အပိုင်း၁၄၀
Viewers 9k

Chapter 140



"ကောကုန်း" အပြင်မှ မြင်းလှည်းမောင်းသူက မြင်းရထားပြတင်းပေါက်ကို ညင်သာစွာ ခေါက်လိုက်ပြီး 


"ကျွန်တော်တို့ ကျင့်ထင်အိမ်တော်ကို ရောက်ပါပြီ"


ပန်းဟွာ၏ မျက်နှာသည် တောက်ပလာသည်။သူမသည် ကန့်လန့်ကာကို ရုတ်လိုက်ပြီး ခုန်ထွက်လာသည်။ရုံရှားသည်  လွတ်ထွက်သွားသော သူမ၏ လက်ဖဝါးများကို ကြည့်ကာ ကူကယ်ရာမဲ့ ပြုံးလိုက်သည်။


ကျင့်ထင်အိမ်တော်တွင် ပန်းဟွိုက် နှင့် ပန်းဟမ်တို့သည် စားပွဲပေါ်တွင် မှောက်အိပ်နေကြသည်။ သားအဖနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ သက်ပြင်းချမိသည်။


"နှစ်သစ်ရောက်ပြီ၊ ဘာလို့ သက်ပြင်းချနေတာလဲ"  


ယင်းရှစ်သည် ခရမ်းရောင်ဝတ်စုံကို ၀တ်ဆင်ထားသည်။ သားအဖများ မှိုင်တွေနေသည််ကိုမြင်လိုက်ရ၍ မေးလိုက်မိ၏။


ပန်းဟမ်က တည့်တည့်မတ်မတ်ထိုင်ပြီး ပြောလိုက်သည်။


"အမေ၊ဒီနေ့က အစ်မ အိမ်ထောင်ကျတာ သုံးရက်မြောက်နေ့ပဲ၊ စည်းကမ်းအရဆို အိမ်ပြန်လာပြီး ဂါဝရပြုရမယ့်နေ့ပဲ၊ ကောကုန်းချမ်အမ်က အစ်မကို ပြန်ပို့ပေးမှာမဟုတ်လားဟင်"


“မစဉ်းစားနဲ့တော့” ယင်းရှစ်၏မျက်နှာသည် မည်းမှောင်သွားပြီး


 “ရုံမိသားစုမှာ အသက်ကြီးသူ လူကြီးမိဘဆိုတာမရှိဘူး၊ နှစ်သစ်ကူးလည်း ရှိနေတော့ သူကိုယ်တိုင် ငါ့သမီးကို မိဘအိမ် ပြန်ခေါ်လာဖို့ အကြောင်းပြချက်မရှိဘူး…"


"သခင်ကြီး၊သခင်မ!" ထိုစဉ် ဘဏ္ဍာစိုးတစ်ယောက်က ဝမ်းသာစွာ  ပြေးလာပြီး


 "ကျွင်းကျူးနဲ့ သားမက်တော် ပြန်လာပါပြီ"


ယင်းရှစ် ဝမ်းသာသွားသည်။


"မင်း ဘာပြောလိုက်တယ်၊သေချာလို့လား"


"ဟုတ်ပါတယ်၊သူတို့ အခု ဒုတိယတံခါးနားကို ရောက်လုနီးနေပြီ"


"ကျွန်တော် သွားကြည့်လိုက်မယ်!"  ပန်းဟမ်သည် ခွေးခြေခုံမှထကာ မျက်စိတစ်မှိတ်အတွင်း တံခါးမှ ပြေးထွက်လာခဲ့သည်။


ပန်းဟွိုက်က ယင်းရှစ်ကို မယုံကြည်နိုင်စွာ ကြည့်ပြီး မေးလိုက်၏။


"သူတို့ တကယ် ပြန်လာတာများလား"


ယင်းရှစ်သည် သူမ၏ မျက်လုံးထောင့်များကို သုတ်လိုက်ပြီး အမြန်ထွက်သွားသည်။ ပန်းဟွိုက်ကလည်း ကပျာကယာ နောက်ကလိုက်သွားတော့၏။


"အစ်မ! အစ်မ!"


ပန်းဟမ်၏ ခေါ်သံကို ကြားသောအခါ ပန်းဟွာသည် ကြာပန်းကန်အနီးတွင် ရှိနေသည်။ ပန်းဟမ်သည် ခြေဖျားထောက်ရင်း ခုန်ပေါက်ကာ ကျောက်ဆောင်နောက်ကွယ်မှနေ၍ လက်ဝှေ့ယမ်းပြသည်။ခုန်ဆွခုန်ဆွ လုပ်နေရင်း သူ မြေပြင်ပေါ်သို့ လဲကျသွားသော်လည်း အမြန်ထကာ ပန်းဟွာထံသို့ ပြေးသွားခဲ့သည်။


"အစ်မ!" 


ပန်းဟမ်သည် ပန်းဟွာ အနီးတစ်ဝိုက်တွင် အကြိမ်အနည်းငယ် လှည့်ပတ်လိုက်သည်။ သူမ၏ ခေါင်းပေါ်ရှိ လက်ဝတ်ရတနာ အဆင်တန်ဆာများသည် ပန်းမိသားစုမှ ဖြစ်ပုံမပေါ်ကြောင်း သူမြင်လိုက်ရသည်။ သူက ရုံရှားဘက်လှည့်ပြီး 


"ယောက်ဖ"


"ညီလေးဟမ်"  ရုံရှား ပြုံးပြီး အလေးပြုလိုက်သည်။


"ဘာလို့ အတင်းပြေးလာတာလဲ၊ သတိထားမှပေါ့၊နာသွားသေးလား"


ပန်းဟွာသည် နှင်းများစွန်းထင်းနေသော ပန်းဟမ် ၏ ၀တ်စုံကို ပွတ်သပ်လိုက်သည်။ 


"မနာပါဘူး" 


ပန်းဟမ်သည် နှင်းများဖြင့် စွန်းထင်းနေသော သူ့လက်များကို ပွတ်သပ်လိုက်သည်။ သူ တစ်ချက်လှည့်ကြည့်လိုက်ပြီး ပန်းဟွာ၏ ဂါဝန်စကို နှင်းများမပေအောင် ကိုင်ပေးချင်သော်လည်း၊ ရုံရှား က ကိုင်ထားပြီးသားပင်။ထို့ကြောင့် အစ်မဖြစ်သူ၏လက်ကိုသာ တွဲလိုက်ရ၏။  


"အစ်မ၊ အဖေနဲ့အမေက ခြံဝင်းထဲမှာ စောင့်နေတာ၊ အစ်မ ကြိုက်တဲ့ ဟင်းလျာတွေလည်း ချက်ထားတယ်၊အစ်မ များများစားရမယ်နော်"


"ကောင်းပါပြီ" ပန်းဟွာက ခေါင်းညိတ်ကာ ခဏလောက်စဉ်းစားပြီးနောက်


 "မျှစ်ချဉ်ဟင်းပါ ချက်လိုက်နော်၊ မင်းအစ်ကိုက ကြိုက်တယ်"


"ကောင်းပါပြီ" ပန်းဟမ်က ရုံရှား ကို လှည့်ကြည့်လိုက်သည်။ ရုံရှားကလည်း သူ့ကို ညင်သာစွာ ပြုံးပြလိုက်သည်။


ပင်မခြံဝင်းထဲသို့ လျှောက်သွားသောအခါ ယင်းရှစ် နှင့် ပန်းဟွိုက် တို့သည် တံခါးဝတွင် စောင့်နေပြီဖြစ်သည်။ ပန်းဟွာကိုတွေ့ပြီးနောက် ပန်းဟွိုက်သည် ပန်းဟွာ ဦးညွှတ်နှုတ်ဆက်သည်ကိုပင် မစောင့်ဆိုင်းဘဲ စားသောက်ကောင်းရဲ့လား၊ ကောင်းကောင်းအိပ်ရဲ့လား ၊ အစေခံများအား ကျေနပ်ရဲ့လား စသဖြင့် စုံနေအောင် မေးတော့သည်။


"အဖေ၊ အမေ"  


ရုံရှားသည် ရှေ့သို့သွားကာ နှစ်ယောက်လုံးကို အလေးပြုလိုက်သည်။


"အပြင်မှာ နှင်းတွေကျနေတယ်၊ အထဲမှာ စကားပြောရအောင်" 


ယင်းရှစ်၏ မျက်လုံးများ နီရဲနေသော်လည်း သူမ ပြုံးနေသေးသည်။သူမက ရုံရှား ကို ခေါင်းညိတ်ပြီး ဝမ်းသာစကားဆိုလေ၏။


"မင်းတို့ ပြန်လာတာ ကောင်းပါတယ်၊ တကယ် ကောင်းပါတယ်"


ပန်းဟွာလက်ထပ်သည့်နေ့လိုပင် အိမ်ဝင်းထဲမှာ မီးအိမ်နီများနှင့် ပိုးချည်မျှင်များ တွဲလောင်းချထားဆဲပင်။


ရုံရှားသည် အခန်းထဲသို့ ဝင်လာပြီး ပန်းဟွာ နံဘေးတွင် ဝင်ထိုင်လိုက်သည်။  သူ့ယောက္ခမနှင့် စကားပြောနေသည့် ပန်းဟွာကို ကြည့်လိုက်ရာ သူ့မျက်နှာမှာ နူးညံ့သည့်အပြုံးတစ်ခု ပေါ်လာ၏။


ယင်းရှစ်က သူမ ပျော်နေသည်ကိုမြင်၍  စိတ်သက်သာရာရသွား၏။


 "သမက်လေး၊ လက်ဖက်ရည်သောက်ပါ"


"ကျေးဇူးတင်ပါတယ် အမေ" 


ရုံရှား သည် လက်ဖက်ရည်သောက်ပြီး ပန်းမိသားစုနှင့် စကားစမြည်ပြောသည်။စကားစမြည်ပြောရင်း သူ၏အနာဂတ်အစီအစဉ်များကို ပြောပြကြသည်။


"နွေရာသီ နန်းတော်ကနေ ထွက်လာတာလား၊ မင်းတို့ တော်တော်စဉ်းစားတတ်တာပဲ၊ ဧကရာဇ်က မင်းတို့ကို နွေရာသီနန်းတော်က ပေးထားပေမယ့် မင်းအဲဒီမှာ ကြာကြာနေဖို့ မသင့်တော်ဘူး၊ အနည်းဆုံးတော့ အခုအချိန်က ပိုလို့တောင် မသင့်တော်ဘူး"


ရုံရှားက ပန်းဟွာကို ပြုံးပြလိုက်သည်။ ပန်းဟွာကလည်း သူ့ကို လှည့်ကြည့်ပြီး ပြုံးပြသည်။ 


 "ဟုတ်ပါတယ်၊ ဟွာဟွာက ကျွန်တော့်ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်"


ယင်းရှစ်က ပြုံးရင်း  


"ဟွာဟွာက ကလေးတစ်ယောက်သာသာပဲ၊ အရေးကြီးတဲ့ကိစ္စတွေမှာဆို စိတ်ရှုပ်တတ်တယ်၊ သမီး တစ်ခုခုကို ဆုံးဖြတ်ချက်ချစရာရှိတယ်ဆိုရင် သမက်လေးကို ရှင်းရှင်းလင်းလင်းပြောသင့်တယ်၊အရာအားလုံးကို သူနဲ့ တိုင်ပင်ပါ.... အရင်လို ကလေးမဆန်....."


ရုံရှားက ချက်ချင်းပြန်ပြောလိုက်သည်။


"ဟွာဟွာက အရမ်းတော်ပါတယ်၊သူမ က မတုံးအပါဘူး"


ယင်းရှစ်သည် သမက်ဖြစ်သူက သူမစကားကို ချက်ချင်း ကြားဖြတ်ပြောရလောက်သည်အထိ သူမ၏သမီးအား ချစ်နေသည်ကို မြင်လိုက်ရ၏။သူမ ပထမတော့ အံ့အားသင့်သွားပြီး ပြုံးလိုက်သည်။


  "မင်းက သူမနဲ့ အချိန်အများကြီး မဖြုန်းဖူးဘူးလေ၊နောင်မှာ မင်းသိပါလိမ့်မယ်"


"ပေါင်းသင်းလာတာ နှစ်ပေါင်းတစ်ရာကျော်နေရင်တောင် တစ်ချို့လူတွေကို ကျွန်တော် နားမလည်နိုင်ဘူး၊ဒါပေမယ့် ဟွာဟွာက သူများတွေနဲ့ မတူပါဘူး" 


ရုံရှားသည် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်သည်။ သူ့မျက်နှာထားက ပကတိ လေးနက်လျက်ရှိ၏။  


"သူမကို ကြည့်ရုံနဲ့ သူမက ကမ္ဘာပေါ်မှာ အကောင်းဆုံးအမျိုးသမီးဆိုတာ ကျွန်တော် သိတယ်"


ပန်းဟွိုက်သည် သမီးဖြစ်သူ၏လက်ကို ကိုင်လိုက်သည်။သူမ၏ ဆံထိုးနှင့် လက်ဝတ်ရတနာများသည် အဖိုးမဖြတ်နိုင်သော ပစ္စည်းများဖြစ်ပြီး သူမ နှစ်သက်သည့် ပုံစံအတိုင်း အံဝင်ခွင်ကျ ဖြစ်‌နေသည်ကို မြင်လိုက်ရသည်။


"လက်ထပ်ပြီးပြီဆိုပြီး သမီး ကိုယ့်ကိုကိုယ် အားမငယ်နဲ့၊ သမီး ကြိုက်တာဝတ်၊ ကြိုက်တာစား၊ ရုံရှားကလည်း လူကောင်းတစ်ယောက်လို့ အဖေ ထင်ပါတယ်၊ဒါကြောင့် သူနဲ့လည်း အဆင်ပြေအောင်နေ၊သမီး တစ်ခုခုစားရင် သူ့ကို ကျွေးဖို့မမေ့နဲ့"


သူ့စကားက နည်းနည်းကလေးဆန်ပုံပေါက်သော်လည်း ကျိုးကြောင်းဆီလျော်သည်။လူတစ်ယောက်သည် တစ်ခြားတစ်ယောက်အား ချစ်မိပြီဆိုလျှင် မုန့်ကလေးစားတာပဲဖြစ်ဖြစ် ဝေမျှကျွေးချင်၏။သို့မဟုတ် စိတ်ဝင်စားစရာကောင်းတာ တစ်ခုခု မြင်လျှင်ပင် ထိုသူအား ဝေမျှချင်သည်။ဤသည်က တန်ဖိုးကြီးသည်၊နည်းသည်နှင့်မဆိုင်၊စိတ်ရင်းပင်ဖြစ်ပေ၏။ 


"သူနဲ့ပတ်သက်တဲ့ အရာအားလုံးက ကောင်းပါတယ်၊ ဒါပေမယ့် သူ့ရဲ့ ဝတ်စားဆင်ယင်မှုပုံစံက သမီးနဲ့မတူဘူး၊သူ့အဝတ်အစားတွေက ရိုးရှင်းလွန်းတယ်"


ထို့ကြောင့် အနီရောင်သတို့သား ၀တ်စုံကို ၀တ်ထားချိန်မှာ သူမ စိတ်မထိန်းနိုင်အောင် သူ့ကို စွဲလန်းမိခဲ့ရ၏။အသားဖြူဖြူနှင့် အနီရောင်ဝတ်စုံဝတ် သတို့သား၏ မြင်ကွင်းက တွေးကြည့်ရုံနှင့် စွဲမက်စရာကောင်းပေသည်။ 


ပန်းဟွိုက်က အကြံပေးသည်။


“ပညာရှိတွေက အဝတ်အစားဝတ်တဲ့အခါလည်း ကျက်သရေရှိတာမျိုးကို ဝတ်ကြတတယ်၊ စကားပြောရင်လည်း ချိုသာကြတယ်လေ၊သမီး ပိုပြီးတော့ သည်းခံရမယ်၊ဒီအရာတွေနဲ့ ပတ်သက်ပြီး သူနဲ့ သဘောထားကွဲလွဲလို့ မရဘူး"


"စိတ်မပူပါနဲ့ အဖေ၊ သမီး ဒီလောက် သဘောထားမသေးသိမ်ပါဘူး"


အဝတ်အစားနှင့်ပတ်သတ်၍ သူမသည် ပန်းထိုးသူအား အရောင်အမျိုးမျိုးရှိသည့်အဝတ်အစားအနည်းငယ်ကိုဝယ်ယူပြီး ရုံရှား ဝတ်ဖို့ နားချကြည့်မည်ဖြစ်သည်။


နေ့လယ်စာက အလွန်အရသာရှိသည်။  ပန်းမိသားစုသည် ပန်းဟွာ ကြိုက်နှစ်သက်သော အစားအစာများကို ပြင်ဆင်ရုံသာမက ရုံရှား နှစ်သက်သည်ဟု သတင်းကြားထားသော  ဟင်းလျာများနှင့် ပညာရှိ အသိုင်းအဝိုင်းမှ လူများ အကြံပြုထားသည့် ဟင်းလျာများကို ပြင်ဆင်ပေးသည်။ ရုံရှားသည် ဤဟင်းလျာများကို မကြိုက်သော်လည်း ပန်းမိသားစု၏ ကြင်နာမှုကြောင့် သူ့နှလုံးသားမှာ ပျော့ပျောင်းသွားရသည်။


"မင်း ဘာကြိုက်လဲဆိုတာ ငါတို့ သေချာမသိဘူးကွယ်၊ နောက်ဆို မင်းနဲ့ ဟွာဟွာ ပြန်လာတဲ့အခါ ငါတို့ကို အရင်ဆုံး အကြောင်းကြားလိုက်ပါ၊ မင်းဘာစားချင်လဲ ပြောပြပါ၊ငါတို့ မီးဖိုချောင်ကို ပြင်ဆင်ခိုင်းလိုက်မယ်၊ ငါတို့မိသားစုက လူမများဘူးလေ၊ စည်းလုံးပြီး ပျော်စရာကောင်းအောင်ပဲ နေဖြစ်တယ်"


"ကျေးဇူးပါပဲ အဖေ" 


ပန်းဟွိုက်သည် စေတနာကောင်းသူဖြစ်ကာ အစားအသောက်နှင့်ပတ်သတ်လျှင် စားစေချင်သူဖြစ်တာကြောင့် ရုံရှားက သဘောတူလိုက်သည်။


လိုက်ဖက်ညီပြီး ပျော်ရွှင်ဖွယ်ကောင်းသော နေ့လယ်စာစားပြီးနောက် ရုံရှား နှင့် ပန်းဟွာသည် ပန်းမိသားစု၏ လူကြီးနှစ်ယောက်ဆီသို့ လျှောက်သွားကာ သူတို့ရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။


"ဘာလုပ်တာလဲ ကလေးတို့"


ပန်းဟွိုက်သည် ရုံရှားကို ဆွဲထူဖို့ပြင်သော်လည်း သူသည် အလုပ်မလုပ်သူဖြစ်၍ ကိုယ်ခန္ဓာက သန်စွမ်းခြင်းမရှိပေ။ ရုံရှားလို လူငယ်တစ်ယောက်ကို သူ ဘယ်လို ထူနိုင်မှာလဲ။


ရုံရှားက လူကြီး နှစ်ယောက်ကို ဂါဝရပြုပြီး လေးနက်စွာပြောသည်။


 "ကျွန်တော့်ရဲ့ မိဘတွေနဲ့ အစ်ကိုကြီးက စောစောစီးစီး ဆုံးသွားပါတယ်၊ကျွန်တော့်မှာ တခြားမိသားစုဝင်တွေလည်း မရှိပါဘူး၊အခု ကျွန်တော်က ပန်းမိသားစုရဲ့ သမက်ဖြစ်သွားပါပြီ၊ ဒီတော့ ဟွာဟွာရဲ့ မိဘတွေက ကျွန်တော့်မိဘတွေပါ"


သူပြောပြီးသည်နှင့် လက်ဖက်ရည်ခွက်ကို ပန်းဟွိုက်ရှေ့မှာတင်လိုက်၏။


"တော်လိုက်တာကွယ်...."


ပန်းဟွိုက်သည် လက်ဖက်ရည်ခွက်ကိုယူကာ တစ်ဖက်သို့လှည့်၍ တစ်ကျိုက်တည်းမော့ချလိုက်၏။ ထို့နောက် သူသည် ငွေစက္ကူတစ်အုပ်ကို ထုတ်ကာ အားလုံးကို ရုံရှား၏လက်ထဲသို့ ထည့်လိုက်သည်။  


"ငါ စာအိတ်အနီကိုလည်း မပြင်ဆင်ထားမိဘူး၊ မင်းတို့ ဒီလိုပေးလို့ စိတ်မရှိဘူးမဟုတ်လား"


ဘေးနားက ထိုင်နေသော ပန်းဟမ်သည် ငွေစက္ကူများကို လျှို့ဝှက်စွာ ကြည့်လိုက်သည်။  အပေါ်ထပ်ရှိ ငွေစက္ကူတွင် ၅၀၀ ဟူ၍ စာတန်းပါရှိသည်။ ဤငွေစက္ကူတစ်အုပ်သည် အနည်းဆုံး ရွှေအချိန် ၃,၀၀၀ မှ ၅,၀၀၀ အထိတန်ဖိုးရှိသည်။ သူနဲ့ ရုံရှားတို့ နှစ်ယောက်မှာ ပန်းမိသားစုရဲ့ တကယ့်သားက ဘယ်သူလဲ။


"ကျေးဇူးတင်ပါတယ် အဖေ" ရုံရှားက မငြင်းဘဲ သူ့အဝတ်ထဲသို့ ငွေစက္ကူအားလုံးကို ထည့်လိုက်၏။


"အမေလည်း လက်ဖက်ရည်သောက်ပါဦး"


ရုံရှားက တကယ့်သားအရင်း၊သို့မဟုတ် မြေးတစ်ယောက်လို သူမကို ဒူးထောက်ပြီး ဂါဝရပြုမည်ဟု ယင်းရှစ် မမျှော်လင့်ထားခဲ့ချေ။ သူမ ရုံရှား လက်ထဲမှ လက်ဖက်ရည်ကို ယူကာ အားလုံးကုန်အောင် သောက်လိုက်သည်။  ထို့နောက် စာအိတ်အနီနှစ်လုံးကို ထုတ်ကာ ရုံရှား၏လက်ထဲသို့ ထည့်လိုက်သည်။  ထို့နောက် မူလက ပန်းဟွာနှင့် ပန်းဟမ်အတွက် ပြင်ဆင်ထားသော စာအိတ်အနီလေးအား သမက်ဖြစ်သူကိုသာ ပေးလိုက်တော့သည်။



"သမီးဟာက ဘယ်မှာလဲ"  ပန်းဟွာသည် မိဘများက ရုံရှားအား ငွေစက္ကူနှင့် စာအိတ်အနီများ ပေးသည်ကို ကြည့်နေသည်။ ယခုထိ သူမ လက်ထဲမှာ ဘာမှမရှိသေး။သူမ နှုတ်ခမ်းစူလိုက်က


"အမေတို့ ဘက်လိုက်လို့မရဘူးနော်"


ယင်းရှစ်က 


"သမီးက နှစ်သစ်ကူးမှာ ပိုက်ဆံရလာတာ မွေးကတည်းကလေ...ဒီနှစ်တော့ ရုံရှားကို ပေးမယ်၊နောက်မှ သမီးတို့  မောင်နှမကို ပေးမယ်"


ပန်းဟွာ နှင့် ပန်းဟမ် ......


သူတို့ နှစ်ယောက်လုံးကို လမ်းပေါ်ကနေ ခေါ်လာပြီး မွေးစားခဲ့တာလား...


ထိုအခါ ရုံရှားက ပန်းဟွာအား ငွေစက္ကူနှင့် စာအိတ်အနီများ ပေးလိုက်သည်။


  "ကိုယ်ဥစ္စာက မင်းလည်းပိုင်ပါတယ်"


ပန်းဟွာက သူ့ပါးကိုတစ်ချက်ဖျက်ညှစ်လိုက်ရင်း


"တော်လိုက်တဲ့ လူချောလေး....",


ပန်းဟမ် : ဟားဟား၊ ဒီမိသားစုမှာ သူပဲ သားအရင်းမဟုတ်တာထင်ပါရဲ့...


ပန်းမိသားစုကို ရောက်ပြီးနောက်၊ ရုံရှားသည် နှစ်သစ်ကူးအကြိုအား ဤကဲ့သို့ ကုန်ဆုံးနိုင်သည်ကို သဘောပေါက်ခဲ့သည်။အစေခံများထံမှ ဂါဝရပြုခြင်းခံရဖို့ မလိုသလို ဒူးထောက်ပြီး အကြီးအကဲများ၏ ဆုံးမစကားကို နားထောင်ဖို့လည်း အချိန်ဖြုန်းစရာမလိုပေ။ မိသားစုနှင့်အတူထိုင်ကာ သစ်သီးများနှင့် အဆာပြေစားကြပြီး ဂီတသမားများ၊ အဆိုတော်များ၊ ပုံပြင်ပြောသူများနှင့် အကသမားများ၏ ဖျော်ဖြေမှုများကို ကြည့်ရှုကြရသည်။  သက်ကြီးရွယ်အိုများကလည်း စည်းမျဉ်းများကို ဂရုမစိုက်ဘဲ အတူတူထိုင်ကာ ပျော်ရွှင်ရယ်မောဖြစ်ကြသည်။သအားလူံတန်းတူရည်တူပင်။


ညရောက်သောအခါတွင် မြို့တော်တစ်ခုလုံး မီးရှူးမီးပန်းများ ထွန်းညှိသည်။  ပန်းဟွာသည် မီးရှူးမီးပန်းများအောက်မှ မိဘများ၏ မျက်နှာကို ကြည့်ပြီး ပြန်ရမည့်အချိန်ရောက်လာ၍ ခွဲခွာဖို့ ဝန်လေးမိလေသည်။ 


 "သွားကြရအောင်"


ယနေ့တွင် ရုံရှားသည် နှစ်သစ်ကူးအကြိုဂုဏ်ပြုရန် သူမနှင့်အတူ ကျင့်ထင်အိမ်တော်သို့ လိုက်ပါခဲ့သည်။ ညချမ်းအချိန်အခါကိုတော့ ဤအိမ်တော်မှာ ကုန်ဆုံး၍မဖြစ်ပေ။ကံကောင်းထောက်မစွာ၊ ယနေ့ညတွင် ကာဖျူးမရှိသောကြောင့် နောက်မှပြန်လာလျှင် အရေးမကြီးပေ။


"ဘယ်သွားမှာလဲ" ရုံရှားက သူမလက်ကိုဆွဲကာ ပြုံးလိုက်သည်။  "နှစ်သစ်မှာ မိသားစုနဲ့ အတူရှိနေရမယ်မလား"


ပန်းဟွာ၏ လက်ချောင်းများ တုန်လှုပ်သွားသည်။  "ရှင် ပြောချင်တာက…"


"ကိုယ်တို့ ဒီည မင်းရဲ့ အိပ်ဆောင်ထဲမှာနေကြမယ်၊ မင်းကိုလက်ထပ်ဖို့ လာခေါ်တုန်းက ကိုယ် မင်းအိပ်ဆောင်ကိုတောင် သေချာကြည့်ဖို့ အချိန်မရှိခဲ့ဘူး"


ပန်းဟွာ ကြည်နူးစွာပြုံးလိုက်၏။


 "ကောင်းပါပြီရှင်"


ပန်းများက အပင်များထက်ဝယ် ပွင့်ခဲနေကြသည်။ လရောင်အောက်မှာ မြင်နေရသော ရုံရှား မျက်နှာက ဝင်းပကြည်လင်နေ၏။သူမ သူ့လက်ကို ဆုပ်ကိုင်ထားလိုက်သည်။


"သခင်ကြီး၊ ဧကရာဇ်က ဟင်းပွဲတွေ လက်ဆောင်ပေးလိုက်ပါတယ်"


"ဘိုးဘေးတွေရဲ့ အထိမ်းအမှတ်ကျောက်တိုင်တွေမှာ ပူဇော်ထားလိုက်ပါ၊ ဒါက ဧကရာဇ် ပေးတာဆိုတော့ ငါတို့ လျှောက်လုပ်ပစ်လို့မရဘူး"

  

ပန်းဟွိုက်သည် ဟင်းပွဲ သေတ္တာနှစ်လုံးကို ကြည့်ပြီး မဆိုင်းမတွ ပြောလိုက်သည်။


“ဒါက…” 


ယင်းရှစ်သည် လက်ဆောင်ကိုထုပ်ပိုးသောဘူးတွင် ရေးထားသည့် စာလုံးများအား ကြည့်လိုက်၏။ သေတ္တာနှစ်ခုမှာ လက်ရေးက မတူပေ။တစ်ခုက ဧကရာဇ်၏ လက်ရေးနှင့်တူသည်၊ နောက်တစ်ခုက အိမ်ရှေ့စံ၏ လက်ရေးနှင့်တူနေသည်။


"ဒါ အိမ်ရှေ့စံရဲ့လက်ရေးများလား"


အိမ်ရှေ့စံက အရှေ့နန်းတော်မှာ အကျယ်ချုပ်ကျနေတာ  မဟုတ်လား...


ရုံရှားသည် စာလုံးများအား သေချာ ကြည့်လိုက်သည်။  


“တကယ် အိမ်ရှေ့စံရဲ့ လက်ရေးပဲ”


"ဒါဆို အိမ်ရှေ့စံ လွတ်မြောက်ပြီလား"  ပန်းဟွာသည် အိမ်ရှေ့စံကို ပို၍ချစ်ခင်သူပီပီ ဝမ်းပန်းတသာပြောလိုက်တာကြောင့် ရုံရှား ပြုံးလိုက်ရင်း


"မသေချာပါဘူး၊ ဖြစ်တော့ဖြစ်နိုင်တယ်၊ နှစ်သစ်ကူးအကြိုနေ့မှာ ဧကရာဇ်က အိမ်ရှေ့စံကို သော့ခတ်ပိတ်ထားမှာ မဟုတ်ဘူး"


ကြည့်ရသည်မှာ ဧကရာဇ်သည် နင်းဝမ်မင်းသားကို ဆက်ပြီး မြှောက်စားလိုခြင်း ရှိဟန်မတူတော့ပေ။




xxxxx