှ ထွက်သွားမည်ဟုဆိုလိုခြင်းပင်။


ဤနေရာတွင် သူမ မနေထိုင်လိုခြင်းမှာ မိဘအိမ်နှင့် ဝေးလွန်းသောကြောင့်ဖြစ်မည်။သူမလိ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်အနေနှင့် ခင်ပွန်းသည်ကို ကောင်းကောင်း ဂရုစိုက်ရမည်ဖြစ်သည်။


နေ့တိုင်း သူ့မိဘအိမ်အကြောင်းပဲ ဘာလို့တွေးနေတာလဲ။နှစ်သစ်ကူးကျင်းပရန် သူမ၏မိဘအိမ်သို့ လိုက်ပို့ရန်ပင် ရုံရှားအား ပူဆာခဲ့ပုံရသည်။


ဒီသတင်းသာ ဖြန့်လိုက်ရင် လူတွေက ဘယ်လိုပြောကြမလဲ။ရုံရှား ဆေးမိနေတယ်လို့ ဆိုကြမလား၊ဒါမှမဟုတ် ရုံရှား က ပန်းမိသားစုရဲ့ ပါဝါကို ကြောက်ပြီး ခေါင်းမထောင်နိုင်ဘူးလို့ ဆိုကြမလား။


မြင်းရထားပေါ်ရှိ ပန်းဟွာသည် ရုံရှား ၏ ပေါင်ပေါ်တွင် လဲလျောင်းနေပြီး မျက်လုံးများကို မှိတ်ထားသည်။ရုံရှား သည် သားရဲနှင့် ကျန်းဟူသူရဲကောင်းတို့၏ တိုက်ပွဲဇာတ်လမ်းကို သူမအား ပြောပြနေသည်။


"နောက် ဘာဖြစ်သွားတာလဲ” 


သားရဲကို သူရဲကောင်းက ကယ်တင်ကြောင်း ပန်းဟွာ ကြားသိပြီးနောက် သူမ ခေါင်းကို မော့ပြီး မေးလိုက်သည်။


“သားရဲက လူဖြစ်လာတယ်"


"ဒါဆို သားရဲက လူကောင်းဖြစ်သွားမှာလား၊ ဒါမှမဟုတ် ငါ့ကိုကျွေးတဲ့လက်ကို ကိုက်ပြီး ဇာတ်ဆောင်ကို သတ်မှာလား"


ရုံရှားက သူ့နှုတ်ခမ်းကို ညွှန်ပြပြီး "နမ်းရင် ပြောပြမယ်"


ကျန်သော ဇာတ်လမ်းကို ကြားနိုင်ဖို့ ပန်းဟွာသည် သူမ နှုတ်ခမ်းကို စတေးရန် မတွန့်ဆုတ်ခဲ့ပေ။သူ့နှုတ်ခမ်းအား ထိရုံနမ်းလိုက်ပြီး ပြန်အိပ်နေလိုက်၏။


ရုံရှားသည်လည်း ချက်ချင်းပင် ကျေနပ်သွားကာ ဇာတ်လမ်းကို ဆက်လက်ပြောပြခဲ့သည်။ ပန်းဟွာ၏ စကားအသွားအလာက်ိုကြည့်၍ ဇာတ်လမ်း၏ ဦးတည်ချက်ကို မဆုံးဖြတ်ခဲ့ပေ။




xxxxxxx