အပိုင်း ၁၄၀
Viewers 29k

Chapter 140


ဝတုတ်လေးက အမေရိကန်တွင် နေတာကြာပြီဖြစ်ပြီး တရုတ်အစားအသောက် အစစ်များကို မစားရသည်မှာ ကြာပြီဖြစ်လေသည်။ ထို့ကြောင့် ရှအန်း၏ ဟင်းများကို စားပြီးနောက်တွင် သူမကို အားပါးတရ ချီးကျူးလေတော့သည်။


ဟန်ယွဲ့က ရှအန်း၏ မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေသည့် ပုံကို ကြည့်ပြီး သူမ၏ဓားကိုင်ကျွမ်းကျင်မှုနှင့် ချက်ပြုတ်ပုံကြောင့် ရှအန်းက ထိုနေရာများတွင် အလွန်ကျွမ်းကျင်ကြောင်း ပြောနိုင်လေသည်။


ခဏအကြာတွင် ရှအန်း၏ ဟင်းပွဲများကို စားပြီးနောက်တွင် သူ့လျှာသူ မျိုချမိမတတ် ဖြစ်သွားရသည်။

"အရသာရှိလိုက်တာ... ရှအန်းရေ မင်းဘာလို့ ဒီလောက်တောင် ဟင်းချက်တော်ရတာလဲ..."


ဟန်ယွဲ့က ဤဟင်းပွဲများကို ရှအန်းချက်ထားသည်ဟု ယုံပင် မယုံနိုင်ချေ။ သူသာ ရှအန်း ချက်နေတုန်း မီးဖိုချောင်ထဲတွင် ရှိနေခဲ့ပြီး သူ၏ကိုယ်ပိုင် မျက်လုံးနှစ်လုံးဖြင့် မမြင်မိလိုက်လျှင် ယုံနိုင်မည်ပင် မဟုတ်ပေ။


ဤစားပွဲပေါ်ရှိ အရသာရှိလှသည့် ဟင်းပွဲများက ရှအန်း အမှန်ချက်ထားသည်များသာ ဖြစ်သည်။


ဤဟင်းပွဲများ၏ အရည်အသွေးက ထိပ်တန်း စားဖိုမှူးများဖြင့်ပင် ယှဉ်နိုင်နေသည်။ 


ရှအန်း၏ အမှတ်အသားပါပါနေ၍ ၎င်းက ကြယ်ငါးပွင့် စားဖိုမှူးနီးပါး ဖြစ်နေလေပြီ။


ရှအန်းက ရက်ပေါင်းများစွာ  မစားရသေးသလို အစားအသောက်များကို အတင်းမျိုချနေသည့် လူကိုကြည့်လိုက်ပြီး ပြောလိုက်သည်။


"ကျွန်မကအရည်အချင်း ရှိတယ်လေ..."


"ဟုတ်တယ် အရမ်းကို အရည်အချင်းရှိတာ...."

ဟန်ယွဲ့က စားရင်း ခေါင်းတငြိမ်ငြိမ့် လုပ်ပြလိုက်သည်။


"ဦးဦးဟန်... အသားအသောက်ဆိုတာ သေသေချာချာမစားရင် အိပ်မပျော်တတ်ဘူးနော်... ဆရာမကပြောတယ်... အစာစားနေတုန်း သေသေချာချာဝါးရမယ်တဲ့... ပြီးတော့ အရမ်းအမြန်ကြီးစားတာက ရိုင်းတယ်တဲ့..."

ကုရှုမော့က ဟန်ယွဲ့ကို ပြောလိုက်သည်။


စားပွဲအပြည့် အစားအသောက်များကို တွေ့လိုက်သောအခါ အချိန်အတော်ကြာ တရုတ်စာစစ်စစ်မစားခဲ့ရသော ဟန်ယွဲ့က သူ့ကို ဟာသလုပ်နေသည့် ကလေးကို ပညာမပေးနိုင်သေးပေ။


သူစားသောက်ပြီးသည့် အချိန်တွင် ဟန်ယွဲ့က ဖြစ်ပျက်ခဲ့သည်များကို မေ့သွားခဲ့လေပြီ။


"အား.... ငါဖြင့် ဒီလောက်အရသာရှိတဲ့ တရုတ်စာတွေ မစားရတာ ကြာလှပြီ... ငါ အမေရိကန်ကို ရောက်ကတည်းက အနောက်တိုင်းအစားအသောက်တွေပဲ စားနေရတော့... စားရတာငြီးငွေ့နေပြီ...."


ဟန်ယွဲ့ သူ၏ပူဖောင်းနေသော ဝမ်းဗိုက်ကို ပွတ်နေလိုက်သည်။


ကုရှုမော့က အားပါးတရ ရယ်လိုက်ပြီး အခြားလူများရှေ့တွင် ရယ်ပြုံးခဲသော ရှောင်ချင်းချန်ပင် ဟန်ယွဲ့၏ ပုံကြောင့် ရယ်ချင်လာလေသည်။


ဟန်ယွဲ့ မျက်ဆန်သာလှန်လိုက်သည်။


"အိုး... ရှအန်းရေ ငါဒီအစားအသောက်တွေအတွက် ပိုက်ဆံပေးပါ့မယ်.... နောက်ကျရင်ရော ငါ့ကို ချက်ကျွေးနိုင်မလား...."


သူ၏ တောင်းဆိုချက်ကလေးက ရှအန်း၏ ပယ်ချခြင်းကို ခံလိုက်ရသည်မှာသနားစရာပင်..."


"မရဘူး... ကျေးဇူးပါ ငြင်းပါတယ်နော်..."


"ဘာလို့လဲ... မင်းလည်း နေ့တိုင်း သုံးယောက်စာ ချက်ရတာပဲလေ.. တစ်ယောက်စာ ပိုသွားလည်း ဘာမှမဖြစ်ပါဘူး...."

ဟန်ယွဲ့က ရှအန်းကို မတရားခံရလို ကြည့်လိုက်သည်။


သူက ရှအန်း၏ သူငယ်ချင်းနည်းနည်းလေးထဲမှ တစ်ယောက်ဖြစ်ပြီး အချိန်အတော်ကြာ ရင်းနှီးခဲ့ကြသည် ဖြစ်သော်လည်း သူမကတော့ သူ့အတွက် ထမင်းလေးပင် ချက်မကျွေးချင်ပေ။


"ကျွန်မ ဟင်းချက်ရတာ အရမ်းသဘောမကျဘူး... ပြီးတော့ သုံးယောက်စာနဲ့ လေးယောက်စာကြားမှာ အတော်ကြီး ကွာတယ်..."

ရှအန်းက ဟန်ယွဲ့ကို စိုက်ကြည့်လိုက်ပြီး အညှာအတာကင်းစွာ ပြောလိုက်သည်။


"ပြီးတော့... ရှင်က အများကြီးစားတာ... ကျွန်မတောင် ဝအောင် မစားလိုက်ရဘူး..."


"..."


ဟန်ယွဲ့က သူအများကြီးစားလိုက်မိပြီး သူမ၏ အစားအသောက်များကို ဓားပြတိုက်မိသွား၍ သူ၏တောင်းဆိုမှုကို ငြင်းဆိုကြောင်း နားလည်သွားခဲ့လေပြီ။ 


ဒါပေမဲ့....


သူကအများကြီးစားပေမဲ့ ရှအန်းလည်း အများကြီးစားတာပဲလေ...


ရုတ်တရက် "Come on Challenger"မှ အသင့်စား ခေါက်ဆွဲ ဒဏ္ဍာရီကို သတိရသွားသည်။


ထိုစဉ်က ရှအန်းက အသင့်စားခေါက်ဆွဲ ဆယ်လေးထုတ်ကို စားခဲ့လေသည်။


မူလက သူမယုံခဲ့ပေ။ ဝန်ထမ်းများက ချဲ့ကားပြောဆိုခဲ့သည်ဟုပင် ထင်ခဲ့သေးသည်။


ယခုတွင်တော့ ထို ဒဏ္ဍာရီကအစစ်ဖြစ်ကြောင်း သူသိသွားလေပြီ။


ရှအန်းက အစားအသောက်ကြိုက်သူ တစ်ဦး ဖြစ်နေရုံသာမက အစာအိမ်အကြီးစားရှိသူဖြစ်သည်။


ရုတ်တရက် သူ့တွင် အကြံတစ်ခု ရလာခဲ့သည်။


"ရှအန်း... ငါအခုလေးတင် ပရိုဂရမ်အသစ်အတွက် အကြံရခဲ့ပြီ... ဒီပရိုဂရမ်က မင်းနဲ့အရမ်းကို သင့်တော်တယ်လို့ ထင်မိတယ်..."

ဟန်ယွဲ့က စိတ်လှုပ်ရှားနေသည့်ပုံပင်။


"ဘာအကြံလဲ.."


"စတားမီးဖိုချောင်ရိုက်ရအောင်.... မင်းက စားဖိုမှူးလုပ်ပြီး နိုင်ငံခြားမှာ ဆိုင်ဖွင့်လေ... သာမန်လူတွေလို ဆိုင်ဖွင့်ပြီး ဧည့်သည်တွေကို လာစားအောင်လုပ်..."


"တော်လိုက်တော့..."

ရှအန်း ဟန်ယွဲ့၏စကားကို ဖြတ်တားလိုက်သည်။


"ကျွန်မ အဲ့လို ရှိုးမှာ ဘယ်သောအခါမှ မပါဘူး..."


"ဘာလို့လဲ... တရုတ်မှာ အဲ့လို ရှိုးမျိုး မရှိသေးဘူးလေ... ငါတော့ အဲ့ရှိုးကိုသာ ထုတ်လွှင့် ပြသလိုက်ရင် အတော်လေး ကြော်ငြာပြီးသား ဖြစ်မယ် ထင်တာပဲ..."

ဟန်ယွဲ့ အတောအလေး စိတ်ဓာတ်ကျသွားရသည်။


"ရှိူးက နာမည်ကြီးမလား မကြီးမလား စိတ်မဝင်စားဘူး... ဘာပဲဖြစ်ဖြစ် ချက်ပြုတ်ရတာ ကြိုက်တဲလူပဲ အဲ့ရှိုးကို လုပ်သင့်တယ်... ကျွန်မက ချက်ပြုတ်ရတာ စိတ်မဝင်စားဘူး..."


သူမ စားသောက်ရမည့် ရှိုးမျိုးရိုက်ကူးရမည်ဆိုလျှင် သူမပျော်ပေလိမ့်မည်။ သို့သော် သူက သူမကို ချက်ပြုတ်စေချင်နေလေသည်။


"သားမာမားက ချက်ရပြုတ်ရတာ မကြိုက်ဘူး... သားမာမားက ချက်ပြုတ်ရတာ လုံးဝမကြိုက်ဘူး...."

ရှရှင်းချန်က ချစ်စရာကောင်းသော်လည်း လေးနက်နေသော အမူအယာဖြင့် ပြောလိုက်သည်။


"ဟုတ်တယ်... မမနတ်သမီးက သားနဲ့ ရှောင်ရှင်းအတွက်ပဲ ချက်ပြုတ်ပေးမှာ... အခြားလူတွေအတွက် ချက်ပေးမှာ မပါဘူး...."

ကုရှုမော့က ပြောလိုက်သည်။


"ငါ့မာမားက ငါတို့အတွက် ချက်ကျွေးမယ်လို့ ဘယ်သူပြောလဲ... ငါက မာမားကို နေ့တိုင်း ဟင်းမချက်စေချင်ဘူး... ငါ ပိုပြီးအရပ်ရှည်လာရင် မာမားကို ငါချက်ကျွေးမှာကွ..."


"ငါကလည်း မမနတ်သမီးကို ငါအတွက် ချက်ကျွေးရမယ်လို့ မပြောပါဘူး... ပြီးတော့ အနာဂတ်မှာ ငါလည်း မမနတ်သမီးကို ဟင်းချက်ကျွေးမှာ.."


"အရူး... ငါ့လိုလိုက်မလုပ်နဲ့..."


"ငါက အရူးမဟုတ်ဘူး... ပြီးတော့ မင်းလို လိုက်လုပ်တာလည်း မဟုတ်ဘူး..."


...


ကောင်ကလေးနှစ်ယောက်က နောက်တစ်ကြိမ် စကားများကြ ပြန်သည်။ ရှအန်းက ဟန်ယွဲ့ကို အပြစ်တင်ချင်သလို စူးစိုက်ကြည့်လိုက်သည်။


ဟန်ယွဲ့ကလည်း အပြစ်ရှိနေသလို နှာခေါင်းလေးပွတ်ကာ စိတ်ထဲတွင် သုံးဆယ့်ခြောက်စက္ကန့်မျှ ရေတွက်ပြီး ထပြောလိုက်သည်။


"ငါ ကုမ္ပဏီမှာ လုပ်စရာလေး တစ်ခုရှိသေးတယ်... ငါအရင်ပြန်ပြီနော်... တာ့တာ..."

ဟန်ယွဲ့က ရှအန်းတို့၏ အခန်းမှ လျှပ်စီးလို ထွက်ပြေးလေသည်။


ထွက်ပြေးသွားပြီ ဖြစ်သော ဟန်ယွဲ့၏ နောက်ကျောကို ကြည့်ပြီး ရှအန်းက သူပန်းကန်များ မဆေးသွားကြောင်း သတိရလိုက်သည်။


...


စိတ်မကြည်သည့် ပုံစံဖြင့် ရှအန်းက ဟန်ယွဲ့ဆေးရမည့် ပန်းကန်များကို ဆေးနေသည်။


သူမ ဖုန်းကိုယူလိုက်ကာ ဟန်ယွဲ့ကို အစားအသောက်ဖိုးရော ပန်းကန်ဆေးခပါ စာပို့၍ တောင်းရန်လုပ်လိုက်သည်။ 


သူမတွင် မက်ဆေ့ပို့ရန် ဖုန်းဖွင့်ခါနီးတွင် ဖုန်းဝင်လာလေသည်။ ထိုဖုန်းက နိုင်ငံခြားဖုန်းဖြစ်သည်။


နံပါတ်အစိမ်းကို ကြည့်ပြီး ရှအန်း အနည်းငယ်မျှ စိတ်ရှုပ်သွားရသည်။


သူမ၏ ဖုန်းနံပါတ်ကို လူနည်းနည်းသာ သိသည် မဟုတ်ပါလော။


ဤသည်က နံပါတ်စိမ်းတစ်ခုဖြစ်သည်။


သူမကို ဘယ်သူခေါ်နေတာလဲပဲ...


ရှအန်း ဖုန်းဖြေလိုက်သည်။


"ဟေး.. ဘယ်သူလဲ..."


အခြားတစ်ဖက်မှ ရင်းနှီးနေသည့် ယောက်ျားတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

"ရှအန်း.. ရှအန်းလား.. ကိုယ်ပါ အယ်လန်လေ..."


"အယ်လန်... ရှင်ဘယ်လိုလုပ် ကျွန်မ ဖုန်းနံပါတ်ကို ရတာလဲ..."


အယ်လန်က သူမကို ဓာတ်ပုံရိုက်ပေးဖူးသည့် ဓာတ်ပုံဆရာတစ်ယောက် ဖြစ်သည်။ သူမတွင် ပိုက်ဆံအများကြီး မရှိခင်ကတည်းက သူမက သူ၏ သီးသန့်မော်ဒယ် ဖြစ်ခဲ့ဖူးသည်။


"ကျွန်တော် ဒါရိုက်တာ ရှုကိုမေးလိုက်တာ..."


"အိုး... လမ်းပြရှု..."

ရှအန်း ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ဖုန်းကိုင်ရင်း စိတ်ရှုပ်ထွေးနေသည်။


"ကိစ္စရှိလို့လား...."


"အိုး.. ဟုတ်သားပဲ... ကျွန်တော် မင်းရဲ့ ပုံတွေယူပြီး နိုင်ငံတကာ ဓာတ်ပုံ ပြိုင်ပွဲမှာ ဝင်ပြိုင်မယ်လို့ ပြောဖူးတယ်မလား...."


"အော်... ကျွန်မ မှတ်မိပြီ... ဘာဖြစ်လို့လဲ..."


အယ်လန်သာ သူမကို ဖုန်းမခေါ်ခဲ့လျှင် သူမမေ့ပင် မေ့သွားလောက်လေပြီ။


မည်သို့ပင်ဆိုစေ ထိုကိစ္စက သူမအတွက် ကိစ္စကြီးတစ်ခု မဟုတ်ပေ။


အယ်လန်က သူသာ ပြိုင်ပွဲတွင် နိုင်ခဲ့လျှင် သူမကို ယွမ်တစ်သောင်းပေးမည်ဟု ပြောခဲ့ဖူးသည်။


သို့သော် ယခုတွင် သူမအတွက် ယွမ်တစ်သောင်းဟူသော ပမာဏမှာ မများတော့ပေ။ ထို့ကြောင့် ထိုသည်ကို နောက်ပစ်လိုက်သည်။


"ဟုတ်တယ် အဲ့တာလေ... ကျွန်တော့်ရဲ ပုံတွေက ဆန်ခါတင်ထဲ ဝင်သွားပြီ...."