အပိုင်း ၁၃၈
Viewers 29k

Chapter 138


ရှအန်းက အမေရိကန်တွင် အမှန်တကယ်ရှိနေကြောင်း သိလိုက်ရသောအခါ တရုတ်မှ လူများက အတွေးမျိုးစုံဖြင့် ပို့စ်တင်ကြတော့သည်။


ရှအန်း၏ ရသစုံရှိုးအသစ်က အမေရိကန်ရှိ FX TVတွင် ပြသခါနီးပြီဖြစ်သည်။


[တကယ်ပဲလား... အဲ့ရှိုးက FX TVမှာ တကယ်ပြတော့မှာလား...]


[မဖြစ်နိုင်တာ.... ရှအန်းက ပိတ်ပင်ခံထားရတာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး အမေရိကန် TVမှာ ပေါ်လာမှာတဲ့လဲ...]


...


သို့သော် မကြာခင်တွင် ထိုကဲ့သို့ မေးခွန်းထုတ်ချင်စရာ ကွန်းမန့်များက စကားလမ်းကြောင်း လွဲသွားတော့သည်။


[ကြည့်ကြဦး... ရှအန်းက ထပ်ပြီး လှလာတယ်လို့ မထင်ဘူးလား... သူ့ကြည့်ရတာ "Come on Challenger"တုန်းကထက် ပိုပြီးကြည့်ကောင်းလာတယ်နော်...]


[နတ်ဘုရားမက အခုထိ အစားသမားလေးဖြစ်နေတုန်းပဲ... ငါတရုတ်တန်းမှာ နတ်ဘုရားမနဲ့ ဆုံဖူးချင်လိုက်တာ... နတ်ဘုရားမစားနေတာကိုကြည့်ပြီး ငါပါ စားချင်စိတ်တွေ ဖြစ်လာပြီ...]


[ရှအန်းရဲ့ Blondeဗားရှင်းက နတ်သမီးလေးအတိုင်းပဲ... အရမ်းလှတယ်... ငါတို့ တရုတ်တွေရဲ့ အလှအပရေးရာ စံသတ်မှတ်ချက်တွေနဲ့ မတူတဲ့ နိုင်ငံခြားသားတွေတောင် သူမကို သဘောကျကြတယ်... ရှအန်းရဲ့ အလှတရားက အင်အားကြီးမားပြီး လွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ ပြောရင်တောင် မလွန်ဘူးလား...]


[နတ်ဘုရားမကလေ အလှတရားတန်ဖိုး ပိရမစ်ရဲ့ ထိပ်ဆုံးမှာရှိတယ်သိလား... လူရှုပ်လူပွေတဲလက်စ်ကတောင် သူမကို သဘောကျသွားတယ်... ငါလေးတော့ ပြောစရာစကားတွေပါ ပျောက်ရှနေပါပြီနော်...]


[ရှအန်းကို ပိတ်ဆို့ထားတယ်ဆိုရင်တောင် ဘာအသုံးဝင်လို့လဲ...ရှအန်း သူမရဲ့အလှတရားကိုချပြလိုက်တာနဲ့ တည်ငြိမ်နေတဲ့ရေကန်ပေါ်  ခဲလုံးချလိုက်သလိုပဲ တမ်းခနဲ လွှမ်းမိုးနိုင်တဲ့ လှိုင်းလုံးတွေ လွှမ်းခြုံသွားတာပဲ...]


[*စခင်ရင်ကိုလျက်နေ* နတ်ဘုရားမကတော့ ပိုပိုပြီးကို လှလာနေတာပဲ...]

....


ရှအန်းကို မြှောက်ပင့်နေကြသော ကွန်းမန့်များက နွေဦးတွင်ထွက်လာသော မျှစ်စို့များနှယ် များပြားလှပေသည်။


ရှအန်းကို အသေရေဖျက်ချင်သည့် ကျွမ်းကျင်ဆိုက်ဘာအဖွဲ့များပင်  သူမ၏ မျက်နှာလှလှလေးကို အပြစ်မဆိုရက်နိုင်ကြပေ။


ရှအန်းက နေရာတိုင်းတွင် အင်တာနက်အသုံးပြုသူများ၏ မြှောက်ပင့်ခြင်းကို ခံနေရပြီး လူရှာဖွေမှုအများဆုံး စာရင်းထဲပင် ပါလာခဲ့သည်။


"ဘာ.. ရှအန်းက အမေရိကန်မှာ တကယ်ရောက်နေတာလား.. အမေရိကန်က FX TVမှာ ပြသမယ့် ရှိုးတောင် ရှိသေးတယ်ပေါ့လေ..."

ရှကျင်းက ရှအန်းကိုစုံစမ်းရန် အတွက် ခန့်ထားသော သူမ၏ ကိုယ်ပိုင် စုံထောက်ကို ဖုန်းခေါ်၍ မေးလိုက်သည်။


ဖုန်းခေါ်ဆိုပြီးနောက်တွင် အင်တာနက်ပေါ်ရှိ အရာများက မှန်နေကြောင်း သိသွားခဲ့သည်။


ရှအန်း၏ ရှိုးက အမေရိကန်မှ FX TVတွင် ပြသမည်ဖြစ်သည်။


အကယ်၍ ပြည်တွင်းမှ TVလိုင်းတစ်ခုခုသာဆိုလျှင် သူမဘက်မှ ဖိအားပေးလိုက်လျှင် ရှအန်း TVပေါ်တွင် မပေါ်လာရန် ၆၀%သေချာပေသည်။


သို့သော်


ရှအန်းက အမေရိကန်တွင် ရောက်နေလေပြီ။ သူမထပ်မံ၍ လုပ်ဆောင်နိုင်သေးသော်လည်း နိုင်ငံခြားရှိ TVလိုင်းအထိ လက်ဆန့်ရန် မတတ်နိုင်ပေ။ အမေရိကန်ရှိ အခပေးTVလိုင်းဆိုပါက ပိုဆိုးပေမည်။


ရှအန်း နိုင်ငံခြား TVလိုင်းတွင် ပေါ်ထွက်လာမည်ကို တွေးမိပြီး သူမ ဒေါသများကို မမျိုသိပ်နိုင်တော့ပေ။


"နင်ဘာလို့ စောစောမပြောရတာလဲ.."


အကယ်၍ သူမသာ ရှအန်းကို နိုင်ငံခြားသို့ ထွက်မသွားစေရန် တားနိုင်ခဲ့ပါက ရှအန်းတစ်ယောက် နိုင်ငံထဲတွင် ဟိုခုန်သည်ခုန်သာ လုပ်နိုင်ပေလိမ့်မည်။


သို့သော် သူမ ရှအန်းကို မတားသင့်ဟု တွေးမိခဲ့သည်။


"မစ္စဖု... ကျွန်တော် ခင်ဗျားကို ခဏခဏဖုန်းခေါ်ပါတယ်... ဒါပေမဲ့ အမြဲမအားဘူးပဲဖြစ်နေတာလေ.."


ထိုစကားများကို ကြားပြီးနောက်တွင် ရှကျင်း အသိပြန်ဝင်သွားသည်။ လွန်ခဲ့သည့် ရက်များတွင် သူမသမီးလေး၏ ခြောက်နှစ်ပြည့်မွေးနေ့ကြောင့် သူမအလုပ်ရှုပ်နေခဲ့ရသည်။ သူမ အခြားအရာများအပေါ် လုံးဝစိတ်မရောက်နေခဲ့ပေ။ သူမသမီး၏ မွေးနေ့ကြောင့် အရေးကြီးကိစ္စအားလုံးကိုပင် နောက်သို့ ပို့ထားခဲ့ရသည်။


"ထားလိုက်တော့... ငါသိပြီ.. နင့်ကို ပိုက်ဆံထပ်ပေးမယ်.. သူ့ကို ဆက်ပြီးစောင့်ကြည့်ထားချေ...."


ဖုန်းချပြီးနောက်တွင် ရှကျင်းက လက်ပ်တော့ကိုကြည့်လိုက်သည်။ ရှအန်း၏ လှပသော မျက်နှာက သူမကို စိတ်မသက်မသာဖြစ်စေသည်။


သူမ အဝတ်လဲခန်းထဲကို ချက်ချင်းဝင်လိုက်ပြီး သူမ၏ နူးညံ့လှပသော မျက်နှာကို ဂရုတစိုက် ကြည့်လိုက်သည်။


သူမက မျက်နှာလေးကို အချိန်အတော်ကြာ ထိန်းသိမ်းခဲ့သည်။ သူမ ဈေးကြီးသည့် skincareပစ္စည်းများကိုသုံးသည်။ အထူးအလှကုန်များကိုလည်းသုံးပြီး အာဟာရရှိစေသည့် အရာများကိုလည်း စားကာအသေအချာ ဂရုစိုက်ခဲ့သည်။ သို့သော် သူမျက်နှာက ရှအန်းလောက် မလှပသေးပေ။


အရင်က ရှအန်းက သူမလောက် ကြည့်မလှပေ။


သို့မဟုတ်ပါက ဖုရှန်းက သူမနောက်သို့ လွယ်လွယ်ပါလာမည် မဟုတ်ပေ။


သူမ လက်မြှောက်ကာ သူမ၏ နူးညံ့အိစက်ကာ အစက်အပျောက်ကင်းသော ပါးပြင်လေးကို ထိလိုက်သည်။


သူမဝန်မခံချင်သော်လည်း ရှအန်း၏ ယခု မျက်နှာက သူမငယ်စဉ်က ထက် ပိုမိုလှပကြောင်း ဝန်ခံရပေမည်။


"သူဘယ်လိုလုပ် ပိုလှရတာလဲ..."


...


အမေရိကန်တွင်


"ရှအန်း... FX TVက အခုလက်ရှိ ကျော်ကြားမှုကို အသုံးချပြီး ငါတို့ရဲ့ရှိုးကို ချက်ချင်း ထုတ်လွှင့်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်..."


အချိန်ကြာလာသည်နှင့်အမျှ အမေရိကန်ရှိ ရှအန်း၏ကျော်ကြားမှုမှာ ကျဆင်းသွားခြင်မရှိဘဲ ပိုမိုကျော်ကြားလာခဲ့သည်။


ရှအန်းက အလွန်နားလည်ရခက်ပြီး ပဟေဠိဆန်လှ၍ နိုင်ငံခြားပရိတ်သတ်များက သူမအကြောင်း ပိုမိုသိချင်လာကြသည်။


၎င်းက နိုင်ငံခြားမီဒီယာများစွာက သူ့ကိုရှာလာကြပြီး သူတို့၏ပရိုဂရမ်တွင် ရှအန်းကို ဖိတ်ခေါ်ချင်နေကြသည်။


ဟန်ယွဲ့က ရှအန်း၏ အေးဂျင့်မဟုတ်ကြောင်း ဘုရားသခင်သာ သိပေလိမ့်မည်။


ဤကိစ္စကြောင့် ရှအန်းရော သူတို့၏ ရှိုးပါ ပိုမိုတန်ကြေးမြင့်လာပြီး သူတို့၏ အကျိုးခံစားခွင့်ကပါ မြင့်တက်လာသည်။


အခြေခံအားဖြင့် သူတို့က အမေရိကန်ရှိ ထိပ်တန်းစတားများနှင့်ပင် တူနေပြီဖြစ်သည်။


ရှအန်း၏ လက်ရှိ ကျော်ကြားမှုက ထန်းမနိုင်သိမ်းမရဖြစ်နေပြီး "ရှအန်း၏စတားဘဝ"ပရိုဂရမ်၏ အရည်အသွေးကလည်း အတော်လေးမြင့်သဖြင့် အကျိုးခံစားခွင့်များ တိုးလာသည့်အပေါ် ဟန်ယွဲ့က ဖြစ်သင့်သည်ဟုသာ တွေးလေသည်။


"အိုး... စောစောလေးလုပ်ရအောင်..."


ရှအန်းက အများကြီး ဂရုမစိုက်ပေ။


"မင်းဘာလို့ လုံးဝစိတ်မလှုပ်ရှားရတာလဲ.. ဒါက အမေရိကန်က TVလိုင်းမှာ ပြမှာနော်... ငါတို့နိုင်ငံမှာဆို မင်းတစ်ယောက်တည်း ဒီလောက် အောင်မြင်ဖူးတာ..."


ဟန်ယွဲ့က မျက်ဆန်သာလှန်လိုက်သည်။ တစ်ခါတစ်ရံ ရှအန်းက စတားတစ်ယောက်နှင့် လုံးဝမတူဘဲ အဘိုးအိုတစ်ယောက်နှင့် တူသည်ဟု ခံစားမိလေသည်။


လူတိုင်း သူ့အပေါ် အကြွေးတင်နေပြီး မည်သူမှ မဆန့်ကျင်ရဲသည့် အဘိုးအိုနှင့် တူနေခြင်းဖြစ်သည်။


"ဘာများ စိတ်လှုပ်ရှားစရာ ရှိလို့လဲ.. ဘာပဲဖြစ်ဖြစ် ပြမှာက ပြမှာပဲလေ.."


ရှအန်းက သူမ၏ပရိုဂရမ် နိုင်ငံခြားတွင် ပြသခံရခြင်းနှင့် ပတ်သတ်၍ အထွေအထူးမခံစားရပေ။


သူမ၏ အတွေးအရဆိုလျှင် ပြည်တွင်းဖြစ်စေ ပြည်ပဖြစ်စေ မည်သို့ထုတ်လွှင့်နေနေ အတူတူသာဖြစ်သည်။


"ပြည်ပအားကိုး ပုဆိန်ရိုး လုပ်မနေနဲ့... ကျွန်မတို့ ပရိုဂရမ်က နိုင်ငံခြားမှာ ထုတ်လွှင့် ပြသခံရရုံလေးပဲ..."


သို့သော်လည်း... ရှအန်းပြောသည်က မှန်နေသည်။


"အာ... ဘယ်လိုလုပ်ပြီး ငါက ပြည်ပအားကိုး ပုဆိန်ရိုးလုပ်နေလို့လဲ... မေ့လိုက်တော့.. ငါဘာမှမပြောတော့ဘူး..."


ဟန်ယွဲ့က လက်တစ်ခါခါဖြင့် ရှအန်းကို ဘာမှဆက်မပြောတော့ပေ။