Chapter 141
"ကျွင်းကျူး၊ ကောကုန်း ကျေးဇူးပြုပြီး ဒီကိုလာပါ"
မီးပုံးကိုင်ထားသော အစေခံမိန်းကလေးက ရှေ့မှ လျှောက်သွားသည်။ ရုံရှားသည် ပန်းဟွာ၏လက်ကို ဆုပ်ကိုင်ကာ အကွေ့အကောက်များသော စင်္ကြံပတ်ပတ်လည်သို့ လျှောက်သွားလိုက်လျှင် ပန်းဟွာ၏ ခြံဝင်းထဲသို့ ရောက်သွားသည်။
ခြံဝင်းကို သပ်သပ်ရပ်ရပ် တည်ဆောက်ထားသည်။ နှင်းများဖုံးလွှမ်းနေသော်လည်း အိမ်ပိုင်ရှင်သည် ဤခြံဝင်းကို ဒီဇိုင်းဆွဲရာတွင် များစွာအားစိုက်ထုတ်ထားသည်ကို တွေ့မြင်နိုင်သေးသည်။
အစေခံမိန်းကလေးက တံခါးကိုတွန်းဖွင့်လိုက်သည်။အခန်းသည် အလွန်သန့်ရှင်းပြီး အနီရောင်ပိတ်စ ကန့်လန့်ကာထက်ဝယ် သလဲသီးများ၊ပန်းပွင့်ပုံများ ဆေးခြယ်ထားသည်။ပန်းဟွာက နောက်မှ အစေခံမိန်းကလေးကို လှည့်ကြည့်လိုက်ရင်း
"လူနည်းနည်းပဲ နေရစ်လိုက်ပါ၊ကျန်တဲ့သူ ထွက်သွားနိုင်တယ်"
"ဟုတ်ကဲ့"
အစေခံမိန်းကလေးများသည် အခန်းထဲမှာ ဖယောင်းတိုင်ထွန်းခဲ့ပြီး ပန်းဟွာ နှင့် ရုံရှားကို ဦးညွှတ်၍ထွက်သွားကြသည်။
"ဒါဟာ ကိုယ့်ဘဝရဲ့ ပထမဆုံးအကြိမ် အမျိုးသမီးအိပ်ဆောင်ထဲကို ဝင်ဖူးတာပဲ"
ရုံရှား ကုတင်အနီးသို့ လျှောက်လာရင်း ကုတင်ခေါင်းရင်းမှာ အံဆွဲငယ်တစ်ခုကို တွေ့လိုက်ရ၏။ သူ ဆွဲဖွင့်လိုက်သည်နှင့် အထဲမှာ မုန့်အချို့ကို တွေ့လိုက်ရသည်။ သူက ပန်းဟွာကို လှည့်ကြည့်ပြီး
"အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်၊ကိုယ်လည်း အခန်းထဲမှာ ဒီလို လုပ်ခိုင်းဦးမယ်"
"အဲဒါက ခန်းဝင်ပစ္စည်းအဖြစ် ရထားတာလေ၊ အံဆွဲပါ ပါတဲ့ဟာမျိုး"
ပန်းဟွာသည် မျက်နှာပေါ်ရှိ မိတ်ကပ်များကို ဆေးကြောသန့်စင်ပြီး သက်တောင့်သက်သာရှိသော ညဝတ်ဂါဝန်အား ပြောင်းလဲဝတ်ဆင်လိုက်သည်။
"ခြေလက်ဆေးကြောပြီး အိပ်မယ်လေ"
သူမ ခြေဖဝါး ရေစိမ်နေသည်ကို မြင်သော် ရုံရှားလည်း လျှောက်လာပြီး သူ့ခြေထောက်ကိုပါ ထိုခွက်ထဲသို့ ထည့်လိုက်သည်။ ပန်းဟွာက သူ့ခြေထောက်ကို လှမ်းနင်းထားလိုက်သည်။
"ကျွန်မနဲ့အတူ မစိမ်နဲ့၊ကိုယ့်ဟာကိုယ်စိမ်လေ၊ ဒီမှာ ရေသိပ်ပေါတယ်"
"ရေကိုချွေတာရမယ်လေ၊အပြင်မှာ အရမ်းအေးတယ်၊အစေခံတွေလည်း ရေပြေးပြီးမခပ်ချင်လောက်ဘူး"
ထောင့်မှာရပ်နေသော အစေခံမိန်းကလေးက ရိုးရိုးသားသားပြောသည်။
"ကောကုန်း၊ ဟိုဘက်ခန်းက မီးဖိုပေါ်မှာ ရေနွေးတွေ ရှိပါသေးတယ်၊ ကျွန်မတို့ ဒုက္ခ မများပါဘူး"
"အဆင်ပြေပါတယ်၊ မင်းရဲ့ ကျွင်းကျူး နဲ့ ငါ အတူသုံးလို့ရတယ်"
ရုံရှား အလိမ်ပေါ်သွားသော်လည်း သူက ရှက်သွားဟန်မပြဘဲ ခပ်တည်တည်ပင်။သူက ပန်းဟွာ၏ ခြေဖဝါးများကို သူ့ခြေချောင်းများဖြင့် ညင်သာစွာ ကုတ်ခြစ်လိုက်၏။ထိုအခါ ပန်းဟွာက သူ့ခြေထောက်ကို ထပ်ပြီး နင်းလိုက်ပြန်သည်။
ခြေထောက်စိမ်ပြီးနောက် ရုံရှားသည် သူမကို အိပ်ရာပေါ်သို့ ပွေ့ချီသွားသည်။ အိပ်ယာကို ရေနွေးပူပူနှင့် ကြိုတင်အပူပေးထား၍ နွေးနေ၏။ပန်းဟွာသည် စောင်ခြုံထဲတွင် ပက်လက်လှန်အိပ်ပြီး တစ်ချက်သမ်းဝေလိုက်ကာ၊
"သန်းခေါင်ကျော်နေပြီ အိပ်ရအောင်"
ရုံရှားက သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူမ တကယ် အိပ်ငိုက်နေသည်ကို မြင်လိုက်ရ၍ သူမ၏ မျက်ခုံးနှစ်ခုကြားကို ညင်သာစွာ နမ်းလိုက်သည်။
"အိပ်မက်လှလှ မက်ပါစေ"
ပန်းဟွာသည်လည်း သူ့ရင်ဘတ်ပေါ် လက်တင်ထားကာ နှလုံးခုန်သံကို နားထောင်ရင်း အိပ်ပျော်သွားသည်။
.......
"မင်းဟာ ကောင်းကင်ထက်က နတ်သမီးလေးလို လှပနေရင်တောင် ငါ့ရဲ့ခံစားချက်တွေကို မင်း အတင်းအကြပ် လုပ်ယူလို့မရဘူး၊ ငါ့ကို သွားခွင့်ပြုပါ၊မင်း ငါ့ကို လက်လွှတ်လိုက်ပါ"
"ရှင့်ကိုယ်ရှင် ဘာထင်နေတာလဲ၊ရှင်က ကျွန်မကို ငြင်းဖို့ ထိုက်တန်လို့လား"
မြင်းပေါ်က အနီရောင်ဝတ် အမျိုးသမီးသည် မေးစေ့ကို အနည်းငယ် မြှောက်၍ မောက်မာစွာဖြင့် အောက်ကလူကို ပြန်ပြောနေသည်။သူမပုံစံက ထိုသူအား ရွံရှာနေပုံပေါက်နေသည်။
"ရှင် ကျွန်မကို ဒီလိုလုပ်လို့မရဘူး၊အခုကျမှ ရှင့်ရဲ့ ခံစားချက်တွေကို လာမပြောနဲ့၊ ရှဲ့ချီလင်း....အဲဒီတုန်းက ကျွန်မ ရှင့်က်ို လက်ထပ်ဖို့ ဆန္ဒရှိတယ်ဆိုတာ ရှင့်ရုပ်ရည်က သိပ်မဆိုးလို့ပဲ၊ ဒီနေ့ ရှင် တခြားတစ်ယောက်နဲ့ ပေါင်းသင်းမယ်ဆိုတာကို ကျွန်မ မတားဘူး ဒါပေမယ့် ရှင်တို့နှစ်ယောက် နောင်တမရကြဘူးလို့ မျှော်လင့်တယ်"
"မင်းရဲ့ စေတနာအတွက် ကျေးဇူးအများကြီးတင်ပါတယ်၊ငါ နောင်တမရပါဘူး"
မြင်းပေါ်က အမျိုးသမီးသည် ရယ်မောလိုက်ပြီး လှောင်ပြောင်သည့် မျက်လုံးများဖြင့်ကြည့်နေသည်။
"ရှင်နဲ့ တူတဲ့ ယောက်ျားတွေကို ဝတ္ထုထဲမှာ ကျွန်မတွေ့ဖူးတယ်"
ပြီးလျှင် သူ့ဘေးမှာ ရပ်နေသည့် အမျိုးသမီးထံကို အထုပ်တစ်ခု ပစ်လိုက်သည်။
"ဒါက ရှင့်အတွက် ကျေးဇူးတရားရဲ့ သင်္ကေတတစ်ခုပဲ၊ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မ ရှင်က ဘယ်လိုလူလဲဆိုတာကို တသက်လုံးသိရမှာမဟုတ်တော့ဘူး"
အရုဏ်ဦး၏ အလင်းရောင်အောက်တွင် သူမ၏ မျက်နှာသည် နီမြန်းနေပြီး နှုတ်ခမ်းများက ပြုံးနေသည်။ သူမ၏ တောက်ပသော မျက်လုံးတစ်စုံသည်လည်း အေးစက်ခြင်းများဖြင့် ပြည့်နှက်နေသည်။
"ဒုတိယသခင်လေး၊ဒုတိယသခင်လေး၊ အကြီးဆုံးသခင်လေး အဖျားပြန်တက်လာတယ်၊သမားတော်ကလည်း အခြေအနေမကောင်းဘူးလို့ပြောတယ်၊ သွားကြည့်သင့်ပါတယ်"
ရှဲ့ချီလင်း မျက်လုံးဖွင့်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်မှာ မလင်းသေးပေ။အစေခံ၏ အလောသုံးဆယ် အသံကိုကြားရပြီး သူ ဝတ်ရုံကို အလျင်အမြန်ဝတ်လိုက်သည်။သူ့အပြင်ဘက်ဝတ်ရုံကို ဝတ်ဖို့ပင်မချိန်မရလိုက်၊ တံခါးဖွင့်ပြီး အပြင်ထွက်လိုက်၏။
"အစ်ကိုကြီး နေမကောင်းဘူးလား"
"မနေ့ညက ယာဂုစားပါတယ်၊အခုကျမှ ကိုယ်ပူလာတာပါ"
အစေခံသည် မီးပုံးကို ကိုင်ဆောင်ကာ နှင်းထုထဲတွင် ဖြတ်လျှောက်သွားသည်။ ကောင်းကင်က မလင်းသေး၊ အိမ်က အစေခံ အားလုံး အိပ်ပျော်နေကြပြီမို့ နှင်းများအား မရှင်းလင်းရသေးချေ။
"သမားတော်တွေ ဘယ်မှာလဲ"
အစေခံခမျာ ပြေးရင်းလွှားရင်းရှင်းပြနေသည်။
“သမားတော်တွေနဲ့ အပြင်က ဖိတ်ခေါ်ထားတဲ့ ဆေးဆရာ တော်တော်များများ ဒီကို ရောက်နေကြပါပြီ၊ သူတို့က အခြေအနေ မကောင်းဘူးလို့ ပြောပါတယ်"
ရှဲ့ချီလင်း မျက်နှာအမူအရာပြောင်းသွားပြီး သူ့ခြေလှမ်းများ မြန်လာသည်။ အစ်ကိုအကြီးဆုံး၏ ခြံဝင်းထဲသို့ လျှောက်သွားရင်း သူ့အမေ၏ အော်ဟစ်သံနှင့် ဖခင်ဖြစ်သူ၏ ဒေါသတကြီး ဆူပူကြိမ်းမောင်းသံကို ကြားလိုက်ရသည်။
"မင်းတို့ကို ငှားဖို့ ငါတို့ ပိုက်ဆံအများကြီးကုန်ထားတာ၊ မင်း ငါတို့ကို ဘာလို့ တန်ရာတန်ကြေး ပြန်မပေးတာလဲ၊မင်း ကိုယ့်ကိုကိုယ် သမားတော်လို့ခံယူထားပြီး ငါ့သားကို ဘာလို့ မကုနိုင်ရတာလဲ"
"အဖေ!" ရှဲ့ချီလင်းသည် အဖေဖြစ်သူ၏ ဒေါသနှင့်ဝမ်းနည်းစိတ်ကြောင့် နောက်ဆက်တွဲဆိုးကျိုးများကို မတွေးဘဲ စိတ်ပါလက်ပါပြောလိုက်မှာကို စိုးရိမ်မိသည်။ဤသမားတော်များကို စော်ကားပြောဆိုလိုက်လျှင် သူ့အစ်ကိုကြီးအတွက် မကောင်းပေ။ယခု အစ်ကိုအကြီးဆုံးက ကုသမှုခံယူဖို့ လိုအပ်နေပါသေးသည်။ အတတ်နိုင်ဆုံး သမားတော်များအား စော်ကား၍မရပါချေ။
"ကျုံးဖျင်နယ်စားမင်း" သမားတော်နှစ်ယောက် မတ်တပ်ရပ်လိုက်ပြီး သူတို့ထဲက တစ်ယောက်မှ ပြောသည်။
"ကျွန်တော်တို့ နှစ်ယောက်က သိပ်မကျွမ်းကျင်ပေမယ့် ပန်းဟွာကျွင်းကျူး က ခန့်ထားတဲ့ သမားတော်တွေပါ၊ ကျွန်တော်တို့က ကျုံးဖျင်နယ်စားမင်း ထဲက လူတွေမဟုတ်ဘူး၊ ခွေးကိုမရိုက်ခင် ပိုင်ရှင်ကို ကြည့်ရမယ်ဆိုတဲ့ စကားလိုပဲ၊ ကျွန်တော်တို့နှစ်ယောက်က ကျုံးဖျင်နယ်စားမင်း ရဲ့မျက်လုံးထဲမှာ ခွေးလောက်တောင် မကောင်းနိုင်ပေမယ့် ပန်းဟွာကျွင်းကျူး ကသာ ကျွန်တော်တို့ကို ဆူပူကြိမ်းမောင်းပိုင်ခွင့်ရှိတယ်၊နယ်စားမင်းမှာ အဲဒီလိုလုပ်ပိုင်ခွင့်မရှိဘူး"
အခြားသမားတော်ကလည်း ပြောသည်။
“ပန်းဟွာကျွင်းကျူး မင်္ဂလာဆောင်တဲ့နေ့မှာ အလောတကြီးကျွန်တော်တို့ကို နယ်စားမင်းပဲ အခေါ်လွှတ်တာလေ၊ ကျွင်းကျူးက သဘောထားကောင်းလို့သာ ကျွန်တော်တို့နှစ်ယောက်ကို လာခွင့်ပြုတာ၊ အခု နယ်စားမင်းက ကျွန်တော်တို့ရဲ့ ဆေးပညာအရည်အချင်းကို မကြိုက်တဲ့အတွက် ကျွန်တော်တို့ကို သွားခွင့်ပြုပါ"
ကြားထဲက ရှဲ့ချီလင်း ရှေ့ကိုလျှောက်လာပြီး ဦးညွတ်တောင်းပန်ရလေသည်။
"သမားတော်နှစ်ယောက်၊ ကျေးဇူးပြုပြီး နေပါဦး....ကျွန်တော့်အဖေ ဒေါသထွက်လို့ ပြောမိတာပါ၊ သူ့ကို ခွင့်လွှတ်ပါ"
"ဒုတိယသခင်လေး တောင်းပန်ပါတယ်၊ကျွန်တော်တို့ နှစ်ယောက်က အရေးမကြီးပါဘူး၊ဒါပေမယ့် ကျုံးဖျင်နယ်စားမင်းက ကျွန်တော်တို့ကို ဆူပူကြိမ်းမောင်းတာက ပန်းဟွာကျွင်းကျူးကို ဂရုမစိုက်တာနဲ့ အတူတူပါပဲ၊ ဆိုရိုးစကားအတိုင်းပေါ့ဗျာ... ဘုရင်ကို အရှက်ခွဲတဲ့ အရာရှိတွေ သေရလိမ့်မယ်၊သခင်စိတ်ဆိုးရင်လည်း အစေခံတွေ သေရတာပါပဲ၊ ဒုတိယသခင်လေး ၊ ထပ်ပြောစရာ မလိုပါဘူး၊ သွားတော့မယ်"
သမားတော်နှစ်ယောက် စကားပြောပြီးသည့်အခါ ရှဲ့ချီလင်း တောင်းပန်သည်ကို ဂရုမစိုက်ဘဲ ပြန်သွားတော့သည်။
ရှဲ့ချီလင်း သမားတော်နှစ်ယောက်၏ နောက်ကျောကို ကြောင်တက်တက် စိုက်ကြည့်နေမိသည်။ယခုထိ သူ စကားတစ်ခွန်းမှ မပြောနိုင်သေး။ ပန်းမိသားစုဝင်များသည် အမြဲလိုလို ဤအတိုင်းပင်။ ချစ်လျှင်လည်း အတော်ကောင်းပေးသလို၊မုန်းလျှင်လည်း တစ်ဆုံးပင်။အစေခံများကတောင် သူတို့သခင်ကို ကာကွာ်ပေးကြသည်။စစ်ဘက်ရေးရာအသိုင်းအဝိုင်းမှ ဆင်းသက်လာသည်ဟု အတပ်ပြောနိုင်သည်။
"အဖေ" ရှဲ့ချီလင်းက ကျုံးဖျင်နယ်စားမင်း၏ ရှေ့ကိုသွားကာ "အစ်ကိုကြီး ဘယ်လိုနေသလဲ"
ကျုံးဖျင်နယ်စားမင်းသည် စိတ်ဆင်းရဲသည့် မျက်နှာဖြင့် ခေါင်းယမ်းလိုက်သည်။
" ချီလင်း၊ ဒီဘဝမှာ အဖေ နောင်တရဆုံးအရာက မင်း ညီမလေးကို နင်းဝမ်မင်းသားနဲ့ လက်ထပ်ခွင့်ပေးလိုက်တာပဲ၊ ငါတို့မိသားစုကို နင်းဝမ်မင်းသားက သူနဲ့ တခရီးတည်းဖြစ်အောင် သူ့လှေပေါ်တင်လိုက်ပြီ"
ရှဲ့ချီလင်းသည် ကုတင်ပေါ်တွင် လဲလျောင်းနေသော ရှဲ့ကျုံးကျင်းကိုကြည့်နေသည်။အစ်ကိုဖြစ်သူခမျာ သေမှန်း၊ရှင်မှန်း မသိရအောင် ရောဂါခံစားနေရ၏။
“ဒါဆို ငါတို့မိသားစုက သူ့လှေပေါ်ကဆင်းရမယ်”
ကျုံးဖျင်နယ်စားမင်း၏ အမူအရာမှာ လုံးဝပြောင်းလဲသွားသည်။ သူ့နှုတ်ခမ်းများက တဆတ်ဆတ်တုန်ပြီး တစ်ကိုယ်လုံး ကုလားထိုင်ပေါ်မှာ တုန်ယင်နေတော့သည်။
မိုးမလင်းသေးခင် ဝေလီဝေလင်းအချိန်ဆိုသည်ကား စိတ်ကိုလေးလံစေတတ်ပေ၏။
အိပ်မက်မဲ့သော ညတစ်ခုကုန်ဆုံးသွားခဲ့သည်။ ရုံရှား နိုးလာသောအခါ ကောင်းကင်က တောက်ပနေပြီး မိုးလင်းနေပြီဖြစ်သည်။ ပန်းဟွာ အိပ်ပျော်နေသေးသည်ကို သူမြင်လိုက်ရပြီး သူ့လက်မောင်းကို သူမခေါင်းအောက်မှ ဂရုတစိုက် ဆွဲထုတ်လိုက်သည်။ သူ အစေခံများအား ရေယူလာစေကာ၊ဆေးကြောသန့်စင်ပြီးနောက် အပြင် အင်္ကျီကို ၀တ်ဆင်၍ နောက် အပြင်ခန်းသို့ တိတ်တဆိတ် လျှောက်သွားခဲ့သည်။
ပန်းဟမ် ဝင်လာသောအခါ၊ ရုံရှား မှာ သပ်သပ်ရပ်ရပ်ဝတ်စားထားပြီး အပြင်ခန်းရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူက အသံကို လျှော့ပြီး မေးလိုက်သည်။
"အစ်ကို အစ်မ အိပ်နေသေးလား"
ရုံရှား ခေါင်းညိတ်လိုက်သည်။ သူထပြီး တံခါးဝကို လှမ်းကြည့်ရင်း
"ညီလေး၊ ခြံထဲမှာ လမ်းလျှောက်ထွက်လို့ရမလား"
"အခု အပြင်မှာ နှင်းတွေကျနေတုန်းပဲ မနက်စာစားပြီးရင် အစ်ကို့ကို ကျွန်တော် ခေါ်သွားပါ့မယ်"
"ကျေးဇူးတင်ပါတယ်"
ပန်းဟမ်က မနေတတ်သလိုမျိုး သူ့လည်ဂုတ်ကို ပွတ်သပ်လိုက်ပြီး "ကျွန်တော့်ကို သိပ်ယဉ်ကျေးနေဖို့ မလိုပါဘူး၊ကျွန်တော်တို့မိသားစုက အဲဒါတွေကို ဂရုမစိုက်ဘူး၊အစ်ကို ကြာလာရင် နားလည်မှာပါ၊စည်းကမ်းတွေက တခြားသူတွေအတွက်ပဲ၊ကျွန်တော်တို့ မိသားသုဝင်တွေ စည်းကမ်းကို မလိုက်နာကြဘူးလေ"
"ဒါကြောင့် ဟွာဟွာ သိပ်ချစ်စရာကောင်းတာ မဆန်းပါဘူး"
ပန်းဟမ် ခေါင်းယမ်းမိသည်။ သူ့အစ်မကို ချစ်ဖို့ကောင်းတယ်လို့ ဘယ်လိုမျက်လုံးမျိုးနဲ့ကြည့်နေတာလဲ....သူ အစ်မဖြစ်သူရဲ့ အလှကို ချီးကျူးတာတော့ အမှန်ပါပဲ ဒါပေမယ့် ချစ်စရာကောင်းတယ်လို့ ပြောတဲ့အထိတော့...မဟုတ်သေးဘူးလားလို့....
ဤသည်မှာ အချစ်ဝင်လျှင် အပြစ်မမြင်ဆိုသော ဆိုရိုးအတိုင်းပင်ဖြစ်မည်မည်သို့ပင်ဆိုစေကာမူ မောင်တစ်ယောက်အနေဖြင့် ဤစကားများကို ယောက်ဖဖြစ်သူအား မပြောနိုင်ပေ။
မနက်စာစားချိန်ရောက်သည်အထိ ပန်းဟွာ မထသေးသဖြင့် ယင်းရှစ်က အနည်းငယ် ရှက်ရွံ့သွားပြီး ရုံရှားကို ပြောလိုက်၏။
"သမက်လေးကိုတော့ မရိုမသေဖြစ်စေမိပြီ"
"ရပါတယ်၊ အမေ သူမ ကောင်းကောင်းအိပ်နေတာ ကောင်းပါတယ်၊ သူမကို နည်းနည်းကြာကြာ အိပ်ခွင့်ပေးလိုက်လို့လည်း ဘာအန္တရာယ်မှ မရှိနိုင်ပါဘူး"
ယင်းရှစ်က ခြောက်သွေ့စွာရယ်မောပြီး ဘာမှထပ်မပြောတော့။ရုံရှားကသာ မကောင်းသည့်စကားမျိုး ပြောလာပါက၊ ပန်းဟွာကို သူမ ဆူပူကြိမ်းမောင်း၍ အတင်းနှိုးမိပေမည်။ သို့သော်လည်း ရုံရှား၏ ကျေနပ်နေဟန်အမူအရာကိုကြည့်ရင်း သူမ စိတ်ချမ်းသာသလိုဖြစ်သွားမိ၏။
မနက်စာစားပြီးနောက် ပန်းဟမ်သည် ရုံရှား နှင့်အတူ ခြံဝန်းအတွင်း လမ်းလျှောက်ထွက်ခဲ့သည်။
"အဲဒီ ဟိုဘက်က ခြံဝင်းငယ်လေးတွေ အားလုံးက လွတ်နေတာ၊ကျွန်တော်တို့ မိသားစုမှာ မိသားစုဝင်က များများစားစား မရှိဘူး၊ ဒါကြောင့် အဲဒီဝင်းငယ်တွေကို အသုံးမပြုတော့တာ၊စာသင်ခန်းနဲ့ ဥယျာဉ်ခြံပဲ သုံးပြီး ကျန်တဲ့ ခြံတွေကို သော့ခတ်ထားတာလေ"
ပန်းဟမ်သည် ရုံရှားကို ဥယျာဉ်ခြံထဲသို့ ခေါ်သွားသည်။အထဲမှာ လိမ္မော်ပင်များ စိုက်ထားပြီး အကိုင်းအခက်ပေါ်မှာ လိမ္မော်သီးတချို့ သီးနေကြသည်။ ဤလိမ္မော်သီးများသည် ကောင်းစွာမကြီးထွားသော်လည်း အနီရောင်အဆင်းရှိတာကြောင့် မျက်စိပသာဒဖြစ်စေလေသည်။အသီးအနှံများကို မည်သူမျှ မခူးဆွတ်ကြသောကြောင့် အများစုမှာ ရင့်မှည့်ပြီး မြေပေါ်သို့ ကြွေကျသွားသည်။ အကိုင်းအခက်ပေါ်မှ အသီးများကလည်းသိပ်မကောင်းပေ။ ညှိုးနွမ်းပြီး ခြောက်ကပ်ကပ်ဖြစ်နေကြသည်။
"အဖွားရဲ့ အိမ်တာ်မှာ ဥယျာဉ်ခြံတစ်ခုရှိတယ်၊အဘိုးက အရမ်းသဘောကျတာလေ၊ နောက်တော့၊ ကျွန်တော်တို့မိသားစုက အိမ်တော်ထဲကို ပြောင်းရွှေ့ပြီးတဲ့အခါ တော်ဝင်မင်းသမီးအိမ်တော်ထဲကအတိုင်း ဒီလိုမျိုး ဥယျာဉ်တစ်ခုကို လုပ်ခဲ့တယ်၊ဒါပေမယ့် ကံမကောင်းစွာပဲ၊ အဖွားက ဒီဥယျာဉ်ကို လာခဲပါတယ်"
ပန်းဟမ်သည် အကိုင်းအခက်တစ်ခုမှ လိမ္မော်သီးတစ်လုံးကိုခူးပြီး အခွံခွာလိုက်သည်။ထိုအခါ လိမ္မော်သီးမှာ အစိုဓာတ်သိပ်မကျန်တော့ဘဲ ခြောက်သွေ့ပြီး ဖြူဖတ်နေသည်ကို တွေ့ရ၏။
"အစ်ကို့ကို ကျွေးမလိုဟာ၊အခုတော့ စားလို့မဖြစ်တော့ဘူး"
ပန်းဟမ်က စိတ်မကောင်းစွာနှင့် လိမ္မော်သီးအား နှင်းထုထဲကို ပစ်ချလိုက်သည်။ "အစ်မလည်း နိုးတော့မယ်၊ပြန်ကြရအောင်"
ရုံရှားက လိမ္မော်ပင်ကို ကြည့်ပြီး မေးသည်။ "ဟွာဟွာက ဒီတောကို ကြိုက်ရဲ့လား"
"သူမက ကျွန်တော့်ကို ဆော့ဖို့ တောထဲကို ခေါ်သွားဖူးတယ်၊နွေရာသီမှာပေ့်တဲ့ ပုစဉ်းရင်ကွဲတွေနဲ့တောင် ကျွန်တော် ကြောက်အောင်စသေးတယ်၊အစ်မရဲ့အကျင့်က သိပ်ရိုးတာ၊ နူးညံ့သိမ်မွေ့တာ တွေ မရှိပေမယ့် စိတ်ထားကတော့ သိပ်ကောင်းပါတယ်"
ပန်းဟမ်သည် စကား အကြောင်းအရာကို ပန်းဟွာ ဘက်သို့ ပြောင်းလိုက်သည်။
"သူမမှာ ချို့ယွင်းချက်တွေ အများကြီးရှိပေမယ့် မိန်းကလေးကောင်းတစ်ယောက်ပါ"
ရုံရှားအား သူ့အစ်မကို ကောင်းကောင်း ဆက်ဆံပါဟု ပန်းဟမ်ကိုယ်တိုင် ထုတ်မပြောသော်လည်း၊သူ့စကား၏ အဓိပ္ပါယ်ကတော့ ရုံရှားအား ပန်းဟွာ ကို စိတ်မပျက်ဖို့ ဆိုလိုခြင်းပင်။
"အစ်ကို မင်းတို့ကို တကယ်အားကျပါတယ်"
ရုံရှားသည် သူ၏ ငယ်ဘဝအကြောင်းကို ပြန်တွေးကြည့်သော်လည်း အထူးတလည် စိတ်ဝင်စားစရာကိစ္စမျိုး မရှိပေ။ သူ၏ တစ်ခုတည်းသော ငယ်ဘဝအမှတ်တရမှာ သူ့အသက်ဆယ့်တစ်နှစ်ခန့်က ဖြစ်သည်။သူသည် ငါးနှစ် ၊ခြောက်နှစ်အရွယ် ကလေးတစ်ဦးကို အေးခဲနေသော ရေခဲပြင်ပေါ်တွင် ဆော့ကစားရန် တိတ်တဆိတ် ခေါ်သွားခဲ့သည်။ နောက်ပိုင်းတွင် သူ့အမေက သူ့အင်္ကျီများ ရေစိုနေသည်ကိုမြင်သော် ဒေါသထွက်ပြီး သူ့ကို ရက်အတော်ကြာ လျစ်လျူရှုခဲ့သည်။
နောက်ပိုင်းတွင် အေးခဲနေသော ရေခဲများသည် အလွန်အန္တရာယ်များကြောင်း သူသိလာသည်။ ကံကောင်းထောက်မစွာ၊ ထိုနေ့က ဘာမှမဖြစ်ခဲ့ပါ။သူနှင့်ထိုကလေး ရေမနစ်သည်မှာ တော်သေးသည်ဟုဆိုရမည်။
ကလေးက သစ်သားပျဉ်ပြားပေါ်တွင်ထိုင်၍ သူ့အား ဆွဲခိုင်းခဲ့သည်။သူကတော့ ဆွဲပေးဖို့ငြင်းဆန်ခဲ့၏။ ကလေး၏ ပုံသဏ္ဍာန်ကို မမှတ်မိသော်လည်း ထိုကလေး နှုတ်ခမ်းစူကာ စိတ်ကောက်နေခဲ့ပုံကိုသာ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။
ပန်းဟမ်က လက်ကာပြရင်း "အားကျစရာ ဘာရှိလို့လဲ"
"ကိုယ်နဲ့အတူတူ ကြီးပြင်းလာမယ့်အဖော်လေးရှိတာ သိပ်ကောင်းတာပဲပေါ့"
"အစ်ကို့မှာ အကိုကြီးရှိတယ်မလား၊ သူနဲ့အတူတူ ကြီးပြင်းနိုင်တာပဲ"
ပြောပြီးမှ ပန်းဟမ် တစ်ခုခုမှားနေမှန်း သိလိုက်ရသည်။ ရုံမိသားစု၏ အကြီးဆုံးသားသည် လွန်ခဲ့သော နှစ်အနည်းငယ်က နာမကျန်းမှုဖြင့် ကွယ်လွန်ခဲ့သည်။ သူ အတိတ်ကို ပြောနေတာက ရုံရှား၏ ဝမ်းနည်းကြေကွဲနေပြီးသား နှလုံးသားကို ဓားနဲ့ ထိုးလိုက်သလိုပင် မဟုတ်ပါလား။
"တောင်းပန်ပါတယ်…အစ်ကို"
ရုံရှားက ခေါင်းခါလိုက်ပြီး "ကိစ္စမရှိပါဘူး၊ အားလုံးက အတိတ်မှာပါပဲ၊ ပြောလို့မရတဲ့ အရာဆိုတာ တစ်ခုမှ မရှိပါဘူး"
သူနှင့် သူ့အစ်ကိုအကြီးဆုံး၏ ဆက်ဆံရေးက သိပ်မကောင်းချေ။ သူတို့သည် ညီအစ်ကိုများဖြစ်ကြသော်လည်း ရုံမိသားစု၏ ဓလေ့ထုံးတမ်းကြောင့် တရင်းတနှီးမနေခဲ့ရပေ။ခင်မင်ရင်းနှီးသည်ဆိုခြင်းထက် တစ်ယောက်ကိုတစ်ယောက် ပိုလေးစားချစ်ခင်ကြသည်။သူတို့သည် အပြောအဆိုကအစ "စည်းကမ်း" ဆိုသည့် စကားလုံးနှင့် ပိုင်းခြားထား၏။
ပန်းဟွာသည် လက်ထဲတွင် အနွေးအိတ်ကိုကိုင်၍ စင်္ကြံတွင်ရပ်နေပြီး လက်ကို ဝှေ့ယမ်းကာ
"နှင်းတွေအရမ်းကျနေတယ်၊ ရှင်တို့ ဒီမှာဘာလာလုပ်နေတာလဲ၊လာပါ"
ပန်းဟမ် က သူမဆီကို ပြေးသွားပြီး "အစ်မ နောက်ဆုံးတော့ ထလာပြီပဲ"
ပန်းဟွာ၏ ပါးပြင်များ နီမြန်းလာကာ ရှက်သွားရသည်။
"မနေ့ညက အိပ်ချိန် အရမ်းနောက်ကျသွားလို့ပါ"
"အေးနေလား"
ရုံရှားက သူမ မျက်နှာကို ထိလိုက်သည်။ နူးညံ့ချောမွေ့သောအထိအတွေ့ကြောင့် မလွန်ဆန်နိုင်ဘဲ ထပ်ထိလိုက်မိပြန်သည်။
"ရှင့်လက်တွေ အေးနေပြီ၊ ဒါကို ကိုင်ထား" ပန်းဟွာက ရုံရှား ၏လက်ထဲကို အနွေးအိတ် ထည့်ပေးလိုက်ပြီး သူမ မျက်နှာကို လက်နှစ်ဖက်နှင့်အုပ်လိုက်၏။
"ကျွန်မ မျက်နှာကို မထိနဲ့နော်၊တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
ရုံရှားက သူမ လက်ကို ညှစ်လိုက်ပြီး အနွေးအိတ်အား သူမလက်ထဲ ပြန်ထည့်လိုက်သည်။
"မထိတော့ပါဘူး၊"
ထိုစဉ် ရူရီက လာပြောသည်။
"ကျွင်းကျူး၊ ကျုံးဖျင်နယ်စားမင်း ငှားထားတဲ့ သမားတော်နှစ်ယောက် ပြန်လာပါပြီ၊အခု ကျွင်းကျူးကို တွေ့ချင်နေကြပါတယ်"
ပန်းဟွာက မျက်ခုံးပင့်ကာ အံဩသွား၏။
"ရှဲ့မိသားစုရဲ့ အကြီးဆုံးသားက သမားတော် မလိုတော့ဘူးလား၊ဒါဆိုလည်း အိမ်ရှေ့ခန်းမှာ တွေ့ကြတာပေါ့"
ရှဲ့ကျုံးကျင်း ဓားထိုးခံခဲ့ရသည်မှာ ရက်အနည်းငယ်သာရှိသေးသော်လည်း သမားတော် မလိုအပ်တော့ဟု ဆိုနေပြန်သည်။
ဖြစ်နိုင်ပါ့မလား… သူ သေသွားပြီလား။
ပန်းဟွာသည် အိမ်ရှေ့ခန်းသို့ ရောက်လာသည်။ သမားတော်နှစ်ယောက်ပြောသည်ကို နားထောင်ပြီးနောက် သူမက "ရှင်တို့ ပြောတာမှန်တယ်၊ရှင်တို့ကို ဒုက္ခများစေမိပြီ၊ ကျေးဇူးပြုပြီး အိမ်နောက်ဖေးကိုသွားပြီး အနားယူပါ"
"ကျွင်းကျူးက သိပ်သဘောထားကြီးပေမယ့် ရှဲ့မိသားစုက ရိုင်းစိုင်းလွန်းပါတယ်၊ ကျွင်းကျူးကို ကျွန်တော်တို့ အပြစ်တင်စရာ အကြောင်းမရှိပါဘူး၊ကျွန်တော်တို့ သွားအနားယူလိုက်ပါဦးမယ်"
သမားတော်နှစ်ယောက် ထွက်သွားပြီးနောက် ပန်းဟွာ ရေရွတ်လိုက်၏။
“ရှဲ့မိသားစုဟာလေ သူများရဲ့စေတနာကို ဘယ်လိုတန်ဖိုးထားရမှန်း မသိကြဘူး၊ နောက်ဆို သူတို့မိသားစုထဲမှာ ဘယ်သူပဲ ဘာဖြစ်ဖြစ် မြေကြီးပေါ်မှာ ဒူးထောက်ပြီး အသနားခံရင်တောင် ကျွန်မ သူတို့ကို သမားတော်မငှားပေးတော့ဘူး"
"ဟုတ်တယ်၊ သူတို့ကို မငှားသင်ဘူး"
ရုံရှားကလည်း ခေါင်းညိတ်လိုက်သည်။
ပိုင်ရှိုဥယျာဉ် အပြင်ဘက်တွင် တောင်းပန်ရန် ရောက်ရှိလာသော ရှဲ့ချီလင်းသည် တံခါးအပြင်ဘက်တွင် ခဏရပ်နေခဲ့သည်။ ထိုစဉ် အစေခံတစ်ဦး ထွက်လာကာ ဦးညွှတ်လျက် ပြောသည်။
"ဒုတိယသခင်လေး၊ ကောကုန်းနဲ့ ကျွင်းကျူးတို့ ဥယျာဉ်မှာမရှိပါဘူး"
"ဒီမှာမဟုတ်ဘူးလား၊ သူတို့ ကောကုန်းချမ်အမ်ရဲ့ နေအိမ်ကို ပြန်သွားကြပြီလား" ရှဲ့ချီလင်းသည် သူ့ပခုံးပေါ်မှ နှင်းများကို ပွတ်သပ်ပြီး လေပူများကို ရှိုက်ထုတ်လိုက်သည်။
အစေခံက ခေါင်းယမ်းပြီး "မနေ့ကမှ ကောကုန်း နဲ့ ကျွင်းကျူးက ကျင့်ထင်အိမ်တော် ကို သွားပါတယ်၊အခုထိ ပြန်မလာသေးပါဘူး"
ရှဲ့ချီလင်း နားကြားမှားသွားသည်ဟုထင်မိသွားရသည်။
"ကျင့်ထင်အိမ်တော်၊ မနေ့ကမှ ပြန်သွားတယ်ဟုတ်လား"
"ဟုတ်ပါတယ်၊သူတို့နှစ်ယောက်ကိုတွေ့ချင်ရင် ကျင့်ထင်အိမ်တော် ကိုသွားသင့်ပါတယ်"
xxxxxx