အပိုင်း ၁၃၇
Viewers 29k

Chapter 137


သူမ ဟိုတယ်ဧည့်ခန်းထဲသို့ ပြန်ရောက်လာသောအခါ ဟန်ယွဲ့က သူမကို ဧည့်ခန်းဆိုဖာပေါ်တွင် ထိုင်စောင့်နေကြောင်း တွေ့လိုက်ရသည်။


"ရှအန်း... မင်းပြန်လာပြီပဲ..."

 ဟန်ယွဲ့က ချက်ချင်းလက်ငင်းထရပ်ကာ ရှအန်းကို နှုတ်ဆက်လေသည်။


"ဟန်....ဘာတွေဖြစ်နေတာလဲ.."


ဟန်ယွဲ့၏ စိတ်အားထက်သန်နေမှုကြီးကိုကြည့်ပြီး ရှအန်း မျက်မှောင်ကြုတ်မိသွားသည်။ သူမဟော့ပေါ့ပြီးအောင် မစားခဲ့ရ၍ စိတ်ခံစားချက်က အလွန်ထိခိုက်လွယ်နေသည်။ 


"ဘာဖြစ်ခဲ့လို့လဲ..."


ဟန်ယွဲ့က သူမ မပျော်မရွှင်ဖြစ်နေသည်ကို ကြည့်ပြီး ရယ်မောလေသည်။


"အိုင်း... ရှအန်းရေ မင်းစားရသောက်ရတာကို အရမ်းသဘောကျမှန်း ငါသိပါတယ်... မင်းက ငါတို့ အသိုင်းအဝိုင်းနဲ့ တကယ်ရေစက်ပါတာပဲ..."


"ရှင်ဘာတွေပြောနေတာလဲ...."


"ဒါကို တစ်ချက်လောက်ကြည့်လိုက်ရင် သိလိမ့်မယ်..."


ဟန်ယွဲ့က ရှအန်းကို တက်ဘလက်တစ်ခု ကမ်းပေးလိုက်သည်။


ရှအန်းက အရင်ဆုံးကလေးနှစ်ယောက်ကို အခန်းထဲဝင်၍ ကစားခိုင်းလိုက်ပြီးမှ တက်ဘလက်ကို ကြည့်လိုက်သည်။


သူမ တက်ဘလက်ပေါ်ရှိ အကြောင်းအရာများကို ဖတ်ပြီးနောက်တွင် လုံးဝဆွံ့အသွားခဲ့ရသည်။


"ကျွန်မက ထမင်းလေးတစ်နပ်စားရုံပါ... ဘာလို့ဒီလောက်တောင် နာမည်ကြီးသွားရတာလဲ... ကျွန်မက နိုင်ငံ့ရတနာ ပန်ဒါလေးမလို့လား..."


သူမ၏ပုံများကို အင်တာနက်ပေါ် အတင်ခံထားရပြီး blondeတစ်ယောက်ပုံစံပါ ပြင်ထားခံရသည်။ ရှအန်းတစ်ယောက် ပြောစရာစကားပင် ပျောက်ရှနေလေပြီ။


ဤပုံများကြောင့် သူမက ဟော့ပေါ့ပင် ကောင်းကောင်းမစားနိုင်ခဲ့ပေ။


ဤသို့ထပ်ဖြစ်လာကာ တစ်သက်လုံး ပျော်ပျော်ရွှင်ရွှင်စားရန်မှာ မဖြစ်နိုင်တော့လောက်ပေ။


"ဟုတ်ပါ့... ရှအန်းရယ် မင်းပြောတာမှန်တယ်... မင်းက နိုင်ငံ့ရတနာပန်ဒါလေးပဲ... မင်းအခု အမေရိကန်မှာ ဘယ်လောက်တောင် နာမည်ကြီးနေပြီလဲသိလား....မင်းက အခုလုံးဝကို နာမည်ကြီးနေတာ..."


ဟန်ယွဲ့က ရှအန်း၏စကားကြောင့် အူမြူးနေကာ အားပါးတရရယ်မိသွားသည်။


သူမ သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"ဒီပုံလေးနှစ်ပုံကြောင့်နဲ့ ကျွန်မက နာမည်ကြီးသွားရတယ်ပေါ့လေ... ဘာလဲ အမေရိကန်မှာ နာမည်ကြီးဖြစ်ဖို့က ဒီလောက်လွယ်တယ်ပေါ့.."


"ဒါပေါ့... အဲ့ဒီ့ပုံလေးနှစ်ပုံတည်းကြောင့်နဲ့ မင်းက နာမည်ကြီးသွားတာ ဘယ်ဟုတ်ပါ့မလဲ..."


ဟန်ယွဲ့က တက်ဘလက်ပြန်ယူကာ ဟိုပြောင်းဒီရွှေ့လုပ်ရင်း တဲလက်စ် တွစ်တာတွင် တင်ထားသည်ကို ပြလိုက်သည်။


စခရင်ပေါ်ရှိ ပို့စ်မှာ လိုက်ခ်နှင့် ကွန်းမန့်ပေါင်း များစွာရှိနေပြီဖြစ်သည်။


"သူက ဘယ်သူလဲ.."


"သူက ကမ္ဘာကျော် အိုင်ဒေါလေ... အခုလက်ရှိ ဆိုရှယ်ပလက်ဖောင်းတွေမှာတင် သူ့ရဲ့ပရိတ်သတ်က သန်းတစ်ရာကျော်နေပြီ... သူကရော့ခ်အဆိုတော်... မင်းရဲ့ပုံလေးနှစ်ပုံက အမေရိကန်မှာ ခဏလောက် နာမည်ကျော်သွားနိုင်ပေမဲ့ မကြာခင် မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာပဲ... ဒါပေမဲ့ သူကပို့စ်ပြန်တင်လိုက်တော့ မင်းကအခု အမေရိကန်က စတားတစ်ယောက်ဖြစ်သွားခဲ့ပြီ...."


ဟန်ယွဲ့က ရှအန်း အမေရိကန်တွင် ဤမျှမြန်မြန်ဆန်ဆန် နာမည်ကြီးလာမည်ဟု မထင်ခဲ့ပေ။


ဟန်ယွဲ့က ရှအန်း သူမ၏ရှိုးကို ထုတ်လွှင့်ပြီးချိန် သို့မဟုတ် ဂရေ့စ်ရိုက်ကူးထားသည့် သူမ၏ ဇာတ်ကားကို ရုံတင်ပြီးမှ အမေရိကန်တွင် နာမည်ကြီးလာမည်ဟု ထင်ခဲ့သည်။


သို့သော် ရှအန်းက အမေရိကန်တွင် 'အတင်းအဖျင်း'တစ်ခုကြောင့် နာမည်ကြီးလာခဲ့ပေသည်။


ဟီးဟီးဟီး... ဒီတစ်ခေါက်တော့ ကောလဟာလကြောင့် မဟုတ်တော့ဘူး...


"ဒီတော့..."


ဟန်ယွဲ့၏ စိတ်လှုပ်ရှားနေသည့် အမူအယာနှင့်ယှဉ်လျှင် ရှအန်းက မထူးမခြားနားသာဖြစ်နေသည်။


"ဒီတော့...  ငါတို့တိုးတက်လာပြီလေ...FXကငါတို့ရဲ့ စာချုပ်ကို ထပ်တိုးပေးမယ်လို့ အခုလေးတင် ဖုန်းဆက်လာတယ်... ပေးမယ့် ငွေရေးကြေးရေးနဲ့ ကျန်တဲ့ဟာတွေက တိုးလာပြီ... အခု အရာတိုင်းက ငါတို့လက်ခုပ်ထဲရောက်နေပြီလေ.... အခု ရသစုံရှိုးအတွက် အခြားလူတွေကို ကြည့်နေစရာ မလိုတော့ဘူး... ငါတို့စိတ်ကြိုက် အမေရိကန် TVလိုင်းကို ရွေးလို့ရနေပြီ..."


ဟန်ယွဲ့က တဲလက်စ်၏ ကျော်ကြားမှုကြောင့် သူတို့အတွက် အကျိုးအမြတ်ပိုရပုံကို စိတ်လှုပ်တရှား ပြောပြနေသည်။


ရှအန်းက ဒေါသသာထွက်နေသည်။


သူစကားမဆုံးခင် သူမက ဖြတ်ပြောလိုက်သည်။

"ရလဒ်ကောင်းတယ်တဲ့လား..."


"တော်စမ်းပါ... ဘာကိစ္စ ကျွန်မက ပိုပိုပြီး သက်တောင့်သက်သာ ဖြစ်မလာရတာလဲ..."


ထိုမှသာ ဟန်ယွဲ့က ရှအန်း သိပ်မပျော်ကြောင်း သိလိုက်ရသည်။


"ဘာဖြစ်လို့လဲ...."


"ယောက်ျားတစ်ယောက်ကြောင့် နာမည်ကြီးရမယ်တဲ့လား... ဆောရီးပဲ... ကျွန်မ စိတ်မဝင်စားဘူး..."

ရှအန်းက စိတ်မရှည်စွာ ပြောလိုက်သည်။ သူမက အခြားအမျိုးသမီးစတားတွေလို မဟုတ်ပေ။ သူမက ကျော်ကြားမှုကို မမက်မောချေ။


ထို့အပြင် သူမကျော်ကြားချင်လျှင်ပင် ယောက်ျားတစ်ယောက်အပေါ် မှီခိုပြီးမှ မကျော်ကြားချင်ပေ။


"အာ... ဒေါသမထွက်ပါနဲ့ ရှအန်းရယ်... ငါက မင်းကို ယောက်ျားတစ်ယောက်အပေါ် မှီခိုပြီးမှ နာမည်ကြီးနိုင်တဲ့ လူမျိုးလို့ ပြောချင်တာ မဟုတ်ပါဘူး... ငါပြောချင်တာက ဒါက ဖြတ်လမ်းလိုပဲလေ... ဘာပဲဖြစ်ဖြစ် မင်းသဘောပါ..."


ဟန်ယွဲ့က ရှအန်းကို ပြုံးပြီးကြည့်လိုက်သည်။ သူမ ဒေါသထွက်ပြီး အမှားအယွင်းတစ်ခုခု လုပ်မိသွားမည်ကို သူကြောက်နေမိသည်။


ရှအန်းက သူ၏ငွေဝင်စေသည့် လာဘ်ကောင်လေးပင်။ ထို့ကြောင့် သူမကို အသေအချာ ဂရုစိုက်ပေးရပေမည်။


"မင်း တဲလက်စ်ကြောင့် အမေရိကန်မှာ နာမည်ကြီးလာတယ် ဆိုပေမဲ့.. အမေရိကန်က တကယ့် စတားတစ်ယောက် ဖြစ်ဖို့ဆိုရင် ငါတို့ရဲ့ အစစ်အမှန်အင်အားတွေကို ပြနိုင်မှရလိမ့်မယ်... ငါတို့တွေက ယောက်ျားတစ်ယောက်အပေါ် မှီခိုတဲ့လူမျိုးမဟုတ်တာမလို့ စိတ်ချလို့ရပါတယ်..."


ရှအန်း နှာမှုတ်လိုက်သော်လည်း သူမစိတ်ထဲတွင် မသက်မသာဖြစ်နေဆဲပင်။


သူမ နောက်ဆုံးတွင် အလွန်စားကောင်းသည့် ဟော့ပေါ့ဆိုင်ကို တွေ့လိုက်ရပြီဟု ထင်ခဲ့သည်။ သို့သော် သူမပင် စားမပြီးသေးခင် ထွက်ပြေးလာခဲ့ရသည်။ ထို့ကြောင့် စိတ်မကျေမနပ်ဖြစ်နေလေသည်။


ထို့အပြင် စိတ်တိုစရာအကောင်းဆုံးက နောက်ဆိုလျှင် အရင်လို သူမသွားချင်သလိုသွား စားချင်သလိုစား၍ မရတော့သည့်ပုံပင်။


"ရှအန်း.. မင်းဗိုက်ဆာနေတုန်းလား.... တကယ်တမ်းပြောရရင် မလိုအပ်ပါဘူး.. ပြီးတော့ တဲလက်စ်က အဲ့လိုမဟုတ်...."

ဟန်ယွဲ့က ဒေါသထွက်နေသည့် ချအန်းကို နှစ်သိမ့်ချင်သော်လည်း သူ၏စကားများက သူမကို ပိုမိုဒေါသထွက်စေသည်။


"လွယ်တယ်လား... ကျွန်မကဖြင့် အရမ်းအရသာရှိတဲ့ ဟော့ပေါ့ကိုတောင် မစားခဲ့ရဘူးလေ..."


"..."


ရှအန်းပြောပြီးသည်နှင့် ဟန်ယွဲ့ ကြောင်အသွားရသည်။ သူနောက်ထပ် ဘာပြောရမလဲပင် မသိတော့ချေ။


ရှအန်းက ထိုကိစ္စကြောင့် ဒေါသထွက်နေသည်ဟု သူမထင်မိခဲ့ပေ။


ရှအန်းက  သူမ၏ ယောက်ျားတစ်ယောက်အပေါ် မမှီခိုဘူးဟူသော စကားကိုပင် မေ့သွားပုံရသည်။ တဲလက်စ်အကြောင်းကိုလည်း လုံးဝဂရုမစိုက်ကာ သူမဂရုစိုက်သည်မှာ ဟော့ပေါ့သာဖြစ်နေသည်။


"သူက ဘာမလို့လဲ... စတားတစ်ယောက်ဖြစ်ပြီး ဒီလို ပြဿနာတွေဖြစ်အောင် လုပ်ရလား..."

ရှအန်း ဒေါသတကြီး ပြောလိုက်သည်။


"..."


ဟန်ယွဲ့ ခဏမျှတိတ်ဆိတ်သွားပြီး အချိန်အတော်ကြာမှ စကားဆက်ပြောနိုင်သည်။

"ဒေါသမထွက်ပါနဲ့... မင်းစားချင်ရင် ငါမနက်ဖြန် ထပ်စားဖို့ ခေါ်သွားပေးပါ့မယ်... ဒီအစ်ကိုက မင်းမဝမချင်း ကျွေးပါ့မယ် ဟုတ်ပြီလား..."


"ရှင်ကျွေးမှာလား... မလိုဘူး...ကျွန်မက ဟော့ပေါ့ဆိုင်မှာ စားဖို့ ပိုက်ဆံပေးစရာမလိုဘူး..."

ရှအန်း လှောင်သလို လေသံဖြင့် ပြောလိုက်သည်။


"..."


"ဒါပေမဲ့ ရှင်ပြောပြီးမှတော့... ဝယ်ကျွေးလိုက်ပေါ့... ဆိုင်က အရမ်းရောင်းမကောင်းသေးတော့ ပိုက်ဆံနည်းနည်းလောက်ပေးရင် အဆင်ပြေတာပေါ့..."


ရှအန်းက တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ဆက်ပြောလိုက်သည်။

"စကားမစပ်... ရှင်တည်းဖြတ်တဲ့ အချိန်ကျရင်... သူတို့ကို ကောင်းကောင်း ကြော်ငြာပေးလိုက်ပါ... ကျွန်မ သူတို့ကို ကတိပေးထားတယ်လေ..."


ဟန်ယွဲ့က သူတို့၏ ပရိုဂရမ်က တဖြေးဖြေးနှင့် ကြော်ငြာအတွက် သီးသန့်ဖန်တီးသလို ဖြစ်တော့မည်ဟု ခံစားမိလိုက်သည်။


ထိုအချိန်က ဟန်ယွဲ့က သူ၏အတွေးများက လုံးဝမမှားကြောင်း တွေးပင် တွေးမိမည် မဟုတ်လောက်ပေ။


မူလကသူ၏ ရည်ရွယ်ချက်ကာ သာမန်လူတစ်ယောက်လို နေထိုင်နေသည့် စတားတစ်ယောက်၏ ဘဝအကြောင်းနှင့် အမေနှင့် သားသမီးကြားရှိ ဆက်ဆံမှုလေးအကြောင်း ပြသချင်ရုံသာဖြစ်သည်။


သို့သော် သူတို့၏ရှိုးက စီပွားရေးအတွက် ကြော်ငြာပေးကာ စားသောက်ဆိုင် အညွှန်းလုပ်သည့် အစီအစဉ်အဖြစ် ပြောင်းလဲလာမည်ဟု လုံးဝမထင်ခဲ့ပေ။


"အာ... အဲ့တာတွေကို ထားပါဦး... မင်းဒီရက်ထဲ ကင်မရာမန်းတွေမပါပဲ အပြင်မထွက်နဲ့တော်... မင်းက အရမ်းကို သတိပြုမိဖို့လွယ်နေတယ်... ဒီရက်တွေထဲ လူမသိအောင်သာနေ.. တစ်ခုခုလိုချင်ရင် ကင်မရာမန်းတွေ နဲ့ ငါ့ကိုသာပြော ငါတို့ ယူလာပေးမယ်..."


ရှအန်းက အမေရိကန်တွင် ရုတ်တရက်ကြီး နာမည်ကြီးလာပြ သူမ၏ပုံများမှ တဆင့် နိုင်ငံခြားမီဒီယာများက ရှအန်း၏ အေးဂျင့်ကို ရှာလာကြသည်။


သူတို့က သူမကို အင်တာဗျူးရန် ဘိုကင်တင်နေကြသည်။


ထို့ကြောင့်  ရှအန်းကို ဤနေ့များတွင် အပြင်မထုတ်ဘဲ သူကသာ ဒိုင်ခံဖြေရှင်းပြီး အမေရိကန်လူမျိုးများထံမှ အမြင်ကောင်းရရန် ကြိုးစားရပေမည်။


"သိပါပြီ...."

ရှအန်း အားနည်းစွာ ပြောလိုက်သည်။ သူမ ဟိုတယ်ထဲတွင် စားသောက်ရသည်ကို ငြီးငွေ့နေပြီဖြစ်သည်။


ယခုတွင် နိုင်ငံခြားသား အမျိုးသားစတားတစ်ယောက်ကြောင့် သူမအပြင်ပင်မထွက်ရဘဲ အရသာရှိသော အစားအသောက်များကို မမြည်းစမ်းရတော့၍ ဒေါသထွက်နေလေသည်။


"သူ ကျွန်မနဲ့မတွေ့မိရင် ကောင်းမယ် မဟုတ်ရင်တော့... သူ့ကို လုံးဝအလွတ်မပေးဘူးမှတ်..."


"ဟုတ်ပါပြီ ဟုတ်ပါပြီ... တဲလက်စ်က လူရှုပ်လူပွေလို့လည်း ငါကြားထားပါတယ်... သူ့ရဲ့ပုံစံကလည်း မကောင်းဘူးတဲ့.... သူနဲ့ ရင်မဆိုင်ဘဲ နေရအောင်ပါ..."


ထို့အပြင် တဲလက်စ်က ဟန်ယွဲ့ကိုမြင်မြင်ချင်း ချစ်သွားမည်ဟု သူမယုံပေ။


ရှအန်းက အလွန်လှသော်လည်း အင်တာနက်စတားတစ်ယောက်ကို သူမကို မြင်မြင်ချင်းတွင် ချစ်မိသွားစေရန် မလုပ်နိုင်ပေ။ တဲလက်စ်၏ ပို့စ်က အပျော်သာလုပ်ကြောင်း ခန့်မှန်းမိပေသည်။


မည်သို့ပင်ဆိုစေ တဲလက်စ်တွင် ရည်းစားပေါင်း မရေမတွက်နိုင်အောင်ရှိဖူးပြီး တစ်ယောက်ကိုမှ ပို့စ်မတင်ဖူးကြောင်းတော့ သိပေသည်။


သူ၏ စည်းကမ်းကို သူတစ်ခါမှ မမြင်ဖူးသော သူစိမ်းတစ်ယောက်ကြောင့် ဖောက်ဖျက်ရန်မှာ အဓိပ္ပါယ်မရှိပေ။


ထို့ကြောင့် သူက ထိုအကြောင်းကို လျစ်လျူရှုထားလိုက်သည်။


သို့သော် ဟန်ယွဲ့က သူလုံးဝမှားသွားကြောင်း မသိခဲ့လိုက်ချေ။


တဲလက်စ်က လူရှုပ်လူပွေသာဖြစ်သည်ဟု ထင်ခဲ့ပြီး သူ ချစ်မိသွားပြီဟု ပြောခဲ့သည်ကို အရေးမကြီးဟုသာ ထင်ခဲ့သည်။


သို့သော် ဤတစ်ကြိမ်တွင် သူမှားသွားလေပြီ။ ဟန်ယွဲ့သာ မှားသည်မဟုတ်ပဲ လူတိုင်းတွေးထားသည်က မှားသွားခဲ့သည်။


ရှအန်းက အမေရိကန်တွင် အလျှင်အမြန် နာမည်ကြီးလာသည်။


အမေရိကန်နှင့် တရုတ်တို့က Tome Zoneမတူသော်လည်း အင်တာနက် အတင်းအဖျင်းများကတော့ မကွာခြားပေ။


အမေရိကန် မီဒီလာများက ရှအန်းအကြောင်း ပွထနေအောင် ဖွနေချိန်တွင် တရုတ်ပြည်တွင်လည်း ငြိမ်မနေခဲ့ပေ။


တရုတ်ပြည်တွင် ရှအန်း၏ အမာခံပရိတ်သတ်များစွာ ရှိနေသည်က ပြောပြရန်ပင် မလိုအပ်တော့ပေ။


ရှအန်း အမေရိကန်ကို ရောက်နေကြောင်း သိသွားသောအခါ အင်တာနက်အသုံးပြုသူအများစုက ကြောင်အသွားကြသည်။


[ဘာ... ရှအန်းက အမေရိကန်ကို တကယ်ရောက်နေတာလား...]


[ဒီတော့ ရှအန်းရဲ့ ဒုတိယပရိုဂရမ်က အမေရိကန်မှာ ပြမယ်ဆိုတာ အမှန်ပေါ့...]