အပိုင်း ၁၃၉
Viewers 29k

Chapter 139


ထို့ကြောင့် သူက စကားလမ်းကြောင်းသာ လွှဲချလိုက်သည်။


"စကားမစပ်... တဲလက်စ်ရဲ့ ခံစားချက်က အစစ်အမှန်ဖြစ်နေတဲ့ပုံပဲ... မင်း ဘယ်လိုထင်လဲ.."


"ဘယ်သူ... တဲလက်စ်လား..."


ရှအန်းက နာမည်ကြားဖူးသော်လည်း မမှတ်မိပေ။ ထို့ကြောင့်ဟန်ယွဲ့၏ နှုတ်ခမ်းများ တွန့်လိမ်မိသွားသည်။


"အိုး... သိပြီ သိပြီ... ရှင်ပြောတာ ကျွန်မရဲ့ ညနေစာကို ဖျက်ဆီးခဲ့တဲ့ လူမလား... အခုလက်ရှိ ကျွန်မ ဘယ်မှမသွားရသလို အစားအသောက်ပါ သွားစားမရအောင် လုပ်ခဲ့တဲ့လူလေ..."


"..."


တဲလက်စ်အကြောင်း သတိပေးရန် ပြောပြတော့မည့် ဟန်ယွဲ့က ရှအန်း၏စကားကြောင့် ဆွံ့အသွားရသည်။


ရှအန်းအတွက် လူတစ်ယောက်ကိုမှတ်မိရန်မှာ ထိုလူက အစားအသောက်နှင့် ပတ်သတ်၍ တစ်ခုခု ဆက်စပ်နေမှသာ မှတ်မိနိုင်ပေသည်။


ဟန်ယွဲ့ အသက်ပြင်းပြင်းရှူလိုက်ပြီး အားနည်းစွာ ပြောလိုက်သည်။

"ဟုတ်တယ်... သူပဲ..."


"ရုတ်တရက်ကြီး အဲ့ကောင်အကြောင်းကို ဘာလို့ပြောရတာလဲ..."


"ဘာလို့လဲဆိုတော့ အဲ့အကောင်က မင်းကို ရှာချင်နေလို့ပဲ..."

ဟန်ယွဲ့ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။


လူရှုပ်လူပွေတဲလက်စ်က သူမ၏ပုံကိုတင်ချိန်က သူက ရှအန်းကို စိတ်ထဲမထားရန် ပြောခဲ့သည်။


သို့သော် တဲလက်စ်က ရှအန်းကို အမှန်တကယ် စိတ်ထဲထားနေမည်ဟု မထင်ခဲ့ပေ။


"ကျွန်မကိုရှာတယ်... ဘာအတွက်လဲ..."

ရှအန်း မျက်မှောင်ကြုတ်လိုက်သည်။ သူမ တဲလက်စ်ဟုခေါ်သော အကောင်ကို ရွံရှာပေသည်။


သူ့အကြောင်း တွေးမိတိုင်း သူမ၏ မစားလိုက်ရသည့် ဟော့ပေါ့လေးကို သတိရမိသွားသည်။


"ကြည့်ရတာတော့ သူက မင်းကို မြင်မြင်ချင်း ချစ်မိသွားပုံပဲ..."


ဟန်ယွဲ့က ၎င်းကို မဖြစ်နိုင်ဟု တွေးနေမိသည်။


လူတိုင်းက အလှတရားကို သဘောကျပြီး ဓာတ်ပုံတစ်ပုံကိုတွေ့၍ မြင်မြင်ချင်းချစ်သွားပြီး ပြင်ဆင်ထားသည့် ဓာတ်ပုံကိုလည်း သဘောကျသည်ဆိုသည်မှာ. အနည်းငယ် ထူးဆန်းပေသည်။


"ဟားဟား... "

ရှအန်းက ခဏမျှတိတ်ဆိတ်သွားပြီးနောက် အားပါးတရရယ်လေတော့သည်။


ရှအန်း ပြန်မဖြေသော်လည်း ဟန်ယွဲ့က ရှအန်းဆိုလိုသည်ကို နားလည်လိုက်သည်။


၎င်းက....


မြင်မြင်ချင်းအချစ်တဲ့လား.... လာနောက်နေတာလား...


"ငါသိပြီ...."

ဟန်ယွဲ့ခေါင်းငြိမ့်လိုက်သည်။


အမှန်အတိုင်းပြောရလျှင် အစက သူထိုအကြောင်းကို မပြောပြချင်ခဲ့ပေ။ မည်သို့ပင်ဆိုစေ တဲလက်စ်က လူရှုပ်လူပွေဖြစ်ပြီး တွဲဖက်ကောင်းတစ်ယောက် မဟုတ်ချေ။


သို့သော် သူထိုအကောင်အကြောင်း ပြောရခြင်းမှာ ရှအန်း၏ တုံ့ပြန်မှုကို ကြည့်ချင်၍ဖြစ်သည်။


ဤအသိုင်းအဝိုင်းထဲတွင် ရှအန်းက အချစ်ကိစ္စနှင့်ပတ်သတ်၍ အတင်းအဖျင်းမျိုး ရှိ၍မဖြစ်ပေ။


သူမတွင် သားတစ်ယောက်ပင် ရှိနေသေးသည်။


"ဒါဆိုလည်း ရှင်သွားလို့ရပြီ..."

ရှအန်း လက်ရမ်းပြကာ သူ့ကို နှင်ထုတ်လေသည်။


ရှအန်းက အရေးမစိုက်သောပုံကြောင့် သူပွစိ ပွစိ မပြောပဲ မနေနိုင်တော့ချေ။

"နေ့လည်စာစားချိန်တောင် ရောက်တော့မှာ မင်းက ငါ့ကို ထမင်းစားမဖိတ်ဘူးလား...."


ရိုက်ကူးရေးအဖွဲ့ထံမှ ရှအန်းက ဟင်းချက်ကောင်းကြောင်း သိခဲ့ပေသည်။


"ရှင်နေချင်သေးရင်.. ရှင့် ကုမ္ပဏီကကင်မရာမန်းတွေနဲ့အတူ နေ့လည်စာစားပေါ့..."

ရှအန်းက ဂရုမစိုက်စွာ ပြောလိုက်သည်။


"မတရားဘူး.. ဝတုတ်လေးကြတော့ မင်းချက်တာ စားဖူးတယ်... ငါကြ စားတောင်မစားဖူးဘူး..."


ဟန်ယွဲ့၏ မတရားခံနေရသလို သနားစရာမျက်နှာကို ကြည့်ပြီး ရှအန်းက မျက်ဆန်လှန်လိုက်ကာ အဖတ်မလုပ်သလို ပြောလိုက်သည်။

"အဲ့လို ဆက်လုပ်နေမယ်ဆို... ထွက်သွားလိုက်ပါတော့..."


"ဟားဟားဟား.... စတာပါ... ဒါပေမဲ့ ငါမင်းချက်တာကို စားဖူးချင်တာတော့ တကယ်ပါ... ဒီတော့ ငါမြည်းကြည့်မယ်လေ.."


 ဟန်ယွဲ့ အမူအယာပြောင်းသွားကာ ရိုးရိုးသားသားရယ်လိုက်သည်။


"ဒါဆို ဆက်နေလေ... ဒါပေမဲ့ ရှင်စားချင်ရင်တော့ ဟင်းသီးဟင်းရွက်တွေ ဆေးပေးရမှာနော်... စားပြီးရင်လည်း ပန်းကန်တွေ အိုးတွေဆေးပေးရမှာ..."


ရှအန်းက ကပ်စီးမကုတ်ပေ။ သို့သော် လက်ရှိတွင် စိတ်အခြေအနေမကောင်းဖြစ်နေသည်။


သူမ အပြင်သွား၍ စားသောက်ဆိုင်တွင် သွားစားမရသလို ဤနေရာမှာ အနောက်တိုင်း အစားအသောက်များကိုလည်း ငြီးငွေ့နေပြီဖြစ်သည်။


ထို့အပြင် သူမတွင် တရုတ်လူမျိုးအစာအိမ်ရှိပြီး သူမဘာသာချက်စားရင်း နေ့တိုင်း သည်းခံနေရသည်။


သို့သော်ကံဆိုးစွာဖြင့် အမေရိကန်တွင် သူမလိုချင်သမျှ အသီးအရွက်များကို ဝယ်၍ရနေလေသည်။


မည်သို့ပင်ဆိုစေ သူမက အပြင်ထွက်၍ အစားအသောက်များဝယ်၍မရချေ။ အမြဲတမ်း ရှိုးမှဝန်ထမ်းများကို အကူအညီတောင်း ပြီး ဝယ်ခိုင်းနေရသည်။


"ပြဿနာမရှိဘူး... ငါပန်းကန်ဆေးလိုက်မယ်... အိုးရော ပန်းကန်ရော အကုန်ဆေးမယ်... ငါဒီနေ့တော့ မင်းရဲ့ဟင်းချက်စကေးက ဝတုတ်လေးပြောသလို တကယ်ကောင်းလား ကြည့်ရတော့မှာပေါ့...."