အပိုင်း၁၄၂
Viewers 8k

Chapter 142



"ကျေးဇူးတင်ပါတယ်"


 "ကျွန်တော် မခံယူဝံ့ပါဘူး"


ရှဲ့ချီလင်းသည် မြင်းကိုစီးကာ အစေခံထံမှ ဝတ်ရုံကိုယူ၍ ချည်နှောင်လိုက်သည်။ ရုံရှားသည် နှစ်သစ်ကူးအကြိုတွင် ပန်းဟွာနှင့်အတူ ကျင့်ထင်အိမ်တော်သို့ လိုက်သွားမည်ဟု  သူလုံးဝမမျှော်လင့်ထားချေ။


" သခင်လေး၊ ကျွန်တော်တို့ ကျင့်ထင်အိမ်တော် သွားမလို့လား" 


မြင်းစီးလျက် ပါလာသူက ရှဲ့ချီလင်းကိုကြည့်လိုက်၏။ တကယ်တမ်းတွင်၊ သူသည် ကျင့်ထင်အိမ်တော်သို့ မသွားချင်ခဲ့ပေ၊ အကြောင်းမှာ မိသားစုနှစ်စု၏ သခင်များသည် တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းမဆုံကြသလို၊အစေခံများပင် အချင်းချင်း မတည့်ကြသောကြောင့် ဖြစ်သည်။


ရှဲ့ချီလင်း ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး "မလိုဘူး၊ ဒီနေ့ဟာ နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့ပါ၊ သူတို့ကို နှောင့်ယှက်ဖို့ မသင့်တော်ဘူး၊ လက်ဆောင်တွေနဲ့ ဖိတ်စာတွေကို ဒီမှာထားခဲ့လိုက်ပါ"


 "ဟုတ်ကဲ့"


ရှဲ့ချီလင်း အနည်းငယ် စိတ်တိုသွားသည်။ ရုံရှားသည် ပန်းဟွာ အတွက် ဤအတိုင်းအတာအထိ အရေးပါလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။  အမျိုးသမီးတစ်ဦး၏ အိမ်တွင် နှစ်သစ်ကူးကျင်းပပြီး နှစ်သစ်ကူးပထမနေ့တွင် ယောက္ခမအိမ်တွင်ပင် တည်းခိုသည်။  ဒါက သားအရင်လိုပဲ မဟုတ်လား...


ရုံရှားနှင့် ပန်းဟွာတို့သည် နှစ်သစ်ကူးပြီး သုံးရက်မြောက်နေ့အထိ ပန်းမိသားစု၏အိမ်တွင် နေထိုင်ခဲ့ကြသည်။ ထို့နောက် သူတို့အိတ်များကို ထုပ်ပိုးပြီး ပိုင်ရှိုဥယျာဉ်သို့ ပြန်ခဲ့ကြသည်။


ပန်းဟွာက စားပွဲပေါ် မှီပြီး ရုံရှားကို ကြည့်လိုက်သည်။


 "ယောက္ခမတွေအတွက် ဆီမီး နံ့သာထွန်းပြီး ဂါဝရပြုမှာလား"


ရုံရှားက သူမကို ပျားရည်တစ်ခွက် ထည့်ပေးရင်း "မင်းသွားချင်ရင် အချိန်မရွေး သွားနိုင်ပါတယ်"


မိဘများအတွက် လေးလေးနက်နက်ခံစားချက်မရှိသကဲ့သို့ ရုံရှား၏အမူအရာမှာ သာမာန်ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့် သူမလည်း ထပ်မပြောဖြစ်တော့ပေ။ 


 သုံးရက်လောက်ကြာသော် နှင်းအကျရပ်သွားသည်။ ရုံရှားက သူမကို အိမ်နောက်ဖေးရှိ အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး သက်ကြီးရွယ်အိုနှစ်ဦးနှင့် ရုံမိသားစု၏ အကြီးဆုံးသားဖြစ်သူတို့၏ အမှတ်တရ ကျောက်တိုင်များကို ပြသပေးသည်။ ထို့နောက် သူက  အမွှေးတိုင်များ ထွန်းညှိပေးပြီး


 "ကိုယ်တို့ ဂါဝရပြုဖို့ သင်္ချိုင်းကုန်းကို သွားစရာ မလိုဘူး၊ဒီမှာ ဆုတောင်းကြရအောင်"


အခန်းက နည်းနည်းအေးပြီး ဗလာဖြစ်နေသည်။ အထိမ်းအမှတ် ကျောက်ပြားနှစ်ပြားမှလွဲ၍ အခြားအလှဆင်ပစ္စည်းများ မရှိ‌။ အထိမ်းအမှတ်ကျောက်ပြားများနောက်တွင် ပန်းချီကားနှစ်ချပ်၊ ဘယ်ဘက်တွင် အမျိုးသားတစ်ဦးနှင့် ညာဘက်တွင် အမျိုးသမီးတစ်ဦးတို့ ပါရှိသည်။ သူတို့သည် ရုံရှား ၏မိဘများဖြစ်နိုင်သည်။


ပန်းဟွာသည် အေးစက်စက် အမှတ်တရ ကျောက်တိုင်များကိုကြည့်ကာ ဘာပြောရမှန်းမသိဖြစ်နေမိ၏။ခဿနေမှ ဆီမီးနံသာများနှင့် သုံးကြိမ်ရှိခိုး၏။ နံ့သာများကို နံ့သာပေါင်းမီးဖိုထဲသို့ လောင်းထည့်ပြီးနောက်၊ စကတ်ကို ရုတ်လိုက်ပြီး ဒူးထောက်ရန် ပြင်ဆင်လိုက်သည်။သို့သော် ရုံရှားက သူမကို တားထား၏။


 "ဒူးထောက်ဖို့ မလိုပါဘူး၊ မြေပြင်က အေးတယ်" ရုံရှား သည် အထိမ်းအမှတ်ကျောက်ပြားများကို ခပ်တည်တည် ကြည့်ကာ "ဒီအတိုင်းထားခဲ့ရအောင်"


 "ရှင် ဝမ်းနည်းနေတာလားဟင်"


 "အဆင်ပြေပါတယ်၊ ကိုယ်က အဆင်ပြေပါတယ်"  ရုံရှားက သူမ၏ နဖူးကို ထိလိုက်ကာ နူးညံ့စွာ ပြုံးလိုက်သည်။


 “မပြုံးချင်ရင် အတင်း မပြုံးပြပါနဲ့၊ လာ ပန်းခြံထဲ လမ်းလျှောက်ကြရအောင်”


ဤပိုင်ရှိုဥယျာဉ်သည် သူမတို့ပိုင် ဖြစ်ထားသော်လည်း သူမစိတ်ထဲ၌ သိပ်တန်ဖိုးမထားမိသေးပေ။


 "ကြင်ယာတော်မင်းသမီး ၊ အရှင့်သား မူးနေပြီ၊ မထနိုင်တော့ပါဘူး"


ရှဲ့ဝမ်ယွီ ကုတင်ဘေးမှာ ရပ်လိုက်ပြီး ကုတင်ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် အမျိုးသားကို ကြည့်လိုက်သည်။အခန်းထဲက နန်းတော်အစေခံများကလည်း သူမကို ထိတ်လန့်စွာကြည့်နေကြ၏။သူမ မထိန်းနိုင်ဘဲ အေးစက်စွာ ရယ်သည်။ ကျန်းလော ကိုသတ်ဖို့ သူမ ဒီအခွင့်အရေးကို အသုံးချမယ်လို့ ဒီလူတွေ ထင်နေကြသလား။


 သူမ ဆတ်ကနဲ အခန်းထဲမှ ထွက်လာသည်။ သူမနှင့် ကျန်းလောတို့သည် အကြင်လင်မယားဖြစ်ကြသော်လည်း အကြင်လင်မယားဟူသော ခံစားချက်မျိုးမရှိခဲ့ကြပေ။ အစတုန်းကတော့ ကျန်းလောနှင့် လက်ထပ်ပြီးလျှင် ပန်းဟွာကို သူမ အသာလေး နိုင်မည်ဟု ထင်ခဲ့မိ၏။သို့သော်လည်း ယခုလို မီးပုံထဲ ခုန်ဆင်းရမည်ဟု သူမ မထင်ခဲ့ချေ။


 သူမ အခန်းထဲပြန်ဝင်ကာ မှန်တင်ခုံပေါ်မှ မျက်နှာလိမ်းခရင်မ်တစ်ဘူးကို ထုတ်ယူလိုက်သည်။ မျက်နှာလိမ်းခရင်မ်၏ ရနံ့က သြဂုတ်လမှာ ပွင့်သည့် စံပါယ်ပန်းရနံ့ မွှေးပျံ့နေသည်။


 နန်းတော် အစေခံတစ်ယောက်က လာပြီးမေးသည်။


 "ရေချိုးချင်ပါသလား၊ကြင်ယာတော်မင်းသမီး"


 "မလိုပါဘူး" သူမက သုံးပုံတစ်ပုံကုန်သွားသော မျက်နှာလိမ်းခရင်မ်ဗူးကို မှန်တင်ခုံပေါ်ပြန်တင်လိုက်သည်။


 "အရှင့်သားကို ကောင်းကောင်း အမှုထမ်းပေးပါလား၊အရက်မူးတဲ့သူတွေက တစ်ခါတလေ အိပ်ပျော်ရင်း သေသွားတတ်တယ်လို့ ငါကြားထူးတယ်"


 နန်းတော်အစေခံ၏ ပခုံးများသည် ဆတ်ကနဲ ကြောက်ရွံ့တုန်လှုပ်သွားကာ စကားဆက်မပြောဝံ့ပေ။


 နန်းတော် အစေခံမလေးသည် အလွန်ထိတ်လန့်သွားသည်ကို မြင်လိုက်ရသဖြင့် ရှဲ့ဝမ်ယွီ အေးစက်စွာ ရယ်မောလိုက်၏။


 "ဘာဖြစ်လဲ နင်တို့အားလုံး ငါ့ကို သိပ်ကြောက်နေကြတာလား"


အစေခံများအားလုံး တိတ်ဆိတ်သွားကြသည်။


နင်းဝမ်မင်းသား နှင့် ကြင်ယာတော်မင်းသမီး တို့ကို သူစိမ်းဟု ဆိုခြင်းကပင် အတော်ရင်းနှီးနေသည်ဟုဆိုရမည်။တကယ်တမ်းမှာ သူတို့သည် မကြာခဏ ဆုံတွေ့နေကြသော ရန်သူများ ဟု ဆိုခြင်းသည် ပိုသင့်လျော်ပေလိမ့်မည်။ နင်းဝမ်မင်းသားသည် ကြင်ယာတော်မင်းသမီး၏ အစ်ကိုကြီး၏ အသက်အန္တရာယ်ကို ထိခိုက်စေခဲ့သည်။  ဒီလိုမုန်းတီးမှုကို ဘယ်လိုဖြေဖျောက်နိုင်ပါ့မလဲ။


 သူတို့အမြင်အရ သူတို့အကြင်လင်မယာသည်  အတော်လေး  ဝေးကွာသွားကြပေပြီ။ ရှဲ့ကျုံးကျင်းကို ဓားနဲ့ထိုးရတဲ့အထိ သူတို့ နှစ်ယောက်မှာ ဘယ်လို အမုန်းတရားတွေ ရှိခဲ့လဲ။


ရှဲ့ဝမ်ယွီ၏ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး 


"ထွက်သွားပါ၊ ငါ တစ်ယောက်တည်း နေချင်တယ်"


 "ဟုတ်ကဲ့"


 အခန်းသည် တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။ ရှဲ့ဝမ်ယွီသည် ဆံညှပ်မှ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်သည်။ စာတိုလေးတစ်ပုဒ်ရေးထားသည်။


 "နင်းဝမ်မင်းသားကို ချေမှုန်းပါ"


 သူမ ရှုံ့မဲ့သွားသည်။နောင်တွင်၊ နင်းဝမ်မင်းသား နန်းတက်ခဲ့လျှင်ပင် နင်းဝမ်မင်းသား သည် သူမအပေါ် သဘောထားကြီးမည်မဟုတ်သလို ရှဲ့မိသားစုသည်လည်း ကောင်းမွန်သော ဘဝအဆုံးသတ်ကို ရရှိလိမ့်မည်မဟုတ်ပေ။  ဒါပေမယ့် အရှေ့နန်းတော်ကသာ နန်းတက်ရင် နင်းဝမ်မင်းသား ရဲ့ကြင်ယာတော်ဖြစ်တဲ့ သူမမှာ ဘယ်လိုအဆုံးသတ်မျိုး ရှိလာမလဲ။  


သူမသည် အတော်အကျပ်ရိုက်နေရသည်။  နင်းဝမ်မင်းသား ကို ချေမှုန်းပြီးနောက်ပိုင်း သူမအတွက် စားရေးသောက်ရေး မပူမပင်ရအောင် ဘယ်လိုနည်းလမ်းမျိုး ရှိသေးသလဲ... 


ပထမလ၏ ခုနစ်ရက်မြောက်သောနေ့၌ တရားရုံးကို ပြန်ဖွင့်သည်။ အရာရှိများသည် နှစ်သစ်တွင် ပထမဆုံးအကြိမ် တရားရုံးသို့ တက်ရောက်ခဲ့ကြသည်။ ဒုတိယမင်းသားနှင့် အိမ်ရှေ့စံတို့ ခန်းမထဲတွင် ရပ်နေသည်ကို မြင်သောအခါ အရှေ့နန်းတော်အား ပြစ်ဒဏ်‌ရုတ်သိမ်းသွားမှန်း သိလိုက်ရသည်။


အိမ်ရှေ့စံ၏ အကျင့်စရိုက်သည်ညအနည်းငယ် ပျော့ညံ့ အားနည်းသော်လည်း သဘောထားမသေးသိမ်သူပင်။နင်းဝမ်မင်းသားလို လူအများကို ကြောက်ရွံ့ထိတ်လန့်စေသည့် အကျင့်မျိုး မရှိချေ။


တကယ်တမ်းမှာ နင်းဝမ်မင်းသားသည် အရာရှိများထက်တောင် ပိုထိတ်လန့်သွားရဟ။ အိမ်ရှေ့စံ ပေါ်မလာခင်အထိ အရှေ့နန်းတော်အား ပြဏ်ဒဏ်ဖယ်ရှားပေးလိုက်မှန်း မသိခဲ့ပေ။လက်ဝဲဘက်တွင် ရပ်နေသော အိမ်ရှေ့စံကို ကြည့်ကာ သူ လေးနက်စွာ ဦးညွှတ်လိုက်သည်။


 ခမည်းတော်က အိမ်ရှေ့စံကို သူ့နောက်ကွယ်မှာာတိတ်တဆိတ် လွှတ်ပေးခဲ့တယ်။ ဧကရာဇ် ဘာလုပ်ချင်တာလဲ။


 "ဧကရာဇ်က အိမ်ရှေ့စံကျန်းမာရေး ပြန်လည်ကောင်းမွန်လာလို့ အခုလို ရာထူးပြန့်ခန့်တာလို့ ဆိုပါတာ်၊ အိမ်ရှေ့စံက ရှေ့လျှောက် နိုင်ငံတော်ကို ဆက်လက်ကူညီထိန်းကျောင်းသွားမှာပါ"


အိမ်ရှေ့စံကို နေအိမ်အကျယ်ချုပ်ချလိုက်ခြင်းက၊ ဧကရာဇ် နေမကောင်းဖြစ်တာကြောင့်ဟု ဆိုနေပေပြီ။ယခု သူ နေကောင်းလာ၍ တိုင်းပြည်ကို သဘာဝအတိုင်း ဆက်လက်အုပ်ချုပ်သွားမည်နင်းဝမ်မင်းသားကတော့ အိမ်ရှေ့စံ အမိန့်ကို နာခံပြီး ဆက်နေသွားရမည်ဆိုသည်။


 ပထမလ၏ ကိုးရက်နေ့တွင် ဧကရာဇ် ယွင်ချင်သည် နင်းဝမ်မင်းသားကို စံအိမ်အသစ်တစ်ခု ပေးသနားပြီး တစ်လအတွင်း ပြောင်းရွှေ့ရမည်ဟု ပြောခဲ့သည်။ အရာရှိများသည် ဤအမိန့်ကို သိရှိပြီးနောက် နောက်ဆုံးတွင် ငြိမ်သက်သွားကြသည်။ကြည့်ရသည်မှာ အိမ်ရှေ့စံက တိုင်းပြည်ကို အမွေဆက်ခံမည့်ပုံပင်။


 "ငါ ဒါကို လက်မခံဘူး၊ ဒါကို လက်မခံဘူး!"  


ကျန်းလောသည် အခန်းတွင်းရှိ အရာအားလုံးကို ရိုက်ချိုးလိုက်ပြီး ဒေါသတကြီးအော်ဟစ်နေတော့သည်။ 


"အိမ်ရှေ့စံက ငါ့ထက် စောမွေးလာတာနဲ့ပဲ၊ တိုင်းပြည်က ဘာလို့ သူ ပိုင်ရမှာလဲ"


 "အရှင့်သား၊ စိတ်အေးအေးထားပါ!"  မိန်းမစိုးတစ်ယောက်က နင်းဝမ်မင်းသားကို လက်ဖက်ရည်တစ်ခွက် ယူလာသည်။


"အခြေအနေက မျှော်လင့်ချက်မမဲ့သေးပါဘူး၊ ထိတ်လန့်မနေပါနဲ့"


ကျန်းလောသည် လက်ဖက်ရည်ခွက်ကိုယူကာ လက်ဖက်ရည်အနည်းငယ်သောက်လိုက်သည်။ လက်ဖက်ရည်သောက်ပြီး ဗိုက်ထဲရောက်သွား၍ သူ့စိတ်က ပိုကြည်လင်လာသလို ခံစားလိုက်ရ၏။


 "အိမ်ရှေ့စံကို ဒီလောက်အမှားကြီးလုပ်မိအောင် ငါ လုပ်ကြံခဲ့တာ၊ ဧကရာဇ်ကလည်း သူ့ကို လအနည်းငယ်ကြာအောင် ချုပ်နှောင်ထားလိုက်တယ်၊သူ့မှာ ဘယ်လိုအခွင့်အရေးမျိုး ရှိနိုင်မှာလဲ"


 မိန်းမစိုးက တစ်ဝက်ကျန်နေသော လက်ဖက်ရည်ခွက်ကို ယူလိုက်ရင်း  


"အရှင့်သား၊အိမ်ရှေ့စံကို အရပ်ဘက်အရာရှိ အနည်းငယ်ကသာ ထောက်ခံကြပါတယ်၊သူ့မှာ စစ်ဘက်ဆိုင်ရာ အာဏာ မရှိဘူး"


ကျန်းလောက ကုလားထိုင်ပေါ်ထိုင်ချလိုက်ပြီး စိတ်မရှည်စွာပြောသည်။


 "မင်းပြောချင်တာက၊ငါ့မှာတော့ ရှိတယ်လို့ ဆိုလိုတာလား၊ ဒါပေမယ့် ရုံရှားက အရပ်ဘက်အရာရှိတွေကြားမှာ နာမည်ကြီးတယ်၊ သူလည်း အိမ်ရှေ့မစံကို သဘောကျတယ်၊ သူ့ကိုရာထူးမဖြုတ်ရင် ငါ သက်သာမှာမဟုတ်ဘူး"


 "ဒါပေမယ့် နောက်ဆုံးအကြိမ် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတာကတော့...."


 " တော်ပြီ၊ ငါသူ့ကိုမထိဘူး သူ့မိန်းမကို ထိမယ်၊ လူတိုင်းမှာ အားနည်းချက်ရှိတယ်၊ သူ့အိမ်မှာရှိနေတုန်း ပန်းဟွာ တစ်ခုခုဖြစ်သွားရင် ပန်းမိသားစုက သူ့ကို ခွင့်လွှတ်နိုင်ပါ့မလား"


မိန်းမစိုး၏ မျက်လုံးများက အရောင်တဖျပ်ဖျပ်ထွက်လာပြီး ခေါင်းညိတ်လိုက်သည်။ 


 "ဒါဆိုလည်း အရှင့်သား ပြောသလို ပန်းဟွာကို လုပ်ကြံဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်လို့ ပြောတာပါလား၊တကယ်လို့ ပန်းဟွာက လုပ်ကြံခံရလို့ သေဆုံးသွားရင်တောင် ပန်းမိသားစုသည် ကောကုန်းချမ်အမ်ကို ဘာလို့မုန်းတီးမှာလဲ၊ ကျွန်တော်က ဉာဏ်မမီလို့ အကြောင်းပြချက်ကို နားမလည်သေးပါဘူး"


 "မင်း နားမလည်ပါဘူး၊ပန်းမိသားစုဟာ သိပ်ပြီး ဆင်ခြင်တတ်တဲ့သူတွေ မဟုတ်ဘူး၊ တခြားသူတွေကို ဒေါသပုံချတတ်တယ်၊ ပန်းဟွာ တစ်ခုခုဖြစ်သွားတယ်ဆိုရင် ငါလည်း ရုံရှားနဲ့ ဆက်ဆံဖို့ မလိုအပ်ပါဘူး၊ ရုံရှား သူ့ကိုယ်သူ ဂရုစိုက်နိုင်မှာတောင် မဟုတ်ဘူး၊ရူးသွားမှာ"


 "အရှင့်သားရဲ့ အစီအစဥ်က ကောင်းပါတယ်၊ ကျွန်တော် မိုက်မဲသွားပါတယ်"


 "ရှင် ဘာပြောလိုက်တာလဲ"  ရှဲ့ဝမ်ယွီ သူ့ရှေ့က မိန်းမစိုးကို လှည့်ကြည့်လိုက်ပြီး "နင်းဝမ်မင်းသားက ပန်းဟွာကို သတ်ချင်နေတယ်ဆိုတာလား"


 "ဟုတ်ကဲ့"


 "သူရူးသွားပြီလား"


ရှဲ့ဝမ်ယွီ လက်ထဲက လက်ကိုင်ပုဝါကို ညှစ်လိုက်ပြီး "နင် ထွက်သွားတော့၊ ငါစဉ်းစားဖို့လိုတယ်"


မိန်းမစိုး တိတ်တဆိတ် ဆုတ်သွားသည်။


သူမ ပန်းဟွာကို အလွန်မုန်းတီးသည်။ တခါတရံ သူမကို သေစေချင်မိသာ်အထိပင် ဖြစ်မိသည်။


 ဒါပေမယ့်…



xxxxx