Chapter 11
Viewers 2k

🌍Chapter 11




ရှန်စန်းခွန်မှာသူခိုးတစ်ယောက်ဖြစ်ကာ သူလည်းစွမ်းရည်တစ်မျိုးနိုးထနိုင်ခဲ့ပုံရသည်။


၄င်းစွမ်းရည်မှာ သက်မဲ့၀တ္ထုပစ္စည်းများကို မိမိကိုယ်ပေါ်တွင်၀ှက်ထားပြီး အချိန်မရွေးထုတ်ယူ သုံးစွဲနိုင်ခြင်းပင်။ တူညီသောအမျိုးအစားဖြစ်နေသ၍  သိုလှောင်နိုင်သောပမာဏမှာအကန့်အသတ်မရှိပေ။


ထန်မော့မှာ ဤစွမ်းရည်၏ အဆင့်မည်မျှရှိသလဲမသိ။ သို့သော်စွမ်းရည်မှာအဆင့်တိုးမြှင့်နိုင်သော 

စွမ်းရည်တစ်မျိုးဖြစ်လောက်မည်ဟု ကောက်ချက်ချလိုက်သည်။ ရှန်စန်းခွန်ကိုယ်တိုင်မှာတော့ ပစ္စည်းနှစ်မျိုးသာ သိုလှောင်နိုင်ခဲ့သည်။


သူက ပိုက်ဆံနှင့်ဓားများကိုရွေးချယ်ခဲ့ပုံပင်။


တကယ်ကို ​ရှေ့​ရေးအမြင်မရှိတဲ့ငတုံးပဲ...


ဒီလိုအခြေအနေမှာ ပိုက်​ဆံက သာမာန်စက္ကူစုတ်သာသာပဲ။ ဘာအသုံး၀င်မှာလဲ...


ကမ္ဘာပျက်နေတာတောင်သူက ပိုက်ဆံကိုဖက်တွယ်နေသေးတယ်။


ဘာပဲဖြစ်ဖြစ်ရှန်စန်းခွန်က အနည်းငယ်တော့ ဉာဏ်များခဲ့သည်ကို၀န်ခံရမည်။ သူကထန်မော့ကို သူ့တက်တူးထဲပိုက်ဆံ၀ှက်လို့ရသည်ဟုသာ ပြောခဲ့ပြီး  သူ၏စွမ်းရည်အကြောင်းတစ်ခွန်းမှမဟခဲ့ပေ။

ဒါကြောင့် ထန်မော့အား ဓားပုံတက်တူးဖြင့် လျပ်တပြက်တိုက်ခိုက်ရန်အခွင့်အရေးရခဲ့ခြင်းပင်။ ကံမကောင်းတာက ထန်မော့ကဘယ်တော့မှသတိလွတ်တဲ့ သူမျိုးမဟုတ်။


အကယ်၍ ရှန်စွမ်းခွန်က ပိုက်ဆံတွေအစား အခြားလက်နက်တစ်ခုခုသာ သိုလှောင်ထားခဲ့တယ်ဆိုရင် 

သူကအသက်ရှင်ဖို့အခွင့်အရေး ရှိကောင်းရှိခဲ့လောက်သည်။


ထန်မော့မှာ မြေပြင်ပေါ်မှ ဓားနှင့်ပိုက်ဆံများ နှင့်အတူ အေးစက်နေသော ရှန်စန်းခွန်၏အလောင်းအား ကြည့်လိုက်သည်။ 


သူကလက်ကောက်၀တ်ရှိတက်တူးနေရာ၌ မီးခြစ်ဆံကြီးကို ထည့်သိမ်းဖို့ နည်းနည်းမှတုန့်ဆိုင်းမနေခဲ့ပေ။

အနီရောင်အလင်းတစ်ခုဖြတ်ခနဲလင်းသွားပြီးနောက် 

မီးခြစ်ဆံကပျောက်ကွယ်သွားသည်။ ထို့နောက်ထန်မော့၏ ဘယ်ဘက်လက်ကောက်၀တ်တွင် သေးငယ်သော မီးခြစ်ဆံပုံသဏ္ဍာန် တက်တူးလေးတစ်ခု ပေါ်လာခဲ့သည်။


ထိုမီးခြစ်ဆံ၏အစွမ်းမှာ ထန်မော့မျှော်မှန်းထားတာထက်ကို ပိုလွန်းနေသည်။ ၄င်းကိုသိုလှောင်ထားခြင်းဖြင့် အရေးပေါ်လက်နက်အနေဖြင့် ထုတ်သုံးနိုင်သည်။ နောက်နောင်တွင် ရှန်စန်းခွန်လိုလူမျိုးတွေနှင့် ထပ်ဆုံရလျှင် စိတ်ပူစရာနည်းသွားလိမ့်မည်။


ထန်မော့က လက်ထဲမှစာအုပ်အား တဖန်ငုံ့ကြည့်လိုက်ပြန်သည်။


ရှန်စန်းခွန်၏ စွမ်းရည်အမည်ဘေးတွင်..


[စွမ်းရည် : ငါ့ရဲ့စိတ်စွမ်းအင်နယ်​မြေကဇာတ်လိုက်လိုက်​တောင်အသုံးကျမ​နေဘူး (အသုံးပြုပြီး)]


သူ ပထမစာမျက်နှာအားပြန်လှန်လိုက်သည်။ ပထမစာမျက်နှာတွင်သူ့ကိုယ်ပိုင်စွမ်းရည်အကြောင်းကို ဖော်ပြထားပြီး ဘာမှထပ်ကာ ပြောင်းလဲသွားခြင်းမရှိ။ သို့သော်ထန်မော့လွယ်လွယ်နဲ့လက်မလျှော့ပေ။ 

သူက ထိုစာမျက်မှာအား ငါးမိနစ်ခန့်စိုက်ကြည့်နေပြီးသည့်နောက် စာကြောင်းတချို့ကတဖြည်းဖြည်းပေါ်လာခဲ့သည်။


[မှတ်ချက် : ဟိုသူခိုးကိုသတ်ပြီး သူ့ရဲ့စွမ်းရည်ကိုရသွားပေမယ့် ထန်မော့ကောင်းကောင်းသိနေတယ်လေ။ သူက​တော့ သူများတကာရဲ့စွမ်းရည်ကိုအလကားယူပြီး စားပြီးနားမလည်လုပ်လိုက်ပြန်ပြီတကယ့်ကိုပဲ ]


ထန်မော့၏မျက်လုံးများမှာ ကျဉ်းမြောင်းလာပြီး စာအုပ်ကိုကိုင်ထားသောလက်များမှာလည်း တုန်ရီလာသည်။


"သတ်တဲ့တစ်နည်းပဲရှိတာလား"


တစ်မိနစ်ကြာပြီးနောက် နောက်ထပ်စာကြောင်းတို့က ပျင်းရိလေးကန်စွာပေါ်လာခဲ့ပြန်သည်။


[မှတ်ချက် : ဒါပေမယ့်လည်း...လူမသတ်ပဲနဲ့လည်း သူများတကာရဲ့စွမ်းရည်ကို အလကားယူလို့ရသေးတယ်ဆိုတာ ငါကထန်မော့ကိုဘာလို့ပြောရမှာလဲ​နော်]


ထန်မော့ "..."


ဘန်း...


စာအုပ်တစ်အုပ်က ၄င်း၏ပိုင်ရှင်ထံမှ အညှာအတာမဲ့စွာပစ်ထုတ်ခံလိုက်ရပြန်သည်။


သုံးမိနစ်ခန့်ကြာပြီးနောက် ထန်မော့မှာ အေးစက်စက်အမူအယာဖြင့်ပင် စာအုပ်ကိုသွားပြန်ကောက်လိုက်သည်။


ထို့နောက် ရှန်စန်းခွန်၏အလောင်းအား သူအကြိုက်ဆုံးငွေတွေနှင့်ဖုံးကာ မြှုပ်နှံပေးခဲ့ပြီးစာအုပ်နှင့်အတူ ကားကိုမောင်းထွက်လာခဲ့တော့သည်။

.


စုကျိုးမှ ရှန်ဟိုင်းသို့သွားရာလမ်းမှာ အတားအဆီးများဖြင့်ပြည့်နေသည်။ ကားကိုအရှိန်အပြည့်တင်ပြီးမမောင်းခင်မှာ ထန်မော့ခမျာ လမ်းပေါ်က ထပ်နေတဲ့ကားနှစ်စီးကို ဆင်းပြီးတွန်းခဲ့ရသေးသည်။


သင်ဖတ်လိုက်တာ အမှန်ပင်။


ထန်မော့တစ်ယောက်တည်းကားကို ဆင်းပြီးတွန်းခဲ့ခြင်းဖြစ်သည်။


အနက်ရောင်မျှော်စင်ကိစ္စတွေပေါ်လာအပြီးမှာ ထန်မော့သည်မိမိ၏ ခွန်အားနှင့်တိုက်ရည်ခိုက်ရည်မှာ

အလွန်တိုးတက်လာသည်ကို တွေ့လိုက်ရသည်။


အ​သေးစိတ်​ဆိုရလျှင် သူ့ရဲ့အားပိုကြီးလာသည်။ မျက်စိရဲ့မြင်နိုင်နှုန်းပိုကျယ်လာသည်၊ ထိခိုက်ဒဏ်ရာတွေဆိုလျှင်ပြန်ကောင်းတာ မြန်လွန်းသည်။ 

သူ့အရေပြားမှာလည်း သံပြားနှယ်မာ​ကြော​နေခဲ့သည်။


ရှန်စန်းခွန်က ကားနောက်ဖုံးကိုမပြီး သူ့ရဲ့အ၀တ်အစားတွေကိုယူခိုင်းစဥ်က ထန်မော့ကရည်ရွယ်ချက်ရှိရှိကို ကားနောက်ဖုံးအပိခံပြီး သူ့အရေပြားတွေဘယ်လောက်ထိဒဏ်ခံနိုင်လဲ စမ်းကြည့်ခဲ့တာပင်။


လက်ဖဝါးဆိုသည်မှာ လူတစ်ကိုယ်လုံးမှာ အနူးညံ့ဆုံးအစိတ်အပိုင်းတွေထဲကတစ်ခုပင် မာကျောသည့်ကားနောက်ဖုံးက သူ့ရဲ့လက်ပေါ်ပိသွားခဲ့​သော်လည်း

ဒဏ်ရာမရသည့်အပြင် နာတောင်မနာလိုက်​ချေ။


 á€‘ိုအကဟ္ဏငအ်ထန်မ္ဏအက ရှန်စန်းခွန်ကို ပြန်ခုခံဖို့ဆုံးဖြတ်ခဲ့တာဖြစ်သည်။ အဘယ်​ကြောင့်မူ ရှန်စန်းခွန်၏ဓားကမည်မျှထက်ထက် သူ၏အရိုးတွေကိုတော့ဖြတ်နိုင်စွမ်းမရှိ၍ပင်။ အလွန်ဆုံးမှ သွေးနည်းနည်းပါးပါးထွက်ရုံသာ


နောက်တစ်ခုက သူ့ရဲ့စိတ်စွမ်းအင် အင်မတန်ကောင်းနေခဲ့ခြင်းဖြစ်သည်။ ထန်မော့ကအတန်းထဲက သင်္ချာထူးချွန်ရခဲ့သည့် ကျောင်းသားမဟုတ်ခဲ့သလို အရမ်းညံ့သူမျိုးထဲလည်းမပါ​ချေ။ စာမေးပွဲတွင် စာခိုးချလို့ရလျှင်တောင် ပျင်းလွန်းလို့ လုပ်မှာမဟုတ်သည့်သူမျိုးသာ။


ဤသည်မှာသူ့ဘ၀တွင် ပထမဆုံးအကြိမ်လူသတ်မိတာဟုပင်ဆိုနိုင်သည်။ ပြန်လည်ခုခံရင်းလက်လွန်သွားတယ်ပဲဆိုဆို သူရှန်စန်းခွန်ကိုသတ်လိုက်တာကသတ်လိုက်တာပင်။


သို့​သော်ထူးဆန်းသည်မှာ နည်းနည်းလောက် စိတ်ရှုပ်ပြီး အကူအညီမဲ့သလိုခံစားရသည်ကလွဲလျှင် လူသတ်မိတာကို သူအရမ်းတည်ငြိမ်နေခဲ့သည်။ 

ဘာထပ်လုပ်ရမလဲကိုပင် စဉ်းစားလိုက်သေး၏။


ထန်မော့မှာ သူ၏ခန္ဓာကိုယ်အပြောင်းအလဲတစ်ခုကြောင့် ဤမျှသွေးအေးလာခဲ့သည်လား သို့တည်းမဟုတ် ဤသည်မှာ သူ၏နဂိုပုံစံလားပင်မတွေးတတ်တော့။


သူ၏​ဘေးမှ ခရီးသည်ခုံတွင်တင်ထားသော စာအုပ်ကိုတစ်ချက်မျှကြည့်လိုက်ကာ ရှေ့သို့ပြန်လှည့်၍ ကားကိုသာ ဂရုတစိုက်မောင်းလိုက်တော့သည်။


လမ်းတွေကမရှင်းလင်းတာကြောင့် တစ်နာရီခရီးကလိုတာထက်ပိုကြာသွားသည်။ ရှန်ဟိုင်းမြို့ထဲအ၀င်တွင်မူ နေပင်၀င်ခါနီးပြီဖြစ်သည်။ တိုးဂိတ်သို့မရောက်ခင် နှစ်ကီလိုမီတာလောက်အလိုတွင်

လမ်းမပေါ်ပိတ်နေသော ကားခုနှစ်စီးခန့်ကိုတွေ့လိုက်ရပြန်သည်။


ထန်မော့ကားပေါ်မှဆင်း၍ ထပ်မံတွန်းလိုက်သည်။


ခရက်...


တိတ်ဆိတ်သောလမ်းမပေါ် ကျယ်လောင်သည့် တာယာပွတ်တိုက်သံတွေထွက်လာသည်။ ကားခုနှစ်စီးမှာ အတော်ကိုဆိုးဆိုးရွားရွားတိုက်မိထားခြင်းပင်

ရှေ့မှလေးစီးခန့်မှာတစ်ခုပေါ်တစ်ခုထပ်နေပြီး 

နောက်မှသုံးစီးကလည်းထိုအထဲညပ်၍ပါနေသည်။

ထန်မော့နောက်ဆုံးကားမှရှေ့ဆုံးကားထအထိ 

တစ်စီးချင်း တဖြည်းဖြည်း တွန်းဖယ်လိုက်သည်။ သူ၏အားတစ်၀က်ခန့်ကုန်ကာ မောပန်းပြီးမှ နောက်ဆုံးကားထံလျှောက်၍သွားလိုက်သည်။


"ဇိမ်ခံကားပဲ" 


ထန်မော့ကရယ်လိုက်မိသည်။


၄င်းမှာမာစီးဒီး sportကားအမျိုးအစားပင်။ တောက်ပြောင်ပြီးသားနားသောကိုယ်ထည်မှာ ပျက်စီးနေသည်။ ဤဇိမ်ခံကားမှာ တာယာများခွေလျက် လှိမ့်ပင်မလှိမ့်ချင်တော့။


မာစီးဒီးကားအား ထန်မော့ချွေးတလုံးလုံးဖြင့် တွန်းနေစဉ်အေးစက်သောညလေက သူ၏ပါးပြင်ကို တိုးဝှေ့သွားသည်။ လမ်းရှင်းသွားပြီးနောက် ထန်မော့က မိမိကား၏တံခါးကို ဖွင့်ကာ၀င်ဖို့ပြင်လိုက်သော်လည်း ရုတ်ချည်းရပ်တန့်သွားသည်။ သူကနောက်သို့လှည့်ကြည့်လိုက်ကာ


"အဲဒီမှာဘယ်သူလဲ"


ထန်မော့ကားတံခါးကိုမဖွင့်လိုက်။ ကားဘေးတွင်ရပ်ကာ သူ၏လက်မှာတော့ လက်ကောက်၀တ်မှ မီးခြစ်ဆံတက်တူးကို အသာဖိထားလိုက်သည်။


သူ၏အေးစက်သောအသံကနောက်တစ်ကြိမ်ထွက်လာသည်။


"အဲဒီမှာ ဘယ်သူရှိ​နေလဲ"


အဖြေကားပြန်မလာသေးပေ။


ထန်မော့ အလျင်မလိုစွာ တွန်းဖယ်ထားသော မာစီးဒီးအနားသို့ တဖြည်းဖြည်းလျှောက်သွားလိုက်သည်။

သူ၏ခြေလှမ်းတို့က ကြောင်တစ်ကောင်လိုပေါ့ပါးနေသော်လည်း သူ၏ခန္ဓာကိုယ်ကမူ ရောက်လာနိုင်သော ရုတ်တရက်တိုက်ခိုက်မှုများအတွက် အသင့်အနေအထားပင်ရှိနေသည်။ သူကမာစီးဒီးကား၏တံခါးကိုဆွဲဖွင့်ဖို့ ပြင်လိုက်သည်တွင်မှတုန်ယင်နေသောအသံတစ်ခုက ထွက်လာခဲ့သည်။


"မလုပ်ပါနဲ့။ ငါ..ငါထွက်ခဲ့ပါမယ်၊ ကျွန်တော်ထွက်ခဲ့ပါ့မယ်၊ ငါ့လက်ထဲဘာမှမရှိပါဘူး"


ထန်မော့ခေါင်းကိုပြန်မော့ကာ မာစီးဒီးနောက်မှာ ထွက်လာသော လူရွယ်ကိုကြည့်လိုက်သည်။


၄င်းမှာ အရပ်၁၈၀စင်တီမီတာခန့်ရှည်သော ဆံပင်အနက်ဖြင့်လူရွယ်တစ်ယောက်ပင်။ အဖြူရောင်ရှပ်အင်္ကျီပါးပါးနှင့် ဂျင်းဘောင်းဘီတို့မှာမူ တချို့နေရာကပြဲနေပြီး သွေးများဖြင့်ပေကျံနေသည်။

သူ၏ကိုယ်ပေါ်မှာ သေစေနိုင်သော ဒဏ်ရာများရှိခဲ့ပုံပေါ် သော်လည်း ၄င်းတို့မှာ အသားတက်ကာ သွေးတိတ်သွားသည်မှာ ကြာ​​ချေပြီ။


အေးစက်သောညလေထဲတွင် လူရွယ်၏နှုတ်ခမ်းတို့ကာ ပြာနှမ်းနေပြီး အပေါ်သို့မြှောက်ထားသော သူ့လက်တို့က တုန်ယင်နေသည်။ သူကကားထဲမှတဖြည်းဖြည်းထွက်လာကာ မျက်လုံးပြူးဖြင့် ထန်မော့အား ထိတ်လန့်စွာကြည့်နေသည်။


"ငါက ဒီကားပိုင်ရှင်ပါ။ ငါ့မှာဘာရည်ရွယ်ချက်မှမရှိပါဘူး။ ငါမင်းကိုအခုနကတည်းကမြင်လိုက်တာ၊ ငါသာမင်းကို အလစ်တိုက်မယ်ဆို မင်းကားကိုတွန်းနေကတည်းက လုပ်ပြီးလောက်ပြီးပေါ့."


ထန်မော့က လူအား အတော်ကြာစိုက်ကြည့်နေပြီးမှ မေးလိုက်သည်။


"ငါ ကားကိုတွန်းနေတုန်းက မင်းကိုဘာလို့မတွေ့လိုက်တာလဲ"


လူရွယ်ကအမြန်ရှင်းပြလာသည်။


"ငါ လမ်းမဘေးမှာပုန်းနေတာပါ။ လေတိုက်တာအရမ်းအေးလို့လေ။ အဲနားမှာမြက်တွေနဲ့ဆိုတော့ နည်းနည်းနွေးလို့။ ငါက မနေ့ကမနက်တုန်းက နန်ကျင်းကနေ ရှန်ဟိုင်းကိုမောင်းလာတာ။ ရှန်ဟိုင်းကိုရောက်ရောက်ချင်းမှာပဲ ကားတစ်စီးက ငါ့ကားကို၀င်တိုက်သွားတယ်။ ငါ...ငါနိုးလာတော့ ကားပြတင်းပေါက်အကွဲထဲကနေ အပြင်ကိုထွက်ကျနေတာ။ ဒါပေမယ့် ငါမသေဘူး။ ပြီးတော့.."


ထိုလူ၏မျက်လုံးများတွင် ကြောက်လန့်မှုများကိန်း၀ပ်လျက် ဆက်ပြောလာသည်။


"ပြီးတော့ မှောက်ထားတဲ့ကားတွေမှာ လူတစ်ယောက်မှမရှိတာကိုတွေ့လိုက်ရတယ်။ သွေးစက်တွေတောင်မရှိဘူး "


ထန်မော့ကအမူအယာမပြောင်းပဲလူရွယ်ကို စိုက်ကြည့်နေကာ သတိတစ်ချက်မှမလွတ်စေရပေ။


"သူတို့အကုန်ပျောက်သွားပြီ။ မင်းကားအက်ဆီးဒန့်ကြောင့် မေ့နေလို့ အနက်ရောင်မျှော်စင်က ဂိမ်းစပြီလို့ ကြေညာတာကို လွတ်သွားတာ။ အခုကမ္ဘာပေါ်မှာ လူပေါင်းသန်း၅၀၀ကျော်ပဲရှိတော့တယ်။ ကျန်တဲ့သူတွေက.."


ထန်မော့က လူမရှိသောကားများကို လက်ညှိုးထိုးပြလိုက်သည်။


"ပျောက်သွားကြပြီ.."


ထိုလူ၏မျက်လုံးတို့ကပြူးကျယ်သွားကာ သူ၏ကိုယ်မှာအေးခဲသွားသည်။ သူသည်လမ်းဘေးသို့တွန်းဖယ်ခံထားရသော လူမရှိသည့်ကားများကိုတချက်ကြည့်လိုက်ကာ ထန်မော့အားပြန်ကြည့်လိုက်သည်။


"ငါ့မိသားစုက ရှန်ဟိုင်းမှာ။ မင်းရှန်ဟိုင်းကိုသွားနေတာဆိုရင် ငါ့...ငါ့ကို ခေါ်သွားပေးပါလား။ မင်းကဒီကားတွေကို တစ်ယောက်တည်းတွန်းနိုင်လောက်အောင် သန်မာတာပဲဟာ။ ငါ့မှာပိုက်ဆံတွေပေါပါတယ်။ ငါ့ကိုသာ ကူညီမယ်ဆို မင်းလိုသလောက်ပေးမယ်။ ကျေးဇူးပြုပြီး။ "


ထန်မော့ကသည်စကားတွေကိုကြားတော့ ညင်သာစွာပြုံးလိုက်သည်။


ထိုလူကမူ သူပြုံးလိုက်သည်ကို အညှို့ခံရသူလို ကြောင်အကာကြည့်နေတော့သည်။


ထန်မော့ကပြန်ဖြေလာသည်။


"ငါရှန်ဟိုင်းကိုသွားမှာဟုတ်တယ်။ မင်းကိုခေါ်သွားပေးလို့လည်း ရပါတယ်။ ဒါပေမယ့် အခုလိုအခြေအနေမှာ ပိုက်ဆံကအသုံး၀င်ဦးမယ်ထင်လား"


ထိုလူက အေးခဲသွားကာ သူ၏မျက်နှာမှာလည်း ဖြူဖျော့သွားသည်။ သူသည်ကမ္ဘာကြီးမှာ မည်သို့မည်ပုံပြောင်းလဲသွားခဲ့ပြီကို ခုမှသတိ၀င်သွားပုံပေါ်၏။


ထန်မော့က ကားထဲကို၀င်လိုက်သည်တွင် လူရွယ်မှာလည်း ဘေးခုံတွင်၀င်ထိုင်လိုက်သည်။ ထန်မော့ကထိုခုံမှ စာအုပ်ကိုအသာယူကာ သူ့ဘက်တွင်ထားလိုက်သည်။ ထို့နောက်မှောင်ရိပ်အကွယ်တွင် မည်သူမှသတိမထားမိခင် စာအုပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ ထန်မော့ကအနည်းငယ်အံ့ဩသွားသော်လည်း ဘာမှမဖြစ်သလိုပြန်လည်တည်ငြမ်သွားသည်။


ထို့နောက် ထိုလူနှင့်အတူ ရှန်ဟိုင်းကိုဦးတည်၍မောင်းထွက်လိုက်တော့သည်။


"ငါ့နာမည်က လီ၀မ်ပါ" 


လူရွယ်က ထန်မော့ငှားထားသော ကုတ်အင်္ကျီကိုခြုံလျက် ၄င်း၏ကိုယ်မှာ အအေးဒဏ်ကြောင့်အနည်းငယ်တုန်ရီနေသည်။


"ကားကြုံစီးခွင့်ပေးလို့ တကယ်ကျေးဇူးပါပဲ။ ငါလွန်ခဲ့တဲ့ နှစ်နာရီလောက်ကတည်းက နိုးနေတာ။ အနားကတိုးဂိတ်ကိုလည်းသွားကြည့်သေးတယ်။ ဘယ်သူမှမရှိတာနဲ့။ ငါလည်းဘာလုပ်ရမှန်းမသိပဲ ငါ့ကားနားမှာပဲ ယောင်လည်လည်လုပ်နေတာ။ သိပ်မကြာဘူး မင်းရောက်လာတာပဲ။ မင်းကတကယ်သန်တာပဲ 

ငါ့ကုတ်အင်္ကျီကကားအထဲမှာလေ ၊ ချမ်းလို့သေတော့မှာ ဘယ်လိုမှကိုယူလို့မရတာနဲ့။"


"ငါက ထန်မော့" 


ထို့နောက်သူ့ကပေါ့ပေါ့ပါးပါးဟန်ဖြင့်ပင်


"မင်းရော မသန်မာဘူးလား"


လီ၀မ်ကခေါင်းကိုခါလိုက်သည်။


"ငါကအဲလောက်မသန်မာဘူး။ ကားကိုလည်းမတွန်းနိုင်ဘူး။ ကားထဲက ကုတ်အင်္ကျီကိုတောင်မယူနိုင်ဘူးလေ"


"ဒါပေမယ့်မင်းမသေဘူးလေ"


လီ၀မ်ကရုတ်တရက်ထန်မော့အား လှည့်ကြည့်လာသည်။


ထန်မော့က ကားကို လက်တစ်ဖက်ဖြင့်သာ မောင်းနေရင်းပေါ့ပေါ့ပါးပါးပင် ဆက်ပြောလိုက်သည်။


"အက်ဆီးဒင့်ကြီးကြီးမားမားဖြစ်ခဲ့ပေမယ့် မင်းမသေခဲ့ဘူးလေ။ ခြေထောက်တွေလက်တွေတောင်ကျိုးခဲ့လို့လား။ ထူးဆန်းတယ်လို့ မထင်ဘူးလား"


လီ၀မ် ကြက်သေသေသွားမိသည်။


သူကခေါင်းကိုငုံ့လျက် ဘာကိုတွေးလို့တွေးရမှန်းမသိ ဖြစ်နေပုံပေါ်ကာ ထန်မော့လည်းဘာကိုမှဆက်မပြောတော့ပေ။ သို့သော်လည်း လူရွယ်၏အတွေးတို့က သူ၏မျက်နှာပေါ်တွင် ထင်ရှားစွာပေါ်နေခဲ့သည်။


၄င်းမှာ သူ၏ခန္ဓာကိုယ်မှာမည်သို့ပြောင်းလဲသွားခဲ့ပုံ

အခုချိန်အထိ မည်သို့မည်ပုံအသက်ရှင်နေခဲ့သည်တို့အားစဉ်းစားနေလိမ့်မည်။


ထန်မော့က ကားကိုသာပေါ့ပေါ့ပါးပါးမောင်းနေပုံပေါ်သော်လည်း ဘေးမှလူရွယ်အား သတိတချက်မှမလွတ်ခဲ့ပေ။


အခုလိုအခြေအနေတွင် တစ်ယောက်တည်းသည် 

အလုံခြုံဆုံးဖြစ်လောက်ပေမယ့် အဖော်တစ်ယောက်ရှိတာလည်းမဆိုးပေ။ လီ၀မ်လည်း သူ့လိုပဲအနက်ရောင်မျှော်စင်ဂိမ်းကို ဆော့ခဲ့ပြီးနိုင်လာတာဖြစ်နိုင်သည်။ ထို့ကြောင့်သူ့ကိုလျော့တွက်လို့်တော့မရပေ။  ဒါပေမယ့်လည်းထန်မော့အကဲခတ်ရသလောက်တော့ သူက အပျော်အပါးမက်သည့်ချမ်းသာသောဒုတိယမျိုးဆက် သခင်ငယ်လေးတစ်ဦးသာဖြစ်ပုံပင်။ ထန်မော့အတွက်အရမ်းကြီး ခြိမ်းခြောက်စရာဖြစ်မနေ​ချေ။


ဤလူရွယ်ကိုသာ လမ်းမပေါ်တစ်ယောက်တည်း ထားခဲ့လျှင် တစ်ရက်မကုန်ခင်ကျိန်းသေပေါက် 

သေမည်မှာ ဧကန်မလွဲ။


လီ၀မ်ကတဖြည်းဖြည်းပြောလာသည်။


"ငါမေ့နေတုန်း အနက်ရောင်မျှော်စင်က ဘာတွေပြောသွားလဲဆိုတာ ငါ့ကိုပြောပြလို့ရလား"


ထန်မော့က အကျဉ်းချုံး၍ပြောပြလိုက်သည်။


"မင်း ရှန်ဟိုင်းကအမျိုးတွေကိုရှာဖို့ လာတာလား

ငါက ရှန်ဟိုင်းဆိုအလွတ်တောင်ရတယ်။ အကူအညီလိုသေးလား" 


လီ၀မ်ကမေးလိုက်သည်။


ထန်မော့သည်လည်း ရှန်ဟိုင်းကို တစ်ကြိမ်နှစ်ကြိမ်မက ရောက်ဖူးသည်သာ။ သို့သော် မြို့ခံမဟုတ်တဲ့အတွက် လူတစ်ယောက်ကိုရှာဖို့ခက်မှာပင်။


"ငါက မြောက်ဘက်မှာကျောင်းသူတစ်ယောက်ကို 

ရှာဖို့သွားမှာ။ ငါသူ့နာမည်ကိုပဲသိတယ်။ ကျောင်းကဖိုင်တွေထဲကနေ ရှာရမယ်နဲ့တူတယ်။ တကယ်လို့ကျောင်းမှာမရှိရင် သူ့အိမ်ကိုသွားရှာရမှာ"


အကယ်၍ ထိုနေရာနှစ်ခုလုံးတွင်သာမရှိပါက သူလည်းဘာဆက်လုပ်ရမှန်းမသိတော့ပေ။


၎င်းမှာ ကိုငကြောင်အတွက်သူလုပ်ပေးနိုင်သမျှ အကုန်ဖြစ်သည်။


သူ့သူငယ်ချင်းကိုရှာဖို့အကြောင်းတွေကိုတော့ 

ထည့်မပြောလိုက်။ လူတိုင်းနှင့် ကိစ္စမှန်သမျှကိုမ၀ေမျှနိုင်သလို ထန်မော့သည်လည်း လီ၀မ်နှင့် ချက်ချင်းကြီး ငယ်ပေါင်းကြီးဖော်လို အစအဆုံးပြောပြနေဖို့ ရည်ရွယ်ချက်မရှိပေ။


လီ၀မ်ကမေးလိုက်သည်။


"မြို့တော်မြောက်ပိုင်းလား ကျင်းအန်ခရိုင်ပေါ့။

ငါ့အိမ်ကအဲမှာ။ အလယ်တန်းကျောင်းကိုလည်း အဲမှာပဲတက်ခဲ့တာ။ ငါ မင်းနဲ့လိုက်ကြည့်ပေးမယ်"


ထန်မော့မှာ လီ၀မ်အား စိတ်၀င်စားစွာကြည့်လိုက်သည်။


သူကအရမ်းပဲတုံးလွန်းနေသည်လား ဒါမှမဟုတ် ထန်မော့မခန့်မှန်းနိုင်လောက်အောင်ပဲ ဉာဏ်များလွန်းသည်လား မပြောတတ်တော့ပေ။


သို့သော်ပထမတစ်ခုသာဖြစ်လိမ့်မည်ဟု ထန်မော့တွေးလိုက်သည်။


လီ၀မ်မှ ထန်မော့၏ကုတ်အင်္ကျီကို၀တ်ထားရင်း လေထုကနွေးထွေးလာသည်နှင့်အလျောက် စကားတွေတတွတ်တွတ်ပြောချင်လာသည်။


"ငါတို့ ဟိုင်းဝေးကနေမှ မြို့ကိုဖြတ်ရလိမ့်မယ်။ အဲကျရင် ငါလည်းမင်းကိုကူရှာပေးမယ်။ သူဘယ်အတန်းကလည်းဆိုတာရောသိလား အတန်းကိုသိရင်ရှာရပိုလွယ်တယ်"


"ငါသူ့နာမည်နဲ့ သူက ပထမနှစ်တက်နေတယ်ဆိုတာပဲသိတယ်"


လီ၀မ်ကခေါင်းငြိမ့်လိုက်ကာ


"အဲလောက်ဆိုလည်း ရှာရလွယ်မှာပါ"


လီ၀မ်ကခဏတုန့်ဆိုင်းသွားပြီးမှ ထပ်မေးလာသည်။


"ငါမေးလို့ရလား။ အနက်ရောင်မျှော်စင်ကဘာဖြစ်နေတာလဲ။ လူတွေကရောဘာလို့တချို့ကပျောက်ကုန်ပြီး တချို့ကဘာလို့ကျန်ခဲ့တာလဲ"


လီ၀မ်မှာ ကားအက်ဆီးဒင့်ကြောင့် တနေ့ကုန်မေ့မြောနေခဲ့ခြင်းဖြစ်ပြီး မကြာသေးခင်ကမှနိုးလာကာ သူသိတာဘာမှမရှိပေ၊ သူကထန်မော့အား ရည်ရွယ်ချက်ရှိရှိ ကူညီရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ သူ့အားရှန်ဟိုင်းကိုခေါ်သွားပေး၍ ကျေးဇူးတင်တာလည်းပါသလို ယခုလောလောဆည်အခြေအနေများကိုလည်း သိလို၍ပင်။


သို့သော်လည်း သူ၏ထိုမေးခွန်းက သူသည်အနက်ရောင်မျှော်စင်၏ဂိမ်းကိုမကစားခဲ့ကြောင်း ဖော်ပြနေသည်။


ထန်မော့ မျက်မှောင်အသာကျုံ့လိုက်မိသည်။


ဂိမ်းမဆော့တဲ့လူတွေလည်းရှင်ကျန်ခဲ့တယ်ပေါ့...


ထန်မော့က အတွေးများလျက်ပင် လီ၀မ်အားမည်သို့ပြန်ဖြေသင့်သည်ကို စဉ်းစားရင်းနှုတ်ခမ်းကိုသပ်လိုက်မိသည်။


သို့သော်လည်း သူပြန်မဖြေလိုက်ရခင်မှာပင် 

ကျယ်လောင်စူးရှသော ကလေးငယ်၏အသံကို ရှန်ဟိုင်း၏ကောင်းကင်ကနေတဆင့်ကြားလိုက်ရတော့သည်။


"ကျေးဇူးကွယ် ကျေးဇူးတင်ပါတယ် 


ကျေးဇူးတင်စကားလေးများချိုသာစွာရယ်~~


အားလုံးတညီတညာတည်း သံပြိုင်ဆိုစို့ကွယ် ~~


နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဒီနေ့၀ယ် ~~"


ကလေးတစ်အုပ်၏ သံပြိုင်ဆိုသံတွင် အမျိုးသမီးအသံက ဟာမိုနီလိုက်ပေးလျက်။ မြိုင်ဆိုင်ပြီး မြူးကြွသော အဆိုပါသီချင်းမှာ လူသူကင်းမဲ့နေသော မြို့ပြတစ်ခုနှင့် ဘယ်လိုမှမအပ်စပ်။ သို့သော် သီချင်းသံက ဆက်၍ထွက်ပေါ်နေဆဲ။


ထန်မော့က ဘရိတ်ကို ချက်ချင်းနင်းလိုက်မိပြီး 

လီ၀မ်ကမူ ကြောက်လန့်မှုကြောင့် မျက်လုံး၀ိုင်းစက်နေသည်။


သူတို့နှစ်ဦးစလုံး တိုင်ပင်မထားပါပဲ ရှန်ဟိုင်းမြို့လယ်ခေါင်ပေါ်တွင် တွဲလွဲခိုနေသော အနက်ရောင်မျှော်စင်ကြီးအားကြည့်လိုက်မိကြသည်။


ထို 'ကျေးဇူးတင်ပါတယ်' သီချင်းပြီးဆုံးသွားသည့်နောက် မျှော်စင်ပေါ်မှ တဖြတ်ဖြတ်လင်းလက်နေသောမီးရောင်များလည်း သီချင်းနှင့်အတူ ပျောက်ကွယ်သွားသည်။


ထန်မော့မှာအသက်တောင်မရှူဝံ့ပဲ အနက်ရောင်မျှော်စင်အား စိုက်ကြည့်နေမိသည်။


"တင်းတောင်~~တရုတ်ပြည် ခရိုင် ၁ ၊ ခိုး၀င်သူ ဖူ၀မ်သော်က အနက်ရောင်မျှော်စင်ပထမထပ်ကို အောင်မြင်စွာဖွင့်လိုက်ပါပြီ။ သုံးမိနစ်အတွင်းမှာ တရုတ်ပြည်ခရိုင်အတွင်းမှ ကစားသမားတွေအားလုံး အနက်ရောင်မျှော်စင်ကို တိုက်ခိုက်ရပါမယ်နော် "


"တင်းတောင်~~တရုတ်ပြည် ခရိုင် ၁ ၊

ခိုး၀င်သူ ဖူ၀မ်သော်က အနက်ရောင်မျှော်စင်ပထမထပ်ကို အောင်မြင်စွာဖွင့်......"


"တင်းတောင်~~တရုတ်ပြည် ခရိုင် ၁ ၊

ခိုး၀င်သူ ဖူ၀မ်သော်..."


အနက်ရောင်မျှော်စင်မှ ထိုသတင်းကို သုံးကြိမ်တိတိကြေညာပေးခဲ့သည်။


ထန်မော့ကမူ 'မျှော်စင်ကိုတိုက်ခိုက်ပါ' ဟူသောအသံကသာ နားထဲတွင်ပဲ့တင်ထပ်နေလျက် မျက်လုံးများပြူးကျယ်သွားမိသည်။


ထို့နောက် စက္ကန့်ပိုင်းအတွင်း သူ၏အမြင်အာရုံကို 

အမှောင်ထုကဖုံးသွားပြီး သူ၏ကိုယ်မှာလည်း ထိုအမှောင်ထုထဲပြုတ်ကျသွားတော့သည်။


.


စာရေးသူမှာ ပြောစရာရှိတယ်။


အနက်ရောင်မျှော်စင် : "ကျေးဇူးပါ ဖူ၀မ်သော်~

(ပန်းပွင့်လေးများကြဲလျက်) ~o(*≧▽≦)ツ


သကြားမှုန် : "ဖူ၀မ်သော်ဆိုတာ ဘယ်ကောင်လဲ? အပိုင်းပိုင်းကိုခုတ်ပစ်ဦးမယ်! 

(╬ ̄皿 ̄)凸!!!


ဖူ၀မ်သော် : #ငါ့မိန်းမကငါ့ကိုအပိုင်းပိုင်းခုတ်ချင်နေတယ်၊

ဘယ်လိုလုပ်ရမလဲ!#



🪩