Chapter 76
Viewers 11k

Volume 3 : အမြန်ရထား

Chapter 76 (4 of Hearts – အမြန်ရထား ၀၉၊ လိမ်ညာမှုများ) 

ယွိရှင်းရှင်း၏ စကားကြောင့် ရှောက်လုံ၏ စိတ်ကို တုန်လှုပ်စေခဲ့သည်။ မနေ့ညက အိမ်သာသွားသူသည် လျှိုယွီမင်တစ်ဦးတည်းမဟုတ်ကြောင်း သိသာထင်ရှားသော ချောင်းဆိုးသံကို သူမကြားလိုက်ရသည်။

ရှောက်လုံက သူမကို ပြုံးပြပြီး မေးသည်။ "ရှင်းရှင်း ချောင်းဆိုးသံကြားရတဲ့ အချိန်ကို သိလား။"

ယွိရှင်းရှင်းက ခေါင်းငုံ့ကာ စဉ်းစားလိုက်သည်။ "ည 3:10 ဖြစ်မယ်။ သမီး အိမ်သာတက်ပြီး ထိုင်ခုံဆီ ပြန်သွားတယ်။ အဲဒီနောက် ရထားတွဲရဲ့ အပေါ်က အချိန်ကို လှမ်းကြည့်လိုက်တယ်။"

ရှောက်လုံသည် ဘောပင်နှင့် စာရွက်ကို အမြန်ကောက်ယူပြီး အဓိကအချက်အလက်များကို ချရေးလိုက်သည်။

သူက ဆက်မေးသည်။ "ဒါဆို သမီး တစ်ခုခုကို ကြားတာ၊ မြင်တာရှိသေးလား။"

ယွိရှင်းရှင်း: "အဘွားက အရမ်းနေမကောင်းဖြစ်နေပုံရပြီး ခဏခဏ ချောင်းဆိုးတယ်။ နောက်တော့ သူမအသံက သမီးနဲ့ ပိုဝေးသွားပြီး သမီးမကြားရတော့ဘူး။ ထူးဆန်းတာက အဘွား အဝေးကို ထွက်သွားပြီးတော့ ထမင်းစားရထားတွဲပေါ်ကနေ အမှောင်ရိပ်တစ်ခု ထွက်လာပြီး နံပါတ် 6 ရထားတွဲကို ဦးတည်သွားနေတာပဲ။"

ရှောက်လုံက မေးလိုက်သည်။ "အမှောင်ရိပ်က ဘယ်လောက်မြင့်လဲ။ ဝသလား ပိန်သလား။ သမီးမှတ်မိလား။"

ယွိရှင်းရှင်းသည် စက္ကန့်အနည်းငယ်ကြာအောင် သေချာစဉ်းစားကြည့်သည်။ "အဲဒါက ပိန်လောက်တယ်၊ အရမ်းတော့ မဝေးဘူး။ အရပ်ဘယ်လောက်ရှည်တယ်ဆိုတာ မမြင်ရဘူး။"

"အဲဒါပြီးတော့…" ရှောက်လုံက နောက်ထပ်မေးခွန်းတစ်ခုမေးလိုက်သည်။ "အိမ်သာသွားတဲ့သူရှိသေးလား။"

"အင်း။ မိနစ်အနည်းငယ်ကြာပြီးတော့ 3:30 ဝန်းကျင်မှာ နံပါတ် 6 ရထားတွဲဘေးကနေ အလင်းတန်းတစ်ခုကို တွေ့လိုက်ရတယ်။ အလင်းရောင်က သိသာထင်ရှားပြီး အမှိုက်ပုံးထဲက ထူးဆန်းတဲ့အသံတစ်ခု ထွက်ပေါ်လာတယ်။"

ရှောက်လုံ အံ့သြသွားသည်။ ဤသိသာထင်ရှားသောအလင်းရောင်သည် လျှိုယွီမင် အိမ်သာသွားတာဖြစ်မည်။ သူနှင့်အတူ အားသွင်းမီးအိမ်ကို ယူဆောင်လာသူက သူတစ်ဦးတည်းသာ ရှိသည်။

ယခင်မေးမြန်းမှုတွင် လျှိုယွီမင်က ည 3 နာရီတွင် အိမ်သာသို့သွားခဲ့ပြီး ကလေးမလေးက 3 နာရီ 30 တွင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အချိန်က နာရီဝက် ကွာခြားပါသည်။ ကလေးက မလိမ်ဘူးဆိုတော့ လျှိုယွီမင်က လိမ်နေတာ သေချာသည်။

"ဦးဦး၊ ရထားပေါ်မှာ ကြွက်တော့ မရှိဘူးမလား။" ကလေးမလေးက လေးလေးနက်နက် မော့ကြည့်လာသည်။

"ရထားပေါ်မှာ ကြွက်မရှိပါဘူး။ တစ်ယောက်ယောက်က အမှိုက်ပုံးကို မတော်တဆ ဝင်တိုက်တာ ဖြစ်နိုင်တယ်။" ရှောက်လုံက ပြုံးပြီး နူးညံ့စွာမေးသည်။ "အဲဒီအသံက ဘယ်လောက်ကြာခဲ့တာလဲ။"

"စက္ကန့်အနည်းငယ်ကြာတယ်။" ယွိရှင်းရှင်းက ပြုံးလိုက်သည်။ "အဲဒီတုန်းက အမှိုက်ပုံးထဲမှာ ကြွက်ရှိလို့ ကြွက်ဖမ်းဖို့ လူတစ်ယောက်ထလာခဲ့တာလားလို့ သမီးတွေးခဲ့တာ။"

ရှောက်လုံက ကလေး၏ခေါင်းကို ထိလိုက်သည်။ "အဲဒီအသံအပြင် တစ်ခုခုတွေ့သေးလား။"

"အမှိုက်ပုံးထဲကအသံတွေ ပြီးသွားပြီး ခဏအကြာမှာပဲ နံပါတ် 6 ရထားတွဲပေါ်က အိမ်သာနှစ်လုံးရဲ့ မီးနီတွေ လင်းထိန်သွားတယ်။"

ရွေ့လျားနေသောရထားတွင် အိမ်သာသတိပေးချက်တစ်ခု ခေါင်မိုးပေါ်ရှိလိမ့်မည်။ အိမ်သာထဲမှာ တစ်ယောက်မှမရှိရင် မီးစိမ်းနေသည်။ တစ်စုံတစ်ယောက်က သန့်စင်ခန်းထဲဝင်ပြီး တံခါးကို သော့ခတ်လိုက်သောအခါ အနီရောင်ဖြစ်သွားသည်။

ရထားပေါ်မှာ ခရီးသည်တွေ အများကြီးရှိခဲ့သည်။ ဤလုပ်ဆောင်ချက်က အိမ်သာလွတ်၊မလွတ်ကို ခရီးသည်များအဆင်ပြေစေရန်အတွက်ဖြစ်သည်။ အိမ်သာသွားချင်ပြီး နှစ်ခုစလုံးကို နေရာယူထားတာ တွေ့ရင်တော့ သူတို့ပြီးအောင် ခဏစောင့်ရသည်။

ဤရိုးရှင်းသောအလင်းသတိပေးချက်သည် ဒီကိစ္စအတွက် အဓိကသဲလွန်စတစ်ခုဖြစ်လာလိမ့်မည်ဟု ရှောက်လုံမမျှော်လင့်ခဲ့ပါ။

တောက်ပသောအလင်းရောင်၊ အမှိုက်ပုံးထဲက ထူးဆန်းသောအသံတစ်ခုနှင့် အိမ်သာနှစ်ခုစလုံးက မီးနီပြောင်းသွားတယ်လို့ ကလေးမလေးက ပြောခဲ့သည်။ လျှိုယွီမင်သည် အိမ်သာသွားသောအခါတွင် အခြားလူက သူနှင့် ဆန့်ကျင်ဘက် အိမ်သာထဲသို့ ဝင်သွားတာကို ပြသခဲ့သည်။

ထိုအချိန်တွင် အိမ်သာထဲတွင် လူနှစ်ယောက်ရှိသော်လည်း လျှိုယွီမင်က ၎င်းကို မပြောခဲ့ပေ။

ရှောက်လုံက မေးလိုက်သည်။ "သန့်စင်ခန်းနှစ်ခန်းစလုံးမှာ မီးနီပြထားတယ်။ ဘယ်ဘက်က အရင်စိမ်းတာလဲ။"

ကလေးမလေးက ပြောသည်။ "အိမ်သာရဲ့ ဘယ်ဘက်ခြမ်းက အစိမ်းရောင်ပြောင်းသွားပြီး မီးရောင်ရှိတဲ့ သက်ကြီးရွယ်အိုက အဝေးကို ထွက်သွားတယ်။ ညာဘက်ခြမ်းက မီးနီနေတာ ကြာတယ်။ တစ်ယောက်ယောက်က ဝမ်းလျှောတာ ဖြစ်နိုင်တယ်။"

ယွိရှင်းရှင်း၏မိခင်သည် ဤနေရာအထိ ကြားသိရပြီး တင်းမာမှုကို မခံနိုင်ပေ။ "နံပါတ် 6 ရထားတွဲက ဘာဖြစ်နေတာလဲ။ မနေ့ညက ဘာဖြစ်တာလဲ။ ကျွန်မသမီးကို ဘာလို့မေးတာလဲ။"

ရှောက်လုံက သူမကို စိတ်ချစေသော အကြည့်ပေးခဲ့သည်။ “ဒါက ကြီးကြီးမားမားကိစ္စတော့ မဟုတ်ပါဘူး။ အဘိုးအိုတစ်ယောက် အဖိုးတန် လက်ဝတ်ရတနာတွေ ပျောက်သွားပြီး သူခိုးကို ရှာတွေ့ဖို့ သေသေချာချာ စုံစမ်းဖို့ လိုပါတယ်။" သူက ကလေးကို ပြန်ကြည့်သည်။ "ရှင်းရှင်းက သူခိုးတွေကို မုန်းတယ်မလား။ ဒါဆို သမီးမြင်သမျှကြားသမျှကို ပြောပြသင့်တယ်မဟုတ်လား။"

ရှောက်လုံသည် ကလေးကို ချော့မြူပြီး ကြင်နာနူးညံ့သည်။ ယွိရှင်းရှင်းသည် ဒီရထားစောင့် ဦးဦးအား သဘောကျပြီး သူခိုးကို ဖမ်းဆီးရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် သူမ၏ ဦးနှောက်ကို တက်ကြွစွာ လုပ်ဆောင်ခဲ့သည်။

"မနေ့ညက အိမ်သာတက်ပြီး သမီး အိပ်မပျော်ဘူး။ ကျန်တဲ့ရထားတွဲက ထိုင်ခုံမှာထိုင်ပြီး အပြင်က ကြယ်တွေကို ကြည့်နေတာ။"

"အလင်းရောင်ရှိတဲ့လူက ထွက်သွားပြီး ပြတင်းပေါက်အပြင်ဘက်မှာ ရုတ်တရက် ကြယ်ကြွေသွားတယ်။ အရမ်းလှတယ်။ ကြယ်ကြွေတာကို 10 မိနစ်လောက် သမီးကြည့်ခဲ့တယ်။ အဲဒီနောက် နံပါတ် 6 ရထားတွဲမှာ အရှိန်ပြင်းပြင်းခြေသံ ထွက်ပေါ်လာတယ်။ သမီး ရှင်းရှင်းလင်းလင်း မမြင်ရပေမဲ့ ထမင်းစားရထားတွဲပေါ်ကို လူတစ်ယောက် ချဉ်းကပ်သွားတယ်။ အဲဒီလူက အိမ်သာကို မသွားဘဲ ရုတ်တရက် ပြန်လှည့်သွားတယ်။ ပြီးတာနဲ့ ညာဘက်က အိမ်သာတံခါးက ပွင့်သွားပြီး မီးက စိမ်းသွားတယ်။"

"3 နာရီ 40 လောက်မှာ ရထားတွဲပေါ်မှာ ချောင်းဆိုးသံနှစ်ကြိမ်ရှိတယ်။ နောက်တော့ သမီး အိပ်ငိုက်ပြီး အိပ်ပျော်သွားတယ်။"

ရှောက်လုံသည် သူမအဖြေကို တစ်လုံးမှမကျန်အောင် ချရေးလိုက်သည်။

ယွိရှင်းရှင်းက သူ့ကို စူးစူးစိုက်စိုက် ကြည့်သည်။ "ဦးဦး၊ သမီးစကားတွေက အထောက်အကူဖြစ်လား။"

ရှောက်လုံက ညင်သာစွာ ပြုံးလိုက်သည်။ "ရှင်းရှင်းက အရမ်းတော်တာပဲ။ သမီးရဲ့စကားတွေက အရမ်းအသုံးဝင်ပြီး သူခိုးကို ဦးဦးတို့သေချာဖမ်းနိုင်လိမ့်မယ်။"

ယွိရှင်းရှင်း၏မျက်လုံးများ ကွေးညွတ်သွားသည်။ "အဲဒါအရမ်းကောင်းတယ်။"

နောက်တော့ သူမ အိပ်ပျော်သွားပြီး အခြားဘာမှ မသိတော့ဘူး။ ရှောက်လုံမှာ မေးခွန်းတွေ မရှိတော့တာကြောင့် ယွိရှင်းရှင်း၏အမေကို သူမအား ခေါ်သွားခိုင်းလိုက်သည်။ "နှုတ်ဆက်ပါတယ် ဦးဦး"

ရှောက်လုံက ကလေးမလေးအား နှုတ်ဆက်လိုက်သည်။ သူက နံပါတ် 6 ရထားတွဲကိုလှည့်ပြီး ရှစ်တန်းကိုဖြတ်ကာ ကျိုးကျန့်က သူ့တားပြီး တိုးတိုးပြောခဲ့သည်။ "နံပါတ် 6 ရထားတွဲပေါ်မှာ တစ်ယောက်ယောက်သေသွားတာလား။"

ရှောက်လုံက ပြန်လှည့်လာပြီး မေးလိုက်သည်။ "မင်းဘယ်လိုသိတာလဲ။"

ကျိုးကျန့်က သူ့ဖုန်းကို ထုတ်လိုက်ပြီး ရှောက်လုံအား သူ့ရည်းစား မော့ကျားရန်ထံမှ WeChat မက်ဆေ့ချ်ကို ပြသခဲ့သည်။

WeChat မှတ်တမ်းများ၏ ရှည်လျားသောစာရင်းရှိနေသည်: 'အဘိုးအိုတစ်ယောက်က နံပါတ် 6 ရထားတွဲပေါ်မှာ သေသွားတယ်။ ရထားစောင့်က ရထားတံခါးကို သော့ခတ်ထားပြီး ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပြုဘူး။ ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေကို တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးနေတယ်။ အရမ်းကြောက်စရာကောင်းတယ်။'

ကျိုးကျန့်: အခြေအနေက ဘယ်လိုလဲ။ လူတစ်ယောက်က ဘယ်လိုလုပ်သေသွားရတာလဲ။

မော့ကျားရန်: ငါမသိဘူး။ အပြင်ကစကားပြောသံကို နားထောင်ကြည့်တာ ရုတ်တရက် နှလုံးဖောက်တာ ဒါမှမဟုတ် တစ်ခုခုဖြစ်ပုံရတယ်။ ခရီးသွားအဖွဲ့က သက်ကြီးရွယ်အိုတွေက အရမ်းစိတ်လှုပ်ရှားနေကြတယ်။ နံပါတ် 6 ရထားတွဲပေါ်မှာ ငါမနေချင်တော့ဘူး။ နင်ငါ့ကို လာခေါ်လို့ရလား။

ကျိုးကျန့်က သူမကို နှစ်သိမ့်ပေးသည်: စိတ်မပူပါနဲ့၊ ငါ အစောင့်ကို မေးလိုက်မယ်။

သူက သူ့ဖုန်းကို ပြန်ယူလိုက်ပြီး ရှောက်လုံကို တိုးတိုးလေးပြောလိုက်သည်။ "ကျွန်တော့်ရည်းစားကို နံပါတ် 4 ရထားတွဲဆီ ပြန်ခွင့်ပြုပေးနိုင်မလား။ ဟိုမှာ သူမတစ်ယောက်တည်းရှိနေပြီး ကျွန်တော်စိတ်ပူတယ်။" 

"ဝမ်းနည်းပါတယ်၊ ငါတို့ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လောလောဆယ်တော့ ဘယ်သူ့ကိုမှ ထွက်သွားခွင့်မပြုနိုင်ပါဘူး။ သူမကို လူသိရှင်ကြားဖြစ်အောင် မလုပ်ခိုင်းဘဲ သူမအခန်းထဲမှာနေဖို့ မက်ဆေ့ခ်ျပို့လိုက်ပါ။ ဒါက သူမနဲ့ ဘာမှမဆိုင်တာကြောင့် ငါတို့ သူမကို အခက်တွေ့အောင် မလုပ်ပါဘူး။"

ကျိုးကျန့်က မျက်မှောင်ကြုတ်လိုက်သည်။ "ကောင်းပါပြီ။"

သူ ခေါင်းကိုက်နေပြီး ဒီမိန်းကလေးကို ပြောလို့မရမှာ သူစိုးရိမ်သည်။ သူမ ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်မှာကိုလည်း ရှောက်လုံစိုးရိမ်သဖြင့် မော့ကျားရန်ကို နှစ်သိမ့်ရန် နံပါတ် 6 ရထားတွဲကိုသွားခဲ့သည်။ "မိန်းကလေးမော့ စိတ်မပူပါနဲ့။ ငါတို့ရဲ့စုံစမ်းစစ်ဆေးမှုအတွက် မကြာခင် ရလဒ်တွေရရှိတော့မှာပါ။ အဲဒီအချိန်ရောက်လို့ နံပါတ် 4 ရထားတွဲကို ပြန်သွားချင်ရင် ငါတို့မင်းကိုမတားပါဘူး။"

မော့ကျားရန်သည် ဖြူဖျော့သောအကြည့်ဖြင့် ခေါင်းငြိမ့်ပြသည်။

ရှောက်လုံသည် နံပါတ် 6 ရထားစောင့်၏ ရုံးခန်းဆီသို့ လှည့်လိုက်သည်။ ယွီဟန်ကျန်းက မျက်မှောင်ကြုတ်ပြီး စစ်ဆေးမေးမြန်းမှုမှတ်တမ်းကို ကြည့်နေသည်။

လူနှစ်ယောက်က မျက်လုံးချင်းဆုံပြီး ယွီဟန်ကျန်းက မတ်တတ်ထရပ်လိုက်သည်။ "ပရော်ဖက်ဆာရှောက် ထိုင်ပါ။"

ရှောက်လုံက ပြုံးပြီး ခေါင်းယမ်းလိုက်သည်။ "ရပါတယ်။ အဖွဲ့ခေါင်းဆောင်ယွီ ထိုင်လိုက်ပါ။ ကျွန်တော့်မှာ ယွိရှင်းရှင်းရဲ့သက်သေခံချက်ရှိတယ်၊ ကျွန်တော် ခင်ဗျားကို အဲဒါပြချင်လို့။"

သူက ရုံးခန်းတံခါးကိုပိတ်ပြီး စားပွဲကို မှီလိုက်သည်။ သူက ယွီဟန်ကျန်း၏ စစ်ဆေးမေးမြန်းမှုကို ကောက်ယူပြီး ဂရုတစိုက်ဖတ်သည်။

တစ်ဖက်လူ၏ စုံစမ်းမှုရလဒ်ကို သူတို့နှစ်ယောက်လုံးကြည့်ရင်း ရုံးက တိတ်ဆိတ်နေသည်။

ဒီကိစ္စက သူတို့ထင်ထားတာထက် အများကြီး ပိုရှုပ်ထွေးသည်။

စက္ကန့်အနည်းငယ်ကြာတော့ ထိုင်နေသော ယွီဟန်ကျန်းက သူ့ဘောပင်ကို ကောက်ကိုင်လိုက်ပြီး ရထားတွဲ၏ အစီအစဉ်ကို ဆွဲလိုက်သည်။

သူသည် ဓာတ်ပုံကို ညွှန်ပြပြီး ခွဲခြမ်းစိတ်ဖြာသည်။ "ထမင်းစားရထားတွဲက အလယ်မှာ၊ ဘယ်ဘက်ကတော့ နံပါတ် 6 ရထားတွဲဖြစ်ပြီး ညာဘက်က နံပါတ် 4 ရထားတွဲဖြစ်တယ်။ ထမင်းစားရထားတွဲမှာ အိမ်သာမရှိဘဲ နံပါတ် 6 ရထားတွဲနဲ့ အိမ်သာနှစ်လုံးကိုမျှသုံးတယ်။ ယွိရှင်းရှင်းရဲ့ထိုင်ခုံက နံပါတ် 4 ရထားတွဲရဲ့အဆုံးမှာရှိပြီး အဲဒါက ထမင်းစားရထားတွဲနဲ့ နီးကပ်နေတယ်။ ဒါကြောင့် ရထားတွဲရဲ့ထိပ်က အလင်းသတိပေးချက်ကို သူမက ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်။"

ယွီဟန်ကျန်းသည် ဆက်လက်၍ သက်ကြီးရွယ်အိုများ၏ ဖြန့်ဝေပုံဆွဲခဲ့သည်။ "အခန်း 1၊ 2 နဲ့ 3 က အိမ်သာနဲ့ ဝေးတယ်။ ထမင်းစားရထားတွဲနားက အိမ်သာတွေဆီရောက်ဖို့ ရထားတွဲတစ်ခုလုံးကို ဖြတ်သွားရမှာ။"

ရှောက်လုံက ထွက်ဆိုချက်ကို သံသယရှိစွာ ကြည့်လိုက်သည်။ "ယွိရှင်းရှင်းရဲ့ ဖော်ပြချက်အရ သူမက သိသိသာသာ ချောင်းဆိုးနေတာပဲ။ အဲဒီချောင်းဆိုးတာက မစ္စစ်မိန်ဖြစ်လောက်တယ်မလား။ မေးခွန်းတွေဖြေရင်း သူမမှာ ပန်းနာရင်ကျပ်ရှိပြီး ချောင်းဆိုးနေတယ်လို့ ခင်ဗျားရေးထားတယ်။"

ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ "အဲဒါက ဖြစ်နိုင်တယ်။ လူသတ်မှုကျူးလွန်သူက ညဉ့်နက်သန်းခေါင်မှာ ပြစ်မှုကျူးလွန်ခဲ့ပြီး ဆူညံသံတွေ ကျယ်ကျယ်လုပ်ဖို့ မဖြစ်နိုင်ဘူး။ ချောင်းဆိုးရင် အခြားရထားပေါ်ကလူတွေ နိုးလာပြီး အခြေအနေကြည့်ဖို့ တံခါးဖွင့်လိမ့်မယ်။ ဒါကြောင့် ရှင်းပြချက်တစ်ခုပဲရှိတယ်။ မစ္စစ်မိန်က ည 3 နာရီ အိမ်သာသွားတဲ့အခါ သည်းမခံနိုင်ဘဲ ချောင်းဆိုးနေတာ။"

ယွီဟန်ကျန်းသည် ဘောပင်ကို ကောက်ကိုင်လိုက်ပြီး ယွိရှင်းရှင်း၏ စကားအတိုင်း အချိန်ဇယားကို စီစစ်လိုက်သည်။

"ည 2:00 နာရီမှာ လီကျယ်မင်နဲ့ အဘိုးအိုသုံးယောက်က ကတ်ကစားတာရပ်ပြီး အိပ်တယ်။"

"ည 3 နာရီ 10 မိနစ်မှာ မစ္စစ်မိန်က အိမ်သာတက်ဖို့ ထလာပြီး ချောင်းဆိုးတယ်။ ယွိရှင်းရှင်းကလည်း ထမင်းစားရထားပေါ်မှာ အရိပ်တစ်ခု ပေါ်လာတာကို တွေ့ရတယ်။"

"ည 3 နာရီ 30 ‌မိနစ်လောက်မှာ လျှိုယွီမင်က အိမ်သာသွားဖို့အတွက် မီးကိုဖွင့်လိုက်ပြီး စက္ကန့်အနည်းငယ်ကြာတဲ့အထိ အမှိုက်ပုံးထဲက ကြွက်တွေရဲ့အသံထွက်လာတယ်။ အခြားလူတစ်ယောက်က လျှိုယွီမင်နဲ့ ဆန့်ကျင်ဘက် အိမ်သာထဲဝင်သွားတော့ အိမ်သာနှစ်ခုလုံးရဲ့ မီးနီလင်းသွားတယ်။"

"ည 3 နာရီ 40 လောက်မှာ လူတစ်ယောက်က အိမ်သာသွားချင်ပြီး လမ်းတစ်ဝက်လောက် လျှောက်လာပြီးတော့ အမြန်ပြန်လှည့်သွားတယ်။ အဲဒီအချိန်မှာ ဆန့်ကျင်ဘက်အိမ်သာက လူဟာ နောက်ဆုံးမှာ ထွက်လာပြီး ချောင်းဆိုးသံက ‌ရထားပေါ်မှာ ထွက်ပေါ်လာတယ်။ အဲဒီနောက် ယွိရှင်းရှင်းက အိပ်ပျော်သွားတယ်။"

အချိန်က ကောင်းစွာ စည်းစနစ်တကျရှိခဲ့သည်။

သို့တိုင် လူများစွာက အိမ်သာသို့သွားကြသည်။ ရှောက်လုံသည် ခေါင်းကိုက်ခြင်းကို သည်းခံရန် သူ့နားထင်ကို ဖိလိုက်သည်။ ချောင်းဆိုးသံ၊ မီးရောင်၊ အမှိုက်ပုံးစံ၊ အရှိန်ပြင်းပြင်းနဲ့ ခြေခံတွေ ထွက်လာသည်။

မနေ့ညက နံပါတ် 6 ရထားတွဲမှာ တဟုန်ထိုးလှိုင်းထနေပုံရသည်။

ယွီဟန်ကျန်းသည် စာအုပ်ရှိ အချိန်ဇယားကို ကြည့်ပြီး တွေးတောဆင်ခြင်မိသွားသည်။

ခဏကြာတော့ သူက သဲလွန်စတွေကို တစ်ခုပြီးတစ်ခု ဖတ်လာသည်။ "ည 3:10 လောက်မှာ ထမင်းစားရထားပေါ်မှာ ပုံရိပ်တစ်ခုပေါ်လာတဲ့အခါ အဘွားအိုက အိမ်သာသွားခဲ့တယ်။ လူသတ်သမားက ပြစ်မှုကျူးလွန်ခါနီးမှာ အဘွားအို ချောင်းဆိုသံကို ကြားလိုက်ရလို့ဆိုတဲ့ ဖြစ်နိုင်ခြေရှိတယ်။ အဘွားအိုကို မတွေ့မိအောင် ရှောင်ဖို့ စားသောက်ခန်းမှာ ပုန်းနေခဲ့တယ်။"

ရှောက်လုံသည် ဒါက အလွန်ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားရသည်။ မဟုတ်ရင် ညဉ့်နက်သန်းခေါင်မှာ စားသောက်ခန်းကို ပြေးပြီး ဘာလုပ်ကြတာလဲ။

သူက သဘောတူသည်။ "ဒါက အဓိပ္ပါယ်ရှိတယ်။ သူတို့သာ အိမ်သာသွားမယ်ဆိုရင် သူတို့စိတ်ထဲ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်မရှိသရွေ့ စားသောက်ခန်းထဲမှာ မစ္စစ်မိန်ကို ပုန်းနေစရာမလိုဘူး။ စားသောက်ခန်းမှာ ပုန်းအောင်းနေသူက လူသတ်သမားဖြစ်နိုင်တယ်။"

ယွီဟန်ကျန်းက တတိယ အချိန်ဇယားကို ညွှန်ပြသည်။ "လျှိုယွီမင်က လိမ်နေတယ်။ သူက အချိန်ကို တမင်တကာ ရောထွေးနေပြီး နာရီကို ရှာရတဲ့အကြောင်းရင်းကို ဖန်တီးထားတယ်။ အမှိုက်ပုံးထဲကနေ စက္ကန့်အနည်းငယ်ကြာတဲ့ ထူးဆန်းတဲ့အသံတစ်ခုရှိကြောင်း ယွိရှင်းရှင်းက‌ ပြောခဲ့တယ်။ စက္ကန့်အနည်းငယ်အတွင်း သူ့နာရီကို ရှာမတွေ့နိုင်ဘူး။"

ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။ “ဟုတ်တယ်၊ အဲဒါက စက္ကန့်အနည်းငယ်လောက်ပဲ ကြာတာမို့ ဖြစ်နိုင်ခြေအရှိဆုံးကတော့ လူတစ်ယောက်က အမှိုက်ပုံးကို ထိတ်လန့်တကြားနဲ့ ဝင်တိုက်မိတာပဲ။ စားသောက်ခန်းထဲမှာ ပုန်းအောင်းနေတဲ့ လူသတ်သမားလည်း ဖြစ်နိုင်တယ်။ အဲဒီလူက ပြန်သွားချင်ပေမဲ့ လျှိုယွီမင်နဲ့ တွေ့ဆုံပြီး အိမ်သာကိုပဲ အမြန်သွားခဲ့ရတယ်။"

ယွီဟန်ကျန်: "လျှိုယွီမင်က အိမ်သာကို 3:30 မှာသွားတဲ့အခါ ဆန့်ကျင်ဘက်အိမ်သာကလည်း မီးနီဖွင့်ထားတယ်။ မင်းရဲ့ ခွဲခြမ်းစိတ်ဖြာမှုက အရမ်းကျိုးကြောင်းဆီလျော်တယ်။ စားသောက်ခန်းကလူဟာ နံပါတ် 6 ရထားတွဲကို ပြန်သွားချင်ပြီး လျှိုယွီမင်နဲ့ အမှတ်မထင်တွေ့ခဲ့ရတယ်။ အဲဒီလူက အိမ်သာထဲမှာပဲ ပုန်းနေခဲ့ရတယ်။ အဲဒီလူက 3:40 အထိ အိမ်သာထဲမှာ နေခဲ့တယ်။"

ယွီဟန်ကျန်းသည် စာအုပ်ပေါ်တွင် အဓိကအချက်တချို့ကို ဝြိင်းထားသည်။ "3:40 အချိန်က အရေးကြီးတယ်။ တစ်ချိန်တည်းမှာ လူသုံးယောက်ရှိတယ်။ ပထမတစ်ယောက်က အိမ်သာထဲမှာ ပုန်းအောင်းနေတဲ့သူဖြစ်ပြီး အပြင်မှာ ဘေးကင်းတယ်လို့ ခံစားမိတာကြောင့် ထွက်လာခဲ့တယ်။ အခြားလူက အိမ်သာတက်ဖို့ လမ်းတစ်ဝက်မှာ ပြန်လှည့်သွားတယ်။ အိမ်သာထဲက တစ်ယောက်ယောက် ထွက်လာတာကို မြင်ပြီး ကမန်းကတန်း လှည့်ပြေးတာ ဖြစ်နိုင်တယ်။ နောက်ဆုံးတော့ ညဘက်မှာ ချောင်းပြန်ဆိုးတဲ့ မစ္စစ်မိန်ရှိတယ်။"

ရှောက်လုံက မျက်မှောင်ကြုတ်ပြီး တွေးလိုက်မိသည်။ "လီကျယ်မင်သေဆုံးချိန်က 3:40 နောက်ပိုင်းဖြစ်နိုင်တယ်။ 3:10:3:40 အချိန်မှာ သက်ကြီးရွယ်အိုတွေက အိမ်သာသွားတက်ကြပုံရပြီး လူသတ်သမားက အခြားသူတွေနဲ့ အမြဲတစေကြုံတွေ့နေရတယ်။ အဲဒီလူက အရင်ဆုံး ပုန်းအောင်းဖို့ စားသောက်ခန်းကို သွားပြီးတော့ ဆန့်ကျင်ဘက် အိမ်သာကို သွားခဲ့တယ်။ နောက်ဆုံးအကြိမ် အဲဒီလူက အိမ်သာထဲကထွက်လာတဲ့အခါ မစ္စစ်မိန်နဲ့ ပက်ပင်းတိုးတာဖြစ်နိုင်တယ်။"

ရှောက်လုံက အဓိကအချက်ကို ထောက်ပြသည်။ 

ပုန်းအောင်းနေသူက လူသတ်သမား ဖြစ်နိုင်သည်။ မဟုတ်လျှင် သက်ကြီးခရီးသွားအဖွဲ့က အသိမိတ်ဆွေတွေကို ဘာလို့ အကြိမ်ကြိမ်ရှောင်တိမ်းနေရသလဲဆိုတာ ရှင်းပြဖို့ နည်းလမ်းမရှိချေ။

နောက်ဆုံးအကြိမ်တွင် မစ္စစ်မိန်သည် နောက်ကျမှ နိုးလာပြီး ရှင်းရှင်းက အိပ်ပျော်သွားကာ နောက်ပိုင်းတွင် ဖြစ်ပျက်သွားသည်ကို မမြင်လိုက်ရပေ။ လူသတ်သမားက ပုန်းနေတာလား ဒါမှမဟုတ် နောက်ဆုံးတော့ ထွက်ပြေးဖို့ ကျရှုံးပြီး အဘွားအိုက ရှာတွေ့ခဲ့တာလား။

တကယ်လို့ ဒုတိယတစ်ခုသာဆိုလျှင် မစ္စစ်မိန်က လူသတ်သမားကို သေချာပေါက် အကာအကွယ်ပေးခဲ့သည်။

ရှောက်လုံသည် ဒီလူများ၏ သက်သေခံချက်ကို ပြန်ဖတ်သည်။ "မစ္စစ်မိန်နဲ့ နျိုတဖန်တို့က တစ်ခန်းတည်းနေတယ်။ နျိုတဖန်က ဘေးအခန်းရဲ့ လျှိုယွီမင်က မီးအိမ်နဲ့ အိမ်သာသွားတယ်ဆိုတာ သိတာကြောင့် မစ္စစ်မိန် အိမ်သာသွားတာကို သူမသိစရာအကြောင်းမရှိဘူး။ နျိုတဖန်က အဲဒါကို တမင်ဖုံးကွယ်ထားတာပဲ။"

ယွီဟန်ကျန်းက ဆက်ပြောသည်။ "လျှိုယွီမင်က သူသွားတဲ့အချိန်ကို စိတ်ရှုပ်ထွေးစေပြီး နာရီတစ်လုံးရှာဖို့ အမှိုက်ပုံးကိုလှန်လှောကြည့်တာလို့ အကြောင်းပြချက်ပေးခဲ့တယ်။ သူလည်း လိမ်နေတာ။"

"ကျန့်ဝေ့ကော်က သေဆုံးသူရဲ့ အိတ်ကပ်ထဲမှာ ချေးငွေစာရွက်ကို ခိုးယူဖို့ မနက်စောစော နိုးလာတာလို့ ပြောခဲ့တယ်။ အဲဒါကလည်း လိမ်ညာမှုတစ်ခုဖြစ်နိုင်တယ်။"

သူတို့နှစ်ယောက်စလုံးက တစ်ချိန်တည်းတွင်း ခေါင်းကိုက်နေကြပြီး သူတို့၏နားထင်များကို ဖိလိုက်သည်။

လူတိုင်းက လိမ်ညာနေကြသည်။ ယွိရှင်းရှင်းက အချိန်ဇယားကို ပြန်လည်ဖွဲ့စည်းခြင်းအတွက် မဟုတ်ပါက ဒီအဖွဲ့၏လိမ်ညာမှုများကြောင့် သူတို့ ကြောင်သွားမည်ဖြစ်သည်။

ယွီဟန်ကျန်းက အကူအညီမဲ့နေခဲ့သည်။ "ဒါဆို မစ္စစ်မိန်က လူသတ်သမားကို ဖုံးကွယ်‌ထားတာ ဖြစ်နိုင်တယ်။ လီကျယ်မင်ရဲ့ကျော်ကြားမှုက အရမ်းကြောက်ဖို့ကောင်းတယ်။"

ရှောက်လုံက အသက်ပြင်းပြင်းရှူပြီး သူ့အတွေးတွေကို ပြန်စီစဉ်လိုက်သည်။ "လက်ရှိမှာ လျှိုယွီမင်နဲ့ မစ္စစ်မိန်တို့ကို ယာယီဖယ်ထုတ်လို့ရပြီ။ သူတို့ရောက်ရှိနေခြင်းက လူသတ်သမားကို ထိတ်လန့်စေပြီး ပုန်းအောင်းဖို့ အတင်းအကျပ်ခိုင်းစေခဲ့တယ်။ အဲဒါဆိုရင် လူသတ်သမားက နျိုတဖန်နဲ့ ကျန့်ဝေ့ကော်တို့ထဲက ဖြစ်နိုင်တယ်။ နျိုတဖန်က အရပ်ရှည်ပြီး ဝတယ်။ အဲဒီလူက ပိန်ပါးတယ်လို့ ရှင်းရှင်းကပြောတယ်။ ကျန့်ဝေ့ကော် ဖြစ်နိုင်ခြေပိုများတယ်မဟုတ်ဘူးလား။"

ကျန့်ဝေ့ကော်သည် လောင်းကစားအကြွေးကို အကြွေးတင်ပြီး ချေးငွေစာရွက်ကို ခိုးယူခဲ့သည်။ ပြစ်မှုကျူးလွန်ရန် လုံလောက်သောရည်ရွယ်ချက်နှင့် အချိန်ရှိခဲ့သည်။

ချေးငွေစာရွက်ကို ခိုးယူခဲ့ကြောင်း သူ ဘာကြောင့် ဝန်ခံခဲ့သနည်း။ အခု ချေးငွေစာရွက်က ပျက်စီးသွားပြီး သူ ဝန်မခံရင် ဘာသက်သေအထောက်အထားမှ ရှာမတွေ့နိုင်ဘူး။

ရှောက်လုံက တစ်ခုခု မှားနေတယ်လို့ အမြဲခံစားခဲ့ရသည်။

ထိုအချိန်တွင်ပင် ယွီဟန်ကျန်း၏မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ "3:40 မှာ အိမ်သာသွားဖို့ လမ်းတစ်ဝက်အထိသွားပြီး ပြန်သွားတဲ့သူက ကျန့်ဝေ့ကော်ဖြစ်မယ်လို့ ကိုယ်ထင်တယ်။"

ရှောက်လုံက အံ့သြသွားသည်။ "ဘာလို့အဲလိုပြောရတာလဲ။"

ယွီဟန်ကျန်းက ရှောက်လုံကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ခွဲခြမ်းစိတ်ဖြာမှုကို တိုးတိုးလေးပြောသည်။ "ကိုယ်တို့ တွက်ချက်ကြည့်လို့ရတယ်။ 3:30 မှာ လျှိုယွီမင်က မီးအလင်းရောင်နဲ့ အိမ်သာကိုသွားခဲ့တယ်။ အဲဒီအချိန်မှာ တစ်ခန်းတည်းက ကျန့်ဝေ့ကော်နိုးနေနိုင်တယ်။ သူ့သူငယ်ချင်းက အိမ်သာသွားနေပြီ ကျန်နှစ်ယောက်က အိပ်ပျော်နေတာကို တွေ့ခဲ့တယ်။ ဒါကြောင့် သူအိပ်ရာပေါ်ကထပြီး လီကျယ်မင်းရဲ့အိတ်ကပ်ထဲက ချေးငွေစာရွက်ကို ထုတ်ယူဖို့ အခွင့်အရေးယူလိုက်တယ်။"

"လျှိုယွီမင်က အိမ်သာသွားပြီး မကြာခင်မှာ ပြန်ရောက်ပြီး အိပ်ပျော်သွားတယ်။ ကျန့်ဝေ့ကော်က အခန်းတွင်းကလူတွေကို နားထောင်နေတယ်။ လျှိုယွီမင် အိပ်ပျော်သွားတဲ့အခါ သူက တိတ်တဆိတ်ထပြီး ဒီစာရွက်ကို ရှင်းပစ်ဖို့ အိမ်သာသွားခဲ့တယ်။"

ချေးငွေစာရွက်ကို ရှာမတွေ့တော့ဘူး။

ဤရွေ့လျားနေသောရထားသည် လုံးဝအလုံပိတ်ယာဉ်ဖြစ်ပြီး ပြတင်းပေါက်များကို ဖွင့်၍မရပါ။ အမှိုက်ပုံးထဲ စွန့်ပစ်တာကို ရထားစောင့်တွေက အလွယ်တကူ ရှာတွေ့နိုင်သည်။ ရထားတွင် ဆေးလိပ်လုံးဝမသောက်ရဘဲ မီးကင်းစင်သည်။ မီးလောင်သည်နှင့် ၎င်းသည် မီးခိုးအချက်ပေးသံကို တိုက်ရိုက် ဖြစ်ပေါ်စေမည်ဖြစ်သည်။

အိတ်ထဲမှာ ချေးငွေစာရွက်ကို ဝှက်ထားရတာ မလုံခြုံဘူး။ ဖျက်ဆီးဖို့အတွက် အကောင်းဆုံးနည်းလမ်းက အိမ်သာပါပဲ။

စာရွက်ကို ဆုတ်ဖြဲပြီး အိမ်သာထဲသို့ ပစ်ချပြီး ရေဆေးချလိုက်လျှင် သက်သေအထောက်အထား ပျက်စီးသွားနိုင်သည်။

သူ အိပ်သွားချိန်မှာ လူတစ်ယောက်က အိမ်သာထဲကနေ ရုတ်တရက် ထွက်လာလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူး။ ထို့ကြောင့် ကျန့်ဝေ့ကော်သည် အပြစ်ရှိစွာ ပြန်လာခဲ့ပြီး အဖွဲ့ခေါင်းဆောင်ယွီ၏ ယခင်ထင်ကြေးအတိုင်း ချေးငွေစာရွက်ကို တိုက်ရိုက်စားခဲ့သည်။

အဖွဲ့ခေါင်းဆောင်ယွီ၏ တွေးတောမှုသည် ကျိုးကြောင်းဆီလျော်၏။ မဟုတ်လျှင် ဘယ်သူက ညဉ့်နက်သန်းခေါင်မှာ အိမ်သာသွားပြီး လမ်းတစ်ဝက်ကနေ ပြန်လှည့်သွားမှာလဲ။

ကျန့်ဝေ့ကော်က လူသတ်သမားမဖြစ်နိုင်ဘူးဟု ထင်ရသည်။ သူက ချေးငွေစာရွက်ကို ခိုးပြီး ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ လူသတ်သမားသည် 3 နာရီ 40 တွင် အိမ်သာထဲမှ မထွက်မီ စားသောက်ခန်းနှင့် အိမ်သာတွင် ပုန်းအောင်းနေခဲ့သည်။

ကျန့်ဝေ့ကော်၊ လျှိုယွီမင်နှင့် မစ္စစ်မိန်တို့ မဟုတ်ဘူး။

ရှောက်လုံက ပါးစပ်ကို ဖွင့်လိုက်သည်။ "ဒါဆို နျိုတဖန်လား။ ဒါပေမဲ့… အရိပ်က အရမ်းပိန်ပါးတယ်လို့ ရှင်းရှင်းကပြောတယ်။ နျိုတဖန်က အရပ်ရှည်ပြီး ဝတယ်။"

ထိုအချိန်တွင် သူ့မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။ "ကျွန်တော်တို့ လျစ်လျူရှုထားတဲ့ လူတစ်ယောက်ရှိတယ်။"

ယွီဟန်ကျန်းက လေးနက်စွာ ခေါင်းငြိမ့်လိုက်သည်။ "ကိုယ်တို့ ပထမဆုံးဖယ်ထုတ်ထားတဲ့ ဒေါ်လေးရှူဖျင်ပဲ။"

ရှူဖျင်၏ ထွက်ဆိုချက်ကြောင့် ရှောက်လုံ၏စိတ်က တဖျပ်ဖျပ်တောက်ပသွားသည်။

သူမသမီးကို လီကျယ်မင်၏သားနှင့် မိတ်ဆက်ပေးပြီး ရလဒ်အနေဖြင့် လီကျယ်မင်က သူမသမီးကို ပညာမတတ်ဘူးလို့ ပြောဆိုခဲ့သည်။ သူမသည် ဒေါသထွက်ကာ သင်ခန်းစာတစ်ခုပေးရန် လီကျယ်မင်၏ အင်ဆူလင်ကို ခိုးယူခဲ့သည်။ ထိုအချိန်တုန်းက သူမသည် လူသတ်သမားဆိုလျှင် အလွန်များပြားသော အင်ဆူလင်ကို ခိုးယူရန် မလိုအပ်ဘူးဟု သူတို့နှစ်ယောက်က ထင်ခဲ့ကြသည်။ ပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်ကင်းမဲ့မှုနှင့်အတူ သူမကို ပထမဆုံးဖယ်ထုတ်ခဲ့သည်။

သူမ၏ ထွက်ဆိုချက်သည် ကျိုးကြောင်းဆီလျော်ပုံရပြီး သူမ၏ သံသယများက လျော့နည်းသွားသည်။ အဓိကအချက်တစ်ချက်ရှိခဲ့သည်။

ယွီဟန်ကျန်းက အေးစက်စွာပြောခဲ့သည်။ "သူမရဲ့ထွက်ဆိုချက်ကို ဘယ်သူမှ သက်သေမပြနိုင်ဘူး။"

လီကျယ်မင်သည် နျိုတဖန်၏ မန်နေဂျာရာထူးကို လုယူခဲ့ပြီး နှစ်ပေါင်းများစွာ နာကျည်းမှုများရှိခဲ့ကြောင်း လူတိုင်း သက်သေခံနိုင်သည်။

ကျန့်ဝေ့ကော်သည် ချေးငွေစာရွက်ကို ခိုးယူခဲ့ပြီး လျှိုယွီမင်က ချေးငွေစာရွက်ကို တွေ့ခဲ့သည်။

လျှိုယွီမင်၏အချစ်ဦးကို လီကျယ်မင်က ကြားဖြတ်ယူခဲ့ပြီး လူအများစုက ထိုအကြောင်းကို သိခဲ့ကြသည်။ မစ္စစ်မိန်ကလည်း သက်သေပြနိုင်သည်။

သို့သော် ရှူဖျင်၏စကားကို မည်သူသက်သေပြနိုင်မည်နည်း။ သေဆုံးနေသော လီကျယ်မင်သာလျှင် အမှန်တရားကို သိသည်။

လီကျယ်မင်က သူမသမီးကို ပညာမတတ်ဘူးလို့ပြောပြီး တစ်ဖက်လူကို လက်စားချေချင်တယ်လို့ တစ်ဖက်သတ်ပြောခဲ့သည်။ သူမနှင့် လီကျယ်မင်အကြား သဘောထားကွဲလွဲမှုကို ဖော်ပြခဲ့သော်လည်း ၎င်းကို သက်သေပြရန် တတိယလူ မရှိဘူး။

တကယ်တော့ အစကတည်းက ရှူဖျင်၏ ထွက်ဆိုချက်သည် မယုံနိုင်စရာ အကောင်းဆုံးဖြစ်သည်။

#TK